Monthly Archives: Dec 2021

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ ၊ စစ်သား ၁၄ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး စစ်သား ၁၄ ဦးထက်မနည်းသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ခံရရှိသည်။

တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ်လမ်းဆုံလမ်းတစ်လျှောက်တွင် ဗုံးသုံးလုံးကွဲ

=============================================================

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင် ဧရာဝဏ်လမ်းဆုံအပါအဝင် လမ်းကြောင်းတစ်လျှောက်တွင် ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၆ နာရီ၊ ၆ နာရီခွဲနှင့် ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် ဗုံး ၃ လုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ACPLF (အဆပလ)အဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖောက်ခွဲမှုကို ACPLF နှင့် SSUG (တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစု)အဖွဲ့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စီးနင်းသည့် ဆလွန်းမီးတန်းကားဖြတ်သန်းချိန်နှင့် စက္ကန့်ပိုင်းကွာဟချက်ကြောင့် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မထိခိုက်ကြောင်း၊ မီးတန်းကားကိုသာ အရှိန်ပြင်းပြင်းမောင်းပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ် ဗုံးခွဲခံရမှု စစ်သား ၃ ဦး ထပ်သေ

===========================================

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းလေးကျေးရွာ တိုက်ကြီးလမ်းထိပ် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဒီဇင် ဘာလ ၂၆ရက်နေ့ နံနက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအနက်မှ (၃)ဦး ယနေ့နံနက်ပိုင်း ဒေးဒရဲဆေးရုံတွင် ထပ်မံသေဆုံးသွားကြောင်း ကော့မှူးသတင်းအေဂျင်စီက သတင်းဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်သား စုစုပေါင်း ၄ ဦးအထိရှိလာပြီဖြစ်သည်။

မန္တလေးတွင် အမရပူရနှင့် ပြည်ကြီးတံခွန် လ.၀.က ရုံးများ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

=====================================================================

မန္တလေးမြို့ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လ.၀.က) ရုံးများ ယနေ့ ဒီဇင်ဘာ (၂၈)ရက် နေ့လည်ပိုင်းတွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူ များကိုကိုးကား၍ ဒေသသတင်းရင်းမြစ် MFP က သတင်းဖော်ပြသည်။

ဗန်းမော်မြို့တွင်း တစ်နေ့တည်း စစ်တပ်က မိုင်းခွဲမှု ၃ ကြိမ်လုပ်

===========================================

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ဒီဇင်ဘာ(၂၆)တစ်နေ့တည်း စစ်တပ်က မိုင်းဖောက်ခွဲမှု (၃)ကြိမ်ပြုလုပ်ခဲ့ကြောင်း ၊ ညနေ ၆ နာရီတွင် မင်းကျောင်းကုန်း၊ ကမ်းနားသောင်ပြင်တွင် မိုင်းတစ်လုံး ၊ ည ၈ နာရီ ၃၀ မိနစ်တွင် မိုင်း ၂ လုံးကို စစ်တပ်က ဖောက်ခွဲကြောင်း၊ မိုင်းစမ်းသည်ဟု တချို့က သုံးသပ်ပြီး မိုင်းတွေ့၍ ဖောက်ခွဲသည်ဟု သုံးသပ်မှုများရှိကြောင်း၊ မိုင်းခွဲမှုကို ဒေသခံများအားလုံး ကြားရကြောင်း သိရှိရသည်။

စစ်ကောင်စီယာဥ်တန်းကို ထီးချိုင့် PDF မိုင်းခွဲတိုက်ခိုက်မှု ၁၀ ဦးထက်မနည်းသေဆုံး

==============================================================

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အစီးရေ ၃၀ ပါသည့် စစ်ကောင်စီယာဥ်တန်းကို ယနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ ယနေ့နံနက် ၁နာရီမထိုးမီ တွင်းငယ်ဘက်မှထွက်လာသော စစ်​ကောင်စီတပ်ကို ထီးချိုင့်မြို့အဝင်ဂိတ်အနီး မိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၊ နံနက် ၁ နာရီ ၁၇ မိနစ်ခန့်တွင် အစီးရေ ၃၀ ပါ စစ်ကောင်စီတပ်ယာဥ်တန်းအား အင်းတိန်နှင့် ဇီးဖြူကျင်းအနီးဝန်းကျင်၌ မိုင်းနှစ်လုံးဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျ အဆုံးများနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ khit thit

ဘိုကလေးမြို့တွင် ရှေ့နေ ၁ ဦး တရားရုံးချိန်းသွားချိန် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ရှေ့နေအမျိုးသား ၁ ဦးကို ရုံးချိန်းသွားချိန်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲလိုက်ပါတယ်။

ရှေ့နေ ဦးကိုကိုကြီးကို ရဲတပ်ဖွဲ့က တရားရုံးကိုလာဖို့ ချိန်းဆိုပြီး ရုံးချိန်လာရောက်ချိန်မှာ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဘိုကလေးမြို့နယ်ရှေ့နေအသင်း ဥက္ကဋ္ဌ ရှေ့နေ ဦးစိန်ဝင်းက “ရှေ့နေငှားလို့ရအောင် တရားရုံးက ခွင့်ပေးထားတယ်။ ဦးကိုကိုကြီးကတော့ ကိုယ်တိုင်ထုချေမယ့်သဘောရှိတယ်။ ရှေ့နေအသင်းအနေနဲ့ သတင်းနားထောင်ပြီးတော့ မှန် မမှန် အတည်ပြုပေးလို့ပဲရမယ်” လို့ ပြောပါတယ်။

ရှေ့နေ ဦးကိုကိုကြီးကို ဆန္ဒပြရာမှာပါတယ်ဆိုပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို ထားသလို ဘိုကလေးမြို့ခံ ဦးအောင်မိုးဦးနဲ့ တခြားလူငယ်တယောက်ကိုလည်း မနေ့က သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲခဲ့ကာ ရုံးချိန်လာတဲ့နေ့မှာ တစ်ခါတည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ 

ရုံးချိန်းလာချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရှေ့နေအပါဝင် အမျိုးသား ၃ ယောက်အမှုကို လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြန်လည် ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။ DVB

ပုလဲ-ဂန့်ဂေါလမ်းမတွင် စစ်ကောင်စီ နှင့် ဒေသကာကွယ်ရေးတပ် ၃ နာရီကြာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ်တွင် ကပစ (၂၃) တပ်မှ စစ်ကောင်စီတပ်များနှင့် ဒီဇင်ဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီ မိ နစ် ၂၀ ခန့်မှစ၍ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်( PRA) ထံက သိရသည်။ မကွေးတိုင်း၊ ကျောမြို့နယ်မှ ထွက်လာသော ကပစ(၂၃)မှ ယာဉ် ၄၈စီးပါ စစ်ကောင်စီယာဉ်တန်းကို PRA က ပဒေသာမိုင်းသုံးကာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ပြန် လည် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း PRA အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ဒီကောင်တွေက ကျောမြို့ကနေထွက်လာတာ၊ ကျွန်တော်တို့က စောင့်ပြီးတော့ မိုင်းဆွဲတာ။ ဒီကောင်တွေက လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ အပြန်အလှန် တိုက်ပွဲ သုံးနာရီလောက်ဖြစ်သွားတယ်။ သူတို့ဘက်က ခုနစ်ကောင် (စစ်သား ခုနစ်ဦး) သေတယ်။ အဲ့ဒီ့နေရာမှာပဲမြေမြှုပ်သွားတယ်”ဟု PRA အဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါထိတွေ့မှုတွင် စစ်ကောင်စီကားများ ပျက်စီးမှုခဲ့ပြီး ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုယာဉ်တန်းမှာ ယ နေ့ ဒီဇင်ဘာလ ၂၈ ရက်ထိ ထိုနေရာမှ ပြန်လည် မထွက်ခွာသေးကြောင်း PRA အဖွဲ့ဝင်က ပြောသည်။ ဒီဇင်ဘာလ ၂၅ရက်ကလည်း စစ် ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ ကျွဲတွင်းရွာနားတွင် စစ်ကောင်စီ၏ ဆီဘောက်ဆာကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့သေးသည်။ mizzima

တိုက်ပွဲများပြီးဆုံးလျှင် စစ်ရှောင်ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်ပြန်ပို့မည်

မြန်မာဘက်က စစ်ဘေးရှောင် ထွက်ပြေးလာသူတွေကို စစ်ရှောင်ယာယီစခန်းမှာ လူသားချင်း စာနာတဲ့အနေနဲ့ ယာယီလက်ခံရမှာဖြစ်ပြီး စစ်ပွဲမရှိတော့တဲ့အချိန် မြန်မာနိုင်ငံဘက် ပြန်ပို့သွားမယ်လို့ ထိုင်းစစ်တပ် ဗိုလ်ချုပ် ပရစံဆယ်စရိရက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှလည်း ထိခိုက်ဆုံးရှုံးမှုတွေရှိလာပြီး စစ်ဘေးရှောင်မြန်မာတွေအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေကို ဒီဇင်ဘာလ ၂၇ ရက်က နယ်စပ်တွေကို လာရောက်ကွင်းဆင့်လေ့လာစဉ် ထိုင်းစစ်ဗိုလ်ချုပ်က ပြောသွားတာပါ။

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီး ပတ် ဝန်းကျင်ကျေးရွာတွေက ရွာသား ပြည်သူတွေက နယ်စပ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ စစ်ဘေးရှောင် ခိုလှုံနေကြတာပါ။

မြန်မာနယ်စပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ  ထိုင်းနိုင်ငံဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းရွာသားတချို့ရဲ့ နေအိမ်တွေ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တန်ပြန်တဲ့အနေနဲ့ ထိုင်းဘက်က မီးခိုးကျည်နဲ့ ပြန်လည်အသိပေးပစ်တာရှိသလို နယ်စပ်မှာ သံချပ်ကာ ကားတွေနဲ့ လုံခြုံးရေး ပိုမိုတင်းကျပ် ကင်းလှည့်နေတာတွေလည်း ရှိပါတယ်။

စစ်ဘေးရှောင်ထွက်ပြေးလာတဲ့ မြန်မာပြည်သားတွေကို ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနနဲ့ တခြားဌာနဆိုင်ရာတို့နဲ့အပြင် ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက်မြန်မာတွေ ပူးပေါင်းစောင့်ရှောက်ကြပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု မရှိစေဖို့ အပြင်လူဝင်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်နဲ့ ၁ မိုင်ခွဲလောက်အကွာမှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်ကဘက်က ဒီဇင်ဘာ ၁၄ ရက်က ဝင်ရောက်ကျူးကျော်ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင် ၁၂,၀၀၀ ဦးလောက် ထွက်ပြေးရှောင်တိမ်းနေကြရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ တိုက်ပွဲလျော့သလို လက်နက်ကြီးပေါက်ကွဲသံတွေလည်း အနည်းငယ်သာ ကြားရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါး KNU/ KNLA တပ်မဟာ ၅ ထံ လက်နက်ချအလင်း ဝင်

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်း ချုပ်ရာနေရာများသို့ အလင်းဝင်ရောက်လာသူ ၄၇ ဦးထိ ရှိလာပြီဖြစ်ကြောင်း KNU/ KNLA အမှတ် ၅ တပ်မဟာ မှတ်တမ်းများ အရ သိရသည်။

အဆိုပါ လက်နက်ချဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNLA အမှတ် ၅ တပ်မဟာမှ ပျူငှာစွာ လက်ခံကြိုဆိုထားကြောင်း၊ လက်နက်ချအလင်းဝင်လာသူများ အိမ်ပြန်ချင်သည်ဖြစ်စေ KNLA တွင် နေထိုင်လိုလျှင်ဖြစ်စေ အတတ်နိုင်ဆုံး စီစဉ်ပေးကြောင်း၊ KNLA အမှတ် ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ကေအဲန်ယူ-မူကြော် သတင်းစဉ်တွင် ပြောကြားထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းပြီးသည်မှ စ၍ ၎င်းတို့၏ တပ်သားများကို တင်းကျပ်စွာ သတင်းအမှောင်ချခြင်းများကို လုပ် ဆောင် ခဲ့ကြောင်း၊ လက်နက်ချအလင်းဝင်လာသူများသည် အပြင်လောကတွင် ဖြစ်ပျက်နေသည့် သတင်းမှန်များကို ရရာနည်းလမ်းရှာဖွေကာ ခိုးယူနားထောင်ခြင်း၊ ဖတ်ရှုခြင်းများ ပြုလုပ်ခဲ့ရကြောင်း KNLA သို့ အလင်းဝင်လာသည့် ခမရ ၇၃ လက်အောက်ရှိ တပ်သားမောင်ထွန်း (အ မည် လွှဲ)က ပြောဆိုသည်။

“ရှေ့တန်းမထွက်ခင်လေးမှ မိဘနဲ့အဆက်အသွယ်ယူဖို့ ဖုန်းတစ်လုံးဝယ်တယ်။ ပြည်တွင်းက ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေ ခိုးဖတ်တယ်။ ရွာမှာရှိတဲ့ သူငယ်ချင်းတွေကလည်း တပ်ထဲကနေ ထွက်ပြေးဖို့ အကြံပြုတယ်။ တစ်ညမှာ ကျွန်တော်ကင်းစောင့်တာဝန်ကျတုန်း လက် နက်ခဲယမ်းအပြည့် သယ်ဆောင်ပြီးထွက်ပြေးတယ်” ဟု ၎င်းက ပြောဆိုသည်။လက်ရှိအချိန်တွင် KNLA အမှတ် ၅ တပ်မဟာလက်အောက်ရှိ ဒေသကာကွယ် ရေးတပ်များသည် လက်နက်ချ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကြည်ဖြူစွာ လက်ခံကျွေး မွေးစောင့်ရှောက်လျက်ရှိကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။ khit thit

အမရပူရမြို့နယ် လဝကရုံး လက်လုပ်ဗုံးဖြင့် ပစ်ခံရ

မန္တလေးမြို့၊ အမရပူရမြိုနယ်၊ မှန်တန်းရပ်ကွက်ရှိ မြို့နယ် လဝကရုံး ဒီဇင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်လောက် လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

အမရပူရမြို့နယ် လဝကရုံးကို အမည်မသိ လူ ၂ ဦးက ဆိုင်ကယ်စီးပြီး လက်လုပ်မိုင်းနဲ့ ပစ်ခဲ့တာကြောင့် ရုံးဝင်အတွင်းမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦ အနည်းငယ်ထိခိုက်သွားပေမယ့် လူထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ အမရပူရမြို့ခံတချို့က ပြောပါတယ်။

ဒီဇင်ဘာလေ၂၇ ရက်နေ့ကလည်း မန္တလေးခရိုင်တရားရုံး ဒုတိယထပ်မှာ ဗုံး ၂ လုံးပေါက်ကွဲခဲ့ရာ အဆောက်အဦ ပျက်စီးပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။ DVB

ရန်ကုန် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာ ဝဏ် လမ်းဆုံတွင် ဗုံးများပေါက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် မြိတ်လမ်းပေါ်နှင့် ဧရာဝဏ် လမ်းဆုံတို့တွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

“စစ်ကောင်စီက အမြဲလှည့်နေတာ အဲ့ဒီလမ်းမှာ။ မနက်က မီးတန်းကား ဆလွန်းကား တစ်စီးနဲ့ လာတာ။ ကျွန်တော်တို့က လမ်းဆုံကနေ စပြီး လမ်းတစ် လျှောက်မှာ ထောင်ထားတာ သုံးလုံး။ ချိန်ကိုက် မှားသွားလို့ ကားကိုတော့ မထိသွားဘူး” ဟု ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အာ ဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ACPF) အဖွဲ့က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုများတွင် ချိန်ကိုက် လွဲမှားမှုကြောင့် စစ်ကောင်စီကားများ ထိခိုက်မှု မရှိခဲ့ပေ။ “ကျွန်တော် မနက်နိုးတော့ ၆ နာရီလောက်ပေါ့။ အဲ့ဒီ့အချိန်မှာ တစ်လုံး ပေါက်တယ်တဲ့။ ကျွန်တော်တော့ သတိမထားမိလိုက်ဘူး။ နောက်တစ်လုံးပေါက်တဲ့ အချိန်က အိမ်နဲ့နီးတော့ အသံ တော်တော်ကျယ်တယ်။ အပေါ်ထပ် အိမ်တွေကို တုန်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ mizzima

မူဆယ်တွင် တညတည်း ဓားပြတိုက်မှု၊ သေ နတ်ပစ်ဖောက်မှုနှင့် ဆိုင်ကယ်ခိုးမှုတို့ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ထဲမှာ ဒီဇင်ဘာ ၂၇ တညတည်းမှာ ဓားပြတိုက်မှု၊ ဆိုင်ကယ်ခိုးမှု နဲ့ အကြောင်းမဲ့ သေနတ်ပစ်ဖောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ရွှေညောင်ပင်လမ်းထဲက အိမ်တစ်အိမ်မှာ မနေ့ည ၇ နာရီကျော်လောက်က လူ ၄ ယောက် ဝင်ရောက်လာပြီး ဓားပြတိုက်သွားတာလို့ မူဆယ်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“မနေ့ည ၇ နာရီလောက်က ငွေလဲလုပ်ငန်းလုပ်တဲ့ မအားလီတို့အိမ်ထဲကို လူ ၄ ယောက်ဝင်လာတယ်။ ပထမတော့ သူတို့က ငွေလဲချင်သလိုလိုနဲ့ ပြီးမှ သေနတ်နဲ့ ခြိမ်းခြောက်ပြီး မီးခံသေတ္တာကိုပါ မသွားတာတဲ့။ ပိုက်ဆံဘယ်လောက်ပါသွားလဲတော့ မသိဘူး၊ တော်တော်တော့များမှာပေါ့။ လူကိုတော့ ဘာမှမလုပ်ဘူးလို့ ပြောတယ်။ ဓားပြတိုက်ခံရပြီး ရဲတွေ ဘာတွေ လာစစ်တာလည်း မတွေ့ဘူး၊ အိမ်ရှင်က မတိုင်ရဲတာလား  မသိဘူး။”

ဒါ့အပြင် မူဆယ်မြို့လယ် ဟိုမွန်ရပ်ကွက် အ.ထ.က ၂ ကျောင်းအနီးမှာလည်း မနေ့ည ၁၁ နာရီလောက်က သေနတ်သံ ၃ ချက်ကြားပြီး သန်း ခေါင်ကျော်မှာလည်း နောက်ထပ် ၂ ချက် ပြန်ကြားရကြောင်း၊ ဆေးကြောင်သူတွေက အကြောင်းမဲ့ပစ်ခတ်နေတာလို့ မြို့ခံတွေ ယူဆပြီး  ရဲတွေဘာတွေ လာစစ်ဆေးသံလည်းမကြားရဘူးလို့ မူဆယ်မြို့သားတယောက်က ပြောပါတယ်။ 

 အဆိုပါရပ်ကွက် ကံ့ကော်လမ်းခွဲအနီးရှိ နေအိမ်တစ်အိမ်မှာလည်း အိမ်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီး အခိုးခံရတာကို အိမ်ရှင်တွေက ဒီမနက်မှ သိလိုက်ရတယ်လို့ ဆိုပါတယ်။ 

မူဆယ်မြို့မှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်း တွေ အဆင်မပြေဖြစ်ကာ အလုပ်လက်မဲ့များလာပြီး ခိုးဝှက်မှု၊ လုယက်မှု၊ ဓားပြမှုတွေလည်း များလာကြောင်း၊ သက်ဆိုင်ရာက နှိမ်နင်းဖမ်းဆီးအရေးယူတာလည်း မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ပြည်သူ့စစ်တွေ ရှိနေပေမယ့် ဆက်ကြေးနဲ့ အခွန်သာ ပေးဆောင်နေရတာကြောင့် ပြည်သူ့အိုး အိမ်စည်းစိမ်လုံခြုံရေးအတွက် ဘယ်အဖွဲ့ကို အားကိုးရမှန်း မသိဘူးလို့  မူဆယ်ဒေသခံတစ်ဦးက ပြောသွားပါတယ်။ DVB

NDAA ဥပဒေကို သမ္မတဂျိုးဘိုင်ဒင် လက်မှတ် ထိုး၊ မြန်မာ့အရေးကူညီရန် အခွင့်အလမ်းပေါ် လာဟု NUG ပြော

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို မဟာဗျူဟာကျ အကူအညီပေးနိုင်မယ့် အခွင့်အလမ်းတွေပေါ်ပေါက်လာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးက  ပြောပါတယ်။ 

အမေရိကန်အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်နှစ်ရပ်လုံးက အတည်ပြု သဘောတူထားပြီဖြစ်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၇ ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့အတွက် ဥပဒေ တရပ် ဖြစ်လာပါပြီ။

ဒီဥပဒေအရ မြန်မာအာဏာဏာသိမ်း စစ်ကောင်စီကိုအရေးယူဖို့၊ NUG ကို တရားဝင်အစိုး ရအဖြစ်သတ်မှတ်ဖို့၊ တရုတ်နဲ့ရုရှားတို့ရဲ့ခြေလှမ်းတွေကို အမေရိကန်က မဟာဗျူဟာနည်းကျတုံ့ပြန်ဖို့  အလားအလာကောင်းတွေ ရှိလာတယ်လို့ဆိုပါတယ်။ 

NUG ဒုဝန်ကြီး ဦးမိုးဇော်ဦးက “အဲ့ဒီဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့ တိုင်းပြည်ဘာ အကျိုးရှိမလဲလို့ စဉ်းစားတဲ့အခါမှာ ဒီဥပဒေကို ပြင်ဆင်ချက်အနေနဲ့ပြဋ္ဌာန်းခဲ့တဲ့ကိစ္စတွေရှိပါတယ်။ အဲ့ဒီအထဲမှာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဖြစ်ဖို့ အမေရိကန်အစိုးရက ဘာတွေဆောင်ရွက်သလဲ။ နောက်တစ်ခါ CDM နဲ့ ဒီမိုကရေစီကို မြှင့်တင်ပေးနေတဲ့ အဖွဲ့အစည်းတွေကို ဘာတွေကူညီထောက်ပံ့သလဲ။ ပြီးတော့ စစ်ကောင်စီကို တရားဝင်မှုမရှိအောင်ငြင်းပယ်ဖို့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့စတဲ့ကိစ္စတွေ၊ တရုတ်တို့ရုရှားတို့ရဲ့ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့ မဟာဗျူဟာကျကျ ဘာတွေဆောင်ရွက်နေတာလဲပေါ့။ ဒါတွေနဲ့ပတ်သက်ပြီးတော့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်ဖို့ ဗျူဟာတွေကို စဉ်းစားထားတာရှိသလဲ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ရက်ပေါင်း ၆၀ အတွင်းမှာ အမေရိကန်အစိုးရရဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေပြီးတော့မှ လွှတ်တော်ကို အစီရင်ခံရမယ်။ ရက်ပေါင်း ၆၀အတွင်းမှာ အမေရိကန်ဝန်ကြီးဌာ နတွေက အမျိုးသားညီညွတ်ရေး အစိုးရကို ဘာတွေကူညီဆောင်ရွက်မလဲ။ ကျနော်တို့ရဲ့ တရားဝင်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးမြှင့်တင်ပေးမလဲ။ အဲ့ဒါတွေကို သေသေချာချာစဉ်းစားပြီးတော့ ရက်ပေါင်း ၆၀အတွင်းမှာ လွှတ်တော်ကို ဘယ်ကိစ္စတွေကို ဘယ်လို ကူညီဆောင် ရွက်ပေးထားတာရှိပါတယ်ဆိုပြီးတော့ အစီအရင်ခံမှာဖြစ်ပါတယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေကို အကျိုးရှိတဲ့ အချက်တွေပါဝင်ပါတယ်။”လို့ပြောပါတယ်။

အမေရိကန်အစိုးရက ဒီဥပဒေနဲ့ပတ်သက်တဲ့ လွှတ်တော်က တောင်းယူထား တဲ့အချက်အလက်တွေကို တင်ပြပြီးရင် လုပ်ငန်းစဉ်တွေစတင်အသက်ဝင်တော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြုတဲ့ ဖက်ဒရယ်စနစ်အသက်ဝင်လာရေး၊ စစ်တပ်နဲ့ထောက်တိုင်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့အတွက်လည်း အမေရိကန်အစိုးရက  ပိုပြီးအားစိုက်ဆောင်ရွက်လာဖို့ရှိနေပါတယ်။

ဒီဥပဒေနဲ့ပတ်သက်ပြီး အမေရိကန် Carleton ကောလိပ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာထွန်းမြင့်က “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အချက် ၂ ခုပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ရေးထားတဲ့အချက်အလက်တွေ မေးခွန်းတွေ မေးထားတာတွေရှိပါတယ်။ အဲ့ဒါတွေကို ဆက်လက်ပြီးတော့ အဖြေတိတိကျကျရဖို့ရာအတွက် သူတို့ စုဆောင်းနေပါပြီ။ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလူမျိုးစုတွေအားလုံးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးလုပ်ငန်း၊ စစ်တပ်မိသားစုဝင်အားလုံးရဲ့စီးပွားရေးတွေ၊ ပြီးတော့ သူတို့ရဲ့အာဏာရှင်စနစ်ကို ရေရှည်တည်တံ့အောင် ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေကို တိတိကျကျ စီးပွားရေးအရပိတ်ဆို့မှုတွေလုပ်ဖို့ မေးထားတဲ့ မေးခွန်းတွေပါပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းဖြစ်စဉ်ဟာ အရှေ့တောင်အာရှဒေသတွင်း တည်ငြိမ်ရေးကိုပါ အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့အစည်း အာဆီယံတို့က အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားပေမယ့် အရာမထင်ဖြစ်နေပါတယ်။

တရုတ်နဲ့ရုရှားတို့ရဲ့မဟာဗျူဟာကျဆောင်ရွက်ချက်တွေကြောင့် အမေရိကန်အစိုးရက အမေရိကန်  အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ – NDAA ကို အလျင်အမြန် အတည်ပြုရတဲ့အထိ အကျိုးသက်ရောက်မှုလည်းရှိလာပါတယ်။ 

ကုလရဲ့လုပ်ငန်းစဉ်တွေအရ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေက မထိန်းနိုင်မှ နိုင်ငံတကာက ပါဝင်ပတ်သက်ဖို့ ရှိနေတာပါ။ အာဏာသိမ်းစစ်ကောင်စီကတော့ နိုင်ငံတကာဖိအားတွေရှိနေပေမယ့် သူတို့ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ DVB

« Older Entries Recent Entries »