Monthly Archives: Dec 2021

ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့(PSDF) နှင့် PDF တပ်ဖွဲ့တို့အတူလက်တွဲ တိုက်ပွဲဝင်မည်

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့  ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့(PSDF) တို့ ညီနောင်မဟာမိတ်အဖြစ်လက်တွဲပြီး  စစ်အာဏာရှင်တော်လှန်သွားမယ်လို့  ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မဟာမိတ်ချိတ်ဆက်ကာ အာဏာသိမ်းစစ်ကောင် စီကို တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ရေးဆိုင်ရာ အကြံဉာဏ်ပေးတာတွေ၊ နည်းပညာဖလှယ်တာတွေနဲ့ လက်နက်ကို ကိုယ်တိုင် ထုတ်လုပ်သွားနိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လက်နက်ထုတ်လုပ်ရေးအပိုင်းတွေမှာ ဖောက်ခွဲစမ်းသပ်မှုတွေ အောင်အောင်မြင်မြင် လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။

တိုက်ခိုက်ရေးအတွေ့ကြုံရှိတဲ့ အရာရှိစစ်သည်အများအပြားပါဝင်ပြီး တပ်ဖွဲ့ဝင်အင်အားလည်း ထပ်ပြီးတိုးလာဖို့ရှိသလို တစ်ယောက်စီတိုင်းကို လက်နက်တပ်ဆင်ပေးနိုင်မယ့် အစီအမံတွေလည်း ရေးဆွဲနေတယ်လို့ ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

ပြည်သူ့စစ်သားကာကွယ်ရေးတပ်ဖွဲ့ (PSDF) ကို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့ တပ်မတော်အရာရှိ စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။  DVB

မုံးကိုးနှင့် သိန္နီတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို MNDAA က ပိတ်ဆို့ထား၊ မုံးကိုးနှင့် သိန္နီခရိုင်များတွင် တိုက်ပွဲများ ဖြစ်ပွား

မုံးကိုးနှင့် သိန္နီခရိုင်တွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို ကိုးကန့် MNDAA က ပိတ်ဆို့ထားပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် အဆိုပါ ခရိုင်နှစ်ခု၌ တိုက်ပွဲများဖြစ်ပွားကြောင်း ကိုးကန့်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

သိန္နီခရိုင်တွင်းသို့ ဝင်ရောက်လာသောစစ်ကောင်စီတပ်ဖွဲ့ကို MNDAA က ပိတ်ဆို့ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်ကမှစတင်ကာ ၁ နာရီကျော်ကြာအထိ တိုက်ပြွဖြစ်ပွားကြောင်း၊ ကိုးကန့် အထူးဒေသ ၁ မုံးကိုးခရိုင်တွင်လည်း ညနေ ၅ နာရီ ၅၀ မိနစ်တွင် MNDAA တပ်မဟာ ၅၁၁ သည် ၁၀၅ မိုင်နှင့် နန်ဟိုင်အကြား စစ်ကောင်စီကို ပိတ်ဆို့ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးစာရင်းကို အတည်မပြုနိုင်ကြောင်း၊ MNDAA က ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ တစ်နေ့လုံးနီးပါး MNDAA ၏ မန်ရန်တပ်စခန်းသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၅၀ ကျော် ပစ်ခတ်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း အချက် ၃၀၀ ခန့်ပစ်ခတ်ခဲ့ကြောင်း The Kokang က ရေးသားဖော်ပြသည်။ khit thit

ယင်းမာပင် မြို့နယ်တွင် စစ်တပ်ပိုင် ဗုံးသီး ၄၂ လုံး PDF တပ်များရရှိ

အကြမ်းဖက် စစ်ကောင်စီတပ် ငါးရက် စခန်းချ နေထိုင်ခဲ့သည့် ဘန့်ဘွေးရွာတွင် ဗုံးသီး ၄၂ လုံးကိုသိမ်းဆည်း ရမိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် တာဝန်ရှိသူက ပြောသည်။ ထိုဗုံးသီးများသည် စစ်ကောင်စီတပ်၂၀၁၇ ခုနှစ်ထုတ် ၄၀ မမ ခွင်းဗုံးသီး၊ အမ်ဂျီ ၃နှင့် ၄၀ မမ တင့်ဗုံးသီး အမ်ဂျီ ၄ တို့ ဖြစ်သည်။

အဆိုပါ ဗုံးသီးများ၏ တန်ဖိုးသည် ကာလပေါက်စျေးအရ ဆိုလျှင် စုစုပေါင်း ကျပ်သိန်း ၄၀ ကျော်ရှိကြောင်း CDM ပြုလုပ်လာသည့် စစ်တပ်အသိုင်းအဝန်းထံက သိရသည်။ ခွင်းဗုံးသီးသည် ရန်သူတပ်ဖြန့်ထားသည့် အနေအထားတွင် ပစ်လေ့ရှိပြီး တင့်ဗုံးသီးမှာ ရန်သူ၏ ဗန်ကာများအား ဖျက်ဆီးရန် ပစ်ခတ်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။

ထိုဗုံးသီးများသည် မီတာ ၂၀၀ အကွာအဝေးသို့ ကျရောက်မှသာ ပေါက်ကွဲနိုင်သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အထိ တပ်စွဲနေထိုင်ကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ အပြန် အလှန် ဖြစ်ပြီး ထိုတပ်သားများ တပ်ဆုတ်ချိန် တွင် ဗုံးသီးများကို PDF များက သိမ်းဆည်း ရမိခြင်းဖြစ်သည်။ “စစ်ကောင်စီ တပ်တွေက လမ်း ပြ ပျူစောထီးတွေနဲ့ ဒေသခံအဖွဲ့ အယောင်ဆောင်ပြီး အင်အား ၁၀၀ လောက်တော့ရှိမယ်။

ဘန့်ဘွေးရွာကို တပ်စွဲကြတာ၊ ခြောက်ရက်လောက် ဆက်တိုက် ကျွန်တော်တို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာမျိုးတွေ ဖြစ်ခဲ့ကြတယ် “ဟု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပုံကို ဗျတ္တညီနောင်အဖွဲ့မှ ရဲဘော်ဗျတ္တက ပြောသည်။ ထိုတိုက်ပွဲကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက် ပြောက်ကျားတပ်ဖွဲ့နှင့် ဗျတ္တညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် ပြောက်ကျား သုံးဖွဲ့ နှင့်အတူ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်သည်။

“ကျွန်ုပ်တို့အနေဖြင့် ရန်သူအား အလစ်အငိုက် ရွေ့လျားတိုက်ခိုက်ခြင်း၊ စခန်းချရာ နေရာ၊ ကင်းပွိုင့်နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခြင်း၊ အခါအားလျော်စွာ ရန်သူအား ချဉ်းကပ်ဖြိုခွင်းခြင်းတို့ ပြုလုပ်ကာ မောင်းထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ဗျတ္တညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲသည် တစ်ရက်လျှင် နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်သည့် ပြောက်ကျား တိုက်ပွဲမျိုးသာ ဖြစ်ပြီး နှစ်ဖက်အကျအဆုံးတော့ မများခဲ့ပေ။

သို့သော် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်သားတစ်ဦး ခြေထောက် ထိမှန်ဒဏ်ရာတစ်ခုတော့ ရခဲ့‌ေကြာင်း သိရသည်။ ဒီဇင်ဘာလ ၂၄ ရက် တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်သည့်အခါတွင် စစ်ကောင်စီ တပ်စွဲခဲ့ရာ ဘန့်ဘွေးရွာ နေအိမ် တစ်လုံးပေါ်၌ ဗုံးသီး ၄၂ လုံးကို တစ်နေရာတည်းတွင် အစုလိုက် အပြုံလိုက် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၄၀ မမ လောင်ချာနှင့် M 79 လက်နက်များတွင် ထည့်သွင်း ပစ်ခတ်ရသည့် ထိုဗုံးသီးများနှင့် လက်နက်များသည် တပ်စိတ် အဆင့် လက်နက် ဖြစ်သည့်အတွက် စစ်ကောင်စီတပ်တွင် ဒု တပ်စိပ်မှူးများ ကိုင်တွယ်သည့် ပစ္စည်းများဖြစ်သည်။

“စစ်ပွဲပန်းလာတဲ့အခါ ကျည်တွေ အကုန် မသယ်နိုင်တော့ဘဲ အလေးချိန် လျော့တာမျိုး လုပ်လေ့ရှိတယ်။ ဥပမာ တိုက်ပွဲမှာ တစ်လုံးလောက် ပစ်ပြီး ဆယ်လုံးပစ်ပါတယ် ဆိုတာမျိုး စာရင်းတင်လေ့ ရှိတယ်။ နောက်တစ်ခုက ဒီအသီးတွေ သယ်ရတဲ့ တပ်သားက သူ့အရာရှိကို မကျေနပ်လို့ တမင်ထားခဲ့တာမျိုးလည်း လုပ်လေ့ရှိတယ်။ သူပါ ပြဿနာအတက်ခံပြီး အရာရှိကို ဒုက္ခပေးတာမျိုး။ ဖြစ်နိုင်ခြေ နောက်တစ်ခုကျတော့ သူတို့ အဲ့ဒီရွာကိုပဲ နောက်ထပ် တစ်ကြိမ် ပြန်ဝင်ဖို့ရှိလို့ အသီးတွေကို ထားခဲ့တာမျိုးလည်း ဖြစ်နိုင်တယ် “ ဟု ထိုဗုံးသီးများ ကျန်နေခဲ့မှုအ ကြောင်းကို စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူ ဗိုလ်ကြီးဇင်ယော်က သုံးသပ် ပြောဆိုသည်။

ထိုသို့ ဗုံးသီးများ ကျန်နေခဲ့မှုအား အထက်အရာရှိများ သတင်းရသွားလျှင် တာဝန်ခံရသည့် အရာရှိမှ တန်ကြေးအတိုင်း ပြန်လည် လျော်ရကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ထိုဗုံးသီး တစ်လုံး၏ တန်ကြေးမှာ စစ်ကောင်စီတပ်တွင် မြန်မာကျပ်ငွေ တစ်သောင်း ဝန်း ကျင်ခန့် ရှိသည်ဟု သိရသည်။ အာဏာသိမ်းစစ်ကောင်စီအား ဖြုတ်ချနိုင်ရန် ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲများ မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပွားနေသည့် ယခုအချိန်တွင်မူ ထိုဗုံးသီးများ၏ တန်ကြေးမှာ မြန်မာကျပ်ငွေ တစ်သိန်းခန့် အထိ ဆယ်ဆခန့် ဈေးနှုန်းရှိနေပြီလည်းဖြစ်သည်။ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည့် စစ်ကိုင်းတိုင်းတွင်မူ ယခုနောက်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ စစ်ပန်းလာနေပြီ ဖြစ်ကြောင်း ဒေ သခံ တော်လှန်ရေး ခေါင်းဆောင်များက သုံးသပ် ကြသည်။

ထိုသို့စစ်ပန်းလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံတပ်ဖွဲ့များ အယောင်ဆောင်ကာ နယ်ခံ ပျူစောထီးအဖွဲ့များနှင့် စစ်ကြောင်းချီခြင်း၊ တပ်ဆုတ်ခြင်းများကို ပြောင်းလဲ ပြုလုပ်လာကြောင်း သိရသည်။ “တိုက်ပွဲတွေ စဖြစ်တဲ့ ကာလတုန်းကတော့ အင်အား ၃၀ လောက်နဲ့ နောက် စစ်ဝတ်စုံနဲ့ ရွာတွေကို ချီတက်ပြီး နယ်မြေ ရှင်းလင်းရေးတွေ သူတို့လုပ်လေ့ရှိတယ်။ ခုနောက်ပိုင်းတော့ အင်အား ၁၀၀ လောက် ရှိမှသာ သူတို့ တပ်စွဲတာတို့၊ ရွာတွေကို ဝင်မွှေတာတွေ လုပ်တော့တယ်။ ပြီးတော့ ဒေသခံတွေလိုပဲ ဝတ်ကြတာများတယ် “ဟု စစ်ကောင်စီတပ် သားများ၏ အခြေအနေကို ရဲဘော်ဗျတ္တက ပြောသည်။ “ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ဘက်မှာတော့ တပ်သားတစ်ယောက် ကျရင် ကျတဲ့ တပ်သားအတွက် မိသားစုက ဂုဏ်ယူနေတာဗျ။ ဒီလို ဆုံးရှုံးရလို့ ကြောက်သွားမယ် မထင်နဲ့။ သူ့မှာ ကျန်နေတဲ့ အဖေ အစ်ကို၊ ညီ ၊ညီမ အစ်မတွေကပါ တော်လှန်ရေး တပ်ဖွဲ့ဝင် အဖြစ်ကို ပြောင်းလဲ လာတာ “ဟု ရဲဘော် ဗျတ္တက ပြောသည်။

ပြည်သူနှင့် စည်းလုံး ညီညွတ်စွာရှိနေသည့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များအား အမည်ဖျက်ပြီး ဒေသခံများ လက်မခံစေရန် စစ်ကောင်စီ တပ်ဘက်မှလည်း အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ ထိုသို့ကြိုးပမ်းရာတွင် သတင်းအချက်အလက်များ ပြည်သူများ မသိရှိစေရန် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခြင်း၊ မဟုတ်မမှန် ဝါဒဖြန့် စာစောင်များအား ရဟတ်ယာဉ်များပေါ်မှ ဖြန့်ကြဲခြင်းများ ပြုလုပ် သကဲ့သို့ သတင်းဌာနများမှ ထုတ်လွှင့်မှုများအား ဖမ်းယူကြည့်ရှုမှု မပြုနိုင်ရန် စလောင်းများအား ဖြုတ်ယူသိမ်းဆည်းခြင်းများ ပြုလုပ်လျက် ရှိသည်။

“စစ်ကောင်စီလုပ်နေကျ နည်းလမ်းဟောင်းကြီးပေါ့ဗျာ။ တော်လှန်ရေး တပ်ဖွဲ့တွေကို အမည်ဖျက်မယ်။ ပြည်သူက လက်မခံအောင် အမျိုးမျိုးကြံတာပေါ့။ ဒါပေမဲ့ ဒေသခံတွေကလည်း မအ ကြတော့ဘူးလေ။ အားလုံးက စစ်ကောင်စီ ပြောတာဆို ဘယ်သူမှ မယုံသလို လက်ခံမှုလည်း မရှိတော့ဘူး။ သူတို့ ဝါဒဖြန့်တာက သဲထဲရေသွန်ပဲဖြစ်မှာ “ဟု ဝါဒဖြန့်မှုအပေါ် ဒေသခံများ၏ တုံ့ပြန်ပုံကို ရဲဘော်ဗျတ္တက သုံးသပ်ပြောဆိုသည်။

ထိုသို့ ဝါဒဖြန့်မှု မအောင်မြင်သည့်အပြင် ယခင်က စစ်ကောင်စီနှင့် ပနံသင့်သည့် စစ်တပ် ထောက်ခံသူများပင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း လာကြကြောင်း သူက ဆက်ပြောသည်။ လွန်ခဲ့သည့် ရက်တွင်လည်း ယင်းမာပင်နှင့် ကပ်လျက်ရှိသည့် ကနီမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းရုံးရေးမှုး ဦးမြဆိုသူသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းခဲ့သည်။ mizzima

ပုသိမ်-ချောင်းသာ ကားလမ်းဘေး ရွာများတွင် ဒေသခံများကို စစ်ကောင်စီက ပေါ်တာဆွဲနေ

ရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ပြီး ပုသိမ်-ချောင်းသာ ကားလမ်း ဘေးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အဓမ္မလုပ်အားပေး ပစ္စည်းထမ်းလမ်းပြခိုင်းဖို့ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုသိမ်-ချောင်းသာ ကားလမ်းဘေးမှာရှိတဲ့ တောတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေ ရှိတယ်သတင်းကြောင့် လာရှာချိန်မှာ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲပြီး လမ်းပြလုပ်ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

“လမ်းပြလုပ်ခိုင်းတာ၊ သူတို့က ဒီဘက်ကို မကျွမ်းတဲ့ပုံရတယ်။ ဘယ်ရွာတွေက ပါသွားလဲဆိုတော့ ဥတိုရွာ၊ မြစ်ရှုကျေးရွာ၊ ဆင်ကူးတောင်ကျေးရွာ အဲ့ဘက်က တောခုတ်တဲ့သူ တော်တော်ပါးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေဖို့အတွက် သူတို့တပ်စွဲ ထားတဲ့ ကားလမ်းဘေး ကျေးရွာတွေက တောခုတ်တဲ့သူနဲ့ မုဆိုးလိုက်တဲ့သူတွေအပါဝင် တရွာကို ၃၀ လောက် ပေါ်တာ ခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်လမ်းကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ ကားလမ်းဘေးကကျေးရွာတွေကို ဝင်ရောက်တပ်စွဲပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေတာတွေ ပြုလုပ်လာတာလို့ သိရပါတယ်။ DVB

ပုလောမြို့နယ်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီက အင်အား ၂၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂၇ဘရက် ည ၈နာရီ ဝန်းကျင်တွင် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပဝတ်ကုန်းရွာမှ ဦးဖိုးပျော်၊ ဦးကျော်ခိုင်နှင့် ကိုလှမိုးတို့ ၏နေအိမ် သုံးလုံးကို အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ ” ညတည်းက ရွာသားတွေ ပြေးနေရတယ် ။ အခုလည်း ပြေးနေရတယ်”ဟု ပဝတ်ကုန်းရွာသား တစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၆ရက် နှင့် ၂၇ ရက်နေ့တို့တွင် ပုလောမြို့နယ် ပဝတ်ကုန်းရွာနှင့် ကျောက်နိပ့်ရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ သုံး ဦးကို PDF နှင့် PRDF တပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ယင်းအဖွဲ့များ၏ အဖွဲ့ဝင်များထံမှ သိရသည်။ mizzima

တိုင်းရင်းသားများ လေ့ကျင့်ပေးထားသည့် ၇ လသက်တမ်း PDF တပ်များ ၏ တိုက်ခိုက်မှု စွမ်းရည် စစ်ကောင်စီတပ် နေ့စဉ်သေဆုံးမှုစာ ရင်းကြည့်လျှင် သိနိုင်ဟု NUG ဝန်ကြီးချုပ် ပြောဆို

တိုင်းရင်းသားများ လေ့ကျင့်ပေးထားသည့် ၇ လသက်တမ်းသာရှိသော PDF တပ်များ၏တိုက်ခိုက်မှု စွမ်းရည်ကို စစ်ကောင်စီတပ်မှ စစ်သားနေ့စဉ်သေဆုံးမှုစာရင်းကြည့်လျှင် သိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ NUG ဝန်ကြီးအစည်းအဝေးတွင် ပြော ဆိုလိုက်သည်။

စစ်ရေးကဏ္ဍများဆိုလျှင် လျှို့ဝှက်စွာလုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်ပြီး Chain of command ကလည်း အရေးကြီးပါကြောင်း၊ PDF များ သည် ၇ လခန့်သာ လေ့ကျင့်ချိန်ရှိသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များ၏ကူညီပံ့ပိုးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နှစ် ၇၀ သက် တမ်းရှိသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိ စွမ်းရည်တိုးတက်လာသည်ကို နေ့စဉ်အကြမ်းဖက် စစ်ကောင်စီတပ်၏ သေဆုံးစာရင်းကို ကြည့်လျှင်သိနိုင်ပါကြောင်း ၎င်းကဆိုသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီ အယောက်၂၀ သေဆုံးသည့်တိုင် တိုင်းရင်းသား EAO နှင့် PDF ၁ ဦး ကျဆုံးတာမျိုး အဖြစ်မခံနိုင်ကြောင်း၊ ပြည်သူများ၏ အသက် အင်မတန်တန်ဖိုးရှိကြောင်း၊ထို့ကြောင့် တော်လှန်ရေးကို အတူတကွဆင်နွှဲနေသည့် မဟာမိတ် EAO များ၊ PDF များ အကျအဆုံးနည်းစေရန် ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များနှင့် အတူတကွညှိနှိုင်း၍ စနစ် တကျစီမံပေးရန် တိုက်တွန်းလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က မှတ်ချက်ပေး ပြောဆိုထားသည်။ khit thit

သာပေါင်းမြို့နယ် ကျောက်ဖြာရွာတွင် ညအိပ်မခရီးမသွားရန် စစ်ကောင်စီတားမြစ်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာက ဒေသခံပြည်သူတွေ ညအိပ်ခရီးမသွားဖို့  စစ်ကောင်စီတပ်သားတွေက တားမြစ်ထားတယ်လို့ သိရပါတယ်။ 

ကျွန်းကြီးကုန်းကျေးရွာအုပ်စုရှိ ကျောက်ဖြာကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ဒုတိယပတ်လောက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ခုလို ညအိပ်ခရီးမထွက်ဖို့ တားမြစ်ခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။ 

“လူငယ်တစ်ယောက်ကို အရင် ဝင်ဖမ်းတာ အင်အားအများကြီးနဲ့ ရွာထဲဝင်ဖမ်းတာ အဲ့လိုဖြစ်ပြီး တပတ်လောက်ကြာမှအုပ်ချုပ်ရေးမှူးက လိုက်ပြောတာ ညအိပ်ခရီးမသွားဖို့၊ မဖြစ်မနေသွားမယ်ဆို ခွင့်ပြုချက် ယူပြီးသွားရမယ်ဆိုပြီးတော့ လိုက်အော်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေ ညအိပ်ခရီးမသွားဖို့ တားမြစ်တာတွေလိုက်အော်ပြီး နောက်တစ်နေ့ ကျေးရွာဝင်လမ်းမှာ စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝတ်တာ၊ စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက လူငယ်တဦးက ဖမ်းဆီးပြီး ညအိပ်ခရီးမသွားဖို့ တားမြစ်ထားတဲ့ ကျောက်ဖြာကျေးရွာမှာ အိမ်ခြေ ၅၀ ကျော်ရှိပြီး လက်ရှိအ ချိန်မှာ စားဝတ်နေရေး အခက်ကြုံနေတယ်လို့ သိရပါတယ်။ DVB

ရန်ကုန် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာ ဝဏ် လမ်းဆုံတွင် ဗုံးများပေါက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မြိတ်လမ်းပေါ်နှင့် ဧရာဝဏ် လမ်းဆုံတို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

“စစ်ကောင်စီက အမြဲလှည့်နေတာ အဲ့ဒီလမ်းမှာ။ မနက်က မီးတန်းကား ဆလွန်းကား တစ်စီးနဲ့ လာတာ။ ကျွန်တော်တို့က လမ်းဆုံကနေ စပြီး လမ်းတစ် လျှောက်မှာ ထောင်ထားတာ သုံးလုံး။ ချိန်ကိုက် မှားသွားလို့ ကားကိုတော့ မထိသွားဘူး” ဟု ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အာ ဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ACPLF)  အဖွဲ့က ပြောသည်။ 

အဆိုပါ ပေါက်ကွဲမှုများတွင် ချိန်ကိုက် လွဲမှားမှုကြောင့် စစ်ကောင်စီကားများ ထိခိုက်မှု မရှိခဲ့ပေ။ 

“ကျွန်တော် မနက်နိုးတော့ ၆ နာရီလောက်ပေါ့။ အဲ့ဒီ့အချိန်မှာ တစ်လုံး ပေါက်တယ်တဲ့။ ကျွန်တော်တော့ သတိမထားမိလိုက်ဘူး။ နောက်တစ် လုံးပေါက်တဲ့ အချိန်က အိမ်နဲ့နီးတော့ အသံ တော်တော်ကျယ်တယ်။ အပေါ်ထပ် အိမ်တွေကို တုန်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလုပ်ဆောင်မှုကို (ACPLF) အဖွဲ့နှင့် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစု (SSUG) ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ mizzima

« Older Entries