Monthly Archives: Dec 2021

ကယားတွင် စစ်ကောင်စီခန့် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနမှ အောင်မိုးသူကို KDF ကဖမ်းဆီးပြီး ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ထံ အပ်နှံ

ကယားပြည်နယ်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေသော အောင်မိုးကို ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)က ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၈နာရီခန့်တွင် ဖမ်းဆီးခဲ့ပြီး ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ KSPထံ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လွှဲပြောင်း အပ်နှံခဲ့ကြောင်း ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF)တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) သည် လူ့အခွင့်အရေးဆိုင်ရာ မှုဝါဒများကို နားလည်းထားပြီး NUG မှ ချမှတ်ထားသော စည်း မျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာလျက်ရှိကြောင်းနှင့် KDF အနေဖြင့် အခြေအမြစ် မရှိသောသတင်းများ၊ ပြည်သူများကိုပြန်ပေးဆွဲခြင်း၊ ငွေတောင်းခံခြင်း၊ ပြည်သူများ၏ လုံခြုံရေး ထိပါးစေသောကိစ္စ များကို မည်သို့ မည်ပုံမျှ ပြုလုပ်ခြင်းမရှိဘဲ ပြည်သူလူထုများကို ကာကွယ်ရန် အခြားသော မဟာမိတ် အဖွဲ့အစည်းများဖြင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်သည်အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ khit thit

လေကြောင်းအသုံးပြုနေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် အရေးယူပေးရန် ဂျပန်ရောက်မြန်မာဆန္ဒပြ

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဒီဇင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အသံတိတ် လမ်းလျှောက်ချီတတ်ဆန္ဒပြခဲ့ကြသည်။ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လေကြောင်းအသုံးပြုကာ တိုက်ခိုက်နေသည့်အပေါ် နိုင်ငံတကာအနေဖြင့် အရေးယူပေးရန် တောင်းဆိုဆန္ဒပြကြခြင်း ဖြစ်သည်။

“စစ်ပွဲတွေကြား လူသားမဆန်စွာ ပြည်သူလူထုအပေါ်အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့တိုက် တွန်းနိုးဆော်ထားပါတယ် ။ No Fly Zone အဖြစ် သတ်မှတ်ပေးပြီး ပြည်တွင်းစစ်မှာလေကြောင်းအသုံးပြုနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ အထူးအလေးပေး တောင်းဆိုထားပါတယ် “ ဟု ဆန္ဒပြ ပါဝင်သူများက ပြောသည်။

ပါဝင်ဆန္ဒပြတောင်းဆိုသူများက အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုမြောက် ကျူးလွန်သည့်အချက်များကိုလည်း ဂျပန်နိုင်ငံခြားရေး ဝန် ကြီးဌာနသို့ ဒီဇင်ဘာလ ၂၇ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရအနေနှင့် NUG အစိုးရနဲ့တွေ့ဆုံပြီး မြန်မာအရေးကိုချိတ်ဆက်ဆောင်ရွက်နိုင်ရန် Sign Campaign ကိုလည်း ပြုလုပ်ကာရရှိသည့်လက်မှတ်များကို ဂျပန်လွှတ်အမတ်များမှတစ် ဆင့် ဂျပန်အစိုးရထံသို့ ပေးပို့ကာ ဆက်လက်ဖိအားပေးတောင်းဆိုသွားမည်ဟုလည်းသိရသည်။ mizzima

ရွာငံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်သူ ၂၀ ကျော် အဖမ်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ် နဘန်းကြီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ရွာငံမြို့လမ်းဘေးရှိ သမဝါယမကော်ဖီစက်ရုံဝင်းထဲမှာ ဒီဇင်ဘာ ၂၂ရက်နေ့က နဘန်းကြီးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးလေး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နဘန်းကြီရွာ တောင်ပိုင်းနေ ကျေးလက်ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီအင်အားအများအပြားနဲ့ ရွာကို လာတယ်၊ ရွာက ခန်းမထဲမှာ သူတို့ မသင်္ကာတဲ့သူ ၁၅၀ ကျော်လောက် ဖမ်းထည့်တယ်၊ စစ်တယ် မေးတယ်။ အဲဒီထဲကမှ ၂၀ ကျော်ကို ထပ်စစ်စရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ ဘယ်မှာထားမယ်၊ စစ်မယ်ဆိုတာတော့ မသိရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အသက် ၇၀ အရွယ် နဘန်ကြီးအုပ်ချုပ်ရေးမှူး ဦးမျိုးလေးဟာ ထွေအုပ်ဝန်ထမ်း အငြိမ်းစားတစ်ဦးဖြစ်ပြီး ကျေးရွာသမဝါယမမှာလည်း ပါဝင်လုပ်ဆောင်နေသူဖြစ်သလို နဘန်းကြီးသမဝါယမကော်ဖီစက်ရုံမှာ ကူညီပေးနေသူ ဖြစ်တယ်လို့ သိရပါတယ်။

ဦးမျိုလေးအား ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ(၁)၊ တောင်ကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ အေးသာယာမြို့ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ခွဲ(၁)၊ ရွှေညောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့တပ်ဖွဲ့ ၄ ခု ပူးပေါင်း ပစ်ခတ်ခဲ့တာလို့ ကြေညာထားပါတယ်။

နဘန်းကြီးရွာဟာ ပွေးနဖားရွာ နဲ့ နဘန်းကြီးရွာ ၂ ရွာပေါင်းထားတဲ့ ကျေးရွာအုပ်စု ဖြစ်ပြီး အိမ်ထောင်စု ၁၃၀၀ ကျော်လောက် ရှိနေပါတယ်။ DVB

ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးရွာအဝင်ရှိ စစ်ဆေးရေးဂိတ် ဗုံးသီးဖြင့် ပစ်ခတ်ခံရ

ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးရွာ အဝင်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၃ နာရီ ၃၅ မိနစ်တွင် ကွမ်းခြံကုန်း ပြည်သူ့ကာကွယ်ရေးတပ် (Kungyangon-PDF) က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်။ ကွမ်းခြံကုန်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ဖြစ်သော တွံတေး ပြည်သူ့ကာကွယ်ရေးတပ် (Tontay- PDF) ဝာာဝန်ရှိသူ တစ်ဦးက ယင်းဖြစ်စဉ်ကို အတည်ပြုသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်ကိုမှု လုံခြုံရေးအရ ဖြေကြားနိုင်ခြင်း မရှိဟု Tontay- PDF ဝာာဝန်ရှိသူက ပြောသည်။

“တော်ခရမ်းလေးရွာအဝင် လမ်းထိပ်က စစ်တပ် ကင်းတဲ ဒီမနက် ၃ နာရီခွဲ လောက်က ဗုံးနဲ့ အပစ် ခံရတယ်လို့တော့ ကြားတယ်။ ထိခိုက်မှု ရှိ၊ မရှိ‌တော့ မသိဘူး ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက်ကလည်း ကော့မှူးမြို့နယ် မီးသတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမနှင့် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။ mizzima

ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိဆင်နွှဲ​နေပြီး အချိန်ပေးရန် NUG ကာကွယ်ရေးဝန် ကြီး ပြော

မဟာမိတ်တွေနဲ့ ညှိနှိုင်းရေးဆွဲထားတဲ့ မဟာဗျူဟာအစီအစဉ်ကို စနစ်တကျ အဆင့်လိုက် အကောင်အထည်ဖော်နေပြီး အချိန်နည်းနည်းပေးဖို့နဲ့ အကြံပြုတိုက်တွန်းတာတွေကိုလည်း နာခံဖို့ အသင့်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) ဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလို အသိပေးရေးသားထားတာပါ။

“ဒီ​နေရာမှာ Chain Of Command တည်​ဆောက်မှုဟာ အင်မတန်အ​ရေးကြီးပါတယ်။ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံးရဲ့ Chain Of Command ဟာ NUG/MOD နဲ့ မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားတဲ့ ကွပ်ကဲမှုစနစ် ဖြစ်ပါတယ်။ လတ်တ​လော နိုင်ငံအနှံ့ ပေါ်ပေါက်နေတဲ့ အ​ရေးကြီးတဲ့ တိုက်ပွဲ​တွေဟာ ဒီ Chain Of Command​ အောက်က သွား​နေတာ ဖြစ်ပါတယ်။  အရပ်ဘက်ကွပ်ကဲမှုကို NUG/MOD က တာဝန်ယူပြီး စစ်​ရေးဦး​ဆောင်မှုကို မဟာမိတ် စစ်​ရေးကျွမ်းကျင်သူများက တာဝန်ယူပါတယ်။ ဒေသတိုင်း၊ တိုက်ပွဲတိုင်း၊ တပ်ဖွဲ့ တိုင်းဆီကို ဒီ Chain Of Command​ ရောက်ရှိဖို့ ကျနော်တို့  မနားမ​နေ ကြိုးစား​​နေပါတယ်။” 

အထူးသဖြင့် မဟာမိတ်တွေနဲ့ ညှိနှိုင်း​ရေးဆွဲထားတဲ့ မဟာဗျူဟာ အစီအစဥ်ကို စနစ်တကျ အဆင့်လိုက် အ​ကောင်အထည်​ဖော်​နေတာလို့ သူက ဆိုပါတယ်။

“စစ်​မြေပြင် တစနေရာမှာ ကိုယ့်ရဲ​ဘော်​တွေ ထိခိုက်တယ်၊ ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUG အ​ပေါ် အားမလို အားမရ ဖြစ်ကြတဲ့အ​ပေါ် ကျနော်တို့ ​ကောင်း​ကောင်း နားလည်ပါတယ်။ NUG ဘာလုပ်​နေသလဲလို့ ပြစ်တင်​မောင်းမဲကြတာ​တွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ) ကိုလည်း ကျနော်တို့ အ​လေးအနက်ထားပါတယ်။ သို့​သော် စစ်မဟာဗျူဟာနဲ့ စီမံချက်များဟာ စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်တဲ့အတွက် အားလုံး အသိ​ပေး ရှင်းပြခြင်း မပြုနိုင်တဲ့အ​ပေါ် နားလည်​ပေးဖို့ ​ပန်ကြားပါတယ်။”

NUG ကာကွယ်ရေးဝန်ကြီးဌာနအ​နေနဲ့ ရှိတဲ့အရင်းအမြစ်အားလုံးကို အကျိုးအရှိဆုံး အထိ​ရောက်ဆုံးဖြစ်​အောင် စီမံခန့်ခွဲ သုံးစွဲ​နေတယ်လို့လည်း ဦးရည်မွန်က ပြောပါတယ်။ 

“အခုဆိုရင် Regular PDF  တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။ တချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။ အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Command တည်​ဆောက်မှု၊ မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန် အ​ရေးကြီးပါတယ်။” 

လက်ရှီမှာ PDF တပ်ဖွဲ့ ဝင်​တွေဟာ မဟာမိတ်ရဲ​ဘော်​တွေနဲ့ လက်တွဲပြီး စစ်​မြေပြင်မှာ လက်​တွေ့တိုက်ပွဲဝင်​နေကြသလို တိုက်ပွဲဝင်ဖို့ အဆင် သင့်ဖြစ်​နေတဲ့ PDF တပ်ရင်းတပ်ဖွဲ့​တွေလည်း အ​မြောက်အမြား ရှိ​နေပြီလို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် သမိုင်းတ​လျှောက် မကြုံဖူးတဲ့ ပြည်သူ့​ထောက်ခံပါဝင်မှု၊ ​တော်လှန်​ရေးအင်အားစုတွေအကြား မကြုံဖူးတဲ့ အမျိုးသား စုစည်းညီ ညွတ်မှုကို တည်​ဆောက်ထားနိုင်တဲ့ အ​ခြေအ​နေမှာ ဒီ​တော်လှန်​ရေး မုချ​အောင်မယ်လို့ ယုံကြည်ပြီး NUG အ​နေနဲ့လည်း ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ မခိုမကပ် အလုပ်လုပ်​နေတယ်လို့ သူက ဆိုပါတယ်။ 

“စစ်​ကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှုကို အပြင်းအထန် ခံ​နေရတဲ့ ပြည်သူ​တွေ၊ စစ်​မြေပြင်မှာ အသက်စွန့် တိုက်ပွဲဝင်​နေတဲ့ ​တော်လှန်​ရေးရဲ​ဘော်​တွေ အားတက်​စေမယ့်စကား၊ ​တော်လှန်စစ်အတွက် အကျိုးရှိ​ရ​စေမယ့်စကားကို များများဆို​စေလိုပါတယ်။ NUG၊ PDF နဲ့ မဟာမိတ်​တွေကို အချိန်တခု ​ပေးပါ၊ မိတ်​ဆွေတို့ ​မျှော်လင့်တဲ့ ရလဒ်များကို သူတို့ ရယူ​ပေးပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရ​စေရဘူးဆိုတာ ကတိပြုပါတယ်။” 

ပြီးတော့ ရဲဘော်မိတ်ဆွေတွေရဲ့ လေးနက်​တဲ့အကြံပြု တိုက်တွန်းချက်တွေအ​ပေါ်မှာလည်း နာခံ​ဆောင်ရွက်သွားဖို့ အသင့် ရှိ​​တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင် အပါအဝင် ပြည်နယ်နဲ့တိုင်းအတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက မြေပြင်နဲ့ ဝေဟင်ကပါ စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် ပြည်သူ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ DVB

အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု ၂ မှု မနက် ဖြန် ပြစ်ဒဏ်အမိန့် ချမှတ်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုနှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အမှု နှစ်မှုတို့အတွက် လာမည့် ဒီဇင်ဘာလ ၂၇ ရက်တွင် အပြီးသတ်အမိန့် ချမှတ်ရန်ရှိနေသည်ဟု ရှေ့နေ အသိုက်အဝန်းထံက သိရသည်။ အ ဆိုပါ အမှုနှစ်မှု အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်က အပြီးသတ် အမိန့်ချရန် တရားရုံးက ဆုံးဖြတ်ထားသော်လည်း အမိန့်ချမှတ်မည့်နေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားခွင် တရားသူကြီးက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် သည်။

အလားတူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကနဦး ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့သည့် သဘာဝဘေး ဥပဒေ ပုဒ်မ ၂၅ အမှု နှင့် ဆူပူအောင် လှုံဆော်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှု တို့အတွက်လည်း အမိန့်ချမည့်ရက် ရွှေ့ဆိုင်းခဲ့ဖူးသည်။ အဆိုပါ အမှု နှစ်မှုအတွက် နိုဝင်ဘာလ ၃၀ ရက်အတွင် အမိန့်ချမှတ်ရန် တရားရုံးက ကနဦး ဆုံးဖြတ်ခဲ့သော်လည်း ဒီဇင်ဘာလ ၆ ရက်မှသာ အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။“ အမှု အခြေအနေ ပေါ်ပေါက်တဲ့ပေါ် မူတည်ပြီး ရွှေ့ဆိုင်းလို့ ရပါတယ်။ ဥပဒေအရ သီးခြားကြီး ရွှေ့ဆိုင်းရမယ် မရွှေ့ဆိုင်းရဘူးလို့တော့ သတ်မှတ်ထားတာမရှိဘူး။

သို့သော် ကျင့်ဝတ်အရကတော့ ဒီနေ့ အမိန့်ချမယ်ဆိုရင်တော့ အဲ့ဒီနေ့မှာ အမိန့်ချဖြစ်အောင် ကြိုးစားကြရတာပေါ့။ သို့သော်လည်းပဲ အမှုရဲ့ အနေအထားအရ အများပြည်သူ စိတ်ဝင်စားတဲ့ အမှုမျိုးလည်း ဖြစ်မယ် နောက်ပြီး အမိန့် ချမှတ်လိုက်တဲ့ အပေါ်မှာလည်း ရိုက်ခတ်မှု ရှိနေနိုင်တယ်ဟေ့ ဆိုရင်တော့ တရားသူကြီးက လုံလောက်တဲ့ သုံးသပ်ချက်ရေးနိုင်ဖို့ အချိန်ယူတတ်ကြပါတယ်။ သို့သော်လည်းပဲ များသောအားဖြင့် တရားရုံး ညွှန်ကြားချက်တွေကတော့ ရုံးချိန်း နှစ်ချိန်းထက် ပိုပြီးတော့ ရွှေ့ဆိုင်းလို့ မရပါဘူး။ ဒါက ပြောမယ်ဆိုရင် လက်ရှိ ကျင့်သုံးနေတဲ့ တရားရုံးတွေရဲ့ ကျင့်ထုံးကျင့်စဉ်ပေါ့လေ” ဟု အမည်မဖော်လိုသူ ဥပဒေပညာရှင် တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် နေပြည်တော်၊ ဇေယျသိဒ္ဓိရပ်ကွက် ၊ မြနန်းဘုံသာလမ်း၊ ခြံအမှတ် ၃၃(A)ရှိ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေစဉ် သူ၏ သက်တော်စောင့်များ အပါအဝင် နေအိမ် အဝင်အထွက်ဂိတ်နှင့် ကိုယ်ရေးအရာရှိ အဆောင်တွင် စကားပြောစက်အချို့နှင့် ဆက်သွယ်ရေး ဖြတ်တောက်စက်(Jummer) တစ်စုံကို တွေ့ရှိခဲ့သည်ဟုဆိုကာ မနက်ဖြန် ဒီဇင်ဘာလ ၂၇ ရက်တွင် အမိန့်ချမည့် အမှုများအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအမှုနှစ်မှုနှင့် ပတ်သက်၍ သူ၏ နေအိမ်အတွင်း ထိုပစ္စည်းများ တွေ့ရှိခြင်း မဟုတ်ကြောင်း တရားခွင်တွင် ချေပပြောဆိုထားသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးက အပြီးသတ် အမိန့်ချမှတ်မည့် ရက်ကို ဆုံးဖြတ်ခဲ့ကြသော်လည်း ရက်ကို ပြန်လည်ရွှေ့ဆိုင်းပစ်ခဲ့ခြင်းသည် မနက်ဖြန် အမိန့်ချမည့် အမှု နှစ်ခု အပါအဝင် အမှုလေးခုအတွက် နှစ်ကြိမ်မြောက်ရှိနေပြီဖြစ်သည်။နိုင်ငံတော်အဆင့် စိတ်ဝင်စားရသည့် အမှုများ ဖြစ်ခြင်း၊ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအပေါ် ချမှတ်မည့် အမိန့်များအတွက် နိုင်ငံတ ကာက နားစွင့်နေခြင်းတို့ အပြင် တရားသူကြီးနောက်ကွယ်မှ ကြိုးကိုင်နေသူ ရှိသောကြောင့် ထိုသို့ အမိန်ချရက်များ ရွှေ့ဆိုင်းနေခြင်းဖြစ် ကြောင်း အများပြည်သူ၏ ဝေဖန်မှုများ မြင့်တက်နေသည်။

“ပြည်သူလူထုက ရွေးချယ်ထားတဲ့ အခွင့်အာဏာရှိတဲ့ တရားစီရင်ရေး အခြေအနေ မဟုတ်ဘဲနဲ့ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ အာဏာ သိမ်း စစ်ကောင်စီလက်ထက်မှာတော့ ဒီလို ဝေဖန်မှုတွေက အမြဲတမ်း ပေါ်ပေါက်တတ်ပါတယ်။ ဒါကြောင့်မို့ ဒီကာလတွေမှာ တရားစီရင်ရေးဖြစ်တဲ့ တရားရုံးတွေဟာ လွတ်လပ်စွာ ဆုံးဖြတ်ရမယ် မျှတစွာ ဆုံးဖြတ်ရမယ်ဆိုတဲ့ မူတွေနဲ့ မကိုက်ညီဘူး။ အုပ်ချုပ်ရေးဘက်ကနေမှ တရားစီ ရင်ရေးအပေါ်မှာ လွှမ်းမိုးနေတာတွေ၊ အုပ်ချုပ်သူတွေ အလိုကျ လိုက်ပြီးဆုံးဖြတ်ပေးနေရတာမျိုးရှိတဲ့ အတွက် ဒီလိုဝေဖန်မှုကတော့ အမြဲ တမ်း ရှိပါတယ်။

တကယ်ဟုတ်၊ မဟုတ်ဆိုတာကတော့ အမိန့်ထွက်လာမှပဲ သုံးသပ်နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟုလည်း ဥပဒေအကြံ ပေးတစ်ဦးက ဆို သည်။မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ စစ်အာဏာသိမ်းခံထားရသည့် နိုင်ငံတိုင်းတွင် တရားစီရင်ရေးသည် လွတ်လပ်မှု ကင်းမဲ့သွားတတ်ကြောင်း၊ တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ စေခိုင်းသည့် အတိုင်းသာ ဆုံးဖြတ်ရကြောင်း ၎င်းကဆိုသည်။ထို့ကြောင့် စစ်ကောင်စီလက်ထက်တွင် တည်ဆဲ အမိန့်များနှင့် မျှတသည့် ပြစ်ဒဏ်မျိုးများကို မျှော်လင့်၍ ရနိုင်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။

အသက် ၇၆ နှစ်ခန့် ရှိပြီဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှု ၁၂ မှုဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် သဘာဝဘေးတစ်မှုနှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အမှု နှစ်မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် နှစ်နှစ်စီ ပြစ်ဒဏ်ချခံထားရပါ သည်။သို့သော် အမိန့်ချမှတ်သည့် ညပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဋ္ဌာနက အမှုနှစ်မှုအတွက် စုစုပေါင်းပြစ်ဒဏ် လေးနှစ် အနက် နှစ်နှစ်ကို လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း ထုတ်ပြန်ခဲ့သည်။ mizzima

ရန်ကုန်ကွမ်းခြံကုန်းမြို့နယ် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို PDFက ၄၀မမ ဗုံး လက် နက်ဖြင့်ပစ်ခတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာအထွက် ကွမ်းခြံကုန်းပိုင် တော်ခရမ်းလေးကျေးရွာအဝင် လမ်းထိပ်က အကြမ်း ဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDFက ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကော့မှူးသတင်းအေဂျင်စီထံမှ သိရှိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသကာ ကွယ်ရေး PDF နှင့်နီးစပ်သူများထံမှ သိရှိရသည်။“တော်ခရမ်းလေးရွာအဝင် လမ်းထိပ်က စစ်တပ် ကင်းတဲ ဒီမနက် ၃နာရီခွဲလောက်က ဗုံးနဲ့ အပစ်ခံရတယ်လို့တော့ ကြားတယ် ထိခိုက်မှု ရှိ/မရှိ‌တော့ မသိဘူး ”ဟု ဒေသခံတစ်ဦးက Kawhmu News Agencyသို့ ပြောဆိုသည်။

ဒီဇင်ဘာလ (၁၈)ရက်နေ့ ကော့မှူးမြို့နယ် မီးသတ်စခန်းကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီးလက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။ khit thit

လက်နက်ခဲယမ်းများ လာအပ်ရန် မကွေးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက လိုက်လံကြေညာ

မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ လာရောက်အပ်နှံဖို့ စစ်ကောင်စီက လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။

PDF အဖွဲ့တွေအနေနဲ့ တရားမဝင်လက်နက် ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းတွေအပြင် လက်လုပ်သေနတ်နဲ့ ဆက်စပ်ပစ္စည်းတွေ အပ်နှံဖို့ ရပ်ကွက်တွေထဲ စစ်ကောင်စီတပ်က အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ 

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံရေး စစ်ရေးအမြတ်ထုတ်ဖို့ လက်နက်ခဲယမ်း၊ မိုင်းတွေကို ပြည်တွင်းကို နည်းမျိုးစုံနဲ့ တင်သွင်းနေတာကြောင့် အဲဒီလက်နက်ခဲယမ်းတွေကို လာရောက်အပ်နှံကြဖို့ လိုက်လံကြေညာနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံ့အကြီးကဲတွေကို မတရားဖမ်းဆီးပြီး စစ်တပ်က အာဏာ သိမ်းပိုက်လိုက်ပြီးနောက် နိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာလို့ PDF တပ်ဖွဲ့ ဝင်တစ်ယောက်က ပြောပါတယ်။

ဘက်လက်နက်မှမပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို မတရား ဖမ်းဆီးထောင်ချ သတ်ဖြတ်တဲ့ စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေဟာ ပြည်သူလုထုရဲ့ အသက်အိုအိမ် စည်းစိမ်ကို အကာကွယ်ပေးဖို့ ပြည်သူ့ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပြီးတော့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ဖို့ ကိုင်ဆောင်ထားတာဖြစ်လို့ ဘာလက်နက်မှ အပ်စရာအကြောင်းမရှိဘူး” လို့ ပြောပါတယ်။

ရှေ့ဆက်ပြီး ပြည်သူတွေရှေ့ကနေ ရပ်တည်ကာ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ PDF တပ်ဖွဲ့တွေ ပြောထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ပြည်သူလူတွေအနေနဲ့ လက်နက်၊ ခဲယမ်းနဲ့ မူးယစ်ဆေးတွေ လက်ဝယ်ရောက်ရှိ သိမ်းဆည်းထားရှိပါက ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး နီးစပ်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အပ်နှံကြဖို့  ဒီ ဇင်ဘာ ၁၉ ရက်နေ့က သတိပေးနှိုးဆော်ထားပါတယ်။ DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး ၃၂၂ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ကလေးမြို့တွင် ချီတက်ဆန္ဒပြ၊ ဖရူဆိုတွင် မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူများအတွက် ဝမ်းနည်းခြင်းအ ထိမ်းအမှတ်ပြုလုပ်

khit thit

« Older Entries Recent Entries »