Monthly Archives: Dec 2021

ရန်ကုန်တက္ကသိုလ်သမဂ္ဂမှ ကိုအောင်ဖုန်းမော် ထောင်ဒဏ်သုံးနှစ်ချခံရ 

လွန်ခဲ့သည့် ၉ လကျော်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရင်း အဖမ်းခံရသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဖုန်းမော်ကို ယမန်နေ့ (ဒီဇင်ဘာ ၂၂) တွင် စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။

ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံရသည့် ကိုအောင်ဖုန်းမော်ကို အင်းစိန်ထောင်အတွင်း လှိုင်သာယာ(အနောက်)မြို့နယ် တရားသူကြီး ကြားနာသည့် တရားခွင်က ထိုပုဒ်မဖြင့် အမြင့်ဆုံးချမှတ်နိုင်သည့် ထောင်ဒဏ်ကျခံစေရန် အမိန့်ချခြင်းဖြစ်သည်။

အထွေထွေသပိတ်ကော်မတီ (GSC) က မတ် ၃ ရက်တွင် တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်အတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကိုအောင်ဖုန်းမော် ဖမ်းဆီးခံရခြင်းဖြစ်သည်။

သို့သော် လှိုင်သာယာတွင် ဆူပူမှုဖြစ်စေရန် အခြားသူနှစ်ဦးကို နောက်ကွယ်မှ ဦးဆောင်ညွန်ကြားသည်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကို အထောက်အပံ့ပေးသည်ဟု စစ်ကောင်စီက စွပ်စွဲခဲ့ကြောင်း၊ တရားခွင်သို့မူ သက်သေအထောက်အထား တင်သွင်းနိုင်ခြင်း မရှိကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်း၍ ငါးရက်အတွင်း လူပေါင်း ၆၀ ခန့် အနည်းဆုံးသေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ကိုအောင်ဖုန်းမော် ဖမ်းဆီးခံရပြီးချိန်နောက်ပိုင်း မေ ၁၄ ရက်မှ စတင်ပေါ်ပေါက်ခြင်းဖြစ်သည်။

“သူတို့စွပ်စွဲထားတဲ့အရာတွေက တစ်ခုမှ သက်သေအနေနဲ့ တရားရုံးမှာ ပေါ်မလာဘူး။ ဓာတ်ပုံအနေနဲ့လည်း မရှိဘူး။ သက်သေအနေနဲ့လည်း မရှိဘူး။ ရှေ့နေဘက်ကလည်း လျှောက်လဲချက်ကို အကောင်းဆုံးတင်သွင်းတယ်။ အောင်ဖုန်းမော် ဝန်ခံထားတဲ့ဟာက ဆန္ဒပြပွဲမှာ သုံးကြိမ်လောက် ပါဝင်တယ်ပေါ့။ အဲလိုတော့ပြောတယ်” ဟု မိသားစုဝင်က ပြောသည်။

ကာလရှည်တရားရုံးချိန်းများအတွင်း အာဏာသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားသည့် တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိ၍ ကိုအောင်ဖုန်းမော်က သက်သေတင်သွင်းရန် ငြင်းဆန်သော်လည်း နားချ ဖျောင်းဖျ၍ မိခင်ဖြစ်သူကို ၎င်းဘက်မှ သက်သေထွက်စေခဲ့ရသည်ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

“မှန်ကန်တဲ့တရားရေးများဖြစ်မလား မျှော်လင့်မိတာပေါ့၊ မဟုတ်မှန်းလည်း သိပါတယ်၊ မတရားမှန်းလည်း သိတယ်။ စိတ်တော့မကောင်းဖြစ်တာပေါ့ သက်သေအထောက်အထား ဘာမှလည်း မရှိဘဲ ထောင်ချလိုက်တဲ့အတွက်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တက္ကသိုလ် သင်္ချာမေဂျာ စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ဖုန်းမော်သည်  ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသို့ ၂၀၁၈ တွင် ဝင်ရောက်ကာ နောက်တစ်နှစ်မှစ၍ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

ကျောင်းသားအခွင့်အရေး၊ လူမျိုးစုအခွင့်အရေး၊ ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ နိုင်ငံရေးအတွေးအမြင်ဆောင်းပါးများရေးသားလေ့ရှိသူ ကိုအောင်ဖုန်းမော်မှာ ၂၀၁၉ ခုနှစ်ထုတ် အိုးဝေစာစောင်၏ အယ်ဒီတာအဖွဲ့ဝင်လည်းဖြစ်သည်ဟု သိရသည်။

“ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်မှု ဆန္ဒပြတဲ့အခါမှာလည်း သူပြောခဲ့တဲ့စကား မှတ်မှတ်ရရရှိပါတယ်။ အဲဒါကတော့ စစ်တပ်နဲ့ ဘယ်တော့မှ ထပ်ပြီးတော့ ရင်ကြားမစေ့ကြဖို့၊ ကယ်တင်ရှင်ဆိုတာကို မမျှော်ကြဖို့၊ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင် ဖန်တီးရမဲ့ ကမ္ဘာသစ်ကို ရဲရဲကြီး စိတ်ကူးကြဖို့ ပြောခဲ့တာရှိပါတယ်” ဟု  ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအောင်ကောင်းဆက်က ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံဘက်က ရှေ့နေလိုက်ပေးသည့် ဝီလျံရှဘတ် ရန်ကုန်တက္ကသိုလ်၌ ၂၀၂၀ မတ်လတွင် လာရောက်ဟောပြောစဉ် လူမျိုးသုဉ်းသတ်ဖြတ်မှုများကို ပြင်းထန်စွာ ကန့်ကွက်ဆန္ဒပြမှုကို ကိုအောင်ဖုန်းမော်က ဦးဆောင်သည်ဟု ၎င်းထံမှ သိရသည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကြောင့် သေဆုံးများ၊ ဖမ်းဆီးခံရသူများ နိုင်ငံအနှံ့ရှိနေပြီး ပုဒ်မမျိုးစုံတပ်ကာ ထောင်ချခံနေရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဒီဇင်ဘာ ၂၂ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဖမ်းခံရသူ တစ်သောင်းကျော်၊ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁၄၀၀ နီးပါးရှိပြီဟု သိရသည်။

စစ်ကောင်စီကမူ AAPP ကို တရားမဝင်အဖွဲ့ဟု ပြောကာ ထိုစာရင်းများကို ပယ်ချထားသည်။ myanmar now

CDM ဝန်ထမ်းများကို အလုပ်ထုတ်သည့် CB Bank ကို သတိပေးသည့်အနေဖြင့် မိုင်းထောင်ဟုပြောက်ကျားတပ်ဖွဲ့ပြော

CDM လုပ်နေသည့် ဝန်ထမ်းများအား ဖိအားပေး အလုပ်ထုတ်မှုရှိနေသည့် ရန်ကုန်ရှိ CB Bank ဘဏ်ခွဲတစ်ခုကို သတိပေးသည့်အနေဖြင့် မိုင်းတစ်လုံးထောင်ခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့က မဇ္ဈိမသို့ပြောသည်။

သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ CB Bank အား ယနေ့ ဒီဇင် ဘာလ ၂၃ ရက် မွန်းလွဲ ၁၂နာရီ၂၀ မိနစ်အချိန်တွင် မိုင်းထောင်ခဲ့ခြင်းဖြစ်သည်။ “CDM သမားတွေအကူအညီတောင်းလာလို့လုပ်ခဲ့တာပါ ၊သ တိပေးတဲ့အနေအထားမှာ တစ်ဦးတစ်ယောက်ကိုမှမထိခိုက်စေလို၍ ဖောက်ခွဲခြင်းမပြုလုပ်ပဲမိုင်းပဲ ထောင်ခဲ့တာ”ဟု Burma Final Revolution Armed Forces အဖွဲ့ကပြောသည်။

အဆိုပါဘဏ်သည် အကြမ်းမဖက်အာဏာဖီဆန့်သည့် CDM ပြုလုပ်လျှက်ရှိသောဝန်ထမ်းများအား အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန်ဖိ အားပေးစာများ ဝန်ထမ်းများအား ခွင့်တိုင်ကြားခြင်းမရှိဘဲ ခွင့်ရက်ရှည်ပျက်သည့်အတွက် ပျက်ကွက်ခြင်းဆိုသောအကြောင်းပြချက်ဖြင့် အ လုပ်မှထုတ်ပယ်ခြင်းများပြုလုပ်သောကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲမှု မပြုလုပ်ပဲ ဗုံးထောင်ခြင်းဖြစ်တယ်လို့သိရသည်။မိုင်းထောင်မှုကိုတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်များက စစ်ဆေးမှုများလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အနော်ရထာ (၄၅) လမ်း၊ အနော်ရထာနဲ့ သိမ်ဖြူလမ်းဆုံ၊ အနော်ရထာနဲ့ ဗိုလ်အောင်ကျော်လမ်း၊ (၃၈) လမ်းစျေးအနား ဆိပ်ကမ်းသာလမ်းနားမှာလည်း လက်နက်အပြည့်နဲ့ တစ်နေရာကို ငါးယောက်၊ ခြောက် ယောက်လောက်ရှိတယ်၊ဖြတ်သွားတဲ့တချို့သူတွေကို အိတ်တွေစစ် ဖုန်းတွေစစ် လုပ်နေပါတယ်”ဟု ပြောသည်။အောက်တိုဘာလ ၂၃ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကွမ်းယာဆိုင်မှတ်တိုင်တွင် ဗုံးတစ် လုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ရောက်လာသော စစ်ကောင်စီတပ်ကိုနောက်ထပ်ဗုံးတစ်လုံးဖောက်ခွဲတိုက်ခိုက်လိုက်ရာ သုံးဦးဒဏ်ရာရရှိခဲ့သေးသည်။ mizzima

စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက် ကလေးမြို့၊ နတ်ချောင်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲပြီးနောက် ယနေ့ ညနေ ၅ နာရီကျော်အချိန်မှစတင်ပြီး ရွာလုံးကျွတ်မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ “စစ်တပ်က ရွာထဲဝင်ပြီး တစ်ရွာလုံးကို မီးတင်ရှိုနေ့ပြီ။ အခုပဲ။ မီးတွေလည်း လောင်နေပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတ်ပဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ နတ်ချောင်းကျေးရွာသို့ စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းတွင် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

“နတ်ချောင်းမှာ ပိတ်မိနေသူတွေ ရှိတယ်၊ ထိကုန်ပြီ၊ ဘုန်းကြီးကျောင်းတွေပါ ထိကုန်ပြီ၊ အ သေအပျောက်တော့ မသိသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။”တိုက်ပွဲဖြစ်ပြီးတော့ စစ်ကောင်စီဘက်က စနိုက်ပါသမား ၁ ယောက် ဒီဘက်က ပစ်တာခံရပြီး သေတယ်၊ အဲဒီမှာ ၂ နာရီလောက်ကစပြီး နတ်ချောင်းရွာထဲကို ရဟတ်ယာဉ်နဲ့ ပစ်တော့တာ၊ ပြည်သူအချို့ ထိခိုက်တာရှိတယ်လို့ ကြားတယ်၊ အ တိအကျတော့ မသိဘူး” ဟု ကလေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် ဆက်သွယ်ရေးဖုန်းလိုင်းများပါ ဖြတ်ပစ်ထားပြီး ယနေ့တွင် အော်ရီဒူးဖုန်းလိုင်းသာ ဆက်သွယ်လို့ရတော့ ကြောင်း ဒေသခံများထံမှ သိရှိရသည်။ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDF Kalay၊ CNDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေပြီး နှစ်ဖက်ကျဆုံးစာရင်းအား ကနဦး မသိရှိရသေးပေ။

နတ်ချောင်းကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ Mi35p ရဟတ်ယာဉ်သည့် ယနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိ နစ် ခန့်တွင် ကလေးမြို့လေဆိပ်သို့ ဆင်းသက်လာကြောင်းလည်း သိရှိရသည်။ khit thit

ပုလဲမြို့နယ်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်သုံး တိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ပိုင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်တစ်စီးနဲ့ လေကြောင်းကနေပစ်ခတ်တာတွေ စတင်ပြုလုပ်နေပါတယ်။ 

ဒီနေ့မနက်ပိုင်းက ပုလဲမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပုလဲ PDF တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အခြေအနေမကောင်းတဲ့အတွက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ မုံရွာမြို့က ရဟတ်ယာဉ်တစ်စီးရောက်ရှိလာပြီး ကန်ပေါက်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာတွေအနီး ပတ် ဝန်းကျင်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပုလဲမြို့ခံတစ်ယောက်က ပြောပါတယ်။ 

ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်အထိ ဖြန့်ထားပြီး အင်အား ၃၀ လောက်ပါတဲ့စစ်ကြောင်းနဲ့ PDF တွေ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှာ အခုလို လေကြောင်းကနေ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

ပုလဲမြို့ခံတစ်ဦးက “သူတို့ဘက်က ဘယ်လိုမှ အခြေအနေမကောင်းတော့ လေကြောင်းကို အကူအညီတောင်းပုံရတယ်။ ကျနော်တို့ကတော့ ရဟတ်ယာဉ်ပျံသွားတာကို PDF တွေဆီ ကြိုတင်အကြောင်းကြားနိုင်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။”

စစ်ကိုင်းတိုင်း၊ ချင်းပြည်နဲ့ မကွေးတိုင်းနယ်စပ်ကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ 

ချင်းပြည်နယ် မင်းတပ်မြို့အနီးမှာလည်း ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မင်းတပ် CDF တာ ဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ 

ဒီဇင်ဘာ ၂၂ ရက်က မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ အချိန်တစ်နာရီကြာတိုက်ပွဲမှာ စစ်သား ၃ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး ၄ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅ ယောက်အထိရှိခဲ့ပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဒီနေ့လည်းအချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး အပြန်အလှန်စောင့်ကြည့်နေကြတယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့နယ် ရှစ်မွေး၊ လာပန်းနဲ့ ဝမ္မသူး လှိရုံးကျေးရွာတွေဘက်ကို အင်အား ၈၀ ဝန်းကျင်စီ ပါဝင်တဲ့ စစ် ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်စတင်ခဲ့တာပါ။ 

ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ် ယောဒေသ၊ ဂန့်ဂေါမြို့နယ်ကိုလည်း စစ်ကောင်စီက လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီး နယ်မြေထိန်း ချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ပုလဲမြို့နယ်အတွင်း နာမည်ကြီးနေတဲ့ ဗိုလ်နဂါးရဲ့နယ်မြေကို စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ပါ စတင်တိုက်ခိုက်လာတာဖြစ်ပါတယ်။  DVB

ပြည်ပထွက် အလုပ်လုပ်လိုသူများကို သံရုံးမှတစ်ဆင့် စစ်ဆေးရန် စစ်ကောင်စီထုတ်ပြန် 

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးယိုယွင်းမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းနည်းလာသောကြောင့် ပြည်ပထွက်အလုပ်လုပ်သူများကို စစ်ကောင်စီက အဆင့်ဆင့်တင်းကျပ်နေရာ ဇန်နဝါရီလမှစ၍ သက်ဆိုင်ရာနိုင်ငံရှိ သံရုံးများနှင့် တိုက်ဆိုင်စစ်ဆေးမည်ဟု သိရသည်။ 

ပြည်ပထွက်အလုပ်လုပ်သူများ၏ အလုပ်ခေါ်စာ (Job Offer) ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာနိုင်ငံများရှိ သံရုံများသို့ ပေးပို့စစ်ဆေးပြီးမှသာ ပြည်ပအလုပ်သမားသက်သေခံကတ်ပြား (OWIC) ခွင့်ပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း ပြည်ပထွက်အလုပ်လုပ်ရန် ကြိုးပမ်းနေသူနှစ်ဦးက Myanmar Now ကို ပြောသည်။ 

ထိုင်း၊ မလေးရှားနှင့် ကိုရီးယား သုံးနိုင်ငံအတွက် သက်ဆိုင်ရာအလုပ်သမားသံအရာရှိရုံး၊ အခြားနိုင်ငံများအတွက် သက်ဆိုင်ရာ မြန်မာသံရုံးများဖြင့် စစ်ဆေးမည်ဖြစ်ကာ မှန်ကန်ကြောင်း အကြောင်းပြန်ကြားချက်ရမှ သွားခွင့်ပြုရန် စစ်ကောင်စီက စီစဉ်ထားခြင်းဖြစ်သည်။

“အကျိုးထက် အပြစ်က ပိုများတာပေါ့။ ပြောရရင် သူတို့က (စစ်ကောင်စီ) အေးဂျင့်တွေနဲ့ ပေါင်းပြီး ရိုက်တာပေါ့” ဟု စင်ကာပူနိုင်ငံသို့ အလုပ်သွားလုပ်ရန် စီစဉ်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အစီအစဉ်အရ အလုပ်ခေါ်စာစစ်ဆေးရန် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ရာ ကိုယ့်အစီအစဉ်ဖြင် အလုပ်ရှာဖွေထားသူများမှာ စာရွက်စာတမ်းများပြည့်စုံသည့်တိုင် အေဂျင်စီများကို မဖြစ်မနေဆက်သွယ်ရတော့မည်ဟု အမည်မဖော်လိုသူ အဆိုပါအမျိုးသားက ပြောသည်။ 

“ဗီဇာကျပြီးမှ အလုပ်သွားလုပ်လို့ ရတာဗျာ။ စင်ကာပူဆို IPA letter (နိုင်ငံခြားအလုပ်သမားများ အလုပ်လုပ်ခွင့်အတည်ပြုစာ) ရမှ သွားလို့ရတာဗျာ။ ဂျပန်ဆိုရင် COE ကျမှ သူ့နိုင်ငံကို ဝင်လို့ရတာဗျာ။ အဲဒီလိုတင်းကျပ်နေတဲ့ သူတို့နိုင်ငံဥပဒေက ခွင့်ပြုတဲ့ ခွင့်ပြုစာတောင်ရနေတာကို ဘာမဟုတ်တဲ့ Offer Letter တစ်ခုတည်းနဲ့ အာရုံနောက်နေတာ” ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်ထံမှ အလုပ်ခေါ်စာကို အေဂျင်စီနှင့် ချိတ်ဆက်၍ သံရုံးများသို့ ပေးပို့စစ်ဆေးမည်ဆိုပါက အချိန် ပိုမိုကြန့်ကြာနိုင်သလို ကုန်ကျစရိတ်လည်း ပိုများလာမည်ဟု အထက်ပါ သတင်းရင်းမြစ်က ခန့် မှန်းသည်။

ယခင်က တစ်လဒေါ်လာ ၁,၂၀၀ အောက်ရသော အလုပ်သမားတစ်ဦးသည် OWIC ကတ်အတွက် အေဂျင်စီမှတစ်ဆင့် လျှောက်ထားရာတွင် အကျိုးဆောင်ခ ၂၅၀ ဒေါ်လာပေးရကြောင်း၊ ဒေါ်လာ ၁,၂၀၀ အထက်ရသော အလုပ်သမားများမှာ အေဂျင်စီနှင့် မဆက်သွယ်ရသဖြင့် အလွန်ဆုံး ၅၀,၀၀၀ ကျပ်သာ ကုန်ကျကြောင်း ၎င်းက ပြောသည်။

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း စစ်ကောင်စီ၏ ထိုသို့သော တင်းကျပ်မှုများကြောင့် ပြည်ပသို့ ထွက်၍ အလုပ်လုပ်မည့်သူများသာမက ခေတ္တပြန်လာပြီး ပြည်ပလုပ်ငန်းခွင့် ပြန်ဝင်မည့်သူများပါ အခက်တွေ့နေသည်ဟု သိရသည်။ 

စစ်ကောင်စီသည် အောက်တိုဘာ ၁၅ ရက်တွင် OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွင့်ပြုမည်ဟု ရုတ်တရက်ကြေညာသဖြင့် ခရီးစဉ် စီစဉ်ပြီးသူများ ကမောက်ကမဖြစ်ခဲ့ရသည်။ 

စမတ်ကတ်ဟု အလွယ်ခေါ်သည့် OWIC ကတ်ကို ၁၉၉၉ တွင် အစိုးရအချင်းချင်းသဘောတူညီမှု (G2G) ဖြင့် အလုပ်သမားစေလွှတ်ရာတွင်သာ ပြုလုပ်ရသဖြင့် လက်ရှိ ပြည်ပ၌ အလုပ်လုပ်နေသူအများစုမှာ ထိုကတ်နှင့် ပတ်သက်၍ သိရှိထားခြင်းမရှိဟု စမတ်ကတ်ရရှိရေး ကြိုးပမ်းနေသူ အခြားသူတစ်ဦးက ဆိုသည်။​

“တော်တော်လေးကို အခက်အခဲဖြစ်တယ်ဗျ။ အလုပ်ရှင်တွေက စောင့်နိုင်ရင်တော့ တစ်မျိုးပေါ့ဗျာ။ အလုပ်တစ်ခု ဟိုမှာ ရဖို့ဆိုတာက တော်တော်လေးကို ခက်ခဲတဲ့ကိစ္စတွေ။ အခုချိန်က ကိုဗစ်ကာလနဲ့ ဆိုတော့လေ။ တချို့တွေ ဟိုဘက်ကနေပြီးတော့ ဖျက်သိမ်းသွားတာတွေ ရှိတယ်လို့ ကြားတယ်” ဟု OWIC ကတ်လျှောက်ရန် စီစဉ်နေသည့် ထိုသူက ပြောသည်။

ကတ်ထုတ်ရန် နေပြည်တော်သို့ စာရွက်စာတမ်းများပေးပို့ပြီးမှသာ သက်ဆိုင်ရာ သင်တန်းကို တက်ခွင့်ရကြောင်း၊ အွန်လိုင်းမှပို့ချသည့် ထိုသင်တန်းပြီးမှ ကတ်ထုတ်ခွင့်ရှိ၍ စုစုပေါင်း ရက်သတ္တပတ် သုံးပတ်ကြာမြင့်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ အချိန်ကြန့်ကြာမှုများကြောင့် အခြားနိုင်ငံများက မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူရခက်သည့် အခြေအနေဖြစ်လာလျှင် နိုင်ငံသာတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း ထိုသူက ခန့်မှန်းသည်။

“ကိုဗစ်လည်းဖြစ်ရော မြန်မာသင်္ဘောသားတွေနေရာမှာ ဖိလစ်ပိုင်သင်္ဘောသားတွေ အစားထိုးဝင်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်သင်္ဘောသားတွေက အချိန်တိုအတွင်း သင်္ဘောပေါ်တက်နိုင်ဆင်းနိုင်တယ်။ မြန်မာနိုင်ငံက သင်္ဘောသားတွေက အချိန်တိုအတွင်း မတက်နိုင် မဆင်းနိုင်ဘူး။ လေယာဉ်ပျံတို့ ဘာတွေ စီစဉ်မပေးနိုင်ဘူး” ဟု ၎င်းက သာဓကပေးသည်။

ယခုစစ်ဆေးမည့်အစီစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

မြန်မာအလုပ်သမားများမှာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံများသို့ အများဆုံးသွားရောက်နေခြင်းဖြစ်ကာ ၁၉၉၀ မှ ၂၀၂၁ မတ်အထိ အလုပ်သမား ၁ ဒသမ ၃ သန်းကျော် စေလွှတ်ခဲ့ကြောင်း စစ်ကောင်စီ၏ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ရက် တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးများ ထွက်ခွာသွားရာ ပြည်ပသို့ထွက် အလုပ်လုပ်လိုသူ များနေကြောင်း အထက်ပါ အမျိုးသားနှစ်ဦးက ဆိုသည်။ 

နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံတွင်း တရားမဝင်ခိုးဝင်သည့် မြန်မာအလုပ်သမားများ ဖမ်းဆီးရမိသော သတင်းများလည်း မကြာခ ဏတွေ့ရှိနေရပြီး ပြီးခဲ့သည့် စက်တင်ဘာအတွင်း ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်က ဆိုသည်။​

အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်မှာ လာမည့်နှစ်ဆန်းပိုင်း (၂၀၂၂) တွင် ဆင်းရဲနွမ်းပါးဖြစ်လာမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုရေးအစီအစဉ် (UNDP) က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုအခြေပြမျဉ်း (တစ်ရက်ဝင်ငွေ ၁ ဒေါ်လာအောက်) နေထိုင်ကြရသူ ရာခိုင်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၂၄ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄၆ ဒသမ ၃ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့်တက်လာမည်ဖြစ်ကြောင်း UNDP က ဆိုသည်။ myanmar now

မြန်မာ၌ ဒီမိုကရေစီစနစ်ကို ပြန်သွားရေးနှင့် အကြမ်းဖက်မှု ရပ်တန့်ရေး အိန္ဒိယနိုင်ငံခြား ရေးအတွင်းဝန် တိုက်တွန်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ အမြန်ဆုံး ပြန်သွားသည်ကို နယူးဒေလီဘက်က မြင်တွေ့လိုကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာက မြန်မာနိုင်ငံကို လာရောက်သည့် နှစ်ရက်တာခရီးစဉ်အတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာသည် ၎င်း၏ ခရီးစဉ်တွင် အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်၊ အခြား အကြီးတန်း ကိုယ်စား လှယ်များနှင့် တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA) က ထုတ်ပြန်သည်။

ရှရင်ဂလာသည် ၎င်း၏ ခရီးစဉ်အတွင်း အိန္ဒိယ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ လုပ်ခဲ့သည်ဟု သိရသည်။

ရှရင်ဂလာ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦး မြန်မာသို့ ပထ မဆုံး လာရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

၎င်း၏ တွေ့ဆုံဆွေးနွေးမှုများအတွင်း အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန်က မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းဆီ အဆောလျင်ဆုံး ပြန်သွားသည်ကို မြင်ရရန် အိန္ဒိယ၏ စိတ်ဝင်စား ဆန္ဒရှိမှုကို အလေးပေး ပြောခဲ့သလို ထိန်းသိမ်းခံထားရသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ ဆွေးနွေးညှိနှိုင်းမှုကနေတဆင့် ကိစ္စရပ်များကို ဖြေရှင်းရေး၊ အကြမ်းဖက်မှုအားလုံးကို လုံးလုံးလျားလျား ရပ်စဲရေး တို့ကိုလည်း အလေး ပေး ပြောဆိုခဲ့သည်ဟု MEA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရေးဆိုင်ရာ အာဆီယံ၏ အစီအစဉ်အပေါ်လည်း အိန္ဒိယဘက်က အခိုင်အမာ ထောက်ခံကြောင်းကို ၎င်းက ထပ် လောင်း ပြောဆိုခဲ့သလို ဘုံသဘောတူညီချက် ငါးချက်အပေါ် အခြေခံပြီး လက်တွေ့ကျပြီး အပြုသဘောဆောင်နည်းလမ်းဖြင့် တိုးတက်မှုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ခဲ့သည်ဟု MEA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုခရီးစဉ်က မဏိပူရ် တောင်ပိုင်း ချူရာချန်ပူရာခရိုင်တွင် မကြာသေးခင်က ဖြစ်ခဲ့သည့် ဖြစ်စဉ် နောက်ပိုင်း အိန္ဒိယ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်သည့် အခွင့်အလမ်းတစ်ခုကို ထောက်ပံ့ပေးအပ်ကြောင်း MEA က ပြောသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၏ ခရီးစဉ်တွင် မြန်မာအတွက် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးပုလင်း ၁ သန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးအပ်ခဲ့သလို လူသားချင်းစာနာမှု အထောက်အပံ့အဖြစ် မြန်မာကို ဆန်နှင့် ဂျုံ တန်ချိန် ၁၀,၀၀၀ ထောက်ပံ့မှုကိုလည်း ကြေညာခဲ့သည်ဟု သိရသည်။ mizzima

ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ် ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက် ဆီး၊ တောင်သူများ ရိတ်သိမ်းထားသည့် စပါးများကို ခိုးယူ

ကန့်ဘလူမြို့နယ်ရှိ ရဲဒွေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးကာ တပ်စွဲနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါကျေးရွာကို ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ခင်းပိုင်းတွင် စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်လောက်တွင် နေ အိမ်များကို မီးများ စတင်ရှို့ခဲ့ခြင်းဖြစ်ကာပြီး လက်ရှိအချိန်တွင်လည်း ရဲဒွေးကျေးရွာတွင် တပ်စွဲထားလျက်ရှိသည်။

“နေအိမ် ၃၇၀ လောက်ရှိတာကို ၁၅၀ လောက်ပါသွားပြီ။ အဖမ်းခံရတဲ့ ရွာသားတွေလည်း ရှိတယ်။ နွားတွေ ဝက်တွေကိုလည်း သတ်ပြီးစားကြတယ်ဗျ” ဟု ကန့်ဘလူစွန်ရဲက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ အဖမ်းခံထားသူများ ခန့်မှန်းခြေ ၁၅ ဦးဝန်းကျင်ရှိပြီး တောင်သူများ ရိတ်သိမ်းထားသည့် စပါးများကို တုန်ဖုန်း ကားများနှင့် ခိုးယူနေကြောင်း၊ ကျေးရွာအတွင်းနေထိုင်သူများ လက်ရှိအချိန်တွင် ထွက်ပြေးနေကြရကြောင်း ၎င်းက ပြောပြသည်။ ရဲဒွေးကျေးရွာတွင် ဖမ်းဆီးခံရသူများမှာ မည်သူများ ဖြစ်သည်နှင့် မည်သည့်နေရာတွင် ဖမ်းဆီးခံထားရသည်ကိုမူ အတိအကျမသိရှိရသေးပေ။ khit thit

စစ်ကောင်စီဗဟိုဘဏ်၏ တလွဲစီမံခန့်ခွဲမှုကြောင့် နိုင်ငံခြားငွေလဲလှယ် ပြင်ပမှောင်ခိုစျေးကွက် ကြီးထွားလာ

စစ်ကောင်စီဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေအပေါ် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ပြင်ပမှောင်ခိုစျေးကွက်ကသာ တ ဖြည်းဖြည်းနဲ့ ကြီးထွားလာမယ်လို့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်း လိုင်စင်ရ စီးပွားရေးသမားတွေက သုံးသပ်ပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ဘဏ်တွေအပါအဝင် ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားသုံးငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်းရဲ့ သုည ဒသမ ၅ ရာခိုင်နှုန်း အတွင်းကသာ ရောင်းဝယ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ အခုလိုသတ်မှတ်ချက်ကြောင့် နိုင်ငံခြားငွေတရားဝင်ရောင်းဝယ်ခွင့်ရရှိထားတဲ့ စျေးကွက်မှာ ရောင်းသူ၊ ဝယ်သူ မရှိတော့လို့ စျေးကွက်က တဖြည်းဖြည်းနဲ့ ပျောက်တော့မယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

နိုင်ငံခြားသုံးငွေရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ ငွေလဲကောင်တာပိုင်ရှင်တဦးက “လက်ရှိတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေကို ဗဟိုဘဏ်က သူတို့ရည်ညွှန်းသတ်မှတ်ထားတဲ့ စျေးနဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းပဲ ကွာပြီးရောင်းရမယ်လို့ သတ်မှတ်ထားတာပေါ့နော်။ ဖြစ်တဲ့အခါ ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ဒေါ်လာ အရောင်းအဝယ်လုပ်ဖို့က ပိုခက်သွားတာပေါ့။ ဘာကြောင့်လဲဆို ပြင်ပမှာ ပေါက်နေတဲ့စျေးနဲ့ ဗဟိုဘဏ် သတ်မှတ်တဲ့စျေးနဲ့က ကွာခြားချက်ရှိနေတာလေ။ အဲ့တော့ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေမှာ ဘယ်သူမျှ လာမရောင်းကြတော့ဘူး။ မရောင်းတဲ့အတွက် ဘဏ်နဲ့ ငွေလဲကောင်တာတွေမှာ ပြန်ရောင်းစရာလည်း မရှိဘူးဖြစ်နေတယ်။ အဲ့တော့ လက်ရှိကတော့ ဘဏ်နဲ့ ငွေလဲကောင်တာတွေက ဒေါ်လာအရောင်းအဝယ်လုပ်ဖို့က ခက်နေတာပေါ့။ အပြင်ပမှာပဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေကြတယ်” လို့ ပြောပါတယ်။

တခါ ပို့ကုန်ရဝင်ငွေ (earnings) တွေအတွက် ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်လုပ်ငန်းလိုင်စင်ရရှိထားတဲ့ လုပ်ငန်းရှင်တဦးကလည်း “အခုဆိုရင် earnings တွေကို ရောင်းချင်တဲ့သူနဲ့ ဝယ်ချင်တဲ့သူတို့အတွက် ကျနော်တို့က ကြားခံဆောင်ရွက်ပေးနေတယ် ဆိုပေမဲ့ အရောင်းအဝယ်ဖြစ်ဖို့ကလည်း တော်တော်ခက်ခဲပါတယ်။ ဘာလို့လဲဆို ရောင်းတဲ့သူနဲ့ ဝယ်တဲ့သူ အကြားမှာ အရောင်းအဝယ်လုပ်ချင်တဲ့ ပမာဏကလည်း တည့်ဖို့လိုတယ်လေ။ ဥပမာ- ရောင်းမယ့်သူက ၁ သိန်း ရောင်းချင်တယ်။ ဒါပေမဲ့ လိုချင်တဲ့သူက ၃ သောင်းပဲလိုတယ်။ ဒါမျိုးတွေက ရှိနေတယ်။ ဒုတိယတချက်ကလည်း အရင်ပုံစံလို ဝယ်လို့ရတာ မဟုတ်ဘူးလေ။ ဘာလို့လဲဆို တချို့ earnings တွေဆို ၁ လ အတွင်း လွှတ်ရမှာတွေရှိတယ်။ ဒုတိယအချက်က ဝယ်တဲ့သူ (ကုမ္ပဏီ)ကလည်း သူ import လုပ်မယ့်အကြောင်း document တွေတင်ထားပြီးသားဖြစ်ဖို့ လိုသေးတယ်။ ဒါမှ transfer လုပ်လို့ရတာနော်။ တတိယအချက်ကတော့ ကိုယ့်ဆီက ပြောင်းပြီးရင် နောက်တခေါက် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းချင်ရင် ပြောင်းလို့မရတော့ဘူး။ အဲ့တော့ earnings နဲ့ပတ်သက်ပြီး ရောင်းရ၊ဝယ်ရတာလည်း တော်တော်လေး ခက်တယ်။ ဘာကြောင့်လဲဆို သူ့မှာ ကန့်သတ်ချက်တွေက အရမ်းများတယ်လေနော်” လို့ဆိုပါတယ်။

နိုင်ငံခြားသုံးငွေရောင်းဝယ်ရေးစျေးကွက်မှာ ဒီကနေ့  ဒီဇင်ဘာ ၂၃ ရက် အရောင်းအဝယ်အတွက် ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းအပေါ်မူတည်ပြီး ဘဏ်အပါအဝင် ငွေလဲကောင်တာတွေမှာ ထုတ်ပြန်ထားတဲ့ စျေးနှုန်းက အမေရိကန် ၁ ဒေါ်လာ တန်ဖိုးမှာ ဝယ်စျေး ၁၇၈၁ ကျပ်နဲ့ ရောင်းစျေး ၁၇၈၆ ကျပ် သာရှိပေမယ့် ပြင်ပစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတာက ၁၉၀၀ နဲ့ ၁၉၅၀ အကြားမှာရှိပါတယ်။ 

ပို့ကုန်ရဝင်ငွေ (earnings) တန်ဖိုးကလည်း အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၉၀၀ ကျပ်စွန်းစွန်းမှာရှိပါတယ်။ တခြားနိုင်ငံခြားသုံးငွေကြေးတွေဖြစ်တဲ့ စင်ကာပူ ၁ ဒေါ်လာ တန်ဖိုးက ဝယ်စျေး ၁၃၃၀ ကျပ်နဲ့ ရောင်းစျေး ၁၃၅၀ ကျပ်၊ ဂျပန်နိုင်ငံသုံး ယမ်းငွေက ၁ ယမ်းကို ဝယ်စျေး ၁၅ ဒသမ ၃ ကျပ်နဲ့ ရောင်းစျေး ၁၆ ကျပ်၊ ယူရိုငွေကြေးက ၁ ယူရိုကို  ဝယ်စျေး ၂၀၂၀ ကျပ်နဲ့ ရောင်းစျေး ၂၀၄၀ ကျပ်ရှိပါတယ်။

ထိုင်းငွေ ၁ ဘတ်ကို ဝယ်စျေး ၅၆ ကျပ်နဲ့ ရောင်းစျေး ၅၆ ဒသမ ၇ ကျပ်၊ တရုတ်ငွေကြေး ၁ ယွမ်ကို ဝယ်စျေး ၂၉၅ ကျပ်နဲ့ ရောင်းစျေး ၃၀၀ ကျပ်၊ မလေးရှားငွေကြေး ၁ရင်းဂစ်ကို ဝယ်စျေး ၄၂၀ ကျပ် နဲ့ ၄၂၈ ကျပ်ရှိပြီး အဆိုပါစျေးနှုန်းတွေက ငွေလဲကောင်တာတခုနဲ့တခုအကြားမှာ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်။ DVB

« Older Entries Recent Entries »