ညွှန်ချုပ်တာဝန်မှ ထုတ်ပယ်ခံထားရသူ စစ်ကောင်စီ၏ ဒုဝန်ကြီး ဖြစ်လာ

စစ်ကောင်စီခန့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးညွန့်အောင်မှာ လွန်ခဲ့သော ၅နှစ်က ဖားကန့်တွင် တရားမဝင်စက်ယန္တရား အ မြောက်အများ ရောက်ရှိနေမှုဖြင့် စုံစမ်းစစ်ဆေးခံရပြီးနောက် ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ် သည်။ 

၂၀၁၅ ဒီဇင်ဘာမှ ၂၀၁၆ ဇန်နဝါရီအတွင်း ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းများတွင် တရုတ်ဘက်မှ တရားမဝင် ယန္တရားကြီးများ အ ရေအတွက် အလွန်အကျွံသုံးစွဲနေမှုကို ထိရောက်သည့် အရေးယူမှုမရှိကြောင်း စိစစ်တွေ့ ရှိ၍ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က အ လုပ်ဖြုတ်ခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေတို့နှင့်အညီ သမ္မတအမိန့်ဖြင့် ဦးညွန့်အောင်ကို အငြိမ်းစား ပေးလိုက်သည်ဟု ၂၀၁၆၊ ဖေဖော်ဝါရီ ၂၉ ရက်ထုတ် မြန်မာနိုင်ငံတော် ပြန်တမ်း၌ ဖော်ပြသည်။

ထိုကိစ္စဖြင့် အကောက်ခွန်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းမှာလည်း ဦးညွန့်အောင်နှင့်အတူ တစ်ရက်တည်း ထုတ်ပယ်ခံခဲ့ရသည်။

ဦးညွှန့်အောင်သည် လက်ရှိ စစ်တပ်တွင် အသက်အငယ်ဆုံးထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် စစ် တက္ကသိုလ် အပတ်စဉ် ၃၀တွင် အတူတက်ခဲ့သည်ဟု Myanmar Now ၏  ယုံကြည် စိတ်ချရသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ထောက်လှမ်းရေးဗိုလ်ကြီး တာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေလက်ထက် ၁၉၉၉ ဝန်း ကျင်၊ ဗိုလ်ချုပ်ကျော်သန်း စီးပွားကူးသန်း ဝန်ကြီးဖြစ်နေချိန်တွင် ထို ဌာနသို့ ပြောင်းရွှေ့လာသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး စီးပွားကူးသန်းမှ ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနသို့ပြောင်းပြီး မကြာမီတွင် ဦးညွန့်အောင်က အဆိုပါ ဌာနသို့ ရောက်လာ ကြောင်း ထိုသတင်းရင်းမြစ်ထံမှ သိရသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က စီးပွားကူးသန်း၌ ဒုညွန်ချုပ်တာဝန် ထမ်းဆောင်နေချိန်တွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့ လျားစစ်ဆေးရေးအဖွဲ့(Mobile Team)ကို ဦးညွန့်အောင် ဦးဆောင်ခဲ့ဖူးသည်ဟု ၎င်းက ဆက်ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားကူးသန်းကို ပါဝါတက်အောင်လုပ်ချင်တာပေါ့ဗျ။ ဒီနယ်စပ် အကုန်လုံး က Custom (အကောက်ခွန်)ကလည်း သူတို့အောက် အကုန်လုံးဖြစ်ရမယ်။ အဲဒါမျိုးလုပ်ချင်တာ”ဟု ထိုစဉ်က ဦးညွန့်အောင်၏ ခြေလှမ်းကို အထက်ပါ သတင်းရင်းမြစ်က သုံးသပ်သည်။

ထိုအဖွဲ့မှာ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အစိုးရအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အ စိုးရအဖွဲ့ထံသို့ တာဝန်လွှဲပြောင်းသည့် ၂၀၁၆ တွင် ဖျက် သိမ်းခံရသည်။

ထို့နောက် ငါးနှစ်အကြာ ပြည်သူ့ဆန္ဒမဲဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD၏ အရပ်သား အစိုးရ အဖွဲ့ကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဦးညွန့်အောင်ကို စစ်ကောင်စီက စီးပွားရေး၊ ကုန်သွယ်ရေး ကိစ္စများတွင် ပြန်၍နေရာပေးသည်။

လက်ရှိတွင် စီးပွား ကူးသန်း ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသည့် ဦးညွန့်အောင်မှာ  ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဦးဆောင်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

ဦးညွန့်အောင်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတွင် ဝန်ကြီး အဖြစ် ဦးသိန်းစိန် အစိုးရ လက် ထက် ထိုဌာန ဒုဝန်ကြီး၊ ကြံ့ခိုင်ရေးပါတီဝင် စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာပွင့်ဆန်းကို ခန့်ထားသည်။

စစ်တပ်က ရလဒ်ကို ငြင်းပယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်  မရမ်းကုန်း မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာပွင့်ဆန်း ဝင်ပြိုင်ရာတွင် NLDမှ ဒေါ်မိုးမိုးစုကြည်ကို မဲ ၃၀,၀၀၀ နီးပါး အကွာဖြင့် အပြတ်အသတ်ရှုံးခဲ့ရသည်။

ဒေါက်တာပွင့်ဆန်းသည် ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ပီဘီဘီအုပ်စုကုမ္ပဏီ (P. P. B -Myanmar Co., Ltd)၊ ၁၉၉၄ တွင် တိုးချဲ့ထူ ထောင်သည့် စက္ကူနှင့် စက္ကူထုတ်လုပ်ငန်း ကြယ်ပျံကုမ္ပဏီလီမိတက် (Kyei Pyan Co., Ltd) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

စစ်အုပ်စုသည် ယခင်ကတည်းက စစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီကြီးများကို နေရာနှင့် လုပ်ပိုင်ခွင့်ပေးသည့် အစဉ်အလာရှိပြီး ယခုတစ်ကြိမ် ထပ်မံ အာဏာသိမ်းပြီးနောက်တွင် အလားတူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“သူတို့အကျိုးစီးပွားကို လုပ်မဲ့သူအကုန်လုံးက သူတို့ကို သစ္စာခံတဲ့သူကိုပဲ အခြေခံပြီးတော့ ဖွဲ့စည်းထားတာ။ အမှန်အတိုင်းပြောရရင် သူတို့ကိုယ်တိုင်လုပ်လို့မရလို့ လုပ်လို့ရတဲ့သူတွေကို လုပ်ခိုင်းတဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စီးပွားကူးသန်းဌာန အကြီးအကဲများဖြစ်သည့် ဒေါက်တာပွင့်ဆန်းနှင့် ဦးညွန့် အောင်လက်ထက် မြန်မာ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်တွင် တရုတ် ဘက်မှ အဆိုပြုထားသည့် ကွန်တိန်နာနှင့် ကုန်သွယ်သည့် စနစ်ကို အသက်သွင်းထားသည်။

ထိုစနစ်ကြောင့် ကုန်တင်ကားများ တရုတ်ဘက်သို့ တိုက်ရိုက် သွားခွင့်မရတော့ဘဲ မူဆယ်တွင် ယာဉ်မောင်းနှင့် ပစ္စည်များ လွှဲပြောင်း၊ပိုးသတ်ပြီးမှ တင်ပို့နိုင်၍ ကွန်တိန်နာတစ်လုံးလျှင် ယွမ် ၆,၀၀၀ (ကျပ် ၁၈ သိန်း) ခန့် စရိတ်ပိုလာကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီက ဝန်ကြီးဌာနများကို စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းသည့်အခါ   ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရှုံးခဲ့သည့် ကြံ့ခိုင်ရေးပါ တီဝင်များ၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူး ကြီး သန်းရွှေခတ်တွင် တာဝန်ယူခဲ့သည့် ဝန်ကြီးဟောင်းများ၊ စစ်တပ်အရာရှိဟောင်းနှင့် NLDနှင့် မပြေ လည်သူများကို  ရာထူးတာဝန်များ ပေးအပ်ထားသည်။

ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အထူးစီးပွားရေးဇုန်ကော်မတီ စသည်တို့တွင်လည်း  စစ်ကောင်စီ  စိတ်ကြိုက် ပြောင်းလဲထားသည်။

မြန်မာ၏ အထူးစီးပွားရေးဇုန် ၃ ခုအနက် အအောင်မြင်ဆုံးဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနေရာတွင်လည်း NLD အစိုးရလက်ထက်တွင် ထုတ်ပယ်ခံရသည့် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးရန်နိုင်ထွန်းကို ခန့်သည်။

သွင်းကုန်ထုတ်ကုန်လိုင်စင်များ ထုတ်ပေးရာတွင် လစ်ဟာမှုများရှိသည်ဆိုကာ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကို ၂၀၁၉  ဇန်နဝါရီလအတွင်း သမ္မတဦးဝင်းမြင့်အမိန့်ဖြင့် ရာထူးမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s