Monthly Archives: Dec 2021

ထိလွယ်ရှလွယ်ကိစ္စတွေနဲ့ သွေးဆူအောင်ဆွနေတဲ့လော်ဘီတွေ Telegram မှာ  ဘယ်လိုဝါဒဖြန့်နေလဲ

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှာပိုပြီး အတင့်ရဲလာတဲ့ အစွန်းရောက် ဝါဒဖြန့်ချိရေး သမားတွေဟာ လူမှုစံနှုန်းတင်းကျပ်တဲ့  Facebook ပေါ်မှာ စိတ်တိုင်းကျ ခြယ်လှယ်ဖို့ မလွယ်ကူဘူးလို့ သဘောပေါက်လာတာကြောင့် လူမှုစံနှုန်းတင်းကျပ်မှု လျော့နည်းတဲ့ တခြား  ပလက်ဖောင်းတွေဖြစ်တဲ့ Tiktok, Youtube, VK, Viberနဲ့ Telegramတွေမှာ  ဝါဒဖြန့် ချီဖို့အတွက်ကို ခြေကုပ်ယူလာကြပါတယ်။ ဒီဆောင်းပါးထဲမှာ ဝါဒဖြန့်ချီရေးအဖြစ် အသုံးပြု နေတဲ့ Telegram ချန်နယ်တွေကို လေ့လာစောင့်ကြည့် သုတေသနပြုလုပ်ပြီး စစ်တပ်လော်ဘီအကောင့်တွေ ဝါဒဖြန့်ချီရေးနဲ့ တော်လှန်ရေးကိုပုံဖျက်မှုတွေ  ဘယ်လို လုပ်ဆောင်နေလဲဆိုတာကို ရေးသား ဖော်ထုတ်သွားမှာပဲ ဖြစ်ပါတယ်။ 

စစ်လော်ဘီ တယ်လီဂရမ်တွေက ဘာတွေလုပ်လဲ ဘယ်လိုနည်းစနစ်နဲ့ ဝါဒဖြန့် ပုံဖျက်နေလဲ

လူမှုမီဒီယာ ပလက်ဖောင်းတွေထဲမှာမှ ဇာစ်မြစ်ကို ခြေရာခံဖို့ခက်တဲ့အပြင် လူမှုစံနှုန်းတွေကို Facebookမှာ ချိုးဖောက်တာထက်ပိုပြီး ချိုးဖောက်နိုင်တဲ့  Telegram မှာ စစ်တပ်လော်ဘီတွေနဲ့ အစွန်းရောက်အမျိုးသားရေးသမားအမည်ခံ လော်ဘီတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထင်တိုင်းကြဲနေကြပါတယ်။Telegram မှာ ရှိတဲ့ စစ်ကောင်စီလော်ဘီ Channel တွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးကို ပုံဖျက်တိုက်ခိုက်ဖို့နဲ့  စစ်ကောင်စီ အာဏာမြဲစေဖို့ ရည်ရွယ်ပြီး လက်နက်ကိုင်တော်လှန်သူတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေကို  ပစ်မှတ်ထား တိုက်ခိုက်ရေးသားတာတာတွေ လူမျိုးစုတွေအကြား သွေးကွဲအောင် မယုံမကြည်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်တာတွေနဲ့ တော်လှန်ရေးသမားတွေကို ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာညှိုးနွမ်းစေဖို့အတွက် ရည်ရွယ်ပြီး ပုံဖျက်တိုက်ခိုက်မှုတွေနဲ့ အထင်အမြင်လွဲခံရစေနိုင်တဲ့ အကြောင်းအရာတွေ ကို လူအများမြင်သာအောင် ဖြန့်ဝေတာတို့ ခပ်စိပ်စိပ်လုပ်နေပါတယ်။

ဒီလိုထင်တိုင်းကြဲနေတဲ့ Telegram Channel တွေထဲကမှ မြန်မာနိုင်ငံရဲ့ စစ်ကောင်စီလော်ဘီအသိုင်းအဝိုင်းမှာ ရေပန်းစားနေတဲ့ Channel တချို့ကို ရွေးချယ်ထားပါတယ်။ ဒီ Channel တွေကို ရွေးချယ်တဲ့နေရာမှာ Subscriber အရေအတွက်များပြားမှု၊ အရင်ကတည်းက တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေ ပေါ်မှာရှိခဲ့တဲ့ ရေပန်းစားမှု တွေနဲ့ ပြဿနာ ရှိတဲ့အကြောင်းအရာ ဖြန့်ဝေမှုတွေအပေါ် အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီ Channel တွေဟာ   ဘယ်သူမှ မသိသေးတဲ့ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို တော်လှန်ရေးနဲ့ ချိတ်ပြီး အသရေဖျက်တဲ့ အကြောင်းအရာတွေ ဖြန့်ဝေပါတယ်။ ဘယ်သူမှမသိသေးတဲ့ အတွင်းသတင်းတွေကို ထုတ်ပြန်ပေးတဲ့ ပုံစံမျိုးတွေသာမက သူတို့ကို စစ်တပ်က အရေးပါတဲ့ပုဂ္ဂိုလ်လို့ ထင်အောင် နာမည်ကအစ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နာမည်ပေးပြီး စစ်တပ်အားပေး အကြောင်းအရာ ဖန်တီးဖြန့်ဝေတာတွေ လုပ်ကြပါတယ်။ အဲ့ဒီအပြင် မီဒီယာပုံစံအယောင်ဆောင်ထားတာတွေ၊ အစီအစဉ်တင်ဆက်သူလို အယောင်ဆောင် တင်ဆက်တာတွေ၊ သတင်းသမားဟောင်းဆိုတဲ့ ပုံရိပ်ကိုဗန်းပြပြီး မခိုင်လုံတဲ့ အကြောင်းအရာတွေနဲ့ စစ်ကောင်စီအတွက် ဝါဒ ဖြန့်ဝေတာတွေလည်း လုပ်ပါတယ်။

အောက်က ဇယားမှာဆိုရင် Han Neyin Oo Channel ဟာ Subscriber အရေအတွက် ၆၅,၀၀၀ကျော်(ခြောက်သောင်းခွဲကျော်) ရှိနေတာကို တွေ့မှာပါ။ စစ်ကောင်စီ ထောက်ခံသူတွေကြားမှာတော့ Subscriber အများဆုံး ရထားတဲ့ Channel လို့ ပြောလို့ ရပါတယ်။ ကျန်တဲ့ Channel တွေမှာလည်း Subscriber အရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ်။ ပရိသတ်အများအပြားရှိနေတဲ့ ဒီChannel တွေကနေ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေကိုသုံးပြီး လှုံ့ဆော်မှု၊ အမျိုးသမီးနဲ့ ကလေးသူငယ်ကိစ္စတွေကို အခြေခံပြီး ဇာတ်လမ်းဆင်လှုံ့ဆော်မှု၊ မီဒီယာအယောင်ဆောင်တွေက ပြည်သူတွေ မှီခိုနေရတဲ့ မီဒီယာတွေကို အကြမ်းဖက် အဖြစ်ပုံဖော်ပြီး ပြင်းပြင်း ထန် ထန်နှိပ်ကွပ်ဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေ နဲ့ Channel တွေရဲ့နောက်ကွယ်က အစုအဖွဲ့အလိုက် ပူးပေါင်းလှုပ်ရှားမှုတွေကို သတိပြုရမယ့်အခြေအနေတွေရဲ့ အကြောင်းကို လေ့လာပြီး ဖော်ပြပေးပါမယ်။

ဇယား(၁) Channel အမျိုးအစားနှင့် ပရိတ်သတ် အရေအတွက်ပြ ဇယား(၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ နောက်ဆုံးရရှိထားသည့် အချက်အလက်)

ထိလွယ် ရှလွယ်ဖြစ်စေတဲ့ ဘာသာရေး ၊လူမျိုးရေး ဇာတ်ကြောင်းတွေသုံးပြီး ဝါဒဖြန့်ချီလှုံ့ဆော်မှု

Shwe yupar Oo ချန်နယ်ကနေ ထပ်ဆင့်ဖြန့်ဝေထားတဲ့ အကြောင်းအရာ

Shwe yupar Oo Telegram Channel က နေ ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ ဗုဒ္ဓဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ နဲ့ တော်လှန်ရေးသမားတွေ ကြားမှာ ပဋိပက္ခ ဖြစ်စေဖို့ လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အဲ့ဒီChannel ကို ကိုင်တွယ်သူဟာ Social Media Influencer ရွှေရူပါဦးအဖြစ် လူသိများပြီး စစ်တပ်ကို ကာကွယ်ပြောဆိုတဲ့ အကြောင်းအရာ နဲ့ အာဏာရှင်ဆန့်ကျင်သူတွေကို တိုက်ခိုက်တဲ့ ရေးသားမှု တွေ ဖြန့်ဝေလေ့ရှိသူ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်က   Facebook မှာ တင်ထားတဲ့ ပိုစ့်တစ်ခုကို Screenshot ရိုက်ပြီး Shwe yupar Oo Telegram Channel က ပြန်တင်ခဲ့ပါတယ်။ အကြောင်းအရာ ကတော့ ရဟန်းတစ်ပါးကို လုပ်ကြံနိုင်ရင် OIC က ၁၅ သိန်းပေးတယ်လို့ ဖြိုးဇေယျာသော် ဝန်ခံတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို ထပ်ဆင့် ပြန်ဝေမျှခဲ့တဲ့ Shwe yupar Oo Channel ဟာ တော်လှန်ရေးသမားတွေ နဲ့ NLD ပါတီ ထောက်ခံသူတွေဟာ အစ္စလာမ်တွေဘာသာဝင်တွေရဲ့ ခိုင်းဖက်တွေ လို့ စွပ်စွဲ ပြောဆိုထားပြီးတော့ ဘာသာရေးမုန်းတီးမှု ကြီးထွားအောင်လှုံဆော်ထားပါတယ်။ အချက်အလက်စစ်ဆေးသူ တွေ စိစစ်တဲ့အခါမှာ ဒီ အကြောင်းအရာဟာ ဦးဖြိုးဇေယျာသော် အဖမ်းဆီးခံရတဲ့ ကိစ္စ နောက်ဆက်တွဲ ပုံဖော်တဲ့ သတင်းအမှား ဖြစ်တယ်လို့ တွေ့ရကြောင်း သိရပါတယ်။  OIC ဆိုတာကတော့ The Organisation of Islamic Cooperation ဆိုတဲ့ အဖွဲ့အစည်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်နိုင်ငံတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ 

အဲ့ဒီအကြောင်းအရာကို ၄၈နာရီအတွင်း ကြည့်ရှုသူ ဦးရေ ၃၀၀၀ကျော် ရှိခဲ့ပြီးတော့ တစ်ပတ်အတွင်း ကြည့်ရှုသူ အရေအတွက် ဦးရေ ၄၄၀၀ ကျော်ရှိခဲ့ပါတယ်။ ရွှေရူပါဦးဟာ Facebook မှာရှိတဲ့ သူ့ရဲ့ Page တွေ ဖြုတ်ချခံရပြီးတဲ့ နောက် Telegram မှာ နေရာယူလာခဲ့ပါတယ်။  စတင်ဖွင့်လှစ်စဉ် တုန်းက Subscriber ၄,၀၀၀ကျော် ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ Subscribe လုပ်ထားတဲ့သူ ၁၀,၀၀၀ ကျော်ရှိနေတဲ့အပြင် တစ်နေ့ကို ပုံမှန် ပို့စ် ငါးခုထက် မနည်း တင်နေတယ်လို့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။   ရွှေရူပါဦးChannel မှာ တင်တတ်တဲ့ ပြဿနာ ဖြစ်ပွားစရာ ဇာတ်ကြောင်း အကြောင်း အရာတချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

OIC မှ  ၁၅ သိန်းပေးသည်ဆိုသည့် အကြောင်းအရာ ပျံ့နှံ့မှုပြ ကိန်းဂဏန်းများ

ဘာသာရေးအခြေခံ အမုန်းတရားလှုံ့ဆော်မှု အကြောင်းအရာများ

ဒီလို ဖန်တီးလှုံ့ဆော်မှုတွေ ကြောင့် အနီလို့ သူတို့ ညွှန်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေကို စစ်တပ်ဘက်က လူတွေ ပိုမုန်းတီးလာပြီးတော့ ထိုးစစ်အမြန်ဆုံးဆင်ဖို့ တိုက်တွန်းတာ ပြောဆိုတာတွေ၊ ဗုဒ္ဒဘာသာကို စော်ကားသူတွေအဖြစ် ရှုမြင်လာတာတွေကို Comment တွေမှာတွေ့ရပါတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တွေကို ဝက် မစား (ဝက်သားမစားသောသူများ) ဆိုတဲ့ စကားလုံးနဲ့ သွယ်ဝိုက်ညွှန်းဆိုထားပါသေးတယ်။ အဲ့ဒီ ဝက် မစား ဆိုတဲ့ စကားလုံးကို စစ်တပ်ထောက်ခံတဲ့ သူတွေကြားထဲမှာ အသုံးများနေတာတွေ့ရပြီးတော့ အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားပြောဆို တိုက်ခိုက်လိုတဲ့အခါ အဲ့ဒီ စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ဝက်မစားဆိုသည့် စကားလုံးကို Channel အများအပြားတွင် တွင်ကျယ်စွာသုံးနေကြသည့် အထောက်အထား

ဒီလို ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စထဲမှာမှ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အခြေခံပြီး ဇာတ်လမ်းဆင်လှုံ့ဆော်တာ၊ ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလည်း လော်ဘီChannel တွေကနေပြီးတော့ အထိန်းအကွပ်မရှိ လုပ်နေကြပါသေးတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့အမျိုးသမီးတွေကို ညစ်ညမ်းဗီဒီယိုတွေနဲ့ အပုတ်ချ ပုံဖျက်တိုက်ခိုက် လှုံ့ဆော်မှု 

Han Nyein Oo နာမည်နဲ့ Telegram မှာ ဖွင့်လှစ်ထားတဲ့ Channelတွေ group တွေဟာ အာဏာရှင်ဆန့်ကျင်သူတွေရဲ့ ဝတ်လစ်စားလစ်ပုံတွေ၊ လိင်ပိုင်းဆိုင်ရာညစ်ညမ်းဗွီဒီယိုတွေ အထူးသဖြင့် အမျိုးသမီးငယ်တွေရဲ့ဓာတ်ပုံတွေ ဗွီဒီယိုတွေကို ဖြန့်ဝေပြီးတော့ သူရဲ့ ပရိသတ်ကို စတင် စုဆောင်းပါတယ်။ ဒီလုပ်ရပ်ဟာ ကာကယကံရှင်ရဲ့ သဘောဆန္ဒမပါဝင်ဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်ကိုဖြန့်ဝေတာ ဖြစ်ပြီး Telegram ရဲ့ မူဝါဒတွေထဲမှာပါတဲ့ တရားမဝင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗွီဒီယို ဖြန့်ဖြူးတဲ့ အချက်အလက်နဲ့လည်း ငြိစွန်းပါတယ်။

အမျိုးသမီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုတစ်ခုကို ဖြန့်ဝေထားသည့် အကြောင်းအရာ

ဖော်ပြပါပုံမှာဆိုရင် အာဏာရှင်ဆန့်ကျင်သူ အမျိုးသမီးတစ်ဦးရဲ့ အကောင့်ကို Screenshot ရိုက်ပြီး ဝတ်လစ်စားလစ်ပုံတွေ၊ ညစ်ညမ်းဗွီဒီယိုတွေနဲ့ တွဲပြီးတော့  အဲ့ဒီအမျိုးသမီးရဲ့ HD(ညစ်ညမ်းဗီဒီယို) ပါလို့ ပြန်လည် ဖြန့်ဝေနေတာဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်တဲ့သူတွေဟာ ကိုယ်ကျင့်တရား ဖောက်ပြားနေကြတယ်။  အရှက်သိက္ခာမဲ့တဲ့သူတွေလို့ ထိုးနှက်တိုက်ခိုက်ဖို့ အတွက် ပုံဖျက်ပြီး ဇာတ်လမ်းဆင် လှုံ့ဆော်နေတာကို တွေ့ရပါတယ်။
Han Nyein Oo Channelဟာ ဒီနောက်ပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ရေးသားမှုဖြန့်ဝေမှု၊ သတင်းအမှားဖြန့်ဝေမှု လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ အဓိက လုပ်ခဲ့ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေနဲ့ အာဏာရှင် ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး နှိမ်နင်းဖို့ အားပေး၊အားမြောက်ပြုတဲ့ ရေးသားချက်တွေလည်း ဖြန့်ဝေပါတယ်။ Telegram မှာတင် Han Nyein Oo ရဲ့ ဆက်စပ် Channel တွေ Group တွေဟာ ဆယ်ခုထက်မနည်းရှိနေတာကို လေ့လာတွေ့ရှိထားပါတယ်။ 

စစ်အာဏာရှင် တော်လှန်တဲ့ PDF တွေကို မုဒိမ်းမှုကျူးလွန်တယ်လို့ ပုံဖျက်ဝါဒဖြန့်ချီမှု 

နောက်ထပ် ကိစ္စတစ်ခုကတော့ စစ်ကိုင်းတိုင်း၊  ရေဦးမြို့နယ် ဝက်ဖြူကျေးရွာမှာ အောက်တိုဘာ ၁၂ ရက်က လူသတ်မှု ဖြစ်တဲ့ကိစ္စကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)လုပ်တာလို့ စွပ်စွဲထားပြီး PDFတွေအပေါ် အမုန်းတရားပွားအောင် လှုံ့ဆော်ထားပါတယ်။ မုဒိန်းကျင့်သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်အပျက်ကိုပါ ထည့်သွင်းပြီး ခန္ဓာကိုယ် အောက်ပိုင်း ဝတ်လစ်စားလစ်နဲ့ အမျိုးသမီးတစ်ဦး သွေးအိုင်ထဲ လဲကျနေတဲ့ ပုံကို ထည့်သုံးထားပါတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီး ဒီဗွီဘီ(DVB)သတင်းဌာနက ဖော်ပြချက်မှာတော့ စစ်တပ်သတင်းပေးအမျိုးသမီး နှစ်ဦးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သတ်သွားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ အတည်ပြုချက်ကို တွေ့ရပြီးတော့ PDF က သတ်တယ်ဆိုတာနဲ့ မုဒိမ်းမှုတွေကိုတော့ ထည့်သွင်းပြောဆိုတာမျိုး မရှိပါဘူး။  ခေတ်သစ်သတင်းဌာန(Khit Thit Media)ရဲ့ ဖော်ပြချက်မှာလည်း စစ်ကောင်စီသတင်းပေးလို့ အများစုက သတ်မှတ်ထားတဲ့ အမျိုးသမီးနှစ်ဦးအသတ်ခံရတယ် လို့ပဲ ဖော်ပြထားပြီးတော့ PDF ကိစ္စ နှင့် မုဒိမ်းမှုတွေ ပါဝင်ခြင်း မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များအား လူသတ်မှု နှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် အကြောင်းအရာ

ကလေးသူငယ်တွေကိုအသုံးချပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို လျော့ကျအောင် ဝါဒဖြန့်ချီမှု 

အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အခြေခံပြီး ဇာတ်လမ်းဆင်တဲ့ကြတဲ့ အထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ယန္တရားကိုပါ ပုံဖျက် တိုက်ခိုက်တာမျိုးတွေ ဖြန့်ဝေကြတာလည်း ရှိပါတယ် ။ တပ်ကြပ်ကြီး ဖိုးစည်ဆိုတဲ့ Channel မှာ ကျန်းမာရေးကိစ္စနဲ့ မိခင်နဲ့ကလေး စောင့် ရှောက်မှု မလုံလောက်တာ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း တွေကြောင့် ဆိုပြီးတော့ ပုံဖျက် ပြောဆိုထားပါတယ်။ 

CDM ကျန်းမာရေးဝန်ထမ်းများအား အမုန်းပွားအောင် လှုံ့ဆော်မှု

ဒီလို ပြောဆိုတဲ့နေရာမှာ မွေးကင်းစ ကလေးနှစ်ဦးရဲ့ဓာတ်ပုံကို သုံးပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ထားတဲ့ ဆရာဝန်/သူနာပြုတွေကြောင့် ပြည်သူ့ဆေးရုံက လွှဲစာပဲ ပေးနိုင်တဲ့အကြောင်း၊ အကျိုးဆက်ကတော့ မိခင်ရော အမွှာကလေး နှစ် ဦးပါ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့အကြောင်း ကို ဖော်ပြထား ပါတယ်။ အကြောင်းအရင်းခိုင်ခိုင်လုံလုံ ဖော်ပြထားတာမျိုး မရှိဘဲနဲ့ မွေးကင်းစ ကလေးနှစ်ဦးနဲ့ မိခင် အသက်ဆုံး ရှုံးရတာ CDM လုပ်ထားတဲ့ ဆရာဝန်တွေကြောင့် ဆိုပြီးတော့ CDM ဝန်ထမ်းတွေကို အပြစ်ရှိတဲ့သူတွေ အဖြစ်ပုံ ဖော်ထားတဲ့ အပြင် CDM လှုပ် ရှားမှုကိုလည်း ရွံ့မုန်းစရာအဖြစ် ဖန်တီး လှုံ့ဆော်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရေးသားမှု ဖြန့်ဝေတဲ့အခါမှာ ကြည့်ရှုသူ အရေအတွက် ၃,၄၀ ၀ ကျော် ရှိခဲ့ပါတယ်။

အလားတူ CDM  မလုပ်တဲ့ ကျောင်းဆရာမကို သတ်ပြီး ရေထဲမျှော၊ ဆိုင်ကယ်လု သွားတဲ့ PDF ဆိုပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PD F)ကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖျက် တိုက်ခိုက်တာ တွေလည်း ရှိပါတယ်။ အချက်အလက် စစ်ဆေးသူတွေကို မေးမြန်း အတည်ပြုကြည့်တဲ့အခါ အမျိုးသမီး အသတ်ခံရတဲ့ ဖြစ်စဉ်က အမှန်ပေမဲ့ တရားခံ တွေဟာ PDFတွေ ဖြစ်ကြောင်း ဘယ် မီဒီယာမှာမှ ဖော်ပြထားတာ မရှိဘူးလို့ဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များအား အမုန်းပွားစေရန် လှုံ့ဆော်မှု

မီဒီယာလို့ ပြောလာရင် လက်ရှိပြည်သူတွေ မှီခိုအားထားနေရတဲ့ မီဒီယာတွေဟာ စစ်ကောင်စီ က ဖိအားပေးမှုတွေကို လက်မခံလို့ လိုင်စင်အ သိမ်းခံရပြီး ဌာနချုပ်အတည်တကျမရှိဘဲ ခက်ခက်ခဲခဲ သတင်းတင်ဆက်နေရတဲ့ မီဒီယာတွေဖြစ်ပါတယ်။ အဲ့ဒီ မီဒီယာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီအားပေး Channel တွေက ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အကြောင်း သတိထားမိပါတယ်။

ပြည်သူဘက်ကရပ်တည်တဲ့ သတင်းမီဒီယာတွေကို အကြမ်းဖက်အဖြစ်ပုံဖော်ပြီး ပြင်းပြင်းထန်ထန်နှိပ်ကွပ်ဖို့ လှုံ့ဆော်တိုက်တွန်းမှု

တော်လှန်ရေးအတွင်း စစ်ကောင်စီကို အာခံပြီး ပြည်သူနဲ့ တော်လှန်ရေးသမားတွေ ဘက်က ရပ်တည်တဲ့ မီဒီယာတွေဟာ သူတို့ရဲ့ သမာ သ မတ်ကျမှု ၊ သတင်းအချက်အလက် တိကျမှန်ကန်မှု တွေအပေါ် မကြာခဏ မေးခွန်းထုတ်ခံရပါတယ်။ ဒါပေမဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက် အများစုကို ဖော်ပြတဲ့အတွက်ကြောင့် ဖိနှိပ်ခံပြည်သူတွေက ပိုအားကိုးကြပါတယ်။

 စစ်တပ်အားပေး ထောက်ခံတဲ့သူတွေ ၊ စစ်တပ် လက်ကိုင်တုတ် မီဒီယာ အယောင်ဆောင် ဝါဒဖြန့်ချီရေး ဌာနတွေကတော့ ဒီ မီဒီယာတွေဟာ ဒေါ်လာစားသူတွေ၊ အစ္စလာမ်အဖွဲ့အစည်းတွေဆီက ပိုက်ဆံယူထားပြီး တိုင်းပြည်ဖျက်နေတဲ့ အဖျက်သမားတွေလို့ စွပ်စွဲပုံဖျက်ကြပါတယ်။ စစ် ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာနဲ့ တပ်ပိုင်မီဒီယာတွေကလည်း ပြည်သူအားကိုးတဲ့ မီဒီယာတွေကို နှိပ်ကွပ်ပြီး အလိမ်အညာသတင်းတွေ ဖော်ပြနေတဲ့ မီဒီယာတွေလို့ ခေါင်းစဉ်တပ်သလို ဒီဟာကို ထပ်ဆင့်ပုံကြီးချဲ့  ဖော်ပြသူတွေကတော့ စစ်ကောင်စီရဲ့လက်ကိုင်တုတ် လော်ဘီ Telegram Channelတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ သတင်းမီဒီယာဌာနတွေလို့ ခံယူထားတဲ့ Myanmar Hard Talk နဲ့ Myanmar National Post ဆိုတဲ့ Channel တွေဟာ ပြည်သူတွေမှီခိုအားထားနေရတဲ့ မီဒီယာတွေကို ထိုးနှက်တိုက်ခိုက်တာတွေ အဓိက လုပ်ဆောင်ပါတယ်။

ပြည်သူများမှီခိုအားထားနေရသည့် မီဒီယာများအား အစ္စလာမ်ဇာတ်သွင်းရန် ကြိုးစားနေသူများဟု တိုက်ခိုက်ထားသည့် အထောက်အထား

ပုံထဲက အကြောင်းအရာမှာတော့ မီဒီယာတွေဟာ ဗုဒ္ဓဘာသာဘက်ကနေ ဘယ်တော့မှ မရပ်တည်ဘဲ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာတွေဘက်ကနေပဲ ရပ်တည်ပြီး ရေးပေးနေပါတယ်လို့ မီဒီယာအအယောင်ဆောင် Myanmar National Post Channel က ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ သံဃာတွေ အသတ်ခံရတာကိုတော့ ဘယ်မီဒီယာမှ မရေးကြဘဲနဲ့ မွတ်ဆလင်တွေ သေတဲ့ကိစ္စ ၊ ပလီတွေ အဖျက်ဆီးခံရတဲ့ ကိစ္စတွေကိုပဲ ရေးနေကြတယ်လို့ စွပ်စွဲပြီး မီဒီယာဂျီဟတ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဂျီဟတ်ဆိုတာကတော့ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု၊ သက်ဝင်ယုံကြည်မှုတို့ကို ကိုယ်စားပြုတဲ့ စကားလုံးတစ်လုံးပါ။
Myanmar National Post မှာ အယ်ဒီတာအဖြစ် တာဝန်ယူထားပြီးတော့အဓိက မျက်နှာထွက်ပြနေတဲ့ နောင်တော်လေး(ဘိုကလေး) အမည်အရင်း နိုင်ဝင်းထွန်း    ဆိုသူဟာ အစွန်းရောက် ဗုဒ္ဓဝါဒပြန့်ပွားရေးအတွက်  အဓိက လှုပ်ရှားတဲ့ မြန်မာ့အမျိုသားရေးကွန်ရက်(MNN) မှာ အတွင်းရေးမှူး အနေနဲ့လည်း တာဝန် ယူခဲ့ပါတယ်။   နွေဦးတော်လှန်ရေးအစမှာ ကားရပ်ကမ်ပိန်း လုပ်တုန်းက ပြည်သူတွေရဲ့ ကားတွေကို သင်္ကန်းဝတ်ထားတဲ့ လူတွေက လက်နက်တွေနဲ့ ထွက်ရိုက်ကြတာတွေ၊  လူတွေကိုပါ ကိုယ်ထိလက်ရောက်လုပ်တဲ့ ကိစ္စတွေကို မှတ်မိကြဦးမှာပါ။ အဲဒီကိစ္စမှာလည်း နောင်တော်လေး ကိုင်တွယ်တဲ့မီဒီယာက မြေပြင်အခြေအနေနဲ့ သွေဖည်တဲ့ သတင်းအချက်အလက်တွေကို တောက် လျှောက်ဖြန့်ဝေခဲ့ပြီးတော့ ဆန္ဒပြပြည်သူတွေဘက်က အကြမ်းဖက်လို့ပါ ဆိုတဲ့ ဇာတ်ကြောင်းကို ပုံဖော်ပါတယ်။

ဒီအာဏာသိမ်းထားတဲ့ ကာလတွေမှာလည်း စစ်တပ်ကပြောတဲ့ သတင်းတွေသာ အမှန် ဖြစ်ပြီးတော့ ပြည်သူတွေမှီခိုနေရတဲ့ မီဒီယာတွေက တင်တဲ့သတင်းတွေဟာ လိမ်ညာရေးသားထားတာပါလို့ တောက် လျှောက်ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်း ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ အဖမ်းခံရတဲ့သတင်းထောက်တွေကိုလည်း သတင်းထောက်မဟုတ်ဘူး။ အကြမ်းဖက်သူတွေလို့ ပြောဆို စွပ်စွဲထားပါသေးတယ်။

Hard Talk Channel က  ဂန့်ဂေါမြို့နယ် ဘော်ပြင်းကျေးရွာ မှာ DVB သတင်းထောက်ဦးဆောင်ပြီး အပြစ်မဲ့ အရပ်သား ကိုးဦးကို သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို အောက်တိုဘာ ၂ ရက်နေ့က တင်ခဲ့ပါတယ်။ နောက်ပိုင်း နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာလည်း DVB ဟာ သ တင်း တွေကို လိမ်လည်ဖော်ပြနေတာဖြစ်ပြီးတော့ ပြည်ဖျက်မီဒီယာဖြစ်တယ်လို့ စွပ်စွဲတဲ့ အပြင် အဲ့ဒီ စွပ်စွဲချက်ကို ခိုင်မာဖို့ ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းပြီး အတည်ပြုတဲ့ပုံစံနဲ့ အကြောင်းအရာကို ဖန်တီးထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီကလည်း အောင်မင်း စီမံခန့်ခွဲတဲ့ Myanmar Hard Talk Facebook page ဟာ သတင်းတု၊ သတင်းအမှားနဲ့ အမုန်းစကားတွေကို ဖြန့်လို့ Facebook ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ 

ပြည်သူများ မှီခိုအားထားရသည့် သတင်းဌာနမှ သတင်းသမားများအား ပုံဖျက်တိုက်ခိုက်ထားသည့် အကြောင်းအရာ

အဲ့ဒီအပြင် အလွတ်တန်းဓာတ်ပုံသတင်းထောက်လို့ သူ့ကိုယ်သူ ခံယူထားသူ အောင်မင်းဦးဆောင်ပြီး မြန်မာပြည်သူများ မှီခိုအားထားရသည့် မီဒီယာများနှင့် သတင်းသမားများအား ပုံဖျက်တိုက်ခိုက်ထားသည့် အကြောင်းအရာများ 

ဒီ Channel တွေဟာ မီဒီယာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတင်မကဘဲ နွေဦးတော်လှန်ရေးကို အားလျော့စေမယ့် အကြောင်းအရာတွေနဲ့ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေလည်း မကြာခဏ တင်လေ့ရှိပါတယ်။ ဒါ့အပြင် Live Stream တွေလွှင့်ပြီးတော့ သူတို့ကို အားပေးတဲ့သူတွေနဲ့ စကားပြောတဲ့ လှုပ်ရှားမှုတွေလည်း လုပ်ဆောင်တာမျိုးရှိပါတယ်။ သူတို့တွေဟာ အုပ်စုဖွဲ့လှုပ်ရှားမှုတွေ Channel အချင်းချင်း ချိတ်ဆက်တင်ဆက်မှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိနေပါတယ်။ ဒီချိတ်ဆက်မှုမှာ Channel အချင်းချင်းသာ မက Channel တစ်ခုတည်း ရဲ့ နောက်ကွယ်မှာ အုပ်စုလိုက်လှုပ်ရှားမှုတွေ ရှိနေနိုင်တာကိုလည်း သတိထားဖို့ လိုပါတယ်။

ဝါဒဖြန့်ချီရေး တယ်လီဂရမ်ချန်နယ်တွေရဲ့ နောက်ကွယ်က လှုပ်ရှားမှု

၂၀၂၁ ခုနှစ် မတိုင်မီ စစ်တပ် အာဏာမသိမ်းခင်ကာလတွေမှာ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချီသူ တစ်နည်းအားဖြင့် လော်ဘီတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမည်ခံထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူနဲ့ သူ့ကို ထောက်ခံတဲ့  အစွန်းရောက် အမျိုးသားရေးဝါဒီတွေဟာ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှု၊ ပုဂ္ဂိုလ်ရေး ရွံ့မုန်းမှုတွေကို အခြေခံပြီးတော့ နိုင်ငံရေးခံယူချက် မတူသူတွေကို သတင်းအမှား၊ အမုန်းစကားတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလို တိုက်ခိုက်တဲ့နေရာမှာ လူမှုကွန်ရက်အကောင့်တွေ Page တွေ Group အစစ်တွေသာမက အတုတွေပါ ဖန်တီးပြီးတော့ တွင်တွင်ကျယ်ကျယ် ဖြန့်ဝေခဲ့ကြပါတယ်။ အကောင့်အတုတွေကိုလည်း တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်နေတဲ့ ပုံစံမျိုးထင်ရအောင် လူပုဂ္ဂိုလ်တစ်ယောက်တည်းရဲ့ နာမည်သုံးတာတွေ ရှိပါတယ်။

    Telegram ပေါ်မှာလည်း စစ်ကောင်စီထောက်ခံတဲ့ Channel တချို့ဟာ တစ်နေ့ကို အကြောင်းအရာ ဆယ်ဂဏန်းနဲ့ ချီပြီး နေ့စဉ်မပြတ် တင်နေပေမယ့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ် လှုပ်ရှားနေတဲ့ ပုံစံနဲ့ပြုလုပ်နေကြပါတယ်။  လက်ရှိ နာမည်ကြီး Channel တွေထဲကနေ ကောက်နုတ် ဥပမာ ပေးရမယ်ဆိုရင် Thazin Oo, Han Nyein Oo, Kyaw Swar နဲ့ တပ်ကြပ်ကြီး ဖိုးစီ အစ ရှိတဲ့ Channel တွေပဲ ဖြစ်ပါတယ်။ ဒီ Channel တွေဟာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်တည်းက ကိုင်တွယ်ထားတယ်လို့ ထင်ရအောင် ပြုလုပ်ထားပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်းက နေ့စဉ်မပြတ် ပြုလုပ်ဖို့ မလွယ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ နောက်မှာ အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေ အချင်းချင်း ချိတ်ဆက်မှုတွေ ရှိနေနိုင်တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ဒီ Channel တွေက ထွက်လာတဲ့ အကြောင်းအရာတွေ လှုပ်ရှားမှုတွေကို သတိထားဖို့ လိုပါတယ်။ 

အောက်ဖော်ပြပါ ဇယားမှာတော့ တစ်သီးပုဂ္ဂလ အသွင်ယူပြီး နေ့စဉ်အကြောင်းအရာ ဖြန့်ဝေမှု(Daily Post)ကို  ပျမ်းမျှ ၄၀ခုနဲ့ ၅၀ ခု ဝန်းကျင် ဖြန့်ဝေနေတာဖြစ်တဲ့အပြင် Telegram အသုံးပြုသူတွေထံ နေ့စဉ် ရောက်ရှိပျံ့နှံ့မှု(Daily Reach) ကတော့ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိပါတယ်။ တကယ်ကို တစ်သီးပုဂ္ဂလပိုင် Channel တွေဖြစ်တဲ့ Shwe yupar Oo နဲ့ Phyo Wai တို့ လို  Channel တွေမှာဆိုရင် နေ့စဉ် အကြောင်းအရာ ဖြန့်ဝေမှု(Daily Post) ၅ခု ကနေ ၁၀ခု ဝန်းကျင်ပဲရှိတာကို တွေ့ရမှာပါ။ Myanmar National Post Channel ဆိုရင် တစ်ရက်တည်း Post ၂၀၀ ကျော်အထိ ရှိနေတာကို တွေ့ရတဲ့အတွက် အဲ့ဒီ Channel နောက်ကွယ်မှာ နောင်တော်လေး တစ်ယောက်တည်း သာမက သူ့ရဲ့ အပေါင်းအပါတွေပါ ပူးပေါင်း ပါဝင်နေကြောင်း ထင်သာမြင်သာ ရှိပါတယ်။

ဇယား(၂) နေ့စဉ် အကြောင်းအရာ ဖြန့်ဝေမှု (Daily Post) အခြေအနေနှင့် အသုံးပြုသူထံရောက်ရှိမှု(Reach)အခြေအနေ(၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ရရှိထားသည့် အချက်အလက်)

ဟန်ငြိမ်းဦး  Channel ကတော့ စစ်ကောင်စီ ထောက်ခံသူတွေကြား ရေပန်းအစားဆုံး Channel ဖြစ်ပြီးတော့ Daily Reach က ၁.၄ သန်းအထိကို ရှိနေပါတယ်။ တိုက်ရိုက်ပြန်လည်မျှဝေမှု(Forwarded Post) အကြိမ်ရေ ၈,၀၀၀ ကျော်ရှိနေပြီဖြစ်တဲ့ အတွက်ပျံ့နှံ့မှု ကြီးမားလှပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတွေက ဒီကိစ္စတွေကို သတိထားမိပြီး ဒီ Channel တွေကို ဖြုတ်ချဖို့ Telegram ဆီသတင်းပို့ပေမယ့် Telegram ဘက်က ကြီးကြီးမားမားတုံ့ပြန်မှု တစ်စုံတစ်ရာမရှိတာကြောင့် လော်ဘီ Channelတွေဟာ Telegram ပေါ်မှာဆက်ပြီး ကြီးထွားနေဆဲပါပဲ။ Channel အများစုဟာ စစ်ကောင်စီက အားထားနေရတဲ့ Telegram Channel တွေလို့လည်း ယူဆလို့ ရပါတယ်။ အချို့Channel တွေက အကြောင်းအရာတွေကို စစ်ကောင်စီထိန်းချုပ် ဝါဒဖြန့်ချီရေးChannel တွေ ကနေပြီးတော့ ပြန်ယူသုံးရတာတွေတောင် ရှိပါတယ်။  

  

Han Nyein Oo Channel မှ အကြောင်းအရာများအား တိုက်ရိုက်မျှဝေမှု(Forward)နှင့် ပြန်လည်ကူးယူ ညွှန်းဆိုမှု(Mention) လုပ်သည့် အကြိမ်အရေအတွက်ပြ Graph

ဝါဒဖြန့်ချီရေး ချန်နယ်တွေရဲ့ အန္တရာယ်ကို နိဂုံးချုပ် သုံးသပ်ချက် 
    
အပေါ်မှာ ဖော်ပြခဲ့တဲ့ Channel တွေဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေ၊ မီဒီယာတွေနဲ့ သတင်းဖတ်ရှုသူပြည်သူတွေအတွက် အန္တရာယ်အလွန်ရှိနေတဲ့ Channelတွေ ထဲက ပြဿနာရှိတဲ့ အကြောင်းအရာတွေကို ရွေးနှုတ်ထားတာပါ။  ဒီဟာတွေကို သုံးပြီး တော်လှန်ရေးသမားအချင်းချင်း စိတ်ဝမ်း ကွဲအောင် ၊ ဘာသာရေး ၊ လူမျိုးရေးမုန်းတီးမှုတွေကို နေ့စဉ်နဲ့ အမျှ ဆွပြီး ပြဿနာမဖြစ်ဖြစ်အောင် အဆိပ်ခတ်နေတဲ့ စစ်ကောင်စီအားပေး Telegram Channel တွေလည်း ဖြစ်ပါတယ်။ 

ဒီ Channel တွေ အဓိက ပစ်မှတ်ထားတဲ့ အရာတွေကတော့ NLD ပါတီ ၊ PDF ၊ ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူတွေ၊ မီဒီယာတွေဖြစ်ပြီးတော့ လူမျိုးရေး၊ ဘာသာရေး၊ အနောက်နိုင်ငံဝင်ရောက်စွက်ဖက်မှု၊ ဒေါ်လာစား၊ အစ္စလာမ်ဘာသာ ၊ ခရစ်ယာန်ဘာသာ၊ CDM လှုပ်ရှားမှု၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု စတဲ့ အကြောင်းအရာတွေနဲ့ ပုံဖော်ပြီး သွေးထိုး လှုံ့ဆော် လေ့ရှိပါတယ်။ 

တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ စိတ်တိုင်းကျ ချယ်လှယ်လို့ မရတဲ့ လော်ဘီတွေဟာ Telegram မှာ မုန်ယို သောင်းကျန်းနေတာဟာ ပြဿနာ ကြီးလှပါတယ်။ ဒီအရာတွေ ပိုပြီးသတိထားဖို့ လိုအပ်တယ်ဆိုတာရယ် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ မျက်ကွယ်မှာ စစ်ကောင်စီထောက်ခံသူတွေ အချင်းချင်း သတင်းတွေဖလှယ်ပြီး တော်လှန်ရေးကို မုန်းတီးစေဖို့ လှုံ့ဆော်နေတာကို ဆင်ခြင်သုံးသပ်ပြီးမှ Telegram မှာ သတင်းတွေ ဖတ်ရှုနိုင်ဖို့ အတွက်တိုက်တွန်းအကြံပြုချင်ပါတယ်။ mizzima

ရန်ကုန်ဘုရင့်နောင် စစ်တပ် စစ်ကြောရေးဂိတ်ကို ပါဆယ်ဗုံးဖြင့်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကွမ်းခြံကုန်း စစ်တပ်ဂိတ် ဗုံးသစ်ဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ စစ်တပ် ဘုရင့်နောင် စစ်ကြောရေးတပ် ဂိတ်တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် ပါ ဆယ် ဗုံးပေါက်ကွဲပြီး စစ်သားတစ်ဦး သေဆုံးကြောင်း တပ်တွင်းသတင်းရပ်ကွက်ထံမှ သိရှိရသည်။လှိုင်မြို့နယ်၊ ၁၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊အမှတ် ၁ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊အမှတ် ၁ ဂိတ်တွင် ဒီဇင်ဘာလ ၂၇ ရက်နေ့လည်၂း၀၀ နာရီအချိန်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် စစ်သည်တစ်ဦးသေဆုံးသွားကြောင်းသိရသည်။”ပါဆယ်လာပို့တာကို စစ်ဆေးရင်းဖြစ်တာပါ။

ပေါက်ကွဲသံလည်းကျတယ်။ ဖွင့်ဖောက်တဲ့ စစ်သည်ကတော့ ပွဲချင်းပြီးပဲ ဆုံးတယ်။ စစ်သည် ၁ ဦးလည်း ဒဏ်ရာရပါတယ်။ ဒဏ်ရာ ပြင်းပါတယ်။ လာပေးသွားတဲ့သူက Delivery သမားလို့ပြောတယ်။ အဲဒီဘက်က CCTV တွေ ဘာတွေ မရှိတော့ ပါဆယ်လာပေးသူကို ရှာမရဘူးဖြစ်နေတယ်။ စုံတော့ စုံစမ်းနေတယ်” ဟု စစ်တပ် သတင်းရပ်ကွက်က ပြောသည်။

အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာအနီး တိုက်ကြီးလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်တခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သားအများအပြား ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ကုသ လျက်ရှိကြောင်း သိရှိရသည်။ khit thit

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ အမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး

အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့ တဖက်သတ်စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ ပြန်ခေါ် တရားလိုပြ သက်သေ ၃ ဦးကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုစလုံးအတွက် စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရားလိုပြ သက်သေတွေကို ပြန်လည် ခေါ်ယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ အဂတိအမှု ၉ မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲကာ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။ DVB

စစ်ကောင်စီတပ်၏ မိုဆိုရွာ အကြမ်းဖက်သတ် ဖြတ်မှုနှင့်ပတ်သက်၍ သိရသမျှ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် စစ်ရှောင်ထွက်ပြေးနေရသော ပြည်သူ အယောက် ၄၀ ဝန်းကျင်ကို ဖမ်းဆီး မီးရှို့ သတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုနေ့က စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့်အတွက် ကရင်နီပူးပေါင်းတပ်များနှင့် ထိတွေ့မှုတချို့ဖြစ်ခဲ့သည်။

ထို့ကြောင့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်၏ ရှေ့ပြေးတပ်ကင်းမှ တပ်ဖွဲ့ဝင်တချို့ မိုဆိုကျေးရွာဝန်းကျင်သို့ရောက်ရှိလာပြီး စစ်ဘေးရှောင်နေရပ်စွန့်ခွာ နေကြသည့် ဒေသခံများအနက်တချို့ကို ဖမ်းဆီးခဲ့သည်။ “ရှေ့ပြေးတပ်က လူတွေကိုချက်ချင်းဖမ်းပြီး ချက်ချင်းမီးရှို့ပြီးပြန်ထွက်လာတာ။ သူတို့လည်း ရှေ့ဆက်တိုးလို့မရတော့ဘဲ အပေါ်နားလေးမှာပဲ တော်လှန်ရေးတပ်အင်အားစုတွေရှိတော့ ချက်ချင်းပဲပြန်ထွက်သွားတာ။ ပစ်ခတ်မှုတွေနည်းနည်းတော့ ဖြစ်သွားတာပေါ့” ဟု ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံက ပြောသည်။

ယင်းဖြစ်စဉ်မတိုင်မီ ကရင်နီပြည်နယ်လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ အသွင်ပြောင်းထားသည့် ကရင်နီနယ်ခြားစောင့်တပ် (BGF) ရဲ ဘော် လေးဦးသည် ဖမ်းဆီးခံရသည့်ဒေသခံများ လွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို သွားရောက်ညှိနှိုင်းခဲ့သေးသည်။ “သွားညှိတဲ့ ရဲဘော် လေးယောက်ကိုလည်း လက်နောက်ပြန်ကြိုးတုပ်၊ ခေါင်းကိုသေနတ်နဲ့ပစ်ခွဲပြီး သတ်လိုက်ကြတယ်” လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမသို့ ဖြေကြားခဲ့သည်။

ဒေသခံများအား မီးရှို့သတ်ပြီးနောက် စစ်ကောင်စီရှေ့ပြေးတပ်မှာ နောက်ပြန်ဆုတ်ခွာခဲ့၍ ဒီဇင်ဘာလ ၂၅ ရက် နံနက်အစောပိုင်းတွင် KNDF တပ်ဖွဲ့ဝင်များက ဒေသခံများ၏ ရုပ်အလောင်းကို ဓာတ်ပုံ မှတ်တမ်းရိုက်ကူးနိုင်ခဲ့ကြောင်းသိရသည်။ “၂၅ ရက်က အလောင်းသွားရေနိုင်ခဲ့တယ်။ ကားသုံးစီးပေါ်မှာ သုံးပုံ၊ လမ်းပေါ်မှာကတစ်ပုံ။ စုစုပေါင်းဆို လေးပုံရှိတယ်” ဟု KSCC ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံက ပြောသည်။

၎င်းတို့ မှတ်တမ်းရယူခဲ့သည့် ဓာတ်ပုံများတွင် တချို့ရုပ်အလောင်းများမှာ ပြာကျလုနီးပါး မီးကျွမ်းထားပြီး တချို့မှာ အသားစများ ကျန်ရှိနေ သည်ကို တွေ့မြင်ရသည်။ မီးရှို့ခံရသည့်အထဲတွင် ဒန်ပါကား သုံးစီး၊ ကားငယ်သုံးစီး၊ ထော်လာဂျီနှစ်စီးနှင့် ဆိုင်ကယ်ငါးစီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လောင်စာဆီပုံးများလည်းပါဝင်ကြောင်း KNDF က အတည်ပြုပြောသည်။ သို့သော် ဒီဇင်ဘာလ ၂၅ ရက်တွင်ပင် စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်မှ အင်အား ၁၀၀ ခန့် ပါသည့်စစ်ကြောင်းသည် ထိုရွာသို့ ထပ်မံရောက်ရှိလာ၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များက အလောင်းကောက်ယူနိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ကရင်နီ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း အလုံးအရင်းဖြင့် တက်လာသည့် စစ်ကောင်စီတပ်ကို ပြန်လည်ဟန့်တားနိုင်ခဲ့သော်လည်း နှစ်ဖက်တပ်များမှာ ဒီဇင်ဘာလ ၂၇ ရက်အထိ သုံးရက်တိုင်တိုင် ရုပ်အလောင်းများထံ ရောက်ရှိ၊ ကောက်ယူ နိုင်ခြင်းမရှိခဲ့ပေ။ “ဒါကြောင့်ပဲ ကျွန်တော်တို့ သုံးသပ်မိတာကလည်း အလောင်းတွေက ဒီလိုမျိုးဖြစ်သွားမယ်။ နိုင်ငံတကာက သတိထားမိသွားမယ်ဆိုတာ သတိမထားမိလိုက်ဘူး ကျွန် တော်ထင်တယ်လေ။ အမိန့်အရဖြစ်စေ ရှိနေတဲ့တပ်မှူးတွေက ကျူးလွန်ပြီးမှ ဟိုးလေးတ‌ေကျာ်ဖြစ်လို့ ဖျက်ဆီးဖို့ကြိုးစားတယ်လို့ မြင်ပါတယ်” ဟု KSCC ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံက သုံးသပ်သည်။

Save the Children မှ ဝန်ထမ်းနှစ်ဦးနှင့် လွိုင်ကော်မြို့နယ်ရှိ ဓာတ်ဆီဆိုင်ပိုင်ရှင် ဦးကျော်လွင်အပါအဝင် ဝန်ထမ်း ရှစ်ဦး စုစုပေါင်း ၁၀ ဦးသည်လည်း ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ၎င်းတို့သည် စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရဖွယ်ရှိနေသည်ဟု မဇ္ဈိမက မေးမြန်းရသမျှ သတင်းအရင်းအမြစ်အားလုံးက ယုံကြည်နေကြသည်။ အဆိုပါ ၁၀ ဦးမှာ ခရီးသွားများဖြစ်ကြပြီး Save the Children မှ ဝန်ထမ်းနှစ်ဦးမှာ ခရစ်စမတ်အားလပ်ရက် နေရပ်သို့ပြန်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ် သည်။

ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးပိုင်ဆိုင်သည့် ကားမှာလည်း မီးရှို့ခံလိုက်ရသည်။ ဦးကျော်လွင်ထူးနှင့် ဝန်ထမ်း ခုနစ်ဦးမှာ ဘော်လခဲမြို့နယ်သို့ စက်သုံးဆီသွားရောက်ပို့ဆောင်စဉ် မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ ၎င်းတို့ကားမှာလည်း မီးရှို့ခံထားရသည်။ မီးရှို့သတ်ဖြတ်ခံရသည့် လူဦးရေအချက်အလက်အသေးစိတ်နှင့် နာမည်အလုံးစုံကိုမူ မဇ္ဈိမက စုံစမ်းဆဲဖြစ်သည်။ “ဖမ်းတဲ့သူအားလုံးကို တစ်ယောက်မှပြန်မလွတ်ဘူး။ အကုန်လုံးမီးရှို့ သတ်တယ်ဆိုတဲ့သတင်းကတော့ သေချာသွားပြီ။

ဒါကြောင့် ဆုံးသွားနိုင်ချေရှိတယ်ပေါ့နော်” ဟု KSCC ၏ လူသားချင်းစာထောက်ထားမှု တာဝန်ခံမှပြောသည်။ စစ်ကောင်စီတပ်အနေဖြင့် ဒေသ ခံများကို တားဆီး၊ စစ်ဆေးပိုင်ခွင့်ရှိသော်လည်း သတ်ပစ်၍မရကြောင်းနှင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ကားပေါ်တင်ပြီး မီးရှို့သတ်ခြင်းသည် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်မှူးများ၏ အချက်အလက်များကို စုံစမ်းနေပြီး သက်သေဖြင့်တကွ အရေးယူဆောင်ရွက်နိုင်ရန်ကြိုးပမ်းနေကာ ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဖြစ်ကြောင်း KNDF တာဝန်ရှိသူတစ်ဦး ကလည်းပြောသည်။ စစ်ကောင်စီတပ်သည် ယ နေ့ ဒီဇင်ဘာလ ၂၇ ရက် လက်ရှိအချိန်အထိ ဖရူဆိုမြို့နယ်၊ ခမရ (၄၂၈) တပ်တွင်အထိုင်ချ၍ စစ်ကြောင်းထိုးခြင်းများပြုလုပ်နေကြောင်း သိရသည်။ mizzima

ကလေးမြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများပြန်ဖြစ် 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ နတ်ချောင်းရွာတွင် ယမန်နေ့ ညနေပိုင်းမှ ယနေ့ (ဒီဇင်ဘာ ၂၇) နံနက်ပိုင်း တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ကလေးမြို့တောင်ဘက် ၁၅ မိုင်ခန့်အကွာရှိ နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကာ ဒေသခံ PDF ပူးပေါင်းအဖွဲ့ မှ နှစ်ဦးကျဆုံးကာ ဒဏ်ရာရသူခြောက်ဦးရှိကြောင်း PDF (ကလေး) ကလည်း ယနေ့ ထုတ်ပြန်သည်။ 

ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတိုက်ခိုက်ရေးအဖွဲ့များဖြစ်သည့် ပ.က.ခ (ပြည်သူ့ကာကွယ် ရေးအဖွဲ့)၊ PDF (ကလေး) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

နတ်ချောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုရှိသော်လည်း အတိအကျမသိရကြောင်း၊ နံနက်အစောပိုင်းက ကလေးမြို့ တာဟန်းရပ်ကွက်အနီးတွင် တိုက်ပွဲဖြစ်ရာတွင် ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကာ ရန်သူ့ မော်တော်ယာဉ်တစ်စီး သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။ 

ကလေးမြို့နယ်တောင်ပိုင်းတွင်  စစ်ရေးဆက်လက်တင်းမာနေသဖြင့် ကလေး – ဂန့်ဂေါလမ်းမကို ဖြတ်သန်းသွားလာခြင်း မပြုရန်၊ ဘေးလွတ်ရာတိမ်းရှောင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် PDF (ကလေး) က ယနေ့တွင် သတိပေးထုတ်ပြန်ထားသည်။  

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က နတ်ချောင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း PDF အဖွဲ့ဝင် ၉ ဦး သေဆုံးသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း အရပ်သားများသာဖြစ်သည်ဟု ကလေး PDF က ဆိုသည်။  

စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်သဖြင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ရပြီး တပ်စွဲထားသောစစ်တပ်ကြောင့် ရုပ်အလောင်း ၅ လောင်းကိုသာ ကောက်ယူနိုင်သေးကြောင်း ပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။ 

“စနိုက်ပါ ထောက်ထားတယ်ဆိုတော့ ဘာမှ ယူလို့မရဘူး။ အလောင်းတွေကို မျှားထားပြီးတော့မှ စနိုက်ပါနဲ့ ထောက်ထားတဲ့ ပုံစံမျိုးရှိတယ်” ဟု ၎င်းက ပြောသည်။ 

သေဆုံးအရပ်သားများအနက် ဦးမောင်ကြည်၊ ဒေါ်ဌေးမ၊ ကိုအေးကို၊ ကိုဖိုးအေး၊ ကိုမြင့်ဇော်နှင့် ဦးမင်းဒင်ဆိုသူ ခြောက်ဦးကိုသာ နာမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး ကျန်အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးမှာ မည်သူမည်ဝါ မသိရသေးဟု ဆိုသည်။​

ဦးမင်းဒင်ဆိုသူ၏ ရုပ်အလောင်းကို ယမန်နေ့တွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကာ ဦးမောင်ကြည်နှင့် ဒေါ်ဌေးမဆိုသူတို့မှာ ချွေးမဖြစ်သူ မဘဲဥ ဖမ်းဆီးခံရစဉ် ဝင်ရောက်တားဆီးရာမှ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ကိုယ်ဝန်ဆောင်ထားရသူ မဘဲဥကို စစ်တပ်က ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ၎င်းက “ဘဲဥမက သာမန်ပြည်သူ။ ဘာအဖွဲ့အစည်းနဲ့မှ ဆက်သွယ်ခြင်း မရှိဘူး” ဟု ပြောသည်။ 

ကလေးမြို့နယ်တွင် ငါးရက်တာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ဒေသခံ PDF များဘက်မှ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။ 

အဆိုပါ ထိခိုက်ဒဏ်ရာရ၊ သေဆုံးစာရင်းများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်ပြင် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

တိုက်ပွဲများကြောင့် နတ်ချောင်းရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး  အနွေးထည်၊ စောင်၊ ခြင်ထောင်၊ အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု သိရသည်။  myanmar now

ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်း ဆောင်၏မိခင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်သက်သက်ထွေးကို စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်မှာ  အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ မသီရိမိုးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဟာ မသီရိမိုးကို ဖမ်းမမိတာကြောင့် မိခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မသီရိမိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာက နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ဖမ်းမမိတာကြောင့် အမေဖြစ်သူ ဒေါ်သက်သက်ထွေးနဲ့ ညီမဖြစ်သူ မရွှေရည်မိုးတို့ကို ဖမ်းဆီးသွားခဲ့တာပါ။

နိုဝင်ဘာ ၁၁ ရက်မှာတော့ ညီမဖြစ်သူ မရွှေရည်မိုးကို ပြန်လွှတ်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သက်သက်ထွေးကိုတော့ စစ်ကြောရေးသို့ ပို့ဆောင်ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှု ဖွင့်လှစ်ခဲ့ပါတယ်။

အမှုစစ်ဆေးနေတဲ့အချိန်မှာလည်း မသီရိမိုး လာရောက် အဖမ်းခံရင် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက် ပြောဆိုထားပေမဲ့ မိခင်ဖြစ်သူက မသီရိမိုးနဲ့ အဆက်အသွယ် မရှိကြောင်း ပြောဆိုခဲ့တာကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တာပါ။

မသီရိမိုးဟာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက နေအိမ်ကနေ ဆင်းသွားပြီး နောက် မိသားစုနဲ့ အဆက်အသွယ် မလုပ်တာ ၁၁ လနီးပါးကြာပြီး ဖြစ်ပါတယ်။

ထားဝယ်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ မသီရိမိုးကို အာဏာသိမ်း စစ်ကောင်စီ က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားတာပါ။ DVB

မင်းတပ်မြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီး တစ်ဦး အပါဝင် ရှစ်ဦးသေဆုံးကာ သေနတ်နှစ်လက် ရရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Mindat က ထုတ်ပြန်သည်။

“သူတို့ဘက်က စစ်ကြောင်း နှစ်ခုနဲ့ ထိုး စစ်ဆင်လာတာ တိုက်ပွဲ ၁၀ ကြိမ်လောက် ဖြစ်ပါတယ်၊ သူတို့ဘက်က ရှစ်ယောက်ကျပြီး ကျွန်တော်တို့ တပ်ဖွဲ့ဝင် တစ်ဦး တိုင်းပြည်အတွက် အသက်ပေးသွားပါတယ်” ဟု CDF Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် ကပြောသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့အထိ မင်းတပ်မြို့ပေါ် အပါအဝင် ရှစ်မွှေး၊ ဝမ္မသူး၊ လာပန်း၊ အောက်လာပန်း၊ လိုရုံး၊ ခွီးရိန် စသည့် ရွာများတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ထိုးစစ်ဆင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မင်းတပ်မြို့ပေါ်သို့ ပြန် လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဖြစ်ပွားမည့် အလားအလာများ လျော့နည်းသွားကြောင်း ဆိုသည်။တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ဆောင်းရာသီ အအေးဒဏ်ကြောင့် စားသောက် နေထိုင်ရေး အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆလိုင်းယောမန်က ဆက်ပြောသည်။ mizzima

ကရင်နီပြည်နယ်တွင် စစ်တပ်က ပြည်သူ ၃၅ဦးကို မီးရှို့သတ်ဖြတ်ခဲ့နေရာသို့ လာရောက် သက်သေယူသူများကို လက်နက်ကြီးဖြင့် ပစ် ခတ်နေ၊ သက်သေအထောက်အထားများ ပေးပို့နိုင်

ကရင်နီပြည်နယ်တွင် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ပြည်သူ ၃၅ဦးကို မီးရှို့ သတ်ဖြတ်ခဲ့နေရာသို့ လာရောက် သက်သေယူသူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း သိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်ရှိချိန်တွင် ၎င်းတို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုနှင့်စပ်ဆက်သည့် သက်သေအထောက် အထားများကို ဖျောက်ဖျက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်းများပြုလုပ်ရန် ကြိုးစားလျက်ရှိပြီး၊ အခင်း ဖြစ်ပွားရာ နေရာသို့ သက်သေအထောက်အထားများ လာရောက်စုစည်းသူများကို လက်နက်ကြီးများဖြင့် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ အရပ်သား ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု ကျူးလွန်သော အမှုကို ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF)နှင့် ကရင်နီပြည် ရဲဌာန ( Karenni Sate Police)တို့ ပူးပေါင်းကာ သက်သေ အထောက်အထားများ စုစည်းနေခြင်းကြောင့် ပြည်သူများ အနေဖြင့် သက်သေအထောက် အထားများ ရရှိထားလျှင် ပေးပို့ နိုင်ကြောင်း KNDFက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုအမှုကိစ္စနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများကို စုစည်းခြင်းနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကိုရယူခြင်းများကို KNDF နှင့် ကရင်နီပြည်ရဲဌာန (KSP) တို့မှလုပ်ဆောင် လျက်ရှိသေ ာကြောင့် ပြည်သူများမှ သက်သေအထောက်အထားများနှင့် ပတ်သက် ၍ တစ်စုံတစ်ရာသိရှိပါက KNDF ၏ facebook page နှင့်အောက်ဖော်ပြပါ Singnal နံပတ်များသို့ဆက်သွယ်‌ပေးပို့ကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် အထူးသဖြင့် ရက်စက်စွာ အသတ်ဖြတ်ခံရသူများ၏ ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများနှင့် မျက်မြင် သက်သေများကို အ ထူးဖိတ်ခေါ်လိုပြီး ထိုအမှုခင်းထဲတွင် ကံဆိုးစွာ ပါသွားခဲ့သော မိမိတို့၏ ဆွေမျိုး၊မိဘ၊ညီအကို၊ မောင်နှမ၊ သားသမီးများ၏ အမည်များနှင့် အချက်အလက်များကို ဆက်သွယ်ပေးပို့ကြပါရန် စိတ်မကောင်းဆိုဖြင့် မေတ္တာရပ်ခံတောင်းဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ KNDF၊ ကရင်နီပြည်ရဲဌာန (Karenni Sate Police)နှင့်အတူ ကုလသမဂ္ဂအဖွဲ့အစည်းအစည်းများ၊ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့များနှင့်ပူးပေါင်း၍ အရေးယူဆောင်ရွက်မှုများနှင့် တရားမျှတမှုရ ရှိရေးအတွက် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း KNDFက ထုတ်ပြန်ထားသည်။ khit thit

« Older Entries Recent Entries »