Monthly Archives: Dec 2021

လေးကေ့ကော်တွင် ခိုလှုံနေသူ ဂျာနယ်အယ်ဒီ တာ လက်နက်ကြီးထိမှန်သေဆုံး 

ကရင်ပြည်နယ် လေးကေကော်ဒေသတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၅) က စစ်ကောင်စီ၏ လက်နက်ကြီးနှင့်  လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျာနယ်အယ်ဒီတာတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း ၎င်း၏မိတ်ဆွေနှစ်ဦးထံမှ သိရသည်။​

သေဆုံးသူမှာ ဖက်ဒရယ်ဂျာနယ် အယ်ဒီတာဖြစ်သူ ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဖြစ်ပြီး ယမန်နေ့က လေးကေကော်မြို့သစ်အဝင် မယ်ဝါးခီးကျေးရွာအနီး စစ်ဘေးရှောင်များ ပုန်းခိုရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲစဉ် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

အသက် ၃၈ နှစ်အရွယ် ကိုအေစိုင်းကေ၏ ရုပ်အလောင်းကို ယနေ့ (ဒီဇင်ဘာ ၂၆) နံနက်ပိုင်း တွေ့ရှိခဲ့ခြင်း ထိုဒေသတွင် ရှိနေသည့် Delta News Agency အယ်ဒီတာချုပ် ကိုစိုးရက ပြောသည်။

“ကိုအေစိုင်းကေက ဖြစ်တဲ့နေရာမှာ တခါတည်းကျတာ။ ကျွန်တော်တို့လည်း ဝုန်းဆို နောက်လံကျသွားပြီး လိမ့်ထွက်ဆုတ်လိုက်တော့ ဘယ်သူတွေ ဘယ်လိုဖြစ်သွားတာလဲ မသိခဲ့လိုက်ဘူး။ ရောက်တာမကြာသေး တော့ သူ့ကို မသိကြဘူး။ ဒီမနက် (အလောင်းပြန်ရတော့) ကြည့်လိုက်တော့မှ သူမှန်းသိတာ” ဟု ၎င်းက ပြောသည်။ 

ခရစ်စမတ်ပွဲတော်နေ့ဖြစ်သော ယမန်နေ့တွင် လေးကေကော်မြို့သစ်အနီး မယ်ဝါးခီးကျေးရွာကို စစ် ကောင်စီက လက်နက်ကြီးများ၊ ရဟတ် ယာဉ်များဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ စစ်ဘေးရှောင် ၄၀၀ ခန့် ခိုလှုံရာ နေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေ ဆုံးခဲ့သူများတွင် အသက် ၄၀ အရွယ် ကိုအောင်မျိုးဇင်ဆိုသူလည်း ပါဝင်သည်။

ကိုအောင်မျိုးဇင်မှာ စစ်ဘေးရှောင်များအတွက် ထမင်းချက်ပြုတ်ပေးနေသူဖြစ်ကာ ဂျာနယ်အယ်ဒီတာတစ်ဦးဖြစ်သူ ကိုအေစိုင်းကေမှာ က ဗျာဆရာတစ်ဦးလည်းဖြစ်သည်ဟု ၎င်း၏မိတ်ဆွေများထံမှ သိရသည်။​

“သူက ရန်ကုန်မှာ ဖက်ဒရယ်ဂျာနယ် လုပ်နေရင်း သူ့အခန်းကို ပုံမှန်စောင့်ကြည်တဲ့ ပုံစံမျိုးဖြစ်လာတော့ လေးကေကော်ကို ထွက်လာတာ။ ရောက်တာ သိပ်မကြာသေးဘူး။ အဓိကတော့ ဖက်ဒရယ်ဂျာနယ်ကို ဆက်လုပ်ဖို့ ဒီဘက်ကို ထွက်လာတာ” ဟု ကိုအေစိုင်းကေ၏ ရုပ်အ လောင်းကို မြေချရန် ပြင်ဆင်ပေးနေ သူတစ်ဦး မိတ်ဆွေတစ်ဦးက ပြောသည်။​

ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးသူ များပြားနိုင်ကြောင်း၊ လက် ရှိတွင် ကိုအောင်မျိုးဇင်နှင့် ကိုအေစိုင်းကေ၏ ရုပ်အလောင်းများ ကိုသာ ကောက်ယူနိုင်သေးသည်ဟု ကိုစိုးရထံမှ သိရသည်။

“စစ်ရှောင်တွေပြေးတဲ့အဖွဲ့ထဲကို (လက်နက်ကြီး) ကျတာ။ ကျတာတွေတော့ များနိုင်တယ်ဗျ။ အတည်ပြု ဖို့ပဲ ခက််နေတာ။ ကျွန်တော်မျက်စိရှေ့ မှာတင် ဆေးခန်းမှာ ခေါင်းထိတဲ့သူ ၇ ယောက်လောက်ရှိတယ်။ မနေ့က လက်နက်ကြီးကျတဲ့နေရာကို သွားကြည့်တာ နှစ်လောင်းပဲတွေ့တာ။ ကျန်တဲ့နေရာတွေမှာက နယ်မြေရှင်းတုန်းဆိုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ဘေးရှာင်များ ထွက်ပြေးစဉ် လူအုပ်ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၀ ခန့်ရှိနိုင်သည်ဟု ထိုဒေသတွင်ရှိနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက လည်း ပြောသည်။​

ယမန်နေ့က တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် စစ်ဘေးရှောင်များ၏ အခြေအနေကို သိရှိနိုင်ရန် ကရင်အမျိုးသားအစည်း အ ရုံး (KNU) တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။  

လေးကေကော်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ လေး ကေကော်မြို့သစ်တွင် ခိုလှုံနေသည့် စစ်အာဏာရှင်ဆန့်ကျင် သူများကို စစ်ကောင်စီက ဒီဇင်ဘာ ၁၄ တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာမှ KNU ဦးဆောင် သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများအပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ လက် နက်ကြိီးများဖြင့်ပါ နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။​ 

လေးကေကော်ဒေသတွင်  မယ့်ထော်သလေး၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ လေး ကေကော်၊ ဘဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ သေ့ဘောဘိုး စသည့် ကျေးရွာများမှ နေရပ်စွန်ခွာပြီး ထိုင်းဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး နယ်စပ်တလျှောက်တွင် စစ်ဘေးရှောင် နေရသူ တစ်သောင်းကျော်ရှိလာပြီဖြစ်ကြောင်း ကရင်သတင်းဌာန (KIC) က ရေးသားသည်။​ myanmar ,now

အာရှလမ်းမကြီး မွေးမြူရေးဇုန်အနီးတိုက်ပွဲတွင် စစ်ကောင်စီက လေယာဉ်ဖြင့် တိုက်ခိုက်

ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒီနေ့မွန်းတည့် ၁၂ နာရီလောက် ဂျက်လေယာဉ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတော့ မရှိဘူးလို့ ဆိုပါတယ်။

အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KNLA တပ်ဖွဲ့က ဒီနေ့မနက် ၇ နာရီလောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦးလောက် ကျဆုံးခဲ့တာကြောင့် ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကလည်း လက် နက်ကြီးနဲ့ ပစ်ကူခဲ့သလို လေကြောင်းကနေလည်း  လာရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အလားတူ မြန်မာ-ထိုင်းနယ်စပ် လေးကေ့ကော်မြို့သစ် ထီးမဲ့ဝါးခီး မဲ့ထော်တလေး ရွာဘက်မှာလည်း ဒီနေ့မနက်အစောပိုင်း စစ်ကောင်စီတပ်နဲ့ KNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံးက နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ လေးကေကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကု လသမဂ္ဂကို ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။ 

ကရင်ပြည်နယ် လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစ တင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးခိုလှုံနေကြရပါတယ်။ DVB

မြင်းခြံမြို့နယ်တွင် စစ်‌ကောင်စီတပ်ကNLD ပါတီဝင်၏ နေအိမ်ကို ဖောက်ထွင်းကာ လာရောက်အဖမ်းမခံပါက ရွာကို မီးတင်ရှို့မည်ဟု ခြိမ်းခြောက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာတွင် နေထိုင်သည့် NLD ပါတီအဖွဲ့ဝင် ဦးတုတ်အား ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် လာရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် ထိုနေအိမ်ကို ဖောက်ထွင်း ဖျက်ဆီးကာ ငွေသား ကျပ် ၇၀၀‚၀၀၀ ကျော်ကို ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ဦးတုတ်သည် ဒီဇင်ဘာလ ၂၃ ရက်တွင် ယုန်ထိုးတောင် မိုင်းဖောက်ခွဲခဲ့သည့် PDFဖြစ်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ အင်အား ငါးဦးပါ စစ်ကားတစ်စီးဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်။ ဦးတုတ် စစ်ကောင်စီတပ်ထံ လာရောက်အဖမ်းမခံပါက ရွာကို မီးတင်ရှို့မည်ဟု ရွာအတွင်း ခြိမ်းခြောက်သွားကြောင်း ၎င်းကပြောသည်။

“ကျွန်တော့်အိမ် အပါအဝင် အနောက်ဘက်က အိမ် နှစ်လုံးကိုပါ ဝင်မွှေနှောက်သွားတာ။ ကျွန်တော့်ကိုလာရှာတာမတွေ့လို့ အိမ်ကိုဖျက်ဆီးပြီး ပိုက်ဆံတွေယူသွားတာ။ သယ်မရတဲ့ ဘီရိုတွေကိုတော့ ဖျက်ဆီးသွားတယ်။ နောက်ရက် လာအဖမ်းမခံရင် ရွာကိုမီးရှို့မယ်လို့ ကျွန်တော့်အသိဆီကနေ ပြန်ကြားရတယ်”ဟု ဦးတုတ်က မဇ္ဈိမကိုပြောသည်။ ယုန်ထိုးတောင် အရှေ့ဘက် မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ကောင်စီက ဒီ ဇင်ဘာလ ၂၃ ရက်တွင် ဒေသခံ တောင်သူများ နှင့် ဆိတ်ကျောင်းသားအပါအဝင် ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၃ ရက် မှ ၂၅ ရက်အထိ အင်အား ၂၀၀ ဖြင့် ပြောက်ကျားတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဖမ်းဆီးရန်ဟုဆိုကာ မြင်းခြံမြို့နယ်ရှိ ယုန်ထိုးရွာ၊ တောင်ပုံရွာနှင့် တည်ပင်ရွာ အနီးတောနင်းရှာဖွေခြင်း၊ နေအိမ် အချို့အား ဝင်‌ရောက်စီးနင်း မွှေနှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ mizzima

ညွှန်ချုပ်တာဝန်မှ ထုတ်ပယ်ခံထားရသူ စစ်ကောင်စီ၏ ဒုဝန်ကြီး ဖြစ်လာ

စစ်ကောင်စီခန့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်မှာ လွန်ခဲ့သော ၅နှစ်က ဖားကန့်တွင် တရားမဝင်စက်ယန္တရား အ မြောက်အများ ရောက်ရှိနေမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ် သည်။ 

၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ ဇန်နဝါရီအတွင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းများတွင် တရုတ်ဘက်မှ တရားမဝင် ယန္တရားကြီးများ အ ရေအတွက် အလွန်အကျွံသုံးစွဲနေမှုကို ထိရောက်သည့် အရေးယူမှုမရှိကြောင်း စိစစ်တွေ့ ရှိ၍ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က အ လုပ်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေတို့နှင့်အညီ သမ္မတအမိန့်ဖြင့် ဦးညွန့်အောင်ကို အငြိမ်းစား ပေးလိုက်သည်ဟု ၂၀၁၆၊ ဖေဖော်ဝါရီ ၂၉ ရက်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်း၌ ဖော်ပြသည်။

ထိုကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းမှာလည်း ဦးညွန့်အောင်နှင့်အတူ တစ်ရက်တည်း ထုတ်ပယ်ခံခဲ့ရသည်။

ဦးညွှန့်အောင်သည် လက်ရှိ စစ်တပ်တွင် အသက်အငယ်ဆုံးထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ် တက္ကသိုလ် အပတ်စဉ် ၃၀တွင် အတူတက်ခဲ့သည်ဟု Myanmar Now ၏  ယုံကြည် စိတ်ချရသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ထောက်လှမ်းရေးဗိုလ်ကြီး တာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေလက်ထက် ၁၉၉၉ ဝန်း ကျင်၊ ဗိုလ်ချုပ်ကျော်သန်း စီးပွားကူးသန်း ဝန်ကြီးဖြစ်နေချိန်တွင် ထို ဌာနသို့ ပြောင်းရွှေ့လာသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး စီးပွားကူးသန်းမှ ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနသို့ပြောင်းပြီး မကြာမီတွင် ဦးညွန့်အောင်က အဆိုပါ ဌာနသို့ ရောက်လာ ကြောင်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က စီးပွားကူးသန်း၌ ဒုညွန်ချုပ်တာဝန် ထမ်းဆောင်နေချိန်တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့ လျားစစ်ဆေးရေးအဖွဲ့(Mobile Team)ကို ဦးညွန့်အောင် ဦးဆောင်ခဲ့ဖူးသည်ဟု ၎င်းက ဆက်ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားကူးသန်းကို ပါဝါတက်အောင်လုပ်ချင်တာပေါ့ဗျ။ ဒီနယ်စပ် အကုန်လုံး က Custom (အကောက်ခွန်)ကလည်း သူတို့အောက် အကုန်လုံးဖြစ်ရမယ်။ အဲဒါမျိုးလုပ်ချင်တာ”ဟု ထိုစဉ်က ဦးညွန့်အောင်၏ ခြေလှမ်းကို အထက်ပါ သတင်းရင်းမြစ်က သုံးသပ်သည်။

ထိုအဖွဲ့မှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အစိုးရအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အ စိုးရအဖွဲ့ထံသို့ တာဝန်လွှဲပြောင်းသည့် ၂၀၁၆ တွင် ဖျက် သိမ်းခံရသည်။

ထို့နောက် ငါးနှစ်အကြာ ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD၏ အရပ်သား အစိုးရ အဖွဲ့ကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဦးညွန့်အောင်ကို စစ်ကောင်စီက စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စများတွင် ပြန်၍နေရာပေးသည်။

လက်ရှိတွင် စီးပွား ကူးသန်း ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ  ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဦးဆောင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ဦးညွန့်အောင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတွင် ဝန်ကြီး အဖြစ် ဦးသိန်းစိန် အစိုးရ လက် ထက် ထိုဌာန ဒုဝန်ကြီး၊ ကြံ့ခိုင်ရေးပါတီဝင် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာပွင့်ဆန်းကို ခန့်ထားသည်။

စစ်တပ်က ရလဒ်ကို ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  မရမ်းကုန်း မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာပွင့်ဆန်း ဝင်ပြိုင်ရာတွင် NLDမှ ဒေါ်မိုးမိုးစုကြည်ကို မဲ ၃၀,၀၀၀ နီးပါး အကွာဖြင့် အပြတ်အသတ်ရှုံးခဲ့ရသည်။

ဒေါက်တာပွင့်ဆန်းသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပီဘီဘီအုပ်စုကုမ္ပဏီ (P. P. B -Myanmar Co., Ltd)၊ ၁၉၉၄ တွင် တိုးချဲ့ထူ ထောင်သည့် စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း ကြယ်ပျံကုမ္ပဏီလီမိတက် (Kyei Pyan Co., Ltd) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

စစ်အုပ်စုသည် ယခင်ကတည်းက စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီကြီးများကို နေရာနှင့် လုပ်ပိုင်ခွင့်ပေးသည့် အစဉ်အလာရှိပြီး ယခုတစ်ကြိမ် ထပ်မံ အာဏာသိမ်းပြီးနောက်တွင် အလားတူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“သူတို့အကျိုးစီးပွားကို လုပ်မဲ့သူအကုန်လုံးက သူတို့ကို သစ္စာခံတဲ့သူကိုပဲ အခြေခံပြီးတော့ ဖွဲ့စည်းထားတာ။ အမှန်အတိုင်းပြောရရင် သူတို့ကိုယ်တိုင်လုပ်လို့မရလို့ လုပ်လို့ရတဲ့သူတွေကို လုပ်ခိုင်းတဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စီးပွားကူးသန်းဌာန အကြီးအကဲများဖြစ်သည့် ဒေါက်တာပွင့်ဆန်းနှင့် ဦးညွန့် အောင်လက်ထက် မြန်မာ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်တွင် တရုတ် ဘက်မှ အဆိုပြုထားသည့် ကွန်တိန်နာနှင့် ကုန်သွယ်သည့် စနစ်ကို အသက်သွင်းထားသည်။

ထိုစနစ်ကြောင့် ကုန်တင်ကားများ တရုတ်ဘက်သို့ တိုက်ရိုက် သွားခွင့်မရတော့ဘဲ မူဆယ်တွင် ယာဉ်မောင်းနှင့် ပစ္စည်များ လွှဲပြောင်း၊ပိုးသတ်ပြီးမှ တင်ပို့နိုင်၍ ကွန်တိန်နာတစ်လုံးလျှင် ယွမ် ၆,၀၀၀ (ကျပ် ၁၈ သိန်း) ခန့် စရိတ်ပိုလာကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီက ဝန်ကြီးဌာနများကို စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းသည့်အခါ   ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့သည့် ကြံ့ခိုင်ရေးပါ တီဝင်များ၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေခတ်တွင် တာဝန်ယူခဲ့သည့် ဝန်ကြီးဟောင်းများ၊ စစ်တပ်အရာရှိဟောင်းနှင့် NLDနှင့် မပြေ လည်သူများကို  ရာထူးတာဝန်များ ပေးအပ်ထားသည်။

ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အထူးစီးပွားရေးဇုန်ကော်မတီ စသည်တို့တွင်လည်း  စစ်ကောင်စီ  စိတ်ကြိုက် ပြောင်းလဲထားသည်။

မြန်မာ၏ အထူးစီးပွားရေးဇုန် ၃ ခုအနက် အအောင်မြင်ဆုံးဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနေရာတွင်လည်း NLD အစိုးရလက်ထက်တွင် ထုတ်ပယ်ခံရသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးရန်နိုင်ထွန်းကို ခန့်သည်။

သွင်းကုန်ထုတ်ကုန်လိုင်စင်များ ထုတ်ပေးရာတွင် လစ်ဟာမှုများရှိသည်ဆိုကာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ၂၀၁၉  ဇန်နဝါရီလအတွင်း သမ္မတဦးဝင်းမြင့်အမိန့်ဖြင့် ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ myanmar now

မြင်းခြံမြို့နယ် လယ်သစ်ရွာသား ၁ ဦး ပျူစောထီးများ ညှဉ်းဆဲ၍ သေဆုံးဟု ရွာခံများပြော

မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာသား တစ်ဦးကို ပျူစောထီး အဖွဲ့ဝင်များက ခြေထိတ်တုံးခတ်၍ ခန္ဓာကိုယ်အား ရေလောင်း ညှဉ်းဆဲသော ကြောင့် ယနေ့ နံနက်ပိုင်းတွင် အအေးပတ် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသွားသူမှာ အသက် ၂၀ ကျော်အရွယ် ကိုကုလားဆိုသူဖြစ်ပြီး ယမန်‌နေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ပျူစောထီး အဖွဲ့ဝင်များနှင့် စကား အ ချေအတင် ဖြစ်ကြရာမှ ပျူစောထီးအဖွဲ့ဝင်များက စစ်ကောင်စီအဖွဲ့များ တပ်စွဲထားသည့် မူလတန်းလွန်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းဆဲခဲ့ခြင်း ဖြစ်ကြောင်း လယ်သစ် ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ပျူစောထီး အဖွဲ့ခေါင်းဆောင် ကိုပေါက်က ဦးဆောင်ပြီး အဖွဲ့ဝင် ငါးယောက်က သူ့ကို ညဘက်ကြီး အရမ်း‌အေးနေတဲ့ အချိန်ကို ရေတွေဆက်တိုက် ခေါင်းကလောင်းပြီး ဝိုင်းရိုက်ကြတာ။ ဒီနေ့မနက် ကျဆုံးသွားတယ်။ သူ့ကို နှိပ်စက်တာကတော့ ပျူစောထီးအဖွဲ့ကြီးပဲ။ စစ်သား ရှေ့မှာ နှိပ်စက်တာ။ ကိုကုလားရဲ့ သား ၊သမီး နှစ်ယောက်က သူ့အဖေ အလောင်း သွားတောင်းတာ မပေးဘဲ တွန်းချပြီး ကျောင်းဝင်း တံခါးပါ ပိတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။

ကိုကုလား ဖမ်းဆီးခံရပြီးသည့်နောက် လယ်သစ်ရွာခံ အချိူ့လည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင် စီ တပ်သားများနှင့် ပျူစောထီး အဖွဲ့ဝင်များသည် လယ်သစ်ကျေးရွာရှိ နေအိမ်များကို ဖျက်ဆီး ဖောက်ထွင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေ သခံများထံက သိရသည်။ mizzima

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲကြောင့် ဒေသခံများ ထွက်ပြေးတိမ်း ရှောင်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် (သိန္နီ-ကွတ်ခိုင်ကြား) မန်ပြိန်းကျေးရွာ၊ ကောင်းခမ်းကျောက်တောင်အနီးမှာ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ညနေ ၅ နာရီလောက်က မန်ပြိန်းကျေးရွာ ကောင်းခမ်းကျောက်တောင်အနီးမှာ ထမင်းဝိုင်းဖွဲ့စားနေတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် အင်အား ၄၀ လောက်ကို ကေအိုင်အေပူးပေါင်းတပ်က အလစ်ဝင်‌ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင် စီတပ်ဘက်က ထိခိုက်သေဆုံးသူများနိုင်တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့က ယာဥ်တန်းတက်လာမယ်ဆိုတာသိလို့ မိုင်းထောင်ဖို့သွားတယ်။  လမ်းကြောင်းမှာ စစ်ကြောင်းကို အလစ်ဝင်တိုက်ခဲ့လို့ နှစ်ဘက်တိုက်ပွဲဖြစ်တာ။ နာရီဝက်ကျော်ကျော်ကြာတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး ၆၀၊ ၄၀ မမ တွေ သုံးခဲ့ရတယ်။ ကျနော်တို့ဘက်က ပစ်ဆုတ်ဆုတ်လာတော့။ စကစဘက်က ထိတာတော့ထိတယ်။ သေဆုံး ထိခိုက်စာရင်းက မသိရဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း  စစ်ကောင်စီရဲ့ သိန္နီမြို့ အမြောက်တပ်က လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

မန်ပြိန်းကျေးရွာသားတစ်ဦးက “ညနေလောက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က ကောင်တွေက ကျောက်တောင်နားမှာ ထမင်းစားနေတယ်လို့ ကြားတယ်။ ဖြစ်ပြီးမကြာဘူး၊ သိန္နီဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တော့ ရွာတွေနားမှာ လာကျလို့ ဒေသခံတွေ ကြောက်လန့်ပြီးထွက် ပြေးရတယ်” လို့ ပြောပါတယ်။ 

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ ဒီနေ့မနက်မှာတော့ နေရပ်ပြန်ရောက်လာကြပြီလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ကလည်း သိန္နီမြို့ အထွက်(ဗြုန်းတောင်အနီး) လားရှိုး-မူဆယ်ကားလမ်းမကြီးဘေးနဲ့ သိန္နီ-ကွတ်ခိုင်ကြား၊ မန်ပြိန်းရွာ အပေါ်ဘက် ဘုရားတောင်အနီးမှာ တိုင်းရင်းသားလက်နက်ကိုင် (EAOs)၊ သိန္နီမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(TN.PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင် စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ DVB

လှိုင်မြို့နယ် ဘူတာရုံလမ်းရှိ ရွှေကံကော်လက် ဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိ ရွှေကံကော်လက်ဖက်ရည်ဆိုင်တွင် ယနေ့ ဒီဇင်ဘာလ ၂၆ရက် ၃နာရီ မိနစ် ၃၀ခန့်က စတင်၍ မီးလောင်မှုဖြစ်ပွားနေကြောင်း အနီးရှိနေသူထံမှ သိရသည်။ “လက်ဖက်ရည်ဆိုင်က ဂက်စ်အိုးတွေပေါက်တာလို့ လောလောဆယ်သိရတယ်။ မီးသတ်ကားတွေတော့ မရောက်သေးဘူး”ဟု မီးလောင်မှုဖြစ်ပွားရာ အနီးရှိနေသူတစ်ဦးကပြောသည်။ လက်ရှိတွင် မီးငြိမ်းသွားပြီ ဖြစ် ကြောင်း သိရသည်။ mizzima

ဆိတ်ငြိမ်စွာဖြတ်သန်းကြသည့် ကရင်နီပြည်သူ များ၏ ခရစ်စမတ်

ခရစ်တော်မွေးနေ့ကို ရင်ခုန်စွာဖြင့် စောင့်ကြိုရင်း ပျော်ပွဲရွှင်ပွဲများ၊ သီဆိုကခုန်ခြင်းများ၊ အလှူအတန်းများဖြင့် တက်တက်ကြွကြွ ဆင်နွှဲခဲ့သည့် ဒီးမော့ဆိုမြို့သူ နော်ဖောသည် ယခုနှစ်တွင် အိမ်နှင့် အဝေးတစ်နေရာတွင် စစ်ဘေးရှောင်ရင်း အအေးဒဏ်ကို အန်တုနေရသည်။

“အရင်နှစ်လိုမျိုးတော့ မပျော်ဘူးပေါ့နော်။ သူများအိမ်မှာပဲ ခိုကပ်နေရတော့ စိတ်ကလည်း မချမ်းသာဘူး” ဟု ၃၆ နှစ်အရွယ် နော်ဖောက ဆိုသည်။

အခုက ကိုယ့်အိုးကိုယ့်အိမ်မဟုတ်တော့ ကျွန်မတို့ အရင်လိုမျိုး နွေးနွေးထွေးထွေးလည်း မနေရဘူး၊ စောင်တွေလည်း လုံလုံခြုံခြုံ မခြုံရဘူးပေါ့။ စားဝတ်နေရေးကအစ အဆင်မပြေတော့ဘူး” 

ခရစ်စမတ်ပွဲကို မိသားစု ဆွေမျိုးမိတ်ဆွေများနှင့် နွေးနွေးထွေးထွေး ကျင်းပလိုသော်လည်း ရောက်သည့်နေရာတွင် တိတ်တဆိတ် ဝတ်ပြုဆုတောင်းခြင်းဖြင့်သာ ခရစ်တော်မွေးဖွားသည့်နေ့ကို ဝတ်ကျေတမ်းကျေ ကြိုဆိုခဲ့ရသည်ဟု နော်ဖောက ဆိုသည်။  

နော်ဖောနည်းတူ ကရင်နီဒေသရှိ စစ်ရှောင်တစ်သိန်းခွဲခန့်မှာ တောထဲတောင်ထဲတွင် ဒီဇင်ဘာအအေးဓာတ်ကို အန်တုရင်း ခရစ်စမတ်ကို ဆိတ်ငြိမ်စွာဖြတ်သန်းကြရသည်။

၅ နှစ်ကြာ ဆောက်ခဲ့ရသည့်အိမ်

၂၀၁၄ သန်းခေါင်စာရင်းအရ ကယားပြည်နယ်တွင် လူဦးရေ၏ ထက်ဝက်ခန့်မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ခိုလှုံတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့မှာ ခရစ်ယာန်ဘာသာဝင် အများဆုံးနေထိုင်ကြသည့် မြို့များဖြစ်သည်။

ခရစ်ယာန်ဘာသာဝင် အများဆုံးရှိသည့် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်နှစ်ခုတည်းတွင်ပင် စစ်ရှောင်လူဦးရေ တစ်သိန်းတစ်သောင်းခန့်ရှိနေသည်။

နော်ဖောသည် ခင်ပွန်းသည်၊ သားနှစ်ဦးနှင့်အတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ အသိမိတ်ဆွေ၏ အိမ်၌ ခိုလှုံနေခြင်းဖြစ်သည်။

သားကြီးမှာ ၅ နှစ်ကျော်အရွယ်ဖြစ်ပြီး စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် သားငယ်မှာ အသက် ငါးလကျော်သာ ရှိသေးသည်။

နော်ဖောတို့ နေထိုင်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရပ်ကွက်ရှိ နှစ်ထပ်တိုက်အိမ်မှာ ဇွန်လလယ်ပိုင်းက စစ်တပ်လက်ချက်ဖြင့် မီးလောင်ပြာကျခဲ့သည်။

“အိမ်ကို အရမ်းလွမ်းပါတယ်၊ ကျွန်မတော့ တရားနဲ့ပဲ ဖြေသိမ့်တယ်” ဟု နော်ဖောက ပြောသည်။

“ဒါပေမဲ့ ကျွန်မအမျိုးသားက လုံးဝ မဖြေသိမ့်နိုင်ဘူးပေါ့နော်။ ကျွန်မတို့ဆီမှာ အိမ်သော့ပါလာတယ်။ တစ်ခါတစ်ခါ သူ အိမ်သော့ကို ကြည့်ပြီး ထိုင်ငိုနေတာ အခုထက်ထိပဲ”  

၂၀၁၅ ခုနှစ် ၎င်းတို့လက်ထပ်ပြီးချိန်မှစ၍ မိဘထံမှ အမွေရသော မြေကွက်ပေါ်တွင် အိမ်ကို အကြမ်းထည်ဆောက်ခဲ့ပြီး ပြူတင်းပေါက်၊ တံခါး၊ မီးဖိုဆောင် စသည်တို့ကို တစ်ဆင့်ချင်း တိုးချဲ့တည်ဆောက်ရာ ၅ နှစ်အကြာတွင်မှ အချောသပ်ကာ တစ်အိမ်လုံးပြီးစီးခဲ့သည်။

နေအိမ်ပြီးစီးသည်မှာ တစ်နှစ်ပင်မပြည့်တတ်သေး မီးလောင်ပြာကျခဲ့သဖြင့် နော်ဖောနှင့် ခင်ပွန်းသည်တို့မှာ များစွာစိတ်ထိခိုက်ရသည်။ ခင်ပွန်းဖြစ်သူမှာ အိမ်ပြန်မည် တကဲကဲလုပ်နေသဖြင့် မနည်းတားဆီးရသည်။

“နင်ပြန်လည်း ငါတို့အိုးအိမ်လည်းမရှိတော့ဘူး၊ ငါတို့နေတဲ့နေရာကလည်း တကယ့်စစ်မြေပြင်ပဲ၊ အိုးအိမ်ရှိတဲ့သူတောင် ပြန်ခွင့်မရတော့ဘူး။ နင်မပြန်နဲ့လို့ ရက်တိုင်း ကျွန်မ သူ့ကို တားနေရပါတယ်” ဟု နော်ဖောက ဆိုသည်။

စိတ်ထိခိုက်နေရင်းကပင် နော်ဖောပါဝင်ပျော်ရွှင်ခဲ့သည့် ယခင်နှစ်များက ခရစ်စမတ်ပွဲတော်အကြောင်း မေးခွန်းများကို တက်ကြွစွာ ဖြေကြားသည်။

“ခရစ်စမတ်နေ့ မရောက်ခင်ကတည်းက ကျွန်မတို့က ရင်ခုန်နေပြီ။ ပြီးတော့ တက်လည်းတက်ကြွတယ်။ တစ်အိမ်တက်၊ တစ်အိမ်ဆင်း ခရစ်စမတ်သီချင်းတွေ လိုက်ဆိုတယ်။ နေ့တိုင်းလိုလို ကျွန်မတို့ အမျိုးသမီး၊ အဘွားကြီးတွေရော၊ ကလေးတွေရော၊ မူကြိုအရွယ်တွေရော ပြိုင်ပွဲတွေလုပ်တယ်။ တတ်နိုင်သလောက်လည်း ပေးတယ်၊ လှူတယ်၊ တန်းတယ်” ဟု သူက ပြောသည်။

ဒီဇင်ဘာ ၂၀ တွင် ခရစ်စမတ်အကြိုပွဲများ စတင်ပြီး ဇန်နဝါရီ ၁ ရက်နေ့အထိ နေ့စဉ်မပြတ် ကျင်းပကြောင်း နော်ဖောက ဆိုသည်။

ဘုရားကျောင်း တိုက်ခိုက်ခံရခြင်း

နော်ဖော၏ဇာတိ ဒီးမော့ဆိုတွင်လည်း စစ်ဘေးရှောင်နေရသူတို့၏ ခရစ်စမတ်ကာလဖြတ်သန်းမှုမှာ တိတ်ဆိတ်လွန်းလှသည်။

ယခုနှစ် ခရစ်စမတ်ကို ပျော်ပွဲရွှင်ပွဲများ၊ ခရစ်စမတ်သစ်ပင်နှင့် မီးလုံးများ အလှဆင်ခြင်း၊ မြူးကြွသည့် တေးဂီတများနှင့် ဖြတ်သန်းမည့်အစား ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲအနည်းအကျဉ်းနှင့် ဝတ်ပြုဆုတောင်းခြင်းသာ ပြုလုပ်မည်ဟု ဒီးမော့ဆိုမှ စစ်ရှောင်စခန်းတာဝန်ခံ သုံးဦးက ဆိုသည်။

ကလေးများအတွက် အားကစားပြိုင်ပွဲ၊ ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး ဝတ်ပြုဆုတောင်းမည်၊ စစ်ရှောင်များ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုရှိရန် အကပြိုင်ပွဲတချို့သာပြုလုပ်မည်ဟု ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသားတစ်ဦးထံမှ သိရသည်။ 

အဆိုပါစခန်းတွင် ဒေါငံခါးရပ်ကွက်၊ စံပြခြောက်မိုင်ကျေးရွာနှင့် ကုန်းသာရွာများမှ ဒေသခံအများစုပါဝင်သည့် စစ်ရှောင် ၂၀၀၀ ကျော်ကို လက်ခံထားသည်ဟု သူက ပြောသည်။

“အခြေအနေအရပေါ့နော်၊ အခြေအနေကောင်းလို့ရှိရင် နည်းနည်းပျော်ရွှင်မယ်။ အခြေအနေမကောင်းရင်တော့ လုံးဝမပျော်ရွှင်တော့ဘူးပေါ့။ (တိုက်ပွဲ) အခြေအနေလည်း ကြည့်ရသေးတယ်” ဟု ၎င်းက ဆိုသည်။

ခရစ်စမတ်အတွက် ၎င်း၏ ဆုတောင်းစကားမှာလည်း ရိုးရှင်းလှသည်။ 

“အရေးတော်ပုံ အမြန်ဆုံးအောင်မြင်ပါစေလို့ ဒါပဲ ဆုတောင်းပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

မေလ ၂၁ ရက်တွင် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီပြည်သူများက အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်မှု စတင်ခဲ့သည်။ 

လက်နက်အင်အားသာလွန်သောစစ်တပ်သည် ခုခံသူများကို လက်နက်ကြီးများ အသုံးပြုကာ တိုက်ခိုက်သကဲ့သို့ လေကြောင်းမှလည်း တိုက်ခိုက်နေသည်။

လူနေရပ်ကွက်များ၊ ခရစ်ယာန်ဘုရားကျောင်းများလည်း ကျည်သင့်ထားသည်။ ၁၉ ရာစုအလယ်ပိုင်းကျော်တွင် ကရင်နီဒေသသို့ ကသလစ်ခရစ်ယာန်သာသနာ စတင်ဝင်ရောက်လာပြီး ကိုးကွယ်ယုံကြည်သူ တဖြည်းဖြည်းများလာသည်။ ဒေသခံများ၏ ကိုးကွယ်ယုံကြည်မှုပြယုဂ်အဖြစ် ကရင်နီဒေသ မြို့ရွာကြီးငယ်မဟူ ဘုရားရှိခိုးကျောင်းကိုယ်စီ ရှိကြသည်။ ဘုရားကျောင်းများသည် ရွာခံများ စုဝေးရာနေရာဖြစ်သကဲ့သို့ ဘုရားကျောင်းပရိဝုဏ်ထဲရှိ ဓမ္မာရုံများတွင်လည်း ရပ်ရွာကိစ္စ အဝဝကို စုဝေးတိုင်ပင် ဆောင်ရွက်ကြသည်။

မေလ ၂၄ မှစ၍ ယနေ့အထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်း ၆ ကျောင်း လက်နက်ကြီးလက်နက်ငယ်များနှင့် တိုက်ခိုက်ခံရပြီး ဘုရားကျောင်း ၂ ကျောင်းမှာ ဝင်ရောက်စီးနင်းခံရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သည့် ဘုရားကျောင်းများလည်းရှိသည်။

မေ ၂၉ တွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ စိန့်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်း ဝင်စီးခံရချိန်၌ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်။ 

နိုဝင်ဘာ ၂၂ တွင် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်း ကရုဏာဆေးခန်းမှ ပရဟိတဆရာဝန်၊ သူနာပြု ၁၈ ဦးကို ဖမ်းဆီးသွားပြီး တရားမဝင်ဆေးကုသူများဟု စွပ်စွဲသတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တချို့၏ ညှိနှိုင်းမှုကြောင့် နိုဝင်ဘာ ၂၃ တွင် ပြန်လွှတ်ပေးခဲ့သည်။

ဘုရားကျောင်းများ တိုက်ခိုက်ခံရမှုအနက် လွိုင်ကော်မြို့ ကယန်းသာယာ(တောင်)ရွာရှိ ယေဇူးရွှေနှလုံးတော်ဘုရားရှိခိုးကျောင်း အတိုက်ခံရမှုမှာ အပြင်းထန်ဆုံးဖြစ်သည်။

မေလ ၂၄ တွင် စစ်တပ်က ပစ်သည့်လက်နက်ကြီး ဘုရားကျောင်းထဲ ကျရောက်ခဲ့ပြီး ခိုလှုံနေသည့် စစ်ရှောင်လေးဦးသေဆုံး၊ ၈ ဦး အပြင်းအ ထန်ဒဏ်ရာရခဲ့သည်။

လူဦးရေ ၉၀၀ ခန့်ရှိသည့် ကယန်းသာယာတောင်ရွာတွင် ရွာခံများ တကွဲတပြားစီ စစ်ဘေးရှောင်ကြရသဖြင့် ယခု လူ ၃၀ ကျော်သာရှိတော့ကြောင်း အမည်မဖော်လိုသော ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ယခင်နှစ်များက ရွာခရစ်စမတ်ပွဲသည် လူဦးရေ ရာချီဖြင့် စည်ကားလှသော်လည်း ယခုနှစ်တွင်မူ ရွာတွင်ကျန်သည့် လူအနည်းငယ်ဖြင့် ဒီဇင်ဘာ ၂၄ မွန်းလွဲပိုင်းက ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ရသည်။ 

“ခရစ်စမတ်ဆိုတာ ညသန်းခေါင်မှ ယေရှုခရစ်တော်မွေးဖွားတယ်ဆိုပြီးတော့ ည ၈ နာရီ ၉ နာရီကစပြီး ဘုရားကျောင်းမှာ လူတွေစည်ကားပြီးတော့ ကလိုက်၊ မြူးလိုက်၊ ပျော်လိုက်၊ ၁၀ နာရီ၊ ၁၁ နာရီ အချိန်လောက်မှာ ဘုရားရှိခိုးပြီးတော့ ခရစ်စမတ်ဆိုပြီးတော့ အသိအမှတ်ပြုတာ” ဟု ၎င်းက ပြောသည်။

“ဒီနှစ်ကျတော့ အဲဒါလည်း မရှိတော့ဘူး၊ ရွာမှာလည်း ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ စိတ်ထဲမကောင်းဘဲနဲ့ ခရစ်စမတ်ကျင်းပရတာ စိတ်ထဲတစ်မျိုးကြီးပေါ့ဗျာ” 

ကြေကွဲဖွယ်ကာလဖြစ်သောကြောင့် ကရင်နီဒေသ ပြင်ပတွင်လည်း ခရစ်စမတ်ကာလအစီအစဉ်များကို အကျဉ်းချုံးပြုလုပ်ကြသည်။ 

သို့သော်လည်း မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်စ်ဘိုက ရန်ကုန်တွင် ခရစ်စမတ်အကြိုဆုတောင်းပွဲအခမ်းအနားပြုလုပ်ရာ သူ့ဘေးတွင် ပြည်သူအများအပြား သတ်ဖြတ်ခံရမှုအတွက် တာဝန်အရှိဆုံးသူများဖြစ်ကြသော အာဏာသိမ်းစစ်ဗိုလ်ချုပ်များ ရှိနေကြသည်။ ထိုပုံများကို ခရစ်စမတ်အကြိုနေ့ထုတ် စစ်ကောင်စီသတင်းစာတွင် ဝေဝေဆာဆာဖော်ပြခဲ့ရာ ခရစ်ယာန်ဘာသာဝင်အများအပြားအတွက် ကြေကွဲစရာဖြစ်လာသည်။

ခရစ်စမတ်နံနက်ခင်း မီးသင့်ရုပ်အလောင်းများ

အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် တစ်စတစ်စ ပိုမိုဆိုးရွားလာနေသည်။ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သည့် လက်နက်ကိုင်ခုခံသူတို့ကို နှိမ်နင်းသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ်ခတ်မှုများတွင်   အရပ်သားများသည် ပစ်မှတ်ဖြစ်နေသည်။

ကရင်နီဒေသတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၆ ဦး သေဆုံးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းများအရ သိရသည်။

၁၄၆ ဦးထဲတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၄) က အစုလိုက်အပြုံလိုက် ကားပေါ်တွင် မီးရှို့သတ်ဖြတ်ခံရသည့် ဒေသခံ ၃၇ ဦးပါဝင်သည်။ စစ်ကောင်စီက ထိုသူတို့ထဲတွင် လက်နက်ကိုင်ခုခံသူများပါဝင်ကြောင်း၊ မော်တော်ယာဉ်ရပ်ပြီး တားဆီးစစ်ဆေးခံခြင်းမရှိသဖြင့် ပစ်ခတ်ရခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုနေ့က ပစ်ခတ်မှုများရှိနေသဖြင့် ဒေသခံတို့က ထိုနေရာသို့ သွားရောက်ကြည့်ရှုရန် အခြေအနေမပေးခဲ့ပေ။

ကလေးငယ်တစ်ဦး အနည်းဆုံးပါဝင်သော၊ မီးလောင်ထားသော ရုပ်အလောင်းများကို ခရစ်စမတ်နေ့ နံနက်တွင် ဒေသခံတို့ တွေ့လိုက်ရသည်။

လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ၎င်းတို့အနေဖြင့် စစ်ရှောင်ရခြင်းမရှိသော်လည်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေတွင် ခရစ်စမတ်ကို ပျော်ပွဲရွှင်ပွဲမလုပ်ဘဲ အိမ်နီးနားချင်း သုံးလေးအိမ်ခန့် စုပေါင်းပြီး ဝတ်ပြုဆုတောင်းခြင်းသာ ရှိသည်ဟု ပြောသည်။ 

“တိတ်ဆိတ်ခြောက်ကပ်တာပေါ့နော်၊ ပိုဆိုးတာကလည်း ပြည်သူတွေကလည်း တစ်အားနှိပ်စက်ခံရတယ်၊ သတ်ဖြတ်ခံရတယ်၊ သတင်းတွေကြားရတော့လည်း Merry Christmas လို့ မအော်နိုင်တော့ဘူး၊ စိတ်မကောင်းတော့ဘူး” ဟု ၎င်းက ပြောသည်။

ရွာသူရွာသားများမှာ ကျား၊ မ၊ လူကြီးလူငယ်မရွေး ထိတ်လန့်နေကြရပြီး လူငယ်အမျိုးသားများမှာလည်း မသင်္ကာမှုဖြင့် အချိန်မရွေးအဖမ်းခံရနိုင်သလို အမျိုးသမီးနှင့် ကလေးငယ်များမှာလည်း စစ်သားများ၏ အန္တရာယ်ပြုခံရမည်ကို စိုးရိမ်နေကြရသည်။ 

“လူ့ပြည်လား ငရဲပြည်လား ဘာမှန်းမသိဘူးလေ၊ လူတွေက နေ့နေ့ညည စိတ်ဆင်းရဲမွန်းကျပ်နေရတာ” ဟု ၎င်းက ဆိုသည်။

“ငါ့အိမ်ထဲမှာနေပြီး ငါ့ကို လက်နက်ကြီးထိပြီး ဘယ်အချိန်သေသွားမလဲတောင်မှ တွေးပူရတာလေ။ သူတို့ (စစ်အာဏာရှင်) မြန်မြန်ကျဆုံးမှပဲ ပြည်သူတွေက အေးအေးချမ်းချမ်းနေရမှာ” 

ဒီးမော့ဆိုမြို့သူ နော်ဖာကမူ စစ်ပွဲများပြီးဆုံးကာ ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြောင်း၊ ၎င်းတို့စစ်ရှောင်များအတွက်လည်း ပြည်သူတစ်ရပ်လုံးက ဆုတောင်းမေတ္တာပို့သစေလိုကြောင်း ပြောသည်။

“ဒီခရစ်စမတ်နေ့မှာ ဘာစစ်ပွဲမှ ဘာသေနတ်သံမှ ကျွန်မတို့နေတဲ့နေရာဖြစ်ဖြစ် တခြားဒေသဖြစ်ဖြစ် စစ်မဖြစ်စေချင်ဘူးပေါ့နော်။ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ကျွန်မတို့နေချင်တယ်။ ကျွန်မတို့ မြန်မာပြည်ကြီးလည်း အမြန်ဆုံးပြန်လည်ငြိမ်းချမ်းဖို့အတွက် မေတ္တာပို့ချင်တာပေါ့နော်” ဟု ၎င်းက ပြောလိုက်သည်။  myanmar now

ချင်းပြည်နယ် NLD ပါတီ အတွင်းရေးမှူး နေ အိမ် ချိပ်ပိတ်ခံရ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင်နှင့် ချင်းပြည်နယ် အတွင်းရေးမှူး ဆလိုင်းမျိုးထိုက်၏ ပလက်ဝမြို့နယ်၊ ဆမီးမြို့ နေအိမ်နှင့် ၎င်းဖခင်နေအိမ်ကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီတွင် စစ်ကောင်စီတပ်များ လာရောက် ချိပ်ပိတ်သွားကြောင်း သိရသည်။

”ဟုတ်တယ် နေ့လည် ၁၁ နာရီမှာ ကျွန်တော့် အိမ်ကိုလာပြီးတော့ ချိပ်ပိတ်သွားတယ်ဆိုတဲ့ သတင်းကြားရတယ်။ ပတ်ဝန်းကျင်ကို မေးဖို့ဆိုတော့လည်း အားနာရတယ်။ စစ်ကောင်စီ ဆိုတာကလည်း လူစိတ်ရှိတဲ့သူတွေ မဟုတ်ဘူးလေ၊ ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကို ဒုက္ခပေးမှာလည်း စိုးရတယ်။ အခု ကျွန်တော့်အိမ် ချိပ်ပိတ်ခံရတယ် ဆိုတာတောင် ပတ်ဝန်းကျင်ကပြောလို့ မဟုတ်ဘဲ အတွင်းသတင်းအရ သိရတာ ဖြစ်တယ်။ စကစ (စစ်ကောင်စီ) တွေက ပိတ်တယ်လို့ ထင်တယ်” ဟု ပလက်ဝမြို့နယ် ပြည်နယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဆလိုင်းမျိုးထိုက် ကပြောသည်။

ချင်းပြည်နယ်တွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်၏ နေအိမ် ချိပ်ပိတ်ခံရခြင်းသည် ပထမဆုံး ဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က ဟားခါးမြို့နယ် ဈေးသစ်ရပ်ကွက်ရှိ NUG ဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၏ နေအိမ်အား စစ်ကောင်စီတပ်များက ချိပ်ပိတ်ခဲ့သည်။ ဆလိုင်းမျိုးထိုက်သည် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တစ်ကြိမ်၊ ပြည်နယ် အမှတ် (၂) ကိုယ် စားလှယ်အဖြစ် တစ်ကြိမ် ဆက်တိုက် ရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။

ပြီးခဲ့သည့် လွှတ်တော် သက်တမ်းတွင်လည်း နိုင်ငံသားများ၏ မူလ အခွင့် အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အ တွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ mizzima

« Older Entries