Monthly Archives: Dec 2021

ကလေးမြို့ပြင်တိုက်ပွဲတွင် အရပ်သား ၉ ဦးထက်မနည်း သေဆုံး

ယမန်နေ့ (ဒီဇင်ဘာ ၂၃) တွင် စစ်ကောင်စီ၏ လေတပ်၊ ကြည်းတပ်တို့က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းရွာကို ပစ်ခတ်ရာ အရပ်သား ၉ ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။  

ရွာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်နှင့် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့ပြီး  နေ့လယ်ပိုင်းတွင် စစ်တပ်ရဟတ်ယာဉ် ၂ စီး ရောက် လာကြောင်း People Defense Force (Kalay) အဖွဲ့က ပြောသည်။  

နေ့လယ်ပိုင်းတွင်မူ သူက သေသေဆုံးသူမှာ ၅ ဦးရှိသည်ဟု ပြောသည်။

“၅ ဦးမှာ ၄ ဦးက ရွာထဲမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတယ်၊ နေ့ခင်းဘက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာ  ရဟတ်ယာဉ်က ပစ်တဲ့ ကျည်ထိပြီး ( ၁ ဦး) သေတယ်လို့ သိရတယ်” ဟု PDF (Kalay) အဖွဲ့ဝင်တစ်ဦးက ပြောသည်။  

သေဆုံးသူအရေအတွက်မှာ ၉ ဦးအထိ ရှိလာကြောင်း၊ သေဆုံးသူတို့ထဲတွင် ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ဦးအေးကို၊ ကိုဖိုးအေးတို့လည်း ပါ၀င်သည်ဟု သိရကြောင်း သူက ညနေပိုင်းတွင် ပြောသည်။  

အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်စွဲထားရာ နတ်ချောင်းအထက်တန်းကျောင်းရှေ့မှ ဆိုင်ကယ်နှင့် ဖြတ်သန်းသွားစဉ် ပစ်သတ်ခံရသည်ဟု သူက ပြောသည်။  

ရွာသားများ ကျည်ထိသေဆုံးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဝေဟင်၊ မြေပြင်မှ ပြင်းပြင်းထန်ထန် ပစ်ခတ်နေချိန်တွင် ဒေသခံအများစု ပိတ်မိနေဆဲဖြစ်သည့်အတွက် ထိခိုက်သေဆုံးသည့်အရေအတွက်မှာ သိထားသည်ထက် ပိုမိုများပြားနိုင်သည်ဟု နတ်ချောင်းရွာ ဒေသခံများက ဆိုသည်။  

သင်္ဂြိုဟ်ခွင့် ရလို

တိုက်ပွဲဖြစ်နေသော်လည်း ဒေသခံအများအပြား စစ်ဘေးရှောင်ရန် ခက်ခဲနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။  

“မြို့ကြီးဘက်တက်မယ်ဆိုရင်လည်း သူတို့အထိုင်ချထားတဲ့ စခန်းရှေ့ဖြတ်ပြီး ထွက်ရမယ်ဆိုတော့ မထွက်နိုင်ဘူး။ မြစ်ကူးမယ်ဆိုလည်း ကူး တို့တွေက ပိတ်ထားတော့ မကူးနိုင်ဘူး။ အဲ့လိုနဲ့ ရွာထဲပိတ်မိနေတာ အများကြီး” ဟု နတ်ချောင်းရွာဒေသခံအမျိုးသားက ဆိုသည်။  

နတ်ချောင်းရွာတွင် စစ်တပ်က တပ်စွဲထားဆဲဖြစ်သည့်အတွက် အရပ်သားထိခိုက်မှုသတင်း ရရှိရန် မလွယ်ကူကြောင်း၊ ရုပ်အလောင်းများကိုလည်း ကောက်ယူလိုကြောင်း ဒေသခံများက ပြောသည်။ 

“သင်္ဂြိုဟ်ခွင့် အဲဒါလေး ရချင်တယ်။ အဲဒါအတွက်လေး တစ်ရက်နှစ်ရက်လောက် သူတို့ထွက်ပေးတယ်၊ အခွင့်အရေးပေးတယ်ဆိုရင်တော့ ပိုကောင်းမှာပေါ့ဗျာ” ဟု နတ်ချောင်းရွာဒေသခံ အထက်ပါ အမျိုးသားက ပြောသည်။   

ရဟတ်ယာဉ်လာရောက်တိုက်ခိုက်ချိန်တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များ နောက်ဆုတ်သွားကြောင်း၊ ညနေ ၆ နာရီဝန်းကျင်မှစ၍ နေ အိမ်အချို့ မီးရှို့ခံခဲ့ရရာ ၅ လုံးခန့် မီးလောင်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။  

ကလေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာ ထိုမာကျေးရွာရှိ နည်းပညာကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ယမန်နေ့ည ၁၁ နာရီဝန်းကျင်မှစ၍ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ဝေဘူလတောင်ကြောဘက်သို့ ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့က ယူဆသည်။  

စစ်တပ်၏ ပစ်ခတ်မှုကြောင့် နတ်ချောင်းနှင့် နယ်မြေတစ်ဆက်တစ်စပ်တည်းရှိ နတ်မြောင်း၊ ချောင်းခွ စသည့် ရွာများမှ ဒေသခံ ရာထောင်ချီ စစ်ဘေးရှောင်နေရသည်။  

ရွာဘုန်းကြီးကျောင်းများ၊ နီးစပ်ရာကျေးရွာများ၊ တောတိုက်များတွင် ခိုလှုံနေသည်ဟု ဆိုသည်။ 

သက်ကြီးရွယ်အိုများ၊ မွေးကင်းစ ကလေးငယ်များ အပါအဝင် ဒေသခံတစ်ရာကျော်ခိုလှုံနေသည့် နတ်ချောင်းရွာတောင်ဘက် ရန်ကင်းဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က လက်နက်ကြီးကျည် တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါကျောင်းရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။   

“ဘုန်းကြီးကျောင်းကိုလာလို့ လုပ်တယ်ဆိုရင်လည်း အစ်မတို့ကလည်း ကြောက်လို့ပြေးတယ်ဆိုတော့ ဘယ်တတ်နိုင်မလဲ။ သူတို့သတ်ရင်လည်း ခံရမှာပေါ့။  အကုန်လုံးလည်း ထိတ်ပြာပြီးတော့ ဘုန်းကြီးတွေကအစ ဆတ်ဆတ်တွေကို တုန်လို့ပဲ” ဟု ထိုကျောင်းတွင် ရှောင်တိမ်းနေရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။  

စစ်ကောင်စီ သတင်းထုတ်ပြန်မှု

ဒီဇင်ဘာ ၂၂ နံနက်ပိုင်းက နတ်ချောင်းကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်တပ်က ဒေသခံ ၆ ဦးကို ဖမ်းဆီးပြီး နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ စာသင်ကျောင်းတွင် တပ်စွဲထားသည်။ 

နောက်တစ်နေ့နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။  

တိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ၁ ဦး ဒဏ်ရာရပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကြောင်း၊ စစ်ကူလာသည့် ကား ၈ စီးပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီး ထိမှန်ပျက်စီးပြီး စစ်သား ၁၇ ဦး သေဆုံးကြောင်း PDF (Kalay) ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။   

စစ်ကောင်စီကမူ နတ်ချောင်းရွာတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ ၉ ဦး သေဆုံးသည်ဟု ဒီဇင်ဘာ ၂၄ ရက်စွဲနှင့် သတင်းထုတ်ပြန်ထားသည်။  

ထို ၉ ဦးမှာ အရပ်သားများသာဖြစ်ကြောင်း PDF (Kalay) က တုံ့ပြန်သည်။

ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။  

စစ်တပ်က ကျေးရွာစာသင်ကျောင်း၊ ဆေးရုံ အစရှိသည့်နေရာများတွင် ဆက်လက်တပ်စွဲနေပါက တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်း PDF (Kalay) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဗစ်တာက ပြောသည်။  

ကလေးမြို့နယ်တောင်ပိုင်းကျေးရွာများတွင် စစ်ရေးတင်းမာနေသည့်အတွက် ယခုရက်ပိုင်းအတွင်း ကလေး-ဂန့်ဂေါ လမ်းမကြီးကို မော်တော် ယာဉ်များဖြတ်သန်းသွားလာခြင်းမပြုရန် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် PDF  (Kalay) က သတိပေးထားသည်။  

လက်နက်စွဲကိုင်ခုခံမှု အားကောင်းရာဒေသများဖြစ်သည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ကျေးရွာအချို့တွင် စစ်တပ်က ကြည်းကြောင်း၊ လေ ကြောင်းတို့မှ ထိုးစစ်ဆင်နေသည်။   myanmar now

စစ်ကောင်စီ၏ တပ်ရင်းများကို KIA နှင့် PDF က စတင် ပူးပေါင်းတိုက်ပြီး နံနက်ပိုင်း ခမရ ၃၈၃၊ ၃၈၄ နှင့် ညနေတွင် ဖားကန့်တပ်ကို ဝင်တိုက်၊ စစ်တပ်ဘက်မှ ၇၀ နီးပါး သေဆုံးနိုင်ပြီး လက်နက်အများအပြား သိမ်း ဆည်းရမိ

ကချင်ပြည်နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ တိုက်ခိုက်လျက်ရှိပြီး နံနက်ပိုင်းတွင် မိုးကောင်းမြို့နယ် ခမရ ၃၈၃၊ ၃၈၄ နှင့် ညနေတွင် ဖားကန့်တပ်ကို တိုက်ခိုက်ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နံနက်ပိုင်းနှင့် ညနေပိုင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးနိုင်ပြီး လက်နက်အများအပြား သိမ်း ဆည်းရမိကြောင်း KIA သ တင်းရင်းမြစ်က ပြောသည်။

“ညနေ ၄ နာရီ ၁၅ လောက်ကနေ ၅ နာရီကျော် ဖားကန့်ဆိုင်းတောင်ရွာ၊ တောင်ပေါ် ဘုန်းတော်ကြီးကျောင်းဘေးနားမှာ တပ်မ ၃၃ ရဲ့ တပ်ရင်းကို သွားတိုက်တာ။ စစ်တပ်တွေ လူစုကွဲသွားတယ်။ ၀ိုင်းတွယ်တာ စစ်တပ်ဘက်က တော်တော်ကျတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

အလားတူ ယနေ့ နံနက် ၃ နာရီအချိန် မိုးကောင်းမြို့နယ်၊ ခမရ ၃၈၄ နှင့် ၃၈၃ ကို KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက်ပြီး လက်နက်အများအပြား သိမ်းယူခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားနိုင်ကြောင်း ပြောဆိုကြသည်။ ယနေ့ ဖားကန့်တပ်နှင့် မိုးကောင်းမြို့နယ် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် စုစုပေါင်း စစ်ကောင်စီတပ်သား ၇၀ နီးပါး သေဆုံးနိုင်သည်ဟု ခန့်မှန်းကြောင်း KIA သတင်းရင်းမြစ်တချို့က ပြောသည်။

” စစ်တပ်ဘက်က ၇၀ လောက်သေနိုင်တယ် မှန်းတယ်။ မိုးကောင်းမှာလည်း သူတို့ဘက်က အတော်သေတယ်။ ညနေ ဖားကန့်မှာလည်း အ တော်သေတယ်။ အတိအကျ တော့ မပြောနိုင်ပေမယ့် ခန့်မှန်းတော့ ၇၀ လောက်တော့ သေလောက်တယ်” ဟု KIA သတင်းရင်းမြစ်ကဆို သည်။ khit thit

ငွေရည်ပုလဲကုမ္ပဏီ၏ ထုတ်ကုန်များ မသုံးစွဲကြရန် ရှမ်းလူမှုအဖွဲ့အစည်းများ တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မကျေးရွာတွင် စစ်အာဏာသိမ်းမှုကို အကြောင်းပြကာ ကျောက်မီးသွေး တူးဖော်မှုများ တို့ချဲ့ဆောင်ရွက်နေသော မန္တလေးမြို့ အခြေစိုက် ငွေရည်ပုလဲကုမ္ပဏီကို သပိတ်မှောက်သည့် အနေဖြင့် ၎င်းထုတ်ကုန်များဖြစ်သော Crown ဘိလပ်မြေနှင့် ဆင်းရွှေလီသကြားတို့ကို မသုံးစွဲရန် ရှမ်းအရပ်ဖက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

ရှမ်းလူမှုအဖွဲ့အစည်းများဖြစ်ကြသော ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်(SHRF)၊ သျှမ်းကျောင်းသားသမဂ္ဂ (TSU) နှင့် ရန်ကုန်ရှမ်းလူငယ်အဖွဲ့ (TYY) တို့က ထိုကဲ့သို့ သပိတ်မှောက်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေညာချက်များအရ နမ္မဒေသတွင် နှစ်ပေါင်း ၂၀ ခန့် တူးဖော်ခဲ့သော ကျောက်မီးသွေးတူးဖော်မှုကို ငွေရည်ပုလဲကုမ္ပဏီက ၂၀၂၁ ခုနစ်ဇွန်လတွင် ရပ်ဆိုင်းသွားမည်ဟု ဒေသခံများနှင့် သဘောတူညီခဲ့သော်လည်း စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း သဘောတူညီမှုများကို ချိုးဖျက်ကာ ကျောက်မီးသွေး တူးဖော်မှုများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နေကြောင်း သိရသည်။ ငွေရည်ပုလဲကုမ္ပဏီသည် နိုဝင်ဘာလ ၂၃ ရက်နေ့မှစ၍ နမ္မဒေသရှိ ဒေသခံပြည်သူများ၏ သောက်သုံးရေနှင့် လယ်ယာမြေများအတွက် အရေးပါသော ဟို့နားဖရေဝင်ကြောကို ဒေသခံများ သဘောမတူသည့်ကြားက အတင်းအဓမ္မသိမ်းယူကာ ကျောက်မီးသွေး တူးဖော်နေခြင်းကြောင့် ဒေသခံလူထု အတိဒုက္ခ ရောက်နေကြောင်း SHRF ကထုတ်ပြန်ထားသည်။

ငွေရည်ပုလဲကုမ္ပဏီ၏ နမ္မဒေသ ကျောက်မီးသွေးတွင်း တူးဖော်မှုလုပ်ငန်းတွင် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တိုင်းမှူးက ရှယ်ယာ သုံးပုံတစ်ပုံ ပါဝင်နေသည်ဟုလည်း SHRF ကဆိုသည်။ထို့အပြင် နမ္မဒေသမှ တူးဖော်ရရှိသည့် ကျောက်မီးသွေး အချို့ကို ပြင်ဦးလွင်ရှိ စစ်ကောင်စီ လက် နက်ပစ္စည်းစက်ရုံသို့ ပို့ဆောင်နေကြောင်း သွားရောက်ပို့ဆောင်ဖူးသည့် ယာဉ်မောင်းများထံမှ သိရသည်။ mizzima

ဖရူဆိုမြို့နယ်၊ မိုဆိုရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဖြင့် ဦး ခေါင်းကို တေ့ပစ်သတ်

ကယား (ကရင်နီပြည်)၊ ဖရိူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

ယနေ့နံနက်တွင် စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်ဘက်မှ မိုဆိုကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာပြီး မော်တော်ကားနှင့် ဆိုင်ကယ် စုစုပေါင်း ၁၁ စီးကို မီးရှို့ဖျက်ဆီးပြီး ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံရွာသား ၁၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်ပြီး ရွာသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးများတုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်လိုက်ကြောင်း KNDF က ထုတ်ပြန်ထားသည်။

“သွားညှိတဲ့ နယ်ခြားစောင့်တပ်သား ၄ ဦးကို စစ်တပ်က ပစ်သတ်လိုက်တယ်။ နယ်ခြားစောင့်တပ်ဆိုတာက အရင် ကလလတတို့ ကယန်းပြည်သစ်တို့ကနေ ခွဲထွက်ပြီး နယ်ခြားစောင့်တပ်လုပ်လိုက်တဲ့အဖွဲ့တွေပေါ့။ အဲဒီလို အဖွဲ့တွေက သုံး၊ လေးဖွဲ့ရှိတယ်။ တချို့က ဘတ် တံဆိပ်တပ်တယ်၊ တချို့က မပါဘူး။ အခု ပစ်သတ်ခံလိုက်ရတဲ့ ၄ ဦးက ဘယ်အဖွဲ့ကလဲတော့ မသိသေးဘူး၊ ဒါပေမယ့် KA၊ KNDF က မဟုတ်တာတော့ သေချာတယ်” ဟု ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ဒီးမော့ဆိုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးကြောင်း KNDF က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊ ဖရူဆိုမြို့နယ်နေ ပြည်သူများ စစ်ဘေး လွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ khit thit

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  အိန္ဒိယသံရုံးက ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားရေးအတွင်းဝန်  ရှရီဟာ့ရှ်ဗာဒန်ရှရင်ဂလာရဲ့ ဒီဇင်ဘာ ၂၂ နဲ့ ၂၃ ရက်မှာ အလုပ်သဘော လာရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ် သက်ပြီး  သံရုံးက ထုတ်ပြန်တာဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင်အပါဝင် တခြားအဆင့်မြင့်ကိုယ်စားလှယ်တွေကိုလည်း သွားရောက်တွေ့ဆုံတယ်လို့ ဆိုပါတယ်။

ပြီးတော့  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့ အစည်းတွေက အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ အ ခြေစိုက် သံအမတ်ကြီးတွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာကို သံရုံးက မဖော်ပြထားသလို ပါတီဘက်ကလည်း ထုတ်ပြန်ထားတာမရှိပါဘူး။  နိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာဟာ ဖမ်းဆီးခံ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။

နိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံတုန်းမှာ ဒီမိုကရေစီ လမ်းကြောင်းဆီကို မြန်မြန်ပြန်သွားရေး၊ ထိန်းသိမ်းခံရသူတွေနဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးကတဆင့် ပြဿနာတွေ ဖြေရှင်းရေးနဲ့ အကြမ်းဖက်မှု အားလုံးကို အ ပြီးအပိုင် အဆုံးသတ်စေရေးတို့ကို အိန္ဒိယနိုင်ငံက မြင်ချင်တယ်ဆိုတာ အလေးပေးပြောခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားရေးအတွင်းဝန်ရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီ အသင်းဆီကို အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ ၁ သန်းကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဒီဆေးတွေရဲ့ တစိတ်တပိုင်းကို အိန္ဒိယနဲ့ မြန်မာနယ်စပ်တလျှောက် နေထိုင်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် သုံးမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဆန်နဲ့ ဂျုံတန်ချိန် ၁၀,၀၀၀ ကိုလည်း ကူညီထောက်ပံ့မယ်လို့ ပြောခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီခဲ့ပြီး မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ တည်ငြိမ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်း လာရေးအတွက် အိန္ဒိယနိုင်ငံအနေနဲ့ အဲဒီလို ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို ပြန်ဆောင်ရွက်သွားဖို့ အဆိုပြုတယ်လို့လည်း ဆိုပါတယ်။

အာဆီယံရဲ့ဆောင်ရွက်ချက်တွေအတွက် တသမတ်တည်းထောက်ခံတာကို ထပ်အတည်ပြုသလို ဘုံသဘောတူညီချက် ငါးချက်ကို အခြေခံလို့ လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှုကတဆင့် တိုးတက်မှု ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ ရန်ကုန်မြို့မှာ စစ်ကောင်စီခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပြီး  နှစ်နိုင်ငံတိုက်ရိုက်ကုန်သွယ်နိုင်ရေး၊ ပင်လယ်ရေကြောင်း တိုက်ရိုက်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ လိုအပ်တဲ့အခြေခံအဆောက်အဦတွေကို အိန္ဒိယနိုင်ငံက ရင်းနှီးမြှုပ်နှံရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။ DVB

ကချင်ရှိ စစ်ကောင်စီ စခန်းနှစ်ခု တစ်ပြိုင်နက် တိုက်ခိုက် ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်တပ်စခန်းနှစ်ခုကို ယနေ့(ဒီဇင်ဘာ ၂၄) နံနက် ၃နာရီခန့်တွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးလိုက်သည်ဟု ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ၏ တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ က ခြေမြန်တပ်ရင်း ၃၈၃၊  ၃၈၄ တပ်စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။  

“ဝင်တိုက်ပြီးမှ ရှင်းလင်းပြီးမှ ကျွန်တော်တို့ ပြန်ထွက်သွားတာ၊ စခန်းပြန်ထိုင်နေတဲ့ အနေအထားတော့ မဟုတ်ပါဘူး၊ ပြန်ထွက်သွားတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ၂ နာရီခန့်အကြာတွင် ထိုစခန်းကို စစ်ကောင်စီက လေယာဉ်နှင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဘက် ထိခိုက်သေဆုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အောက်ခြေတပ်များ လှုပ်ရှားမှုကို စောင့်ကြည့်နေကြောင်း၊ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယနေ့ စခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်သည်ဟု ဒေသတွင်းသတင်းများကဆိုသော်လည်း KIA ပြောရေးဆိုခွင့်ရှိသူကမူ အတည်ပြုရန် ငြင်းဆန်သည်။

“အဲဒီအကြောင်းလည်း ဘယ်သူမှ ကျွန်တော်တို့ဆီကို သတင်းပို့တာမရှိပါဘူး။ နောက်တစ်ခုရှိတာက PDF ဆိုပေမဲ့ ကျွန်‌တော်တို့ KIA စစ်ရုံးချုပ်ရဲ့ လက်အောက်ခံ PDF တွေပဲ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၂၃) မွန်းလွဲ ၂ နာရီခွဲခန့်က ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်၊ ဝှေခါမှော်အနီးတွင် တပ်မ ၃၃ လက်အောက်ခံ စစ်သား ၁၀၀ ခန့်နှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု KIA ပြန်ကြားရေးသတင်းဌာန Kachinnet Burmese က ထုတ်ပြန်ထားသည်။ KIA ဘက်မှ တပ်မှာ တပ်မဟာ ၉ လက်အောက်ခံတပ်ရင်း ၆ ဖြစ်သည်။

ထိုတိုက်ပွဲအပြီး ည ၈ နာရီခန့်တွင် ဖားကန့်မြို့ပေါ်ရှိ ဗျူဟာကုန်းမှ ပစ်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည်က ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း ကျရောက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရမ်းပစ်တာ။ ပစ်တော့ ဖားကန့်ဗျူဟာကုန်းနားလေးက ဗလခမှော်က ကျောက်စိမ်းတူးနေတဲ့ လုပ်ကွက်ထဲ ကျတယ်”ဟု ၎င်းက ပြောသည်။

“ဘတ်ဖိုး(မြေတူးစက်)မောင်းတဲ့ ဆရာတစ်ယောက် သေတယ်၊ နှစ်ယောက် ဒဏ်ရာရတယ်၊ တစ်ယောက်က ဗိုက်မှာ ထိတယ်” 

ယနေ့မနက်တွင်မူ ဖားကန့်မြို့၌ စစ်ရေးအခြေအနေ ငြိမ်သက်နေသလို မြို့မှာလည်း တိတ်ဆိတ်နေသည်ဟု ထိုသူက ဆက်ပြောသည်။

အထက်ပါ တိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး KIA, စစ်ကောင်စီတို့ကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့် တိုက်ခိုက်နေသည့်ထဲတွင် KIA လည်း ပါ၀င်သည်။    

မိုးညှင်း၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ ဒေါ့ဖုန်းယန် စသည့် ကချင်ပြည်နယ်မြို့နယ်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့တွင် စစ်ကောင် စီတပ်နှင့် KIA တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် မေလအစောပိုင်းက မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတစ်ခုတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချထားနိုင်သည်။ myanmar now

ပုလဲမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄ ဦးသာ ကျဆုံးဟု ဒေသခံ ပြောက်ကျားအဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက်ကျေးရွာနှင့် ဖိုကုန်းကျေးရွာကြားတွင် စစ်ကောင်စီတပ် အင်အား ၃၀ ကျော်အား ဒေသခံ ပူပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား လေးဦးသာ ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပုလဲမြို့နယ် ပန်းရွာမြောက်ဘက် တောရကျောင်း တစ်ခုတွင် ညအိပ်တပ်စွဲရာ နောက်တစ်နေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်ပိုင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။

ထိုတိုက်ပွဲအား လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စစ်ကောင်စီဘက်မှ ၂၂ ဦး ကျဆုံးကြောင်း ရေးသားမှုများကို တွေ့ရပြီး အမှန်တကယ် ကျဆုံး သည်မှာ စစ်ကောင်စီတပ်သား လေးဦးသာဖြစ်ကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော်ပေ ကပြောသည်။

“အချို့သတင်းတွေမှာ ကျွန်တော်တို့ ဖတ်လိုက်ရတယ် ၂၂ ယောက်ကျတယ်တို့ ၂၃ ယောက်ကျတယ် ဆိုတာမျိုးတွေ ဒါတွေက အ မှန်မဟုတ်ဘူး၊ ကျွန်တော်တို့ကတော့ မြေပြင်က သတင်းအမှန်တွေကိုပဲ တင်စေချင်တယ်၊ ခုကျတော့ အခြားသူတွေက မဟုတ်ပဲနဲ့ လျှောက်တင်နေတာ ဆိုတဲ့ပုံစံမျိုးတွေ ကျွန်တော်တို့ ပြန်ကြားရတယ်။ ကြာရင် ယုံကြည်မှုတွေ လျော့မှာဆိုးတယ်။ ဒါကြောင့်မြေပြင်က သတင်းမှန်တွေကိုပဲ တင်စေချင်တယ် “ဟု ရဲဘော်ပေက ပြောသည်။

“တိုက်ပွဲဖြစ်တာက မနက် ၁၀ နာရီထိုးလောက်မှာ ဖြစ်တာပါ။ ၁၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြတယ်၊ ပြီးတော့ နောက်ကိုသူတို့ ဆုတ်ပြေးတယ် သိပ်မဝေးတဲ့ အခြားတစ်နေရာမှာ နောက်ထပ် အဖွဲ့တွေနဲ့ ထပ်ပစ်ကြတယ်၊ အဲ့ဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေး တပ်သားတွေ အင်အားများတာကို သူတို့သိတော့ လေကြောင်းပစ်ကူခေါ်တယ်၊ လယ်ကွင်းတွေထဲမှာ မီးတွေရှို့ပြီး အချက်ပြတယ်” ဟု ရဲဘော်ပေက ဆိုသည်။ ထို့နောက် စစ်ကောင်စီတပ်ဘက်မှ ရဟတ်ယာဉ်တစ်စင်း အသွားအပြန် သုံးကြိမ်ပျံဝဲကာ လေကြောင်းပစ်ခတ်မှု ပြုလုပ်သည် ဟုရဲဘော်ပေက ပြောသည်။

“ရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ရှစ်လုံးထုတယ်၊ စက်သေနတ်နဲ့တော့ တောက်လျှောက် ပစ်သွားတာပဲ” ဟု စစ်ကောင်စီတပ် လေ ကြောင်းမှ ပစ်ခတ်သည့် အခြေအနေကို ရဲဘော်ပေက ရှင်းပြသည်။

“အဲ့ဒီတိုက်ပွဲမှာ သေတဲ့ စစ်သားတွေကို ဒီနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်း ၉ နာရီလောက်ကျတော့ စစ်သားအရေအတွက် ၁၀၀ လောက်နဲ့လာပြီး သုံးလောင်းကို အဲ့နေရာ (တိုက်ပွဲဖြစ်သည့်နေရာ) မှာ မီးရှို့သွားတယ်၊ တစ်လောင်းကိုတော့ ပြန်ထမ်းသွားတယ်လို့ ကျွန်တော်တို့ ကင်း ထောက်တစ်ယောက်က သတင်းပို့တယ်၊ အဲ့ဒီအနီးအနားက ဒေသခံတွေကလည်း သတင်းလှမ်းပြောကြတယ်“ ဟု တိုက်ပွဲအတွင်း စစ်ကောင် စီတပ်သား လေးဦးသေဆုံးပုံကို ရဲဘော်ပေက ပြောသည်။ ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။ mizzima

စစ်ကောင်စီယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ MNDAA က သိမ်း ပိုက်ရရှိ

ရှမ်းပြည်နယ်၊ မုံးကိုးဒေသတွင် မြန်မာစစ်ကောင်စီ၏ ယူနီဖောင်းနှင့် လက် နက်ခဲယမ်းများကို MNDAA က သိမ်းဆည်းရမိကြောင်း MNDAA က ထုတ် ပြန်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်အင်အား ၅၀၀ ကျော်ဖြင့် ကိုးကန့် MNDAA ၏ စခန်းကို တိုက်ခိုက်ရာ အ သေအဆုံးများစွာဖြင့် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှု လုပ် ဆောင်နေခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာစစ်တပ်က MNDAA ၏မန်ရန်စခန်းကို အမြောက်ကျည် ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် MNDAA က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် ၆၀ မမ မော်တာ ၁ မမ မော်တာ ၁ လုံး၊ မော်တာကျည် ၅ တောင့်၊ Walkie-talki ၁ လုံး၊ ကျည်ကတ် ၃ စောင်နှင့် ကျည်ဆန်များ၊ တပ်မ ၇၇ တံဆိပ်ပါ ယူနီဖောင်း ၂ စုံကို ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်း လွဲ ၁ နာရီ ၄၀ မိနစ်တွင် သိမ်းဆည်းရမိကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ khit thit

နတ်ချောင်းရွာတွင် ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုကြောင့် ဒေသခံ အနည်းဆုံး ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး  လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးထားသူ လက်ရှိအချိန်ထိ အမျိုးသား ၂ လောင်းနဲ့ အမျိုးသမီး  ၂ လောင်းတွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကောင်စီတွေက ကျေးရွာအတွင်း ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း နေအိမ်တွေကို  မီးရှို့ဖျက်ဆီးသွားသလို ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတွေ ရှိနေသေးတဲ့အတွက် နေအိမ်အလုံးရေကို အတိအကျ မသိနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၂၃ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဟက်စကီး တွေ ရောက်လာပြီး ဗုံးတွေကြဲပြီးတော့ တိုက်တယ်။ အများကြီးကြဲကြဲချတယ်။ ညနေပိုင်းမှာ အိမ်တွေကိုမီးလိုက်ရှို့တယ်။ အခု အလောင်း ၄ လောင်းတွေ့ထားပါတယ်။ အမျိုးသမီး ၂ လောင်း အမျိုးသား ၂ လောင်း။ သူတို့ ကားပေါ်ကောက်တင်သွားတဲ့ အလောင်းတွေလည်းရှိတယ်ဆိုတော့ အရေအတွက်အတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူး၊ ခုထိ သူတို့က ရွာထဲမှာရှိနေတာဆိုတော့ အနားကိုမကပ်ရဲသေးဘူး။ မီးရှို့တဲ့ အိမ်တွေက အတော်များများရှို့သွားတာ အတိအကျကိုတော့ ကျနော်တို့လည်း မပြောနိုင်သေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာ အထက်တန်းကျောင်းရှေ့မှာ ဖြတ်သွားတဲ့ အမျိုးသမီးတယောက်ကိုလည်း  စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး အလောင်းကို လက်စ ဖျောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု ၄ လောင်းဆိုတာက ကျနော်တို့ မျက်စိနဲ့မြင်တာပဲ ရှိသေးတာပါ။ သူတို့အလောင်းကောက်သွားတာက ဘယ်လောက်ရှိမယ်မသိသေးပါဘူး အလောင်းက မကောက်ရသေးဘူး၊ ဒါပေမဲ့ ဒိထက်မကရှိနိုင်ပါတယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

နတ်ချောင်းကျေးရွာဟာ အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး  ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် နတ်ချောင်း ကျေးရွာအပြင်၊ ချောင်းခွ၊ နတ်မြောင်းကျေးရွာတွေက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ ကလေးမြို့မှာ လက်ရှိ အရမ်းအေးတဲ့ ရာသီဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်အဝတ် အထည်တွေ လိုအပ်တဲ့အပြင် စားသောက်ရေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက နတ်ချောင်း အထက်တန်းကျောင်းထဲမှာ တပ်စွဲဝင်ရောက်လာတာကြောင့် ဒေသပြည်သူ့ကာကွယ်ရေး တပ်တွေဖြစ်တဲ့ (PDF) Kalay၊ CNDF၊ ရပ်ရွာ ပ-က-ဖ အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်က ရှုံးနိမ့်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက အသာစီးရနေချိန်မှာ ရဟတ်ယာဉ်နှစ်စီးရောက် ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အလောင်း ၉ လောင်း၊ အာပီဂျီ ၁ လက် (ပျက်စီး)၊ လက်လုပ်မိုင်း ၁ လုံး၊ လျှပ်စစ်တိုနေတာ ၂၅၀ ခု၊ မီးရှို့ စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (၅၀မီတာပါ) ၄ ခွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  ပြည်သူတွေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို CNF အဖွဲ့နဲ့ PDF အဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဒီဇင်ဘာ ၂၃ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီကားနဲ့ ကောက်တင်သွားတဲ့ အလောင်းတွေဟာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာဒေသခံတွေဖြစ်တယ်လို့ ဒေ သခံတွေက ဆိုပါတယ်။  ဒေသခံ PDF အဖွဲ့တွေအနေနဲ့ အကျအဆုံးမရှိသလောက်နဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။ DVB

« Older Entries