ယင်းမာပင် မြို့နယ်တွင် စစ်တပ်ပိုင် ဗုံးသီး ၄၂ လုံး PDF တပ်များရရှိ

အကြမ်းဖက် စစ်ကောင်စီတပ် ငါးရက် စခန်းချ နေထိုင်ခဲ့သည့် ဘန့်ဘွေးရွာတွင် ဗုံးသီး ၄၂ လုံးကိုသိမ်းဆည်း ရမိခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် တာဝန်ရှိသူက ပြောသည်။ ထိုဗုံးသီးများသည် စစ်ကောင်စီတပ်၂၀၁၇ ခုနှစ်ထုတ် ၄၀ မမ ခွင်းဗုံးသီး၊ အမ်ဂျီ ၃နှင့် ၄၀ မမ တင့်ဗုံးသီး အမ်ဂျီ ၄ တို့ ဖြစ်သည်။

အဆိုပါ ဗုံးသီးများ၏ တန်ဖိုးသည် ကာလပေါက်စျေးအရ ဆိုလျှင် စုစုပေါင်း ကျပ်သိန်း ၄၀ ကျော်ရှိကြောင်း CDM ပြုလုပ်လာသည့် စစ်တပ်အသိုင်းအဝန်းထံက သိရသည်။ ခွင်းဗုံးသီးသည် ရန်သူတပ်ဖြန့်ထားသည့် အနေအထားတွင် ပစ်လေ့ရှိပြီး တင့်ဗုံးသီးမှာ ရန်သူ၏ ဗန်ကာများအား ဖျက်ဆီးရန် ပစ်ခတ်ရာတွင် အသုံးပြုခြင်း ဖြစ်သည်။

ထိုဗုံးသီးများသည် မီတာ ၂၀၀ အကွာအဝေးသို့ ကျရောက်မှသာ ပေါက်ကွဲနိုင်သည်ဟု သိရသည်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၄ ရက်အထိ တပ်စွဲနေထိုင်ကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ အပြန် အလှန် ဖြစ်ပြီး ထိုတပ်သားများ တပ်ဆုတ်ချိန် တွင် ဗုံးသီးများကို PDF များက သိမ်းဆည်း ရမိခြင်းဖြစ်သည်။ “စစ်ကောင်စီ တပ်တွေက လမ်း ပြ ပျူစောထီးတွေနဲ့ ဒေသခံအဖွဲ့ အယောင်ဆောင်ပြီး အင်အား ၁၀၀ လောက်တော့ရှိမယ်။

ဘန့်ဘွေးရွာကို တပ်စွဲကြတာ၊ ခြောက်ရက်လောက် ဆက်တိုက် ကျွန်တော်တို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာမျိုးတွေ ဖြစ်ခဲ့ကြတယ် “ဟု စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပုံကို ဗျတ္တညီနောင်အဖွဲ့မှ ရဲဘော်ဗျတ္တက ပြောသည်။ ထိုတိုက်ပွဲကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်သည့် ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့၊ မြွေဟောက် ပြောက်ကျားတပ်ဖွဲ့နှင့် ဗျတ္တညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ် ပြောက်ကျား သုံးဖွဲ့ နှင့်အတူ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြစ်သည်။

“ကျွန်ုပ်တို့အနေဖြင့် ရန်သူအား အလစ်အငိုက် ရွေ့လျားတိုက်ခိုက်ခြင်း၊ စခန်းချရာ နေရာ၊ ကင်းပွိုင့်နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခြင်း၊ အခါအားလျော်စွာ ရန်သူအား ချဉ်းကပ်ဖြိုခွင်းခြင်းတို့ ပြုလုပ်ကာ မောင်းထုတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ဗျတ္တညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ပွဲသည် တစ်ရက်လျှင် နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်သည့် ပြောက်ကျား တိုက်ပွဲမျိုးသာ ဖြစ်ပြီး နှစ်ဖက်အကျအဆုံးတော့ မများခဲ့ပေ။

သို့သော် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်သားတစ်ဦး ခြေထောက် ထိမှန်ဒဏ်ရာတစ်ခုတော့ ရခဲ့‌ေကြာင်း သိရသည်။ ဒီဇင်ဘာလ ၂၄ ရက် တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်သည့်အခါတွင် စစ်ကောင်စီ တပ်စွဲခဲ့ရာ ဘန့်ဘွေးရွာ နေအိမ် တစ်လုံးပေါ်၌ ဗုံးသီး ၄၂ လုံးကို တစ်နေရာတည်းတွင် အစုလိုက် အပြုံလိုက် တွေ့ခဲ့ရခြင်း ဖြစ်သည်။ ၄၀ မမ လောင်ချာနှင့် M 79 လက်နက်များတွင် ထည့်သွင်း ပစ်ခတ်ရသည့် ထိုဗုံးသီးများနှင့် လက်နက်များသည် တပ်စိတ် အဆင့် လက်နက် ဖြစ်သည့်အတွက် စစ်ကောင်စီတပ်တွင် ဒု တပ်စိပ်မှူးများ ကိုင်တွယ်သည့် ပစ္စည်းများဖြစ်သည်။

“စစ်ပွဲပန်းလာတဲ့အခါ ကျည်တွေ အကုန် မသယ်နိုင်တော့ဘဲ အလေးချိန် လျော့တာမျိုး လုပ်လေ့ရှိတယ်။ ဥပမာ တိုက်ပွဲမှာ တစ်လုံးလောက် ပစ်ပြီး ဆယ်လုံးပစ်ပါတယ် ဆိုတာမျိုး စာရင်းတင်လေ့ ရှိတယ်။ နောက်တစ်ခုက ဒီအသီးတွေ သယ်ရတဲ့ တပ်သားက သူ့အရာရှိကို မကျေနပ်လို့ တမင်ထားခဲ့တာမျိုးလည်း လုပ်လေ့ရှိတယ်။ သူပါ ပြဿနာအတက်ခံပြီး အရာရှိကို ဒုက္ခပေးတာမျိုး။ ဖြစ်နိုင်ခြေ နောက်တစ်ခုကျတော့ သူတို့ အဲ့ဒီရွာကိုပဲ နောက်ထပ် တစ်ကြိမ် ပြန်ဝင်ဖို့ရှိလို့ အသီးတွေကို ထားခဲ့တာမျိုးလည်း ဖြစ်နိုင်တယ် “ ဟု ထိုဗုံးသီးများ ကျန်နေခဲ့မှုအ ကြောင်းကို စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူ ဗိုလ်ကြီးဇင်ယော်က သုံးသပ် ပြောဆိုသည်။

ထိုသို့ ဗုံးသီးများ ကျန်နေခဲ့မှုအား အထက်အရာရှိများ သတင်းရသွားလျှင် တာဝန်ခံရသည့် အရာရှိမှ တန်ကြေးအတိုင်း ပြန်လည် လျော်ရကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။ ထိုဗုံးသီး တစ်လုံး၏ တန်ကြေးမှာ စစ်ကောင်စီတပ်တွင် မြန်မာကျပ်ငွေ တစ်သောင်း ဝန်း ကျင်ခန့် ရှိသည်ဟု သိရသည်။ အာဏာသိမ်းစစ်ကောင်စီအား ဖြုတ်ချနိုင်ရန် ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲများ မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပွားနေသည့် ယခုအချိန်တွင်မူ ထိုဗုံးသီးများ၏ တန်ကြေးမှာ မြန်မာကျပ်ငွေ တစ်သိန်းခန့် အထိ ဆယ်ဆခန့် ဈေးနှုန်းရှိနေပြီလည်းဖြစ်သည်။ စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည့် စစ်ကိုင်းတိုင်းတွင်မူ ယခုနောက်ပိုင်းတွင် စစ်ကောင်စီ တပ်သားများ စစ်ပန်းလာနေပြီ ဖြစ်ကြောင်း ဒေ သခံ တော်လှန်ရေး ခေါင်းဆောင်များက သုံးသပ် ကြသည်။

ထိုသို့စစ်ပန်းလာသည့် စစ်ကောင်စီ တပ်သားများသည် ဒေသခံတပ်ဖွဲ့များ အယောင်ဆောင်ကာ နယ်ခံ ပျူစောထီးအဖွဲ့များနှင့် စစ်ကြောင်းချီခြင်း၊ တပ်ဆုတ်ခြင်းများကို ပြောင်းလဲ ပြုလုပ်လာကြောင်း သိရသည်။ “တိုက်ပွဲတွေ စဖြစ်တဲ့ ကာလတုန်းကတော့ အင်အား ၃၀ လောက်နဲ့ နောက် စစ်ဝတ်စုံနဲ့ ရွာတွေကို ချီတက်ပြီး နယ်မြေ ရှင်းလင်းရေးတွေ သူတို့လုပ်လေ့ရှိတယ်။ ခုနောက်ပိုင်းတော့ အင်အား ၁၀၀ လောက် ရှိမှသာ သူတို့ တပ်စွဲတာတို့၊ ရွာတွေကို ဝင်မွှေတာတွေ လုပ်တော့တယ်။ ပြီးတော့ ဒေသခံတွေလိုပဲ ဝတ်ကြတာများတယ် “ဟု စစ်ကောင်စီတပ် သားများ၏ အခြေအနေကို ရဲဘော်ဗျတ္တက ပြောသည်။ “ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ဘက်မှာတော့ တပ်သားတစ်ယောက် ကျရင် ကျတဲ့ တပ်သားအတွက် မိသားစုက ဂုဏ်ယူနေတာဗျ။ ဒီလို ဆုံးရှုံးရလို့ ကြောက်သွားမယ် မထင်နဲ့။ သူ့မှာ ကျန်နေတဲ့ အဖေ အစ်ကို၊ ညီ ၊ညီမ အစ်မတွေကပါ တော်လှန်ရေး တပ်ဖွဲ့ဝင် အဖြစ်ကို ပြောင်းလဲ လာတာ “ဟု ရဲဘော် ဗျတ္တက ပြောသည်။

ပြည်သူနှင့် စည်းလုံး ညီညွတ်စွာရှိနေသည့် ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များအား အမည်ဖျက်ပြီး ဒေသခံများ လက်မခံစေရန် စစ်ကောင်စီ တပ်ဘက်မှလည်း အစွမ်းကုန် ကြိုးစားလျက်ရှိသည်။ ထိုသို့ကြိုးပမ်းရာတွင် သတင်းအချက်အလက်များ ပြည်သူများ မသိရှိစေရန် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခြင်း၊ မဟုတ်မမှန် ဝါဒဖြန့် စာစောင်များအား ရဟတ်ယာဉ်များပေါ်မှ ဖြန့်ကြဲခြင်းများ ပြုလုပ် သကဲ့သို့ သတင်းဌာနများမှ ထုတ်လွှင့်မှုများအား ဖမ်းယူကြည့်ရှုမှု မပြုနိုင်ရန် စလောင်းများအား ဖြုတ်ယူသိမ်းဆည်းခြင်းများ ပြုလုပ်လျက် ရှိသည်။

“စစ်ကောင်စီလုပ်နေကျ နည်းလမ်းဟောင်းကြီးပေါ့ဗျာ။ တော်လှန်ရေး တပ်ဖွဲ့တွေကို အမည်ဖျက်မယ်။ ပြည်သူက လက်မခံအောင် အမျိုးမျိုးကြံတာပေါ့။ ဒါပေမဲ့ ဒေသခံတွေကလည်း မအ ကြတော့ဘူးလေ။ အားလုံးက စစ်ကောင်စီ ပြောတာဆို ဘယ်သူမှ မယုံသလို လက်ခံမှုလည်း မရှိတော့ဘူး။ သူတို့ ဝါဒဖြန့်တာက သဲထဲရေသွန်ပဲဖြစ်မှာ “ဟု ဝါဒဖြန့်မှုအပေါ် ဒေသခံများ၏ တုံ့ပြန်ပုံကို ရဲဘော်ဗျတ္တက သုံးသပ်ပြောဆိုသည်။

ထိုသို့ ဝါဒဖြန့်မှု မအောင်မြင်သည့်အပြင် ယခင်က စစ်ကောင်စီနှင့် ပနံသင့်သည့် စစ်တပ် ထောက်ခံသူများပင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်း လာကြကြောင်း သူက ဆက်ပြောသည်။ လွန်ခဲ့သည့် ရက်တွင်လည်း ယင်းမာပင်နှင့် ကပ်လျက်ရှိသည့် ကနီမြို့နယ်မှ ကြံ့ခိုင်ရေးပါတီ မြို့နယ်စည်းရုံးရေးမှုး ဦးမြဆိုသူသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s