Monthly Archives: Dec 2021

မြင်းခြံမိုင်းခွဲမှုတွင် စစ်သား ၁၅ ဦး သေဆုံးဟု ဇီးရိုးပြောက်ကျားတပ်ဖွဲ့ပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု ဒေသအခြေစိုက် ဇီးရိုးပြောက်ကျားတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၅) တွင် သတင်းထုတ်ပြန်သည်။ 

ပဲကြီးခင်းရွာဘက်သို့ သွားသည့် ကားနှစ်စီး၊ ထိုရွာဘက်တွင် တောနင်းရှာဖွေ၊ ကင်းပုန်းဝပ်ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၃ တွင် တိုက်ခိုက်အပြီး မြေပြင်လှုပ်ရှားသူများ ဘေးလွတ်ရာ ရောက်ချိန်မှ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။ 

“တကယ်တမ်းက (သေသူအရေအတွက်) အဲဒီထက် ပိုများနိုင်တယ်။ စစ်ကားတစ်စီး ထားခဲ့ပြီး အလောင်းတွေကို သယ်သွားတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုတိုက်ခိုက်မှုအတွက် ကျပ်ငွေ ၈ သိန်းခွဲခန့် ကုန်ကျသည်ဟု ၎င်းက ဆိုသည်။ 

“မိုင်းတစ်လုံးက ရှစ်သောင်းကနေ တစ်သိန်းကျပါတယ်။ အလုံးစုံ ပဒေသာဆိုလို့ရှိရင် သုံးလေးငါးသိန်းကျတယ်။ ပဒေသာ တွဲရင်တွဲသလို ကျပါတယ်။ မစ်ရှင်တစ်ခုလုပ်မယ်ဆို လေးငါးခြောက်သိန်းလောက်တော့ အနည်းဆုံးကုန်ပါတယ်”

ဇီးရိုးပြောက်ကျားတပ်ဖွဲ့က မြင်းခြံခရိုင်အတွင်း မိုင်းတစ်ရာစစ်ဆင်ရေးစတင်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကြုံကြိုက်ပါက အနီးကပ်ရှိမနေရန် နိုဝင်ဘာ ၁၀ ၌ ထုတ်ပြန်ခဲ့သည်။ 

ည ၉ နာရီကျော်တွင် လမ်းမပေါ် မော်တော်ယာဉ်များ မဖြတ်သန်းကြရန်၊ လမ်းမဘေးရှိ မိမိနှင့် မသက်ဆိုင်သော အရာများကို မကိုင်တွယ်ကြရန်၊ ပေါက်ကွဲသံများ ကြားပါက အပြင်မထွက်ဘဲ အိမ်၌သာ နေကြရန်လည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ 

စစ်ကောင်စီတပ်၏ မော်တော်ယာဉ်များနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် ယာဉ်မောင်းသူတို့ကို တိုက်တွန်းလိုသည်ဟု ကိုသက်ကြီးက ပြောသည်။

မိုင်းထောင်ထားသည့် နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာသော်လည်း အရပ်သားများလည်းရှိနေသောကြောင့် စစ်ဆင်ရေးပျက်ခဲ့ရဖူးကြောင်း၊ ယခုအခါ ပြင်းအားများသည့်မိုင်းများသုံးပြီး ထပ်မံစစ်ဆင်မည်ဖြစ်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ပထမတစ်ကြိမ်မှာတုန်းက ပဒေသာမိုင်းထောင်ထားတာ၊ အဲဒီအချိန်မှာ ဆိတ်ကျောင်းတဲ့သူတွေ အဘွားကြီးနှစ်ယောက် ရောက်နေတယ်။ ဆိုင်ကယ်တွေကလည်း အဲဒီအပေါ်၊ စစ်ကားတွေလည်း အဲဒီအပေါ် တည့်တည့်ကြီး” ဟု ကိုသက်ကြီးက ပြောသည်။

“ပြည်သူကို ညှာလိုက်လို့ မခွဲလိုက်ရတာ နှစ်ခါလောက် ရှိသွားပြီ။ ဒီတစ်ခါ ကျွန်တော်တို့ ဆော်တော့မှာ”

မြင်းခြံ၊ နဘူးအိုင်လမ်းပေါ် စစ်ကားတစ်စီး မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခြင်းက မိုင်းတစ်ရာစစ်ဆင်ရေး၏ ပွဲဦးထွက်တိုက်ပွဲဖြစ်ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ရုပ်သံဖိုင်နှင့်တကွ ဒီဇင်ဘာ ၁၀ တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်သားတို့နှင့် ဝေးဝေးနေကြရန် သတိပေးချက်ထုတ်ထားသော်လည်း ဒေသခံပြည်သူတို့ထံ မည်မျှကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိပြီးဖြစ်သည်ကို မသိရသေးပေ။ 

အာဏာသိမ်းစစ်ကောင်စီတပ်ကို အနယ်နယ်အရပ်ရပ်တွင် စစ်ဆင်နေကြရာ မြင်းခြံဒေသသည်လည်း ခုခံစစ်ဆင်သူများပြားသည့် ဒေသတစ်ခုဖြစ်သည်။ မြင်းခြံဒေသ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို မြင်းခြံခရိုင်ရဲတပ်ဖွဲ့သို့ ယနေ့ ညနေပိုင်း ဖုန်းဆက်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။ 

မြင်းခြံ၊ ပဲကြီးခင်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကိုင်ခုခံသူတို့ကို ဒီဇင်ဘာ ၂၀ ကျော်မှစ၍ တောနင်းရှာဖွေနေသည်။ ထိုစစ်သားတို့က အနီးဝန်းကျင်ရှိ နှပ်ချိုတော၊ တောင်ပုံ၊ မီးပေါက်၊ ကန်စွယ် ရွာတို့မှ ဒေသခံ ၁၇ ဦးကို   ဖမ်းဆီးထားသည်ဟု မြင်းခြံရှိ အမည်မဖော်လိုသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။  myanmar now

အင်းတော်ကြီးဘက်မှ တက်လာသည့် စစ် ကြောင်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ် အင်းတော်ကြီးဘက်မှ တက်လာသည့် စစ်ကောင်စီတပ် ဖားကန့်မြို့နယ်အတွင်းရောက်ချိန် ယမန်နေ့ (ဒီဇင်ဘာ ၂၄)တွင် တိုက် ပွဲဖြစ်ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုများသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အင်းတော်ကြီးမှ ၄၅ မိုင်ကျော်ဝေးပြီး မော်တော်ယာဉ်နှင့် သုံးနာရီနီးပါး ခရီးရှိသည့် ဖားကန့်ရှိ မော်ကလုံကျေးရွာအနီးတွင် မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် ညနေ ၄ နာရီခန့်က တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကို မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။

“(ကချင်ပြည်နယ်အတွင်းရှိ) ဌာနေတပ်ရင်းတွေကနေ လှုပ်ရှားတာ‌တော့ မဟုတ်လောက်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အတူ ယမန်နေ့ ညဉ့်နက်ပိုင်းတွင် မိုးကောင်းမြို့နှင့် ဖားကန့်မြို့နယ်အစပ်ရှိ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ စခန်းကို စစ်ကောင်စီတိုက်လေယာဉ်က လာရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဟု ၎င်းထံမှ သိရသည်။

KIA၏ တပ်ရင်း ၄၄ သည် ယမန်နေ့နံနက် မိုးမလင်းမီ ၃ နာရီဝန်းကျင် အချိန်ခန့်တွင် မိုးကောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၈၃၊ ၃၈၄ တပ်စခန်းနှစ်ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်သွားလာနေသည်ဟု မြေပြင်သတင်းများရထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုသတင်းကို လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖားကန့်မြို့ခံတစ်ဦးကလည်း အတည်ပြုသည်။ ယမန်နေ့က စစ်ကောင်စီနှင့် KIA တို့အ ကြား တိုက်ပွဲဖြစ်ပွားပြီးချိန်တွင် ဆိုင်းတောင်ရွာ ဒေသခံများကို အပြင်မထွက်ရန် စစ်သားတို့ လိုက်လံသတိပေးသည်ဟု ၎င်းက ပြောသည်။

“ဒီနေ့မနက်တော့ နည်းနည်းငြိမ်နေတယ်၊ ဆိုင်းတောင်ဘက်က လူတွေကတော့ အပြင်သိပ်မထွက်ကြဘူး” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ် ဝေခါမှော်အနီးတွင် ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်၏ တပ်မ ၃၃ လက်အောက်ခံ အင်အား ၁၀၀ ခန့်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ပေါ်တွင်ရှိသည့် ဗျုဟာကုန်းမှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်အထိ ပြင်းထန်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ဗျူဟာကုန်းအနီးရှိ ဗလခမှော်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် အတွက် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အောက်ခြေတပ်များပါ စစ်ရေးလှုပ်ရှားလာပါက ကချင်ပြည်နယ်အ တွင်း တိုက်ပွဲများဆက်လာနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၀ လကျော်အတွင်း တိုင်းရင်းသားနယ်မြေများတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီး ကချင်ပြည်နယ်တွင်လည်း စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲအများအပြားရှိခဲ့သည်။

KIA နှင့်အတူ ၎င်း၏ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့လည်း ထိုတိုက်ခိုက်မှုများတွင် ပါဝင်နေပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်အထိပင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှု များစွာမရှိသေးပေ။ 

ယမန်နေ့ကမူ KIA ဝင်တိုက်ခဲ့သည့် ၎င်းတို့၏ ခြေမြန်တပ်ရင်း ၃၈၄ နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ထားသည်။

မိုးကောင်းမြို့နယ်အတွင်း နယ်မြေခံတပ်ရင်းကို KIA နှင့် PDF တို့ ပူးပေါင်းအင်အား ၁၀၀ ခန့်က ယမန်နေ့ နံနက် ၃ နာရီတွင် ၃ ကြိမ် ဝင်တိုက်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ပြန်လည်ခုခံသောကြောင့် လာရောက်တိုက်ခိုက်သူတို့ “ကစဉ့်ကလျား” ဆုတ်ခွာထွက်ပြေးရသည်ဟု သတင်းတွင် ဖော်ပြထားသည်။

ထိုတပ်ရင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး သွားတွေ့ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သတင်းနှင့်အတူ ဖော်ပြထားသော ဓာတ်ပုံတွင် တိုင်းမှူးကို စစ်ယူနီဖောင်းဝတ်အမျိုးသမီး ၃ ဦးနှင့်အတူ တွေ့ရသည်။ 

စစ်ကောင်စီတပ်များသည် နိုင်ငံအနှံ့ ဆန့်ကျင်ကန့်ကွက်သူများ၊ လက်နက်ကိုင်တော်လှန်သူများကို လိုက်လံတိုက်ခိုက်နေရသောကြောင့် အင်အားလိုအပ်နေရာ စစ်သည်တို့၏ ဇနီးသည်များလည်း လက်နက်ငယ်ပစ်ခတ်နည်း သင်ယူနေရသည်။

ဒေသတချို့တွင် လူမိုက်တချို့က ပျူစောထီးအဖွဲ့အမည်ဖြင့် လှုပ်ရှားပြီး စစ်ကောင်စီတပ်၏ အရံအင်အားအဖြစ် ရပ်တည်နေသည်။ စစ်ကောင်စီကမူ ပျူစောထီးအဖွဲ့ မရှိဟု ပြောဆိုထားသည်။ myanmar now

ခရစ်ယန်ဘာသာဝင်တို့၏ အထွဋ်အမြတ် ခရစ္စမတ်နေ့တွင် စစ်ကောင်စီက ကရင် ပြည်နယ်ကို အကြီးအကျယ်ထိုးစစ်ဆင်၊ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦးသေ

မြန်မာနိုင်ငံတစ်ဝန်း ခရစ်ယန်ဘာသာဝင်တို့၏ အထွဋ်အမြတ် ခရစ္စမတ်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသကို လေကြောင်း၊ ကုန်းကြောင်းမှ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။ ယနေ့ နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးပြီး ပြည် သူ့ကာ ကွယ်ရေးဘက်မှ ၅ ဦးထက်မနည်းကျဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။ khit thit

ရေဦးမြို့နယ်တွင် လူနေအိမ်များကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းများယူ ဆောင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာကို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း နေအိမ်တွေကို ဖျက်ဆီးသွားသလို ရွှေငွေ တန်ဖိုးကြီးပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ဒေသခံရွာသား တယောက်က  ”စစ်သားတွေ ရွာထဲဝင်လာတော့ တရွာလုံးထွက်ပြေးရတာ။ နောက်ရက်မှ ရွာသားတချို့ပြန်ကြည့်တော့ အိမ်တွေအကုန်နီးပါးဖျက်ဆီးခံထားရတယ်။ အတွင်းပစ္စည်းတွေကတော့ ရစရာမရှိအောင်ပဲဗျာ။ သိမ်းခဲ့မိတဲ့ ရွှေတွေငွေတွေလည်း အကုန်ယူသွားကြတယ်။ စစ်သားတွေက လက်နက်အားကိုးပြီး ဓားပြတိုက်စားနေကြတာပါဗျာ” လို့ ပြောပါတယ်။

ဒေသခံရွာသားတွေကတော့ ထွက်ပြေးနေကြရတဲ့အတွက် လူစုကွဲနေကြပြီး ကျေးရွာအတွင်းက ဖျက်ဆီးခံရတာနဲ့ စစ်သားတွေယူဆောင်သွားတဲ့ပစ္စည်းတွေရဲ့တန်ဖိုးကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပြကြပါတယ်။

‘ဆန် ဆီနဲ့ စားသောက်ကုန်တွေ အကုန်နီးပါးမရှိတော့ဘူး။ ရွှေငွေတွေလည်းကုန်ပြီလို့ သိရတယ်။ သူတို့ထပ်လာမှာကြောက်လို့ ရွာသားတွေလည်း အိမ်မပြန်ရဲကြသေးဘူး”လို့ ထွက်ပြေးနေရတဲ့ဒေသခံတဦးက ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၀ ရက်ကစတင်လို့ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ ကုန်းလမ်းအပါအဝင် ရဟတ်ယာဉ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ပြီး  လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၆၀  ကျော်၊ မော်တော်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

လတ်တလော  ရေဦးမြို့နယ်က ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ DVB

လေးကေကော် စစ်ရှောင်စခန်း လက်နက်ကြီးကျ၊ ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေကော်မြို့သစ်အဝင် မဲ့ဝါးခီးရွာ စာသင်ကျောင်းနားရှိ စစ်ရှောင် ၄၀၀ ခန့် ခိုလှုံနေသည့် နေရာသို့ ယနေ့ ခရစ်စမတ်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီးကျ၍ တစ်ဦးသေကာ ဒဏ်ရာရသူများသည်ဟု အခင်းဖြစ်စဉ်အတွင်း ကိုယ်တိုင်ရှိခဲ့သူက အတည်ပြုသည်။

သေဆုံးသူမှာ ထမင်းချက်အဖွဲ့ခေါင်းဆောင် အသက် ၄၀ အရွယ် ဦးအောင်မျိုးဇင်ဖြစ်ကြောင်း၊ ဒဏ်ရာရသူအများအပြားရှိကာ တစ်ဦး ခြေတစ်ဖက်ဖြတ်ရကြောင်း ၎င်းက ပြောသည်။ 

“(နေ့လည် ၁နာရီ) ၁ ချက်တီးလောက်က သုံးခါလောက် လေယာဉ်နဲ့ လာတယ်။ သုံးကြိမ်လောက်ဝဲပြီးတော့ အချက်ပေါင်းတော်တော်များများ ထိသွားတယ်။ အကုန်လုံးပေါင်း အချက် ၂၀ လောက်ရှိတယ်။ .. လက်နက်ကြီးတွေနဲ့ ဆက်ပစ်တယ်”ဟု ၎င်းက ပြောသည်။

လေယာဉ်ပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီးများအားလုံး မဲ့ဝါးခီးရွာပတ်ပတ်လည်သို့ ကျကြောင်း၊ တစ်လုံးမှာ ဆောက်လက်စဘုရားကျောင်းပေါ် ကျရောက်ခဲ့ကြောင်း ထိုသူက ဆက်ပြောသည်။ ပစ်ခတ်တိုက်ခိုက်မှု၊ ဒဏ်ရာရမှုနှင့် ပျက်စီးမှု အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ယနေ့တွင် စစ်ကောင်စီဘက်က လေးကေကော်ဘက်သို့ ပစ်ခတ်ကြောင်း အတည်ပြုသည်။

“ဒီမနက်ကစပြီး လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်လို့ သိရတယ်၊ ရဟတ်ယာဉ်နဲ့ ပစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ထိခိုက်၊ သေဆုံးမှု၊ ပျက်ဆီးမှု အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးဟု ၎င်းက ပြောသည်။

အထက်ပါ စစ်ရှောင်စခန်းရှိသူတစ်ဦးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင် တစ်ဦးတို့၏ အဆိုအရ ရဟတ်ယာဉ်၊ လက်နက်ကြီးများနှင့် ပစ်ခတ်ပြီးနောက်တွင် စစ်ကောင်စီခြေလျင်တပ်ဖွဲ့ဝင်များ မဲ့ဝါးခီးရွာဘက်သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

မဲ့ဝါးခီးစစ်ရှောင်စခန်းသို့ လက်နက်ကြီးကျပြီးနောက် တစ်နာရီခန့်အကြာအထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်ဆိုင်းနေကြောင်း၊ ခိုလှုံသူများ ထိခိုက်မှုမရှိစေရန် စီစဉ်နေကြကြောင်း စစ်ရှောင်စခန်းတွင်ရှိသူက မွန်းလွဲ ၂နာရီခွဲခန့်တွင် ပြောသည်။

“ဒုက္ခသည်တွေကိုတော့ လုံခြုံမဲ့နေရာကို ပို့ထားပါတယ်ဗျ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက တိုက်လေယာဉ်တစ်စင်း၊ ရဟတ်ယာဉ် ၂ စင်းနှင့် လက်နက်ကြီးများ သုံး၍ လေးကေကော်မြို့သစ်သို့ ပစ်နေ၍ ထိခိုက်ဒဏ်ရာရသူ ဦးရေတိုးလာနိုင်ကြောင်း KNLA စစ်သားက သုံးသပ်သည်။

လေးကေကော်မြို့သစ်ကို ယနေ့ နံနက် ၅ နာရီခန့်မှစ၍ မွန်းတည့် ၁၂ နာရီအထိ လက်နက်ကြီးအချက်ပေါင်း ၁၀၀ ခန့် ပစ်ခဲ့သည်ဟု ကရင် ပြည်နယ်အခြေစိုက် KO News-ကော့ကရိတ်ပွင့်လင်းသတင်းစဉ်က ရေးသားထားသည်။ 

ယနေ့ နံနက်ပိုင်းတွင် မြဝတီမြို့တောင်ဘက် သေဘောဘိုးစခန်းကုန်းမှ ပစ်သည့် စစ်ကောင်စီလက်နက်ကြီးတစ်လုံး ထိုင်းနိုင်ငံ၊ မော်လီချိုင်းကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ထိုသတင်းဌာနက ဖော်ပြထားသည်။

ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းစစ်တပ်မှ သံချပ်ကာယာဉ်အများအပြား မြန်မာနယ်စပ်သို့ တပ်ဖြန့်ချထားနေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

လေးကေကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကောင်စီက အတင်းအကျပ်ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်နေခြင်းဖြစ်သည်။

ထိုဒေသအတွင်း တိုက်ပွဲများ ၁၀ ရက်ကျော်ရှိလာချိန်တွင် စစ်တပ်က လေကြောင်းမှ သုံးရက်ဆက်တိုက် တိုက်ခိုက်နေသည်။ ထိုဖြစ်စဉ်များကြောင့်  ဒေသခံ ထောင်သောင်းချီ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်အနီးသို့ ထွက်ပြေးခိုလှုံနေရသည်ဟု KNU ဘက်က ပြောထားသည်။

ကုလသမဂ္ဂမှ ဦးဆောင်ကာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးရန်လည်း KNU က တောင်းဆိုထားသည်။

လေးကောကော်မြို့ဘက်တွင် ထိုသို့ ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။

အထက်ပါ သတင်းအချက်အလက်များမှာ မွန်းလွဲ ၃ နာရီအထိ လေးကေကော်မြို့အဝင် မဲ့ဝါးခီးရွာ ထိခိုက်၊ ပျက်စီးမှုနှင့် တိုက်ပွဲအခြေအနေများသာဖြစ်သည်။

လေးကေကော်တစ်ဝိုက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများ တောက်လျှောက်ရှိနေပြီး ဖြစ်စဉ်အားလုံးကို အသေးစိတ် အ တည်မပြုနိုင်သေးပေ။

ဒီဇင်ဘာလကုန်ပိုင်းဖြစ်သော်လည်း ခရစ်ယာန်ဘာသာ၀င် အများအပြားပါဝင်သော နယ်စပ်ဒေသတွင် နေထိုင်သူများမှာ ခရစ်စမတ်ပွဲတော်ကျင်းပနိုင်ခြင်း မရှိဘဲ စစ်ဘေးရှောင်နေရပြီး ကျည်ဆန်များက တိမ်းရှောင်သည့်နေရာအထိ လိုက်လာနေသည်။

ခရစ်ယာန်ဘာသာဝင် အများအပြားနေထိုင်သော  ကယားပြည်နယ် ဖရူဆိုမြို့တွင် မော်တော်ယာဉ်များနှင့်အတူ မီးလောင်ထားသည့် အလောင်း ၃၀ ကျော်ကို ခရစ်စမတ်နေ့ နံနက်ခင်းတွင် ဒေသခံတို့ တွေ့လိုက်ရသည်။ စစ်ကောင်စီက တားဆီးစစ်ဆေးမှုကို ရပ်တန့်ရန် ငြင်းဆန်သော ဖရူဆိုမှ မော်တော်ယာဉ်များကို ပစ်ခတ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ myanmar now

နတ်ချောင်း ကျေးရွာတွင် စစ်တပ်က ပြည်သူ ၁၀ ဦးထက်မနည်း ပစ်သတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊နတ်ချောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်လာကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူ ၁ဝဦးထက်မနည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

လက်ရှိချိန်တွင် နတ်ချောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ ပစ်သတ်ခဲ့သည့် ရုပ်အလောင်းများကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – ကလေး)က ပြန်လည် ထုတ်ယူနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ် ခတ်မှု ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသူ အမည်များနှင့် သေဆုံး အရေအတွက်ကို အတိအကျ မသိရှိရသေးကြောင်း L.D.F – KALAY ကထုတ်ပြန်ထားသည်။

အဆိုပါ နတ်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးရကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာများ အနီးတစ်ဝိုက်တွင် လှည့်လည် သွားလာနေကြောင်း ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က သံချပ် ကာကားများဖြင့် အသင့်ပြင်ထား

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို မြန်မာစစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ကျရောက်ပြီးနောက်  နယ်စပ်မှာ ထိုင်းစစ်တပ်က သံချပ်ကာကားတွေနဲ့ လုံခြုံရေး အသင့်ပြင်ထားပါတယ်။ 

မဲဆောက်နဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ကေအန်ယူ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကျည်တွေဟာ ဒီမနက်မှာတော့ ထိုင်းဘက်ခြမ်းကို ကျရောက်လာတာ ဖြစ်ပါတယ်။

အဆိုပါနေရာကို အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် မော်လ်ချိုင်းကျေးရွာထဲကို RPG လက်နက်ကြီး ၅ ကြိမ်ကျ ရောက်ခဲ့ကြောင်း၊ ထိုင်းရွာသားပိုင်နေအိမ်တစ်လုံး ခေါင်မိုးပေါက်သွားပြီး အိမ်ပရိဘောဂ ပစ္စည်းပျက်စီးကာ ထိ ခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့  AEC အာဆီ ယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းက လက်နက်ကျည်ကျလာတဲ့နေရာဟာ နှစ်နိုင်ငံနယ်နိမိတ်နဲ့ မီတာ ၁၀၀ ကျော် ၂၀၀ ခန့်အကွာသာ ကွာဝေးတာကြောင့် အနီးအနားနေရွာသားတွေကို နယ်ခြားစောင့်တပ်က သတိနဲ့နေဖို့မှာကြားထားပြီး အမှတ်၃၄ ထိုင်းနယ်ခြားစောင့်တပ်ကလည်း V-150 အမျိုးအစား သံချပ်ကာကား ၂ စီးနဲ့အတူ မဲဆောက်မြို့နယ်ထဲမှာ လုံခြုံရေးအင်အားလာရောက်ဖြည့်တင်းထားတယ်လို့  သတင်းမှာဖော်ပြပါတယ်။ 

မဲဆောက်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား တောင်ဘက်ကစပြီး ထိုင်းနိုင်ငံ မဟာဝမ်းတိုက်နယ်အထိ ထိုင်းနယ်စပ်ရဲဗိုလ်မှူး သြလချိုင်းအောင်းဆင်စုံဘွန်း ဦးဆောင်တဲ့ အမှတ်(၃၄၆)ထိုင်းနယ်စပ်ရဲနဲ့ ဗိုလ်မှူး အက်ကဖုန်း လုထောင်း ဦးဆောင်တဲ့ အမှတ် (၃၄၅)ထိုင်းနယ်စပ်ရဲတပ်ဖွဲ့ နှစ်ခုပူးပေါင်းပြီး နယ်စပ်ကို ကာကွယ်ဖို့ သံချပ်ကာ စစ်ကား(V -150)  ၂ စီးနဲ့ စတင်လှည့်ကင်းနေတာဖြစ်ပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မဲဆောက်မြို့နယ် မယ်တောင်းအုပ်စု ဒွန်းချိုင်းကျေးရွာရှိ ထိုင်းရွာသားပိုင်စိုက်ခင်းတွေထဲ လက်နက်ကျည် ၇ ကြိမ်လောက်ကျရောက်ပြီး ကြံခင်းတွေ မီးလောင်သွားလို့ ထိုင်းစစ်တပ်က မီးခိုးငွေ့ ကျည် ၅ ချက်ဖောက်ပြီး သတိ ပေးခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်တွေဟာ ခုရက်ပိုင်းအတွင်း ကေအန်ယူကို လေယာဉ်တွေပါအသုံးပြုပြီး တိုက်ခိုက် ဗုံးကြဲခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလေတပ်ဗိုလ်ချုပ်ကြီး နာ့ဖားတေ ထူပတေမီး ကတော့ မြန်မာစစ်တပ်လေယာဉ်တွေဟာ ထိုင်းပိုင်နက်ထဲ ဝင်ရောက်လာခြင်းမရှိသေးကြောင်း၊ ထိုင်းလေတပ်အနေနဲ့ မြန်မာ့ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘဲ မိမိနိုင်ငံ ပိုင်နက်ကိုတော့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ  ကရင်ပြည်နယ်  ဘားအံမြို့ကနေ  မြဝတီမြို့ဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကားကြီးတွေနဲ့ စစ်အင်အားဖြည့်တင်းဖို့ လာနေတယ်လို့လည်း သတင်းတွေ    ထွက်ပေါ်နေပါတယ်။ DVB

ရန်ကုန်ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ယောက္ခမ အိမ်ရှေ့တွင် ဆန္ဒပြသည့် လူငယ်များကို စစ်တပ်က အရပ်ဝတ်များဖြင့် လာရောက် ဖြိုခွင်း

ရန်ကုန်ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယောက္ခမ အိမ်ရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက တော်လှန်လူငယ်များ ဦးဆောင်ကာ “No One Is Free When Others Are Oppressed” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ဆန္ဒပြ လူငယ်များကို ကင်းပုန်းချထားသော အရပ်ဝတ်များဖြင့် ဝင်ရောက်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြလူငယ်များ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ khit thit

« Older Entries