Monthly Archives: Dec 2021

မန္တလေးခရိုင်တရားရုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူဦးရေ ၃၀၀ကျော်၏ ကိုယ်ရေးအ ချက်အလက် ရဲတပ်ဖွဲ့ရယူသွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးခရိုင် တရားရုံး၌ ယနေ့ ဒီဇင်ဘာလ ၂၇ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းတွင် တရားရုံးအတွင်းရှိ လူဦးရေ ၃၀၀ ကျော်ခန့်၏ ကိုယ်ရေးအချက်အလက်များကို ရဲများက ရယူသွားကြောင်း သိရသည်။ ပေါက်ကွဲပြီး မိနစ် ၂၀ အတွင်း ရဲများရောက်လာပြီး စစ်ဆေးမှုများ ရှိခဲ့ကြောင်း၊ ရုံးထဲ ရောက်နေသူများ အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး နေ့လယ် ၁နာရီမှ အပြင်ထွက်နိုင်ခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူကပြောသည်။

တရားရုံးအတွင်းရှိ တာဝန်ရှိသူများနှင့် ပြည်သူများ စုစုပေါင်း ဦးရေ ၃၀၀ ကျော်ကို တရားရုံးထဲမှ မထွက်မီ နေ့လယ် ၁နာရီ ဝန်းကျင်တွင် တန်းစီခိုင်းပြီး ကိုယ်ရေး အချက်အလက်များနှင့် ဓာတ်ပုံများ ရိုက်ယူသွားကြခြင်းဖြစ်သည်။

”ကျွန်တော်တို့ မထွက်ခင် တိုင်လုံးကြီးတွေရှိနေတဲ့နေရာမှာ တန်းစီခိုင်းပြီး ကိုယ်ရေးအချက်အလက်တွေ တရားရုံးကိုလာရတဲ့အကြောင်းရင်းတွေမေးပြီး ဓာတ်ပုံတွေရိုက်ယူတယ်။ လူတွေက များတော့ အကြာကြီး စောင့်လိုက်ရတယ်။ ပြန်တော့လည်း ဂိတ်ဝအထိ ဆယ်ယောက်တစ်တွဲ လုံခြုံရေးအပြည့်နဲ့လိုက်ပို့တယ်”ဟု ကိုယ်တွေ့ကြုံသူတစ်ဦးက ပြောသည်။

တရားရုံး ဒုတိယထပ် စင်္ကြံလမ်းတွင် ပေါက်ကွဲခဲ့သည်မှာ မိုင်း သို့မဟုတ် ချိန်ကိုက်ဗုံးဟု ပြောဆိုနေကြသည်။ ”ကျန်တဲ့ အထပ်တွေထိပါ ယမ်းငွေ့တွေရတယ်။ အသံကျယ်ချက်က ကိုယ့်ဘေးနား ပေါက်သလားပဲ။ စင်္ကြံလမ်း တပ်ထားတဲ့ ကင်မရာ (CCTV) တည့်တည့်ပေါက်တာ။ မှန်တွေ ကွဲတယ်။ လူအထိအခိုက်မရှိဘူး။” ဟု ပြည်သူတစ်ဦးက ပြောသည်။ mizzima

ကရင်နီ ပြည်သူ ၃၅ ဦးကျော်ကို အစုလိုက်အ ပြုံလိုက် အရှင်လတ်လတ် မီးရှို့သ တ်ဖြတ်သည့် စစ်ကောင်စီကို နိုင်ငံတကာက အရေးယူရန် AA ၊ MNDAA နှင့် TNLA မြောက်ပိုင်းမ ဟာမိတ် ၃ ဖွဲ့ တောင်းဆို

ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ကရင်နီပြည်သူများကို လူမဆန်စွာ အစုလိုက်အပြုံလိုက် မီးရှိသတ်ဖြတ်မှုအတွက် စစ်ကောင်စီကို နိုင်ငံ တကာက အရေးယူရန် ရခိုင်တပ်တော် AA ၊ ကိုးကန့် MNDAA ၊ ပလောင် TNLA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြေ ညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကရင်နီပြည်၊ ဖရူဆိုမြိုနယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၁၀၈) ဦးဆောင်သောတပ်များက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ အပြစ်မဲ့ပြည်သူ (၃၅) ဦးကျော်အား ကားပေါ်တင်၍ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိင်းရန်သွားရောက်ခဲ့ကြသော နယ်ခြားစောင့် တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် (၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုက်ရူးရဲဆန်စွာ တပါတည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် စစ်ကောင်စီ အနေဖြင့် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ဤကဲ့သို့သော လုပ်ရပ်များမှာ စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့၏ဒေသများ၌ လုပ်လေ့ လုပ်ထရှိသော လုပ် ရပ်တစ်ခုသာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း လက်ရဲ ဇက်ရဲ ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်း ဝေဖန်ထောက်ပြထားသည်။

ခရစ္စမတ်အကြိုနေ့၌ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှိ့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇ ဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်သင့်ပါကြောင်း တောင်းဆိုထုတ်ပြန်ထား သည်။ khit thit

ထိုင်း နယ်စပ်ဂိတ် ၂ ခုတွင် မြန်မာနိုင်ငံသား ၇၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ်ဂိတ် နှစ်ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၉ ဦးကို နှစ်ရက် ဆက်တိုက် ဖမ်းမိခဲ့ကြာင်း ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ Army PR Center လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၄ ဦး သည် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော ရနောင်း-ကော့သောင်း နယ်စပ်ဂိတ် တောလမ်းတွင် ဒီဇင်ဘာ လ ၂၅ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း Army PR Center လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၂၅ ဦးကို မြန်မာ-ထိုင်း နယ်စပ် ကန်ကျနဘူရီခရိုင်နှင့် ထားဝယ်ခရိုင် ထိစပ်နေသော ထီးခီးနယ်စပ်ဂိတ်တွင် ဖမ်းဆီးခဲ့သည်။၎င်းတို့၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ၌ အလုပ်သွားလုပ်ရန် ပွဲခ တစ်ဦး ဘတ် ၂၀၀၀၀ မှ ဘတ် ၂၅၀၀၀ အထိ ပေး၍ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်း၌ ပြောဆိုထားသည်။ mizzima

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား ကိုအောင်ဘုန်းကျော်ကို စစ်တပ်က ဖမ်းဆီးပြီး ၁ ရက် အကြာ စစ်ကြောရေးတွင် သတ်ဖြတ်

ရန်ကုန် တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာမွေမြို့နယ်တွင် ဖမ်းဆီးသွားပြီးနောက် ၁ရက်အကြာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

ကိုအောင်ဘုန်းကျော်သည် အာဏာရှင်ကို အသက်စွန့်ကာ အန်တုခဲ့ခြင်းကြောင့် ကျောင်းသား အာဇာနည်တစ်ဦးအဖြစ် ဦးညွှတ်အလေးပြုကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆုံးခန်းတိုင် လျှောက်လှမ်းမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။ khit thit

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဟောင်းများကို ပြန်လည်ခေါ်ယူ၍ လက်နက်များတပ်ဆင်ပေးထား ဟုဆို

ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ စစ်မှုထမ်းဟောင်းများကို စစ်ကောင်စီက ပြန်လည်ခေါ်ယူကာ လက်နက်များ တပ်ဆင်ပေးထားသည်ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တစ်ဦးထံမှ သိရသည်။မြို့နယ်အလိုက် ဖွင့်လှစ်ထားသည့် စစ်မှုထမ်းဟောင်းရုံးများမှ တစ်ဆင့် ပြန် လည်ဆက်သွယ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အချို့ကို တိုက်ခန်းပေးမည်၊ မြေကွက်ပေးမည်ဟု စွဲဆောင်ကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှသိရသည်။

“ဆိုက်ကားနင်းရင်း ရေထမ်းစားနေတဲ့ကောင်ကိုတော့ ရိက္ခာပေးမယ်။ တစ်လကို သုံးသိန်းခွဲပေးမယ်ဆိုပြီးတော့ ခေါ်တယ်။လေ့ကျင့်ရေး တစ်ပတ်ပြန်လုပ်ခိုင်းပြီး တပ်လုံခြုံရေးနဲ့ မြို့တွင်းလုံခြုံရေးတွေမှာ ချထားတယ် ။ အခုထိတော့ ကျွန်တော်တို့ဆီကနေ ရှေ့တန်းပို့လိုက်တဲ့သူမရှိသေးဘူး။ သေနတ်တွေတော့ ပြန်ထုတ်ပေးထားတယ် ။ သူတို့ပြောသလို တကယ်ပေး၊ မပေးကတော့ လကုန်မှသိရမယ်။ ရှေ့မှာက ရိက္ခာနဲ့ စရိတ်ပဲပေးထားသေးတာ”ဟု အမည်မဖော်လိုသူ စစ်မှုဟောင်းတစ်ဦးကပြောသည်။

တပ်ကြပ်ကြီးအဆင့်နှင့် ပင်စင်ရယူခဲ့သူများကိုတိုက်ခန်းနှင့် မြေကွက်ပေးမည်ဟု ပြောဆိုကာပြန်လည်ခေါ်ယူထားခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။“ဆရာကြီးတွေကိုတော့ တိုက်ခန်းပေးမယ်ပေါ့။ အခုတော့ မဟုတ်သေးဘူး။ ဒါတွေကမကြာခင်မှာ အမြန်ဆောက်တော့မှာမို့ ရွေး ကောက်ပွဲကျင်းပပြီးရင် အကုန်လုံးကို ပေးပါမယ်လို့ခေါ်တာ ကျွန်တော်တော့မယုံပါဘူး။ အခုလည်း ပြန်မဝင်ရင် ပြဿနာတက်မှာစိုးလို့သာ ဝင်လိုက်တာ။ မိန်းမကတော့ မကြိုက်ဘူး။ တခြားကောင်တွေကတော့ ဘယ်လိုနေလဲမသိဘူး”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီက ပြန်လည်ခေါ်ယူမှုကြောင့် တပ်တွင်းပြန်လည်ရောက်ရှိနေသူ‌ ဦးရေ ၆၀ကျော်ခန့်ရှိပြီး အများစုသည် ငွေကြေးလိုအပ်ချက်နှင့် စစ်ကောင်စီကပေးအပ်မည့်ဆိုသည့် ရပိုင်ခွင့်များကြောင့် ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။“အများကြီးတော့ သူတို့မရဘူးလေ။ ပြန်ဝင်ရတဲ့ကောင်တွေက အပြင်မှာလည်း မနေတတ် စားဖို့လည်း ခက်နေချိန်ဖြစ်တော့ ပြန်ဝင်တာက ကျွန်တော်သိတာ ၆၀လောက်ရှိမယ်။ ကျွန် တော်တို့လိုအဖိုးကြီးတွေရော၊ အရက်သမားရော ၊လက်ချောင်းမရှိတဲ့ကောင်ရော စုံနေတာပဲ။ အရင်ထဲက ကြောင်တောင်တောင်နဲ့ စုဆောင်းရေးရောက်ပြီး ပြန်ထွက်သွားတဲ့ ကျပ်မပြည့်တဲ့ကောင်တွေလည်း ပါတယ်”ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်းက ပြောသည်။

စစ်ကောင်စီ၏ တပ်ရင်းများအတွင်း စစ်သားများ၏ ဇနီးမယားများကိုသာမက သားသမီးများကိုပါ စစ်သင်တန်းပေးထားပြီး အရာရှိကတော်များလုံခြုံရေးအတွက် ယခင်ကကဲ့သို့ တပ်သားများကို ချထားနိုင်ခြင်းမရှိတော့သည့်အတွက် သင်တန်းပေးထားသည့် စစ်သားဇနီးမယားများကိုသာ ခိုင်းစေထားကြောင်း တပ်တွင်းရောက်ရှိခဲ့သည့် စစ်မှုထမ်းဟောင်းတချို့ထံက သိရသည်။ mizzima

တနိင်း၊ ရှဒူဇွပ်ကျေးရွာအနီးတွင် စစ်ကောင်စီဘက်​တော်သားဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နှင့် KIA တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ်များ သေဆုံးထိခိုက်မှုရှိ၊ စစ်အသုံးအဆောင်များနှင့် ကား ၁ စီးကို KIA သိမ်းဆည်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီး လမ်းလေးဆုံတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ကျဆုံးမှုများကာ 4×4 ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ ဝင်ရောက်လာသော ပြည်သူ့စစ်တပ်ဖွဲ့ကို KIA က တိုက်ခိုက်ခြေမှုန်းခဲ့ပြီး ပြည်သူ့စစ်များ၏ လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများအပြင် 4×4 ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ခြင်းဖြစ်သည်။ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကမူ တိုက်ပွဲဖြစ်ပွားခြင်းကို အတည်ပြု ထုတ်ပြန်ပြီး တိုက်ပွဲ ၂ နာရီကျော်ဖြစ်ပွားကြောင်း ပြည်သူ့စစ်အဖွဲ့က အကျအဆုံးမရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ကချင်သတင်းဌာနများ၊ ကချင်သတင်းရင်းမြစ်များကမူ ပြည်သူ့စစ်ဘက်က ထိခိုက်ကျဆုံးမှုများရှိကြောင်း ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ကြောင်း ရေးသားဖော်ပြကြသည်။ khit thit

အရာတော်မြို့နယ်၌ လက်နက်များလာအပ်နှံကြရန် စစ်ကောင်စီတပ်က လိုက်လံနှိုးဆော်

လက်နက်ခဲယမ်းတွေ လာရောက်အပ်နှံကြဖို့  စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က  စစ်ကောင်စီက ကားနဲ့ လိုက် လံကြေညာနေပါတယ်။

လက်နက်ခဲယမ်းတွေကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား အပ်နှံကြဖို့နဲ့ မအပ်နှံဘဲတွေ့ရှိပါက တွေရှိရာနေရာက နေအိမ်အဆောက်ဦတွေကို ပြည်သူပိုင်အဖြစ်သိမ်းယူမယ်လို့လည်း ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ကျနော်တို့ကြားတာက NUG ၊ CRPH နဲ့ PDF လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များဟာ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ ဆက်သွယ်‌ရေး ပစ္စည်းများ၊ လက်လုပ်သေနတ်၊ မိုင်း‌တွေသယ်ဆောင်လာတာတွေ ရှိတယ်။ အဲတာ‌တွေအပ်နှံဖို့ အော်နေကြတာ ကြားရတယ်” လို့ ပြောပါတယ်။

အခုလို ကြေညာတာဟာ ၂ ကြိမ်မြောက်ဖြစ်ပြီး အရင်ကလည်း အလားတူ လိုက်လံ ကြေညာခဲ့တာ ရှိသလို ရုပ်မြင်သံကြားနဲ့ နေ့စဉ်သတင်းစာတွေမှာလည်း   အဆိုပါအကြောင်းအရာကို နေ့စဉ် ထုတ်ပြန်နေပါတယ်။ 

ဒေသခံပြည်သူကာကွယ်ရေးတပ်အဖွဲ့ဝင်တစ်ဦးက “ သူတို့အမိန့်ကို နာခံမယ်ဆိုရင် ဒီအဆင့်အထိ ရောက်လာစရာ အကြောင်းမရှိဘူး။ ကျနော်တို့ သူတို့ပြောသလိုအပ်ဖို့ မိုင်းတွေ၊ ရှော့တိုက်ဒုံးတွေ ပြင်ဆင်နေတယ်။ အဝေးကနေပဲ ပစ်ခတ်ပြီး အပ်ရမှာပေါ့ဗျာ။ ကျနော့်အနေနဲ့ကတော့ လက်နက်အပ် အညံ့ခံဖို့ထက် အသက်သေရင်သေပါစေ၊ စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်သွားမယ်”လို့ ဒီဗွီဘီကို  ပြောပါတယ်။ 

စစ်ကိုင်းအတွင်း လက်နက်တွေအပ်နှံဖို့ လိုက်လံ အော်နေတာတွေရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လေယာဉ်ပေါ်ကနေ NUG၊ CRPH၊ PDF အဖွဲ့တွေ မကောင်းကြောင်း စစ်ကောင်စီက ဝါဒဖြန့်လက်ကမ်းစာတွေ ဖြန့်ကြဲတာ ရှိခဲ့ပါတယ်။ DVB

ရေဦးမြို့နယ်ရှိ ရွာများကို စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒီဇင်ဘာလ ၂၀ ရက် နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက် ရှာဖွေမှုများ ပြု လုပ်ပြီးနောက် ရွာသားများအား ဖမ်းဆီးခြင်း၊ လူနေအိမ်များကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ ‌ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် ရွာငယ်ရွာရှိ အိမ်သုံးလုံးကို ဖျက်ဆီးခဲ့သည့်အပြင် ဒီဇင်ဘာလ ၂၅ရက်ကလည်း ခင်ပင်ရွာက အိမ်သုံးလုံးကို ဖျက်ဆီးခဲ့သည်။

“ဒီနေ့က ရွာငယ်ရွာကိုဝင်ဖျက်ဆီးတယ်။ အိမ်သုံးလုံးကိုလည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ရွာထဲကကြက်တွေကိုလည်း ဖမ်းပြီး ချက်စားနေကြတယ်လို့ မြင်တဲ့ လူတွေက ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက်ကလည်း ခင်ပင်ရွာသားအချို့ကို စစ်ကောင်စီက ပေါ်တာဆွဲသည့် အနေဖြင့် ဖမ်းဆီးသွားကြောင်း သိရသည်။

“သူတို့က ရွာသား ကိုးယောက်ကို အရင်ဖမ်းတယ်။ သူတို့ကို ရှေ့ကနေသွားခိုင်းတယ်။ သူတို့လိုတာတွေကို လုပ်ခိုင်းတယ်” ဟု ဒေသခံက ပြောသည်။ ထိုရွာသားများကို နှိပ်စက်ခြင်းမရှိဘဲ ခိုင်းပြီးနောက် ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။ “သုံးအိမ်ကတော့ လုံးဝ နေလို့မရအောင် ဖျက်ဆီးသွားတာ၊ တစ်အိမ်ကိုတော့ မီးတင်ရှို့သွားတယ်။ ကျန်တဲ့အိမ်တွေကိုလည်း အကုန်ဝင်မွှေတယ်။ မှန်တွေလည်း ရိုက်ခွဲသွားတယ်။ ပစ္စည်းတွေတော့ မယူသွားဘူး။ အကုန်ဖျက်ဆီးသွားတာ၊ တော်တော်ကို ယုတ်မာတာပါ “ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ခင်ပင်ရွာသို့ ဒီဇင်ဘာလ ၂၅ ရက် နှင့် ၂၆ ရက် နှစ်ရက်ဆက်တိုက် ဝင်ရောက်ကာ ဖျက်ဆီးမှုများ ပြုလုပ်သဖြင့် ဒေသခံဦး‌ေရ ၁,၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်‌ေနရသည်ဟု သိရသည်။ ရွာငယ်ရွာသည် ခင်ပင်ရွာနှင့် နှစ်မိုင်ခန့်ဝေးပြီး ရေဦးမြို့နှင့် မိုင်၄၀ခန့်ဝေးကြောင်း သိရသည်။ ခင်ပင်ရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး လူဦးရေ ၁,၀၀၀ ခန့်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက် နှင့် ၂၁ ရက်ကလည်း ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရေမြက်ရွာသို့ စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့် လာရောက်ပြီး ရွာသား ၁၁ ဦးကို သတ်ဖြတ်ခြင်း၊ ဆိုင်ကယ် အစီး ၃၀၊ ကား သုံးစီး နှင့် အိမ်ခြေ ၄၀ ကျော်ကို မီးရှို့ခြင်းများပြုလုပ်ခဲ့သေးသည်။ ရေမြက်ရွာ နှင့် အနီးရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံ ဦးရေ ၆,၀၀၀ ခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ mizzima

မကွေးတိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ကျောမြို့နယ်မှာ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း ၄၈ စီးကို ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ( ပုလဲ-ဂန့်ဂေါ ) လမ်းမကြီးပေါ်တွင် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) တပ်ခွဲ (၂/၁၇) က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားပြီး တော်လှန်ရေးရဲဘော်များမှာ အထိအ ခိုက် အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လက်ရှိအချိန်အထိ အဆိုပါ လမ်းမကြီး အနီးအနားတွင် အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားဆဲ ဖြစ်သည်။ khit thit

တန့်ဆည်မြို့လယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံသ ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အလယ်ရှိ အဝိုင်းပတ်လမ်းဆုံမှာ ဒီဇင်ဘာ ၂၇ ရက် ဒီမနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံရလို့  ၄ ယောက် ထက်မနည်းသေဆုံးပြီး ၄ ယောက်  ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တန်ဆည်ပြည်သူ့ရဲဘော်အဖွဲ့တာဝန်ခံက “  စစ် (– ) တွေ မိုင်းခွဲတိုက်ခိုက်လိုက်လို့ ၄ ကောင်သေပြီး ၄ ကောင်က မသေမရှင်ဖြစ်သွားတယ်လို့ မြေပြင်သတင်းတွေအရ သိထားရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အရေးပေါ်လူနာတင်ယာဉ်တွေ သွားလာနေကြသလို ပြည်သူပိုင်လမ်းတွေကို ပိတ်ဆို့ပြီးလည်း ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ် ၄ ကောင် သေတယ်ကြားနေတယ်။ နည်းတော့ နည်းတာပေါ့။ ကျနော်တို့လည်း လက်နက်မရှိလို့ပါဗျာ။ လက်နက်ရတဲ့နေ့ကတော့ ဒီကောင်တွေ မလွယ်ဘူး။ လက်နက်ရှိတဲ့သူနဲ့ မရှိတဲ့သူဆိုတော့ အားမတန်မာန်လျှော့နေရတာပေါ့။ အခုချိန်မှာ ပြည်သူတွေ အမြင်အကတ်ဆုံး အရာကို ပြောပါဆိုရင် မင်းအောင်လှိုင် ခေါင်းဆောင်တဲ့စစ်တပ်ပဲ” လို့ ဒေသခံတဦးက ပြောပြပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မနက်ပိုင်းကလည်း တန့်ဆည်မြို့လယ်အဝိုင်းပတ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှာ အလံနက် လွှင့်တင်ထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလံနက်လွှင့်တင်တဲ့အဓိပ္ပာယ်ဟာ မသေမချင်းတိုက်ခိုက်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်နိုင်သလို စစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ လှည့်ကွက်တွေလည်း ဖြစ်နိုင်တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ DVB

« Older Entries