Monthly Archives: Dec 2021

ဒီပဲယင်း၊ ဆုံကုန်းကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် စိတ်ဝေဒနာရှင်ကလေးငယ် မောင်အောင်ဌေး အပါအဝင် ပြည်သူ ၃ ဦးကို စစ် တပ်က ဦးခေါင်းတေ့၍ ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ဆယ်တောအုပ်စု၊ ဆုံကုန်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် စိတ်ဝေဒနာရှင် ကလေးငယ် မောင်အောင်ဌေးအပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က ရက်စက်စွာ ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့မှစတင်ပြီး ဒီပဲယင်းနယ်တစ်၀ိုကို နယ်မြေရှင်း လင်းဟုဆိုကာ ဝင်ရောက်စီး နင်းခဲ့ပြီး ဆယ်တောကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဦးမြတ်သင်း (အသက် ၅၀နှစ်ခန့်)၊ ဦးမျို့နိုင်(ခ)ငမျို့(အသက်၄၀နှစ်ခန့်)၊ စိတ်ဝေဒနာရှင် မောင်အောင်ဌေး (အသက်၁၂နှစ်)တို့ကို လမ်းပြ ဓားစာခံ လူ သားဒိုင်းအဖြစ် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ရွာလယ်ကွင်းထဲသို့ စစ်ရဟတ်ယာဉ် ရောက်ရှိလာသောအခါ အဆိုပါ ပြည်သူ ၃ ဦးကို ဦးခေါင်းတေ့၍ ပစ်သတ်သွားကြောင်း သိရှိရသည်။

“ကျေးရွာတွေကို စစ်တပ်က မွှေနှောက်ဖျက်ဆီးပြီး ပြည်သူတွေကိုအစွမ်းကုန်ယုတ်မာခဲ့ပါတယ်။ ဆယ်တောအုပ်စု ဆုံကုန်းကျေးရွာက အ ပြစ် မဲ့ပြည်သူ သုံးဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၂ နာရီခန့်အချိန် စစ်ရဟတ်ယာဉ်ဆင်းသက်ရာအနီးမှာ ရက်ရက်စက်စက်ပစ်သတ်သွားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ khit thit

ရေဦးမြို့နယ် ညောင်ပင်သာရွာအနီး၌ စစ်ကောင်စီခြေလျင်တပ် မိုင်းဆွဲခံရ၊ အကျအဆုံးရှိဟု ဒေသကာကွယ်ရေးအဖွဲ့ပြော

စစ်ကောင်စီ အင်အား ၈၀ ကျော်ပါ ခြေလျင်တပ်ကို စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ အနောက်ဘက် သုံးမိုင်အကွာရှိ ညောင်ပင်သာရွာ အနီး၌ ပဒေ သာမိုင်း လေးလုံးဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဝေဟင်စွန်ရဲ အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ခြေလျင်တပ်သည် ရေဦးမြို့နယ် မိုးဒေါင်သရက္ကန် ကျေးရွာမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ညောင်ပင်သာရွာ အနီးအရောက် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကာ ငါးဦးထက်မနည်း သေဆုံးသည်ဟု ဆိုသည်။”ဒီနေ့မနက် သူတို့က လမ်းဟောင်းက တက်လာတာဗျ။

သူတို့ ထွက်လမ်းကနေ စောင့်ပြီး ဖောက်ခွဲတာ။ အရာရှိတစ်ဦး ဒဏ်ရာပြင်းထန်ပြီး ရဟတ်ယာဉ်နဲ့ လာသယ်နေတယ်လို့ သိရတယ်ဗျ။ အကျအရှုံးကတော့ ငါးယောက်ထက် မနည်းဘူးဗျ ” ဟု ဝေဟင်စွန်ရဲ အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။ယခု တိုက်ခိုက်ခံရသည့် စစ်သားများ သည် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ရေဦးမြို့နယ် အတွင်းသို့ လာရောက် ချသွားခဲ့သည့် စစ်သားများ ဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်များသည် ညောင်ပင်သာရွာအတွင်း ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင်မူ ထန်းတောရွာ စာသင်ကျောင်းသို့ ရောက်ရှိ တပ်စွဲ ထားကြောင်း ဒေသခံများထံက သိရသည်။စစ်တပ်က ရေဦးမြို့နယ်အတွင်း စစ်ကြောင်းလေးကြောင်း ထိုးနေပြီး ယင်းစစ်ကြောင်းများ ဖြတ်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ mizzima

ထားဝယ်တွင် PDF စခန်း တစ်ခု စီးနင်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ အုပ်စု ခေါင်တိုင်ပြင်ရွာ အနီးရှိ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF စခန်း တစ်ခုကို ယမန်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းခဲ့ရာ ခေါင်တိုင်ပြင်ရွာ ဒေသခံ ၂၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း Dawei Tiger Force DTF အဖွဲ့မှ သိရသည်။

ယင်းကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ခေါက်တိုင်ပြင်ရွာ အနီးရှိ PDF စခန်း တစ်ခုကို စီးနင်းကာ လက်နက် တချို့ သိမ်းဆည်းသွားကြောင်း ရွာသား တချို့က ပြောဆိုသော်လည်း မြေပြင် PDF စခန်းရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်၍ မရသောကြောင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း Dawei Tiger Force DTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲကတော့ မနေ့ ညနေပိုင်း ၆ နာရီလောက်က စဖြစ်တယ်၊ တိုက်ပွဲ သုံးကြိမ်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်” ဟု Dawei Tiger Force DTF အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။အဆိုပါ တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်မှု ရှိ မရှိ မသိရှိရသေးသော်လည်း ခေါင်းတိုင်ပြင်ရွာရှိ ဒေသခံ ပြည်သူ ၂၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။”လောလောဆယ်တော့ အခြေအနေ တင်း မာနေဆဲပါ ခင်ဗျာ၊ အသေးစိတ်ပြောဖို့ အတွက် တပ်ဖွဲ့‌ဝင်တွေနဲ့ ဆက်သွယ်တော့ မရသေးပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Dawei Tiger Force DTF တပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီတပ်များကို ပြန်လည် ခုခံရန် မဟာမိတ်ဖွဲ့များနှင့် ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ဆက်ပြောသည်။ mizzima

ရေးချောင်းဖျားဒေသ စစ်ရေးလှုပ်ရှားမှုများကြောင့် ခြံလုပ်ငန်းလုပ်ကိုင်သူများ စိုးရိမ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျောင်းရွာကျေးရွာအုပ်စု၊ ရေးချောင်းဖျားဒေသ ကေအန်ယူ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်သားတွေဝင်ရောက်လာလို့ ခြံအလုပ်သမားတွေမှာ လုပ်ငန်းခွင်မသွားရဲတော့ပဲ တိုက်ပွဲဖြစ်မှာ စိုးရိမ်စိတ်တွေ မြင့်မားလာနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“အခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်သားတွေ ဥယျာဉ်ခြံသွားတဲ့လမ်းနဲ့ ခြံတွေမှာ မကြာခဏ တွေ့ခဲ့ရသလို ညဘက်လည်း ရာဘာ အစေးခြစ် အလုပ်တွေလည်း မလုပ်ရဲဘူး။ အခုလို လက်နက်ကိုင်တွေကို မြင်ရင် စိတ်က စိုးရိမ်ထိတ်လန့်တယ်”လို့   ဒေသခံ တယောက်က ပြောပါတယ်။

နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီတပ်တွေက အခုရက်တွေမှာ ပိုပြီး စစ်ရေးလှုပ်ရှားတာတွေ ပိုလုပ်လာပြီး ဒီဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် ကေအန်ယူရဲ့ လှုပ်ရှားနယ်မြေဖြစ်လို့ အချိန်မရွေး ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့  ဒေသခံတဦးက  ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရေး PDF တွေ ခိုအောင်းနိုင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းမှု ခြေလှမ်းတွေ စတင်လှုပ်ရှားခဲ့တာကြောင့်  ကေအန်ယူ ထိန်းချုပ်နယ်မြေဘက်တွေမှာ  တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက  ခန့်မှန်းထားပါတယ်။ DVB

မုံရွာရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်း ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်းမြို့တော်မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင် လက်နက်ဖြင့် ပစ်ခတ်ခံရကြောင်းကနဦးသိရှိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းတွင် ယမ်းငွေ့များ ထနေပြီး လက်နက်ကြီးကျည်ပါ ကျရောက်ကြောင်း ဒေသခံတချို့က ဆို သည်။ ပစ်ခတ်မှုကြောင့် အထိအခိုက်အကျအဆုံးအခြေအနေ သတင်းကိုမူ မရရှိသေးပေ။ လက်ရှိတွင် စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit

ထားဝယ်တွင် စစ်ကောင်စီက အလိုရှိနေသောသူ၏ ဇနီး အဖမ်းခံရ

ထားဝယ်မြို့နယ်၊ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့ အလိုရှိနေသူကို လာရောက် ရှာဖွေရာ မတွေ့၍ ထိုသူ၏ ဇနီးဖြစ်သူအား ဖမ်းဆီးသွားကြောင်း မြို့ခံများထံက သိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ မဝေထွန်း ဆိုသူ ဖြစ်ပြီး စစ်ကောင်စီ တပ်သားများက ၎င်းနေထိုင်ရာ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက် သြဘာလမ်းရှိ အိမ်သို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီခန့် တွင် Vigo ကား နှစ်စီးဖြင့် ရောက်ရှိလာပြီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။”လာဖမ်းတာက သူအမျိုးသား ဖြစ်သူကို လာဖမ်းတာပါ။

အိမ်မှာ မရှိတော့ ဇနီးသည်ကို အင်အားသုံး ဖမ်းဆီးသွားတယ်”ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။လက်ရှိတွင် အဆိုပါ မဝေထွန်းကို ခရိုင်စစ်ကြောရေး စခန်းတွင် စစ်ဆေးနေကြောင်း ဝဲကျွန်းထိန်ဟောင်း ရပ်ကွက် နေထိုင်သူများထံက သိရသည်။ mizzima

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ၊ ၃ ဦးထက်မနည်း သေဆုံးဟုဆို

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၂၁) နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) က မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သားသုံးဦးထက်မနည်းသေဆုံးသည်ဟု ဆိုသည်။

မတ္တရာမြို့နယ် အရှေ့မြောက်ပိုင်းရှိ ရုံးပင်ကျေးရွာ ရဲကင်းစခန်း တိုက်ခိုက်ခံပြီးနောက် ထိုဒေသတွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ရုံးပင်ကျေးရွာရဲကင်းစခန်းမှာ ထိုနေ့အာရုံမတက်မီ နံနက် ၁ နာရီခန့်တွင် PDF ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက် အဆောက်အအုံတစ်လုံး မီးရှို့ခံခဲ့ရကြောင်း၊ ရဲလိုင်းခန်းနေ အမျိုးသမီးနှင့် ကလေးအချို့ ဖမ်းမိသော်လည်း PDF ဘက်က ပြန်လွှတ်ပေးခဲ့သည်ဟု ကြားကြောင်း ဒေသခံအမျိုးသားနှစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မိုးမလင်းမီတွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ဒေသတွင်းရှိ ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကြောင်း၊ ထိုစစ်ကြောင်းများထဲမှ မန္တလေးတူးမြောင်း (ဆည်တော်ကြီးရေလှောင်တမံမှ စိုက်ပျိုးရေး‌ ရေပေးမြောင်းမကြီး) ဘောင်လမ်းအတိုင်းသွားလာနေသည့် စစ်ယာဉ်တန်းမှာ မွန်းလွဲပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ၎င်းတို့က ပြောသည်။

“အခု မိုင်းဆွဲခံရတဲ့ အဖွဲ့မှာ ခန့်မှန်းအင်အား ၄၀ လောက်ပါတယ်။ စစ်ကားအသေးတစ်စီး၊ အကြီးတစ်စီး၊ ဆိုင်ကယ်တွေလည်းပါတယ်။ ရွာတွေထဲက သစ်တွေလည်း ဖမ်းလာတယ်။ စစ်ကားတွေနောက်မှာ သစ်ကားတွေလည်းပါတယ်။ သုံးယောက်ကတော့ နေရာမှာပဲ ကားယားမှောက်ခုံသေသွားတယ်။ မြို့ထဲမှာတော့ နောက်ထပ်ကို ၅ ယောက်လောက် သေသေးတယ်လို့ ပြောနေကြပေမဲ့၊ ကျွန်တော်တို့ကတော့ အတည်ပြုနိုင်တာ မရှိသေးဘူး”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ထိုနေ့က (အတွဲလိုက်ထောင်သည့်) ပဒေသာမိုင်း ၉ လုံးဖြင့် တိုက်ခိုက်ရာ ၆ လုံးကွဲကာ စစ်သားများ သေဆုံးမှုနှင့် ယာဉ်တန်းပျက်ဆီးမှုအခြေအနေကို တိုက်ခိုက်ရေးအဖွဲ့ဝင်များက စောင့်ကြည့်ခဲ့သည်ဟု ဒေသခံ PDF နှင့် နီးစပ်သည့် အဆိုပါဒေသခံက ဆိုသည်။​

အဆိုပါ ဖြစ်စဉ်များအပြီး စစ်ကောင်စီတပ်က ဒေသတွင်းသို့ ဝင်ရောက်စီးနင်းနေပြီး အနည်းဆုံး ရွာသား ၂၀ ဝန်းကျင် ဖမ်းခံရကာ ၎င်းတို့၏ ခရီးစဉ်များအတွင်း လူသားဒိုင်းသဖွယ် သုံးခဲ့ကြောင်း၊ ထိုထဲမှ အချို့သာ ပြန်လွတ်မြောက်ကာ ကျန်သူများမှာ မတ္တရာမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ခံထားရသည်ဟု သိရကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ရုံးပင်ပတ်ဝန်းကျင်ရွာအကုန်ပဲ။ ဝင်မွှေနေတာ၊ ရဲကင်းမီးရှို့ခံရတဲ့နေ့က ၈၀ လောက်ပဲပါပေမဲ့ မနေ့ကတော့ အင်အားတွေ ထပ်တိုးလာတာ တွေ့ရတယ်၊ အာပီဂျီ (ပခုံးထမ်းလောင်ချာ) လို သေနတ်ကြီးတွေ ထမ်းလာတဲ့ စစ်သားတွေလည်း ပါတယ်။ မနေ့ညက ကင်းရွာကိုဝင်တာ အင်အား ၇၀ လောက်ရှိတယ်လို့ ကြားရတယ်”ဟု ဒီဇင်ဘာ ၂၂ရက်တွင် ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ရုံးပင်၊ သဖန်းကိုင်း၊ မြှောင်းစစ်၊ ကျွန်းပင်၊ အုန်းညွှတ် စသည့် ရွာများကို ဝင်မွှေသည်ဟု အထက်ပါသတင်းရင်းမြစ်များထံမှ သိရသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်သည့် အသေးစိတ်ကိစ္စများကို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါ။ ထို့အတူ စစ်ကောင်စီထံ မေးမြန်းခွင့်မရပေ။

လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ၁၀ လကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် ပစ်သတ်ခံရသည်အထိ စစ်တပ်က ပြုမူနေရာ ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ တိုးပွားလာနေပြီး မတ္တရာမြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။

ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီယာဉ်တန်းများ၊ ရုံးအဆောက်အအုံများ၊ တပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင် နေကြရန် မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင် ဒေသခံများ အသိပေးထုတ်ပြန်ထားသည်။ myanmar now

သေ့ဘောဘိုးကျေးရွာကို စစ်တပ်က လက် နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ရွာသားများ စစ်ဘေးရှောင်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးကျေးရွာမှာ ဒီဇင်ဘာ ၂၂ ရက် မနက်က စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ သောင်ရင်းမြစ်ကမ်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီမနက် ၈ နာရီလောက်က စစ်ကောင်စီရဲ့တပ်စခန်း (သေ့ဘောဘိုး) ကို KNLA တပ်ဖွဲ့က သွားရောက်ဝိုင်းဝန်းပိတ်ဆို့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကို စစ်ကောင်စီတပ်ဘက်က ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၁၀၀၀ ကျော်လောက် နယ်စပ်သောင်းရင်းမြစ်ကမ်းနံဘေးမှာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ သေ့ဘောဘိုး ကျေးရွာသားတစ်ဦးက “မနက် ၈ နာရီလောက်တည်းက ပစ်နေတာ။ နာရီဝက်လောက်ကြာတယ်။ အကြမ်းဖက်ကောင်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်နေတာ။ ရွာထဲလည်း ကျတယ်။ ထိုင်းဘက်ခြမ်းမှာလည်း ကျတယ်။ ဒါကြောင့် ရွာသားတွေ အားလုံးထွက်ပြေး တိမ်းရှောင်လာရတာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ခြမ်းက  ကျေးရွာတွေအတွင်း ကျရောက်ခဲ့တဲ့အတွက် ထိုင်းကျေး ရွာသားတွေပါ တိမ်းရှောင်နေရပါတယ်။

တိုက်ပွဲကြောငုင့် သေ့ဘောဘိုးကျေးရွာသားတွေနဲ့ အနီးဝန်းကျင်ကျေးရွာ ၃ ရွာက ဒေသခံ ၁၀၀၀ ကျော်လောက်ဟာ ထိုင်းနိုင်ငံဘက် သွား ရောက်တိမ်း‌ရှောင်နိုင်ဖို့ ထိုင်းနိုင်ငံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်ရှောင်လာသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေအ များဆုံးပါဝင်ပြီး ကလေးအသုံးအဆောင်၊ အစားအသောက်၊ အရေးပေါ်ဆေးဝါး၊ အနွေးထည်၊ စောင်၊ ရွက်ဖျင်တဲ့အတွက် မိုးကာစတွေ အရေးပေါ်လိုအပ်နေတယ်လို့ သေဘောဘိုးကျေး ရွာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး ကေအန်ယူ တပ်မဟာ‌ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေ နယ်မြေကျူးကျော်ဝင်ရောက်လာရာက နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ DVB

« Older Entries Recent Entries »