Monthly Archives: Dec 2021

၂၄ နာရီအတွင်း လေးကေကော်ကို စစ်ကောင် စီက နှစ်ကြိမ်ဗုံးကြဲ

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ လေးကေကော်မြို့သစ်ကို စစ်ကောင်စီက ယနေ့ (ဒီဇင်ဘာ ၂၄) နေ့လည် ၃ နာရီခွဲကျော်တွင် လေယာဉ်ဖြင့် ဗုံးနှစ်လုံးထပ်မံကြဲချသည်။

ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်ကလည်း  ထိုမြို့အနီးသို့ ဗုံး ၂လုံး ကြဲချခဲ့သေးသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ကတည်းက လေးကေကော်မြို့သစ်ကောင်းကင်ယံတွင် လေယဉ်ပျံသန်းမှုများ ရှိနေပြီးနောက် ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုသည်။

သို့သော် ဗုံးကျရောက်ပေါက်ကွဲသည့် နေရာနှင့် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးပေ။

“လေယာဉ်နဲ့ ထပ်လာပစ်တယ်လို့ ကြားတယ်။ မြေပြင်သတင်းတော့ တက်မလာသေးဘူး။ နေရာအတိအကျတော့ ပြောလို့မရသေးဘူး”ဟု ၎င်းက ပြောသည်။

လေးကေကော်မြို့အနီးတွင်ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ဗုံးကျသည့် နေရာသည် ယမန်နေ့ (ဒီဇင်ဘာ ၂၄) ည ဗုံးကြဲခံရသည့် နေရာနှင့် ဝေးသည်ဟု သိရသည်။

စစ်ကောင်စီက ပထမအကြိမ် လေယာဉ်ပေါ်မှ ကြဲချသည့် ဗုံး ၂ လုံးမှာ လေးကေကော်မြို့ အနောက်ဘက်ခပ်လှမ်းလှမ်းရှိ သင်္ဘောခြံအတွင်း ကျရောက်သည်ဟု ထိုသူက အတည်ပြုသည်။

“အခုကတော့ လေယာဉ်တွေ မရှိတော့ဘူး။ မနက်က လေယာဉ်တစ်ခါဝဲတယ်။ နေ့လယ် တစ်ခါဝဲတဲ့အချိန်မှာ နိမ့်နိမ့်လေး ပျံပြီး ပစ်သွားတာ”ဟု ထို PDF က ညနေ ၄ နာရီခွဲတွင် ပြောသည်။ 

“ဒီနေ့လယ် ပစ်တဲ့နေရာအတိအကျတော့ မခန့်မှန်းနိုင်ဘူး။ လေးကေကော်အနီးမှာရှိတဲ့ တောင်ပေါ်က စခန်းတွေကို ပစ်တယ်လို့ ထင်တယ်”

လေးကေကော်မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးဟု ပြောသည်။

ဗုံးကြဲခံရပြီးနောက် တချိန်တည်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ဒေသတွင်းသို့ ပစ်ခတ်တိုက်ခိုက်သည်ဟု အထက်ပါ သတင်းအရင်းမြစ်များက ဆိုသည်။

ယနေ့ (ဒီဇင်ဘာ ၂၄) နံနက်ပိုင်းမှစ၍ လေးကေကော်မြို့အနီးရှိ ကျောက်ဂူရွာနှင့် မင်းလက်ပံရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်။

လေးကေကော်မြို့တောင်ဘက်ရှိ မေတ္တာလင်းမြိုင်ရွာအနီး အခိုင်အမာတည်ဆောက်ထားသည့် စစ်ကောင်စီ၏ စခန်းတစ်ခုကို နေ့လယ် ၁ နာရီဝန်းကျင်တွင်  ၆၀ မမ စိန်ပြောင်းနှင့် နှစ်ကြိမ်ပစ်ခဲ့သည်ဟု KNLA စစ်သားတစ်ဦးက ပြောသည်။ 

“ဒီနေ့ တိုက်ပွဲက အရှိန်မြင့်တယ်” ဟု ၎င်းက ပြောသည်။

ထိုစခန်းကို ဖြိုခွင်းချိန်တွင် စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်မှု မရှိတော့ဟု ဆိုသော်လည်း ထိခိုက်၊ သေဆုံးမှုသတင်း မရသေးပေ။  

KNU တာဝန်ရှိသူတို့ကမူ စစ်ရေးကိစ္စများကို အသေးစိတ်ထုတ်ပြောရန် ငြင်းဆိုထားသည်။

စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းအပါအဝင် အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ကြရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများက ယနေ့တွင် ကြေညာချက်ထုတ်၍ တောင်းဆိုထားသည်။

KNU ကလည်း စစ်တပ်က လေယာဉ်နှင့် ပထမအကြိမ် ဗုံးကြဲမှုမတိုင်မီ သုံးရက်အလို ဒီဇင်ဘာ ၂၀ ရက်ကပင် လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုထားသည်။

လေးကေကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။

ထိုဒေသအတွင်း တိုက်ပွဲများ ၁၀ ရက်ဝန်းကျင် ရှိလာချိန်တွင် ဒေသခံ ထောင်သောင်းချီ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးသို့ ထွက်ပြေးခိုလှုံနေရသည်ဟု ပဒိုစောတောနီးက ပြောထားသည်။

လေးကေကော်မြို့တစ်ဝိုက် ထိုသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။ myanmar now

အာရှလမ်းမကြီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲခံရသည့် ပုံအမှား

မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ မိုင်းဆွဲခြင်းခံရသည်ဆိုပြီး ၂၀၁၃ ကထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဓာတ်ပုံဟောင်းတစ်ပုံကို အသုံးပြုပြီး သတင်းမှား ဖြန့်ဝေမှု ရှိနေသည်ကို တွေ့ရသည်။May Ju ဆိုသည့် ဖေ့ဘုတ်စ်အသုံးပြုသူ တစ်ဦးမှ အ ဆိုပါပိုစ့်ကို မျှဝေခဲ့သည်ကိုတွေ့ရပြီး အခြားသူတစ်ဦးရဲ့ ပိုစ့်ကို ကူးယူထားကြောင်းလည်း credit ပေးဖော်ပြထားသည်ကို တွေ့ရသည်။

“အာရှလမ်းမိုငိးဆွဲတာ၊ BGFနဲ့စစ်တပ်တွေကယ်ကြပါအုံး။ ပေစိနဲ့သားများသံတိုသံစရောင်းဝယ်ရေးအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များကို အထူးကျေးဇူးတင်ရှိပါကြောင်းပုံ သူများဆီက မလာတာ”ဟု အဆိုပါပိုစ့်တွင်ရေးသားထားပြီး အဲ့ဒီပိုစ့်ကို လူပေါင်း ၂၀၀ကျော်မှ လိုက်ခ်ပြုလုပ်ထားပြီး ပြန်လည်မျှဝေသူ ၄၀ကျော်ရှိသည်။မဇ္ဈိမအနေဖြင့်အဆိုပါ မှတ်တမ်းဓာတ်ပုံကို စစ်ဆေးကြည့်ရာတွင် ၂၀၁၃ ခုနစ် ဇွန်လ ၁၉ ရက်က ထိုင်းပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် Isranews Agency မှ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့်ဗုံးခွဲတိုက်ခိုက်ခံရမှုတစ်ခုအားဖော်ပြခဲ့သည့် မှတ်တမ်းဓာတ်ပုံဖြစ်သည်ကို သိရှိရသည်။

အဆိုပါသတင်းတွင် “Krong Pinang ခရောင်ပီနိုင်း ခရိုင်အတွင်း တာဝန်လဲပြီး ပြန်လာသည့်စစ်သည်များအား လူတစ်စုမှ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်သည် ရှစ်ဦးသေဆုံးပြီးနှစ် ဦးဒဏ်ရာရရှိခဲ့သည်ဟု” ဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တုန်းက မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်ကား ငါးစီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် Karen Information Center – KIC ၏သတင်းတွင် တွေ့ရှိရသည်။ အဆိုပါသတင်းတွင် “မြဝတီဘက်သို့ အင် အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီကား ငါးစီးခန့်အား KNLA အဖွဲ့မှ အာရှလမ်း တောနော် ရေတံခွန်အနီးနှင့် မွေးမြူရေးဇုန်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်”ဟု ဖော်ပြပါရှိသည်။

မြဝတီမြို့အနီးနေထိုင်သူ တစ်ဦးမှ ယခုပြန့်နှံ့နေသည့်သတင်းမှားနှင့်ပတ်သက်လို့ “မကြားမိဖူး၊နေရာက မဖြစ်နိုင်ဖူး”ဆိုပြီး မှတ်ချက်ပေးဖြေ ကြားထားသည်။ mizzima

ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KA၊ KNDF ကြား တိုက်ပွဲ ၄ နာရီကျော်ကြာဖြစ်ပွား၊ မိုဆိုကျေးရွာကို စစ်ကောင်စီက မီးတင်ရှို့၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို ကြိုးတုပ်ပြီး သေနတ်ဖြင့် ဦးခေါင်းကို တေ့ ပစ်သတ်

ကယား (ကရင်နီပြည်)၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မိုဆိုကျေးရွာကို မီးတင်ရှို့ကာ ဒေသခံအချို့ကို ဖမ်းဆီးခဲ့ပြီး ကရင်နီဒေသရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို ကြိုးများတုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၄ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးကြောင်း KNDF က ထုတ်ပြန်သည်။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုဆိုကျေးရွာရှိဒန်ပါကား၊ ကားသေး၊ ထော်လာဂျီနှင့် ဆိုင်ကယ် စုစုပေါင်း ၁၁ စီးနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးကာ ဒေသခံ က လေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံပြည်သူ ၁၀ ဦး ကို ပြန်လွှတ်ပေးရန် စစ်ကောင်စီတပ်နှင့် သွားရော်ကညှိနှိုင်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကြိုးများဖြင့်တုပ်ကာ သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်သတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ က ရေးသားဖော်ပြသည်။

“သွားညှိတဲ့ နယ်ခြားစောင့်တပ်သား ၄ ဦးကို စစ်တပ်က ပစ်သတ်လိုက်တယ်၊ နယ်ခြားစောင့်တပ်ဆိုတာက အရင် ကလလတတို့ ကယန်းပြည်သစ်တို့ကနေ ခွဲထွက်ပြီး နယ်ခြားစောင့်တပ်လုပ်လိုက်တဲ့အဖွဲ့တွေပေါ့၊ အဲဒီလို အဖွဲ့တွေက သုံး၊ လေးဖွဲ့ရှိတယ်။ တချို့က ဘတ် တံဆိပ်တံတယ်၊ တချို့က မပါဘူး၊ အခု ပစ်သတ်ခံလိုက်ရတဲ့ ၄ ဦးက ဘယ်အဖွဲ့ကလဲတော့ မသိသေးဘူး၊ ဒါပေမယ့် KA၊ KNDF က မဟုတ်တာတော့ သေချာတယ်” ဟု ကရင်နီတပ်မတော် KA တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မိုဆိုကျေးရွာနေ ပြည်သူတစ်ဦး ထိခိုက်ခဲ့ပြီး၊ ဖရူဆိုမြို့နယ်နေ ပြည်သူများ စစ်ဘေး လွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ khit thit

ကျောက်ကြီးမြို့နယ်၊ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဦးဖြစ်တဲ့ ဦးမြမောင် ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့၊ မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က မနက် ၅ နာရီခွဲလောက်က နတ်သံကွင်းမြို့၊ လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက်နေတုန်း လူ ၂  ယောက်က ဆိုင်ကယ်နဲ့လာပြီး ဝင်ပစ်သွားတာ။ အဲ့ဒိ နေရာမှာပဲ ဆုံးသွားတယ်” လို့ မြို့နယ်ထွေ/အုပ်ရုံးဝန်ထမ်းတဦးက အတည်ပြုပြောပါတယ်။

သေဆုံးသွားတဲ့ ဦးမြမောင်ဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ ပဲခူးတိုင်းအစိုးရကနေ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသူလို့ သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “သူ့ကို အသက်လည်းကြီးပြီ ဘာမှဝင်မလုပ်တော့နဲ့ဆိုတာကို ပြောမရခဲ့ဘူး” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဦးမြမောင်ကို ကျောက်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်အဖြစ် ထည့်သွင်းတာဝန်ပေးအပ်ထားတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဦးမြမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ကြေညာချက်တစုံတရာထုတ်ပြန်ထားတာ မရှိသးပါဘူး။

ဒီဗွီဘီက ကျောက်ကြီးမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ”ရဲလုပ်ထုံး လုပ်နည်းအတိုင်း အမှုဖွင့်ထားတယ်” လို့သာ တာဝန်ကျရဲ့တပ်ဖွဲ့ဝင်တဦးက ပြန်လည်ဖြေဆိုပါတယ်။ DVB

မုံရွာခရိုင်အရှေ့ပိုင်းဒေသကျေးရွာတစ်ရွာတွင်“သမိုင်းကပေးအပ်တဲ့တာ၀န်ကိုကျေပွန်စွာထမ်းဆောင်ကြ” စာသားပါဘန်နာကို ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်

khit thit

လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် လေးကေကော်တွင် တိုက်ပွဲဆက်ဖြစ်နေ

လေကြောင်းမှ ဗုံးကြဲခံရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ်အနောက်ဘက် တစ်မိုင်အကွာ ကျောက်ဂူရွာ၊ အရှေ့ဘက် နာရီဝက်ခရီးတွင်ရှိသည့် မင်းလက်ပံရွာတို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ (ဒီဇင်ဘာ ၂၄) နံနက် ၁၁ နာရီမှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ 

ထိုဒေသအတွင်းသို့ လေယာဉ်များပျံဝဲနေပြီး မြေပြင်တွင်လည်း စစ်ကောင်စီက အင်အားဖြည့်တင်းနေကြောင်း၊ ယနေ့ နံနက်မှစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူနှင့် ဒေသတွင်း သတင်းရင်းမြစ်များက အတည်ပြုသည်။

စစ်ကောင်စီတပ်က ယခင်ကအတိုင်း အရပ်သားပစ်မှတ်များကိုပင် တိုက်ခိုက်နေသည်ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

“ဒီမနက်ဆိုရင် မင်းလက်ပံရွာကို ပစ်ချတာ လူတွေက ပြေးနေရတယ်။ နေရာမရွေးဘူးလေ။ နေ့ရော ညရော ပစ်ချင်ရာကို ပစ်ချင်သလိုပစ်နေတာပဲလေ” ဟု ပဒိုစောတောနီးက ဆိုသည်။

ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်ဆိုတာက သူ့အတွက်(စစ်ကောင်စီ) ဘာမှကို မဟုတ်တော့ဘူးလေ။ လုပ်နေကျအလုပ်လိုဖြစ်နေပြီ” 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်တိုက်ပွဲတချို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ဝင်များလည်း KNU ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ 

ထိုဒေသအတွင်းတွင်ရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ ယမန်နေ့ (ဒီဇင်ဘာ ၂၃) ညက မြဝတီ-ကော့ကရိတ်လမ်းအတိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်း မင်းလက်ပံရွာအနီးသို့ ရောက်ရှိချိန်မှစ၍ တိုက်ပွဲစတင်နေသည်ဟု သိရသည်။

ယနေ့(ဒီဇင်ဘာ ၂၄) နံနက် ၁၀ နာရီဝန်းကျင်တွင် လေးကေကော်မြို့သစ် ကောင်းကင်ယံတွင် လေယာဉ်တစ်စင်းပျံဝဲလျက်ရှိပြီး မြို့သစ်အနောက်မြောက်ဘက် ၁ မိုင်ကျော်အကွာရှိ ကျောက်ဂူရွာဘက်တွင်လည်း အပြန်လှန်ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ၁၂ နာရီခွဲခန့်တွင် ပြောသည်။ 

“လေယာဉ်ကတော့ ကောင်းကင်ယံမှာ ပျံဝဲနေတာပဲ။ မြင်တော့မမြင်ရဘူး။ အသံပဲကြားရတယ်။ လက်နက်ကြီးတွေတော့ ပစ်နေတုန်းပဲ။ အခု ကျောက်ဂူဘက်အခြမ်း၊ မေတ္တာလင်းမြိုင် (မဲထော်သလေးကျေးရွာအုပ်စု) ဘက်မှာ ပစ်နေတယ်။ ကျောက်ဂူဘုရားနားမှာ ပစ်နေတယ်”ဟု ၎င်းက ပြောသည်။

လေးကေကော်မြို့ကို ထိမှန်ခြင်းမျိုးမရှိသေးသော်လည်း မြို့နှင့် အနီးတစ်ဝိုက် ကျောက်ဂူရွာဘက်တွင် စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများ ကြားနေရသည်ဟု လေးကေကော်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“KNLA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို ခန့်မှန်းပြီးပစ်နေတာ”ဟု ၎င်းက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၂၃) ညတွင် လေးကေကော်မြို့သစ် တောင်ဘက်ရှိ Top View ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်တပ်က အင်ကြင်းမြိုင်၊ မဲ့ထော်သလေး၊ ကျောက်ဂူရွာ အနီးဝန်းကျင်သို့ လက်နက်ကြီးနှင့် အချက်ရေများစွာ ပစ်ခတ်သော်လည်း ထိခိုက်ဒဏ်ရာရမှု၊ ပျက်စီးမှုအခြေအနေကို အတိအကျ အတည်မပြုနိုင်သေးဟု အထက်ပါသတင်းရင်းမြစ်များက ပြောသည်။

“အင်ကြင်းမြိုင်မှာရှိတဲ့ စစ်ရှောင်တဲ့ နေရာနဲ့ (လက်နက်ကြီးကျတဲ့နေရာ) နီးတယ်။ သူတို့နဲ့က အဆက်သွယ်မရသေးဘူး။ ဖလူးဘက်မှာ နေတဲ့သူတွေနဲ့က နည်းနည်းဝေးတယ်။ လေယာဉ်နဲ့ ပစ်တာက တောင်ကြောထဲကို ကျတာ”ဟု လေးကေကော်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ထိုဒေသတွင်းရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦး၏ အဆိုအရ စစ်လေယာဉ်က ကြဲချခဲ့သည့် ဗုံး ၂လုံးမှာ လေးကေကော်မြို့ အနောက်ဘက်ခပ်လှမ်းလှမ်းရှိ သင်္ဘောပင်များ စိုက်ပျိုးထားသည့် ခြံအတွင်းသို့ ကျရောက်သည်ဟု သိရသည်။

ထိုဗုံးကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း လေးကော်မြို့အရှေ့ဘက် နာရီဝက်ခန့် ခရီးတွင်ရှိသည့် မင်းလက်ပံရွာအနီး လက်နက်ကြီးကျရာတွင် ဒေသခံ ၃ ဦးထက်မနည်း ဒဏ်ရာရသွားသည်ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ည ၁၀ နာရီ ၁၀ မိနစ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲခဲ့သည်ဟု KNUက အတည်ပြုထားသည်။ သို့သော် စစ်ရေးကိစ္စဖြစ်၍ ဗုံးကျသည့် နေရာအတိအကျ ထုတ်မပြောနိုင်ကြောင်း PDF အဖွဲ့ဝင်က ဆိုသည်။ 

ထိုသို့ တိုက်ပွဲဆက်နေသဖြင့် လေးကေကော်နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများ ထွက်ပြေးနေရပြီး နယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်နေရသူဦးရေ ပိုများလာမည်ဟု ပဒိုစောတောနီးက ခန့်မှန်းသည်။

“ဒီနေ့ဆိုရင် မင်းလက်ပံရွာကို လက်နက်ကြီးတွေနဲ့ ထပ်ပစ်တာကြောင့် တစ်သောင်းထက်ကို ကျော်သွားမယ့် အလားအလာရှိပါတယ်”ဟု ၎င်းက ပြောသည်။

နောက်ထပ်ဒေသခံတစ်ဦး၏ အဆိုအရ ယမန်နေ့ည စစ်တပ်က ပစ်သည့် လက်နက်ကြီးများမှာ ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်နံဘေးတွင် ခိုလှုံနေသည့် စစ်ရှောင်များနှင့် သုံးမိုင်ခန့်အကွာတွင် ကျရောက်သည်ဟု သိရသည်။

“စစ်ရှောင်တွေကတော့ (ပစ်တဲ့) အသံရှိတဲ့နေရာနဲ့ ဝေးအောင်ပြေးကြတာ”ဟု ၎င်းက ပြောသည်။

စစ်ရှောင်များမှာ မဲ့ထော်သလေးကျေးရွာအုပ်စု၊ ဖလူးလေးရွာမှ ဖြစ်သည်။

လေယာဉ်ဖြင့် ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခံရသည့် ယမန်နေ့ညတွင် ဒေသခံ ထောင်နှင့်ချီ၍ သောင်းရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံဘက်သို့ အရေးပေါ်တိမ်းရှောင်ခဲ့ရသည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။

စစ်တပ်က ဗုံးမကြဲမီ သုံးရက်အလိုတွင် ထိုသို့ဖြစ်လာနိုင်ခြေရှိ၍ ကုလသမဂ္ဂဦးဆောင်ကာ လေကြောင်းပျံသန်းမှုကင်းမဲဇုန်သတ်မှတ်ရန် KNU က တောင်းဆိုထားသေးသည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒီဇင်ဘာ ၂၂ ရက်ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဘက်သို့ မြန်မာဘက်မှ ခြောက်ရက်အတွင်း လူပေါင်း ၄၀၀၀ နီးပါး တိမ်းရှောင်လာကြောင်း သိရသည်။ ထိုဒုက္ခသည်များထံ အကူအညီများ အလျင်အမြန်ပေးနိုင်ရေး လုပ်ဆောင်နေသည်ဟု မဟာမင်းကြီးရုံးက ဆိုထားသည်။

ဒီဇင်ဘာလကုန်ပိုင်းဖြစ်သော်လည်း စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် ခရစ်စမတ်အစီအစဉ်များတွင် ပါဝင်နိုင်မည်မဟုတ်ဟု KNU မှ ပဒိုစောတောနီးက ပြောသည်။

“ဘယ်လိုပဲပြောပြော ကျွန်တော်တို့ကတော့ အဆိုးဆုံးအခြေအနေကနေ ရင်ဆိုင်သွားမယ်။ ကျွန်တော်တို့လူထုဟာ လက်ရှိကာလမှာ ခရစ်စမတ်အချိန်ကာလပေမဲ့ ခေါင်းထဲမှာ မတွေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်လို့ ပြောချင်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

လေးကေကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ  မြန်မာနိုင်ငံကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘို၏ ခရစ်စမတ်ဆုတောင်းပွဲတက်ရောက်မှုကို မျက်နှာဖုံးတင်ဖော်ပြသည့် ဝါဒဖြန့်သတင်းစာများတွင်မူ ပြည်သူများထွက်ပြေးကြရသည့်  မြတတီမြို့အတွင်း စစ်ဆင်နေခြင်းသတင်းကို ဖော်ပြထားခြင်း မရှိပေ။ myanmar now

ကလေးမြို့နယ်တွင် ခရီးသွားလာမှု ကန့်သတ်မိန့် ထုတ်ပြန်သည့်နေ့တွင်ပင် ထိုအမိန့် ပယ် ဖျက်ကြောင်း ထပ်ထုတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း ခရီးသွားလာမှုနှင့် ပတ်သက်သည့် ဒေသန္တရအမိန့် ကြေညာချက်ကို ဒီဇင်ဘာလ ၂၁ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ပြီး ၎င်းအမိန့်အား ပယ်ဖျက်သည့် အမိန့်ကြေညာချက်ကို ထိုနေ့ နေ့စွဲဖြင့်ပင် ထပ်မံထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း လုပ်ချင်သလိုလုပ်နေကြတာပါပဲ။ ကျွန်‌တော်တို့ပြည်သူတွေက သူတို့အမိန့်ကြေညာစာတွေကို ဖတ်ပြီး ဟား (ရီ)နေကြတယ်” ဟု ကလေးမြို့ခံတစ်ဦးမှပြောသည်။ ထုတ်ပြန်ထားသော ထိုပယ်ဖျက်မိန့်စာတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာအားလုံးနှင့် ရပ် ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား လိပ်မူထားသည်။ ကလေးမြို့နယ် နယ်နမိတ်အတွင်း အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ထုတ်ပြန်ထားသောအမိန့်အား ယခုထုတ်ပြန်သော စာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်းဟု ထပ် မံထုတ်ပြန်စာတွင် ပါရှိသည်။

“ မြို့နယ်အုပ်ချုပ်ရေးမှူး ထွေအုပ်တို့ဆိုတာ ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) အမိန့်အောက်နေရတာဆိုတော့ ဒီလိုမျိုးဖြစ်တာ မဆန်းပါဘူး” ဟု အဆိုပါ ကလေးမြို့ခံတစ်ဦးက ပြောသည်။ ပထမ ထုတ်ပြန်သည့် အမိန့်စာတွင် ဒီဇင်ဘာလ ၂၂ရက် ၂၀၂၁ ခုနှစ်မှ ဇန်နဝါရီလ ၂၀ရက် ၂၀၂၂ ခုနှစ်အထိ အကျုံးဝင်မည်ဖြစ်သောကြေညာချက်အမှတ် ၉/၂၀၂၁ တွင် မော်တော်ဆိုင်ကယ် တစ်စီးလျှင် အမျိုးသားနှစ်ဦး သို့ အမျိုးသားနှင့် အမျိုးသမီး မစီးနင်းရန် ခြွင်းချက်အနေဖြင့် အမျိုးသမီးနှစ်ဦးစီးနင်းခွင့်ပြုထားသည်။

မော်တော်ယာဉ်များ မှန်ချ မမောင်းနှင်ရန် ၊ မှန်တင် ၍မောင်းနှင်ရန် ၊ ယာဉ်များ တံတားပေါ်တွင် ဖြတ်သန်းသွားလာချိန် ယာဉ်ပေါ်လိုက်ပါလာသူများ လမ်းလျှောက်သွားရန် ၊ အကြောင်းမဲ့တံတားပေါ် ယာဉ်မရပ်နားရန် နှင့် ရပ်ထားပါက မိုင်းသတိရှိရမည်ဖြစ်ကြောင်း ရေးသားထား သည်။ ကူးတို့စက်လှေများ တစ်ဖက်ကမ်းသို့ လူအပို့အကြိုလုပ်ခွင့်မပြုရန်နှင့် မြို့ရှောင်လမ်းများအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာဖွင့်မည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်မပါဘဲ ခရီးသွားလာခွင့်မပြုကြောင်း ပထမ ထုတ်ပြန်သည့် အမိန့်စာတွင် ပါရှိသည်။ mizzima

လေးကေ့ကော်ဒေသသို့ စစ်ကောင်စီက တိုက် လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ လက်နက်ကြီးကျည် ၇ လုံး ထိုင်းနိုင်ငံဘက်ခြမ်းကျ

မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ယနေ့ ဒီဇင်ဘာလ မွန်းလွဲ ၄ နာရီခန့်တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးကျည် ၇ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

“ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျတဲ့အချိန်က ၃ နာရီကျော်လောက်ကပေါ့၊ မဲဆောက်မြို့နယ်ထဲက ဘန့်လိုက် ဆိုတဲ့ ရွာက ယာခင်းတွေထဲ ကျတာ၊ လူထိခိုက်မှုမရှိဘူး။ နယ်စပ်မှာ ထိုင်းစစ်တပ်ဘက်က စစ်ကားတွေ လှုပ်ရှားမှုတော့ ရှိတာပေါ့၊ အရမ်းကြီးထူးထူးခြားခြားတော့မ ဟုတ်ဘူး၊ အရင်ကလည်း အဲဒီလို သွားလာတာရှိတယ်။ ထိုင်းဘက်က လက်နက်နဲ့ ပြန်ပစ်တာတော့ မကြားသေးဘူး” ဟု မဲဆောက်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့ည ၁၁ နာရီ ၁၅ မိနစ်နှင့် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီက လေးကေ့ကော်ဒေသသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေးကေ့ကော်အနီးတောင်တန်းများပေါ် ဗုံးပေါက်ကွဲခဲ့သည့် နေရာများတွင် မြေတွင်းကြီးများ ဖြစ်ပေါ်ခဲ့သည်။”တိုက်လေယာဉ်နဲ့ပစ်သွားတာ။ နှစ်ချက်ကြားရတယ်။ အုန်း အုန်းဆိုပြီး နောက် ပြီးတော့ လေယာဉ်သံကြားရတယ်။ ဒီနေ့အတွက် လေယာဉ်နဲ့ လာပစ်တာ။

မနေ့ညကလည်း လေယာဉ်နဲ့ပစ်တယ်။ အမြှောက်တွေကတော့ မနက်က တည်းက တောက်လျှောက် စစ်တပ်က ပစ်နေတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ယမန်နေ့ည ဗုံးကြဲတိုက်ခိုက်မှုတွင် ဗုံးပေါက်ကွဲသံများသည် ၈ မိုင်အကွာအဝေးကပင် ကြားရေကြောင်း၊ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် မင်းလက်ပံ၊ ဖလူးကြီးကျေးရွားများရှိ ဒေသခံ ၁၀၀၀ ကျော်သည် ညတွင်းချင်း သောင်ရင်းမြစ်ကိုဖြတ်ကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြရသည်။

ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ကာ လေးကေ့ကော်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF တပ်များနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် လေးကေ့ကော်မြို့သစ်၊ မယ်ထော်သ လေး၊ ဘဲဟိကလော်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိိမ်းရှောင်နေကြရပြီး လက်ရှိတွင် ထိုင်းနိုင်ငံဘက်ခြမ်း၌ ခိုလှုံနေသူ ၁၀,၀၀၀ ဝန်းကျင် ရှိလာနေပြီဖြစ်သည်။ khit thit

နှမ်းခါးစစ်ရှောင် သက်ကြီးရွယ်အိုနှစ်ဦး အ အေးဒဏ်ကြောင့် ဆုံးပါး၊ အရေးပေါ်အကူ အညီလိုအပ်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီခွဲလောက်က  တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ်သုံးစီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

အဲလိုစစ်ဘေးရှောင်ရင်း ဒီနေ့ ဒီဇင်ဘာ ၂၄ မှာ အအေးဒဏ်ကြောင့် အသက်ကြီးသူ နှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဘေးရှောင်နေရတာ ၁၇ ရက်နေ့ကတည်းကဗျ။ အကူညီတွေကတော့ ဆေးဝါးတွေ၊ အစား အသောက်တွေ ‌အရေးပေါ် လိုအပ်နေတယ်ဗျ။ တောင်ပေါ်ဒေသဆိုတော့ အခက်အခဲအမျိုးမျိုး ရှိတယ်။ ဆောင်းရာသီလည်းဖြစ်တော့ အနွေးထည်နဲ့ခြုံဆောင်တွေလည်း လိုအပ်နေတယ်ဗျ။ ဒီနေ့မှာ အအေးပက်ပြီး အသက်ကြီးရွယ်အိုနှစ်ဦးဆုံးပါးသွားတယ်။ ပြောရရင်တော့ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်” လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ ကိုနွေဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဂန့်ဂေါမြို့နယ်နဲ့ ပုလဲမြို့နယ်တို့ကို ထိန်းချုပ်ဖို့ အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို ကျေးရွာတွေကို မီးရှို့နေတယ်လို့ ဒေသခံရွာသားတွေက ပြောဆိုနေ ကြပါတယ်။

နှမ်းခါးစစ်ဘေးရှောင်သူ အမျိုးသမီးတစ်ဦးက “ကျမတို အားကိုးစရာ မရှိတော့ပါဘူး။ စားစရာလည်း မရှိသလို၊ ခြုံစရာစောင်လည်း မရှိဘူး။ ကျမ ကလေးနှစ်ယောက်ဆို အအေးပတ်ဖျားနေတာ ၃ ရက်ရှိနေပြီ။ ဘာဆေးဝါးမှ မတိုက်ရဘူး။ ဘယ်က အကူအညီမှ ရောက်မလားသေပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မကွေးတိုင်းအတွင်းသာမက စစ်ကိုင်းတိုင်းအတွင်းဘာ နယ်မြေရှင်းလင်းရေး ကို အကြောင်ပြပြီး ကျေးရွာတွေကို မီးရှို့နေသလို ရွာသားတွေကို ပစ်သတ်နေတာကြောင့် စစ်ကိုင်းတိုင်းအတွင်းက ဒေသခံရွာသား ထောင်နဲ့ချီဟာလည်း စစ်ဘေးရှောင်နေရတယ်လို့ ဒေ သခံတွေဆီက သိရပါတယ်။ DVB

« Older Entries Recent Entries »