Monthly Archives: Dec 2021

မြန်မာ့ရွှေစျေး ထပ်မံမြင့်တက်

ကမ္ဘာ့ရွှေစျေး ပြန်လည်ကျဆင်းခဲ့ပေမဲ့ မြန်မာ့ရွှေစျေးကတော့ ဆက်လက်မြင့်တက်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ညနေပိုင်း စျေးအရ  အကယ်ဒမီ မီးလင်းရွှေအဖွင့်စျေး တစ်ကျပ်သားကို ၁၈၂၃,၀၀၀ ကျပ်အထိ ရောက်ရှိနေပါတယ်။

မနေ့ မနက်ပိုင်းက တစ်ကျပ်သားကို ၁၈၁၂,၅၀၀ ကျပ်နဲ့ စျေးဖွင့်ခဲ့တာဖြစ်လို့ ၂ ရက် အတွင်း တစ်ကျပ်သားကို ကျပ် တစ်သောင်းကျော် စျေးမြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရွှေစျေးကတော့   ဒီဇင်ဘာ ၂၈ ရက်  နေ့လယ်ပိုင်းက တစ်အောင်စကို ၁၈၁၅ ဒေါ်လာရှိခဲ့ပြီး၊ ဒီနေ့ ညနေပိုင်းမှာတော့ တစ်အောင်စကို ၁၈၀၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့တာတွေ့ရပါတယ်။

မြန်မာ့ရွှေစျေးက  အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်ကျဆင်းခဲ့ပြီး  အကြမ်းဖျင်း  တစ်ကျပ်သားကို ကျပ် ၁၇၇၀၀၀၀ နဲ့ ကျပ် ၁၈ သိန်း အကြား မှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်  အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေစျေးဟာ  အခု ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အတွင်း စျေးပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ကျပ် ၁၇၉၀,၀၀၀ ၀န်းကျင်မှာပဲ ရက်အတန်ကြာ ဆက်ရှိနေခဲ့ကာ အခုလတတိယပတ်မှာတော့  ကျပ် ၁၈ သိန်းအထက်ကို ပြန်လည်ဦးမော့လာတာဖြစ်ပါတယ်။ DVB

ပုလဲတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၉ဦးသေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)က မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း PRA တပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်ရွာ အနောက်ဘက်(စိမ်းလမ်းရုံး) အနားတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ဝကျော်ပါ ယာဉ်တန်းကို ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA)မှ တပ်ခွဲ(၉) ဗိုလ်ဂျိုဝါး၊ တပ်ခွဲ(၁၄) မှ ဗိုလ်ငတေ အဖွဲ့တို့က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် မိနစ်၂၀ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၉ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် မကွေးတိုင်း၊ ကျောမြို့(ကပစ-၂၃)မှ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထွက်ခွာလာသည့် ယာဉ်တန်းဖြစ်ပြီး ပြည်သူ့တော် လှန်ရေး တပ်မတော်(PRA ) တပ်ခွဲ(၂)နှင့် တပ်ခွဲ(၁၇) တို့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း PRA တပ်ဖွဲ့ထံမှ သိရသည်။ khit thit

ရန်ကုန်မြို့၌ ၅ ရက်အတွင်း ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၅ ရက်မှ ယနေ့ ၂၉ ရက်နေ့အထိ ငါးရက်အတွင်း ပေါက်ကွဲမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအ စိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။အဆိုပါ ပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ တိုက်ခိုက်နေသည့် “ပျံလွှားအောင်” စစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၉၁) ဂိတ်၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ တရားရုံးအနီး၊ ဂွဈေးအနီး အ ပြင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည် လမ်းမကြီးပေါ်ရှိ ရေကြည်အိုင် စစ်ကြောရေး စခန်းနှင့် လှော်ကားပင်မ ဓာတ်အားခွဲရုံအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီ ယာဉ်တန်း တို့ကို ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ဒဂုံဆိပ်ကမ်း ရဲစခန်း တို့ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ်လမ်းဆုံ အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း လှိုင်မြို့ နယ်၊ ဘူတာရုံလမ်းနှင့် အောက်ဗဟိုလမ်းကြားတွင် ညပိုင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များကို ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကင်းလှည့်ဆိုင်ကယ် တစ်စီး ပျက်စီးခဲ့ပြီး စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် မနက်ပိုင်းတွင် အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ် အခွန်ရုံးရှေ့ရှိ စစ်ကောင်စီတပ်များကို လက်လုပ်မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အသုံးပြုနေသည့် ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ယနေ့ နံနက် ကျောက်တံတားမြို့နယ်တွင် ဖြစ်ခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မျက်မြင် တွေ့သူ တစ်ဦးက “မနက်က ဘဏ် (၂) မှာရောက်နေတာ ထွက်ထွက်ခြင်းပဲ ရှိသေးတယ် ဘဏ် (၁) အရှေ့မှာ ထပေါက်တာ” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင် စစ်ဆင်ရေး” ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ရန်ကုန်မြို့ အနှံ့ အပြားတွင် နေ့စဉ်နီးပါး ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။ “ရန်ကုန်မြို့ တစ်မြို့လုံး မည်သည့် နေရာတွင်မဆို စစ်ရေးအရ တိုက်ခိုက်သွားမည်” ဟု ပျံလွှားအောင် စစ်ဆင်ရေးတွင် ပါဝင်သည့် CGF-HTY အဖွဲ့က ထုတ်ပြန်ထားသည်။ mizzima

နတ်တလင်း မြို့မရဲစခန်း ဗုံးနဲ့ တိုက်ခိုက်ခံရ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့မရဲစခန်းကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့မနက် ၂ နာရီ ၁၂ မိနစ် ခန့်က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ PDF နတ်စစ်သည်အဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။အဲဒီရဲစခန်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ ည ၇ နာရီ ဝန်းကျင်လောက် ကလည်း အလားတူ တိုက်ခိုက်ခံရတာကြောင့် ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ခိုက်မှု နှစ်ကြိမ် လုံးကို နတ်စစ်သည်အဖွဲ့ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ် ဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံး ထိခိုက်ဒဏ်ရာရ အခြေ အနေကို အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။နတ်စစ်သည်အဖွဲ့အနေနဲ့ စစ်ကောင်စီဒေါက်တိုင်များနဲ့ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ RFA

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသား ၁ ဦး ဓားထိုးအသတ်ခံရ

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဆီနိုင်မြို့ရှိ တာမန်ဆိုင်းယင့်တက်ခ်စ်နယ်မြေမှာ ဒီဇင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အလုပ်သမား ဘော်ဒါ ဆောင် ရန်ပွဲမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ မြန်မာအမျိုးသားတယောက်  ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့  Malaymail သတင်းမှာ ဖော်ပြပါတယ်။

ည ၉ နာရီလောက်မှာ အခင်းဖြစ်ပွားခဲ့ပြီး ရဲတွေ ရောက်ရှိချိန်မှာ အသက် ၂၅ နှစ်အရွယ် မြန်မာ အမျိုးသားကို ထိုင်လျက်အနေအထား ဓားဒဏ်ရာ ၄ ချက်နဲ့ သွေးတွေရွှဲနေတဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ကုလိုင်ခရိုင်ရဲမှူး တော့က်ဘန်ယိုးက ပြောပါတယ်။

အလုပ်သမားကြီးကြပ်ရေးမှူးက ရန်ပွဲနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတယောက်ဆီကနေ ဖုန်းလက်ခံရရှိပြီးနောက် ရဲကို ဖုန်းဆက်တယ်လို့ ခရိုင်ရဲမှူး တော့က်က ပြောပါတယ်။

တရားခံနဲ့သံသယရှိသူ နှစ်ဦးစလုံးဟာ အရက်သောက်ထားကြပြီး ရန်မဖြစ်ခင်မှာပဲ အတော်မူးနေကြပြီလို့ ကနဦးစုံစမ်းမှုအပေါ် အခြေခံပြီး ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ရဲတွေ  ရောက်တဲ့အခါမှာ လူသေဆုံးနေတာ တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ သေဆုံးသူရဲ့ ရင်ဘတ်နဲ့ နံရိုးတွေမှာ ဓားဒဏ်ရာတွေ တွေ့ရှိခဲ့ရကြောင်းနဲ့ တရားခံကို ဓားနဲ့ထိုးဖို့ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓားတစ်ချောင်းကိုလည်း ရဲတွေက တွေ့ရှိခဲ့ပါတယ် လို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုမှာ အထောက်အကူရမယ့် ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့က သေဆုံးသူရဲ့ရုပ်အလောင်းကို Sultanah Aminah ဆေးရုံကိုပို့ဆောင်ပြီး ခွဲစိပ်စစ်ဆေးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက်မှာ မြို့တွင်းနဲ့ မလက္ကာမြို့တဝိုက်တို့ကို ၂ ကြိမ်စီးနင်းမှု လုပ်ခဲ့ကြောင်းလည်း ကူလိုင်ခရိုင်ရဲမှူး တော့က် က ပြောဆိုပါတယ်။ 

အဲ့ဒီစီးနင်းမှုအတွင်း အသက် ၂၀ မှ ၄၃ နှစ်ကြား မြန်မာနိုင်ငံသား ၅ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးချုပ်ထားပြီး  ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အပြစ်ထင်ရှားကြောင်း တွေ့ရှိရရင် သေဒဏ်ပေးဖို့လည်း စုံစမ်းစစ်ဆေးနေပါတယ်လို့ ဆိုပါတယ်။  DVB

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ သတင်းပေးကြောင့် ဒေသခံ ၉ ဦး ဖမ်းဆီးခံရ ဟုဆို

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ကိုးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ပံ့နေကြောင်း ဒလန်များ၏ စွပ်စွဲ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံက ပြောသည်။

“PDF ကိုထောက်ပံ့တယ် ဆိုပြီး ဒလန်တွေ သတင်းပေးတွေနဲ့ ကျေးရွာ အတွင်းကို ဝင်ရှာတာ။ ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာ၊ ဘိုအင်းကျေးရွာ တွေပါ။ နောက် ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာ ၊ အုတ်တိုက်ကုန်းကျေးရွာ၊ တဂေါင်းအိုင်ကျေးရွာနဲ့ အုတ်တိုက်ကုန်းက လူတွေလည်း ပါတယ်။ ကောလင်းက လူတွေက ဒီကို စစ်ဘေးလာရှောင်နေကြတာ၊ စုစုပေါင်း ကိုးဦးပါ။ သူတို့ကို စစ်ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်။ မုံရွာ နမခ ကို ခေါ်သွားတယ်လို့ ကြားတယ်။ အတိအကျတော့ ဘယ်ကိုခေါ်သွားလည်း မသိဘူး” ဟု ‌ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ က ကျွန်းလှမြို့မှ ၂၅ မိုင်ကွာဝေးသည့် ကန်စွန်းအင်းကျေးရွာသို့ စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ကူလာချကာ ကောလင်းမြို့နယ် ကြို့ပင်ကျေးရွာမှာ စစ်ကြောင်း တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း နှစ်ကြောင်းဖြင့် ကန်စွန်းအင်းကျေးရွာ အနီးတစ်ဝိုက်တွင် ပစ်ခေတ်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“၂၂ ရက်နေ့မှာ စစ်ရဟတ်ယာဉ် နှစ်စီးနဲ့ လူလာချတယ်။ အဲစစ်ရဟတ်ယာဉ် နှစ်စီးက ကန်စွန်းအင်းကျေးရွာ အနီးတစ်ဝိုက်ကိုလည်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲမှာ ပြည်သူ့နှစ်ဦး သေဆုံးသွားခဲ့တယ်။ နောက် ကြို့ပင်ကျေးရွာက စစ်ကြောင်းကလည်း ကန်စွန်းအင်းဘက်ကို လာတယ်။ အဲမှာ စစ်ဘေးရှောင် ကိုးဦးကို ဖမ်းပြီး ရဟတ်ယာဉ်နဲ့ ခေါ်သွားကြတယ်” ဒေသခံက ရှင်းပြသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့ အနောက်ဘက်၊ နောင်ဦးကျေးရွာ အနောက်တောင်ဘက်ရှိ ဆားတွင်းကျေးရွာဘက်သို့ အင်အား ၉၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလျက်ရှိကြောင်း သိရသည်။ ကျွန်းလှမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၄၄ ရွာ ရှိပြီး ကျေးရွာအချို့က ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။ mizzima

ပလက်ဝမြို့တွင် လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ချင်းပြည်နယ် ပလက်ဝမြို့မှာ ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ဒေသခံလူငယ်နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပလက်ဝမြို့ မြို့မရပ်ကွက်က ကိုတင်ထွန်းအောင်နဲ့ စစ်ဘေးရှောင်စခန်းက ကိုတင်ဦးတို့ ၂ ယောက်ကို မနေ့ ညနေ ၆ နာရီလောက်မှာ ပလက်ဝမြို့မရဲစခန်းက နယ်ထိန်းအဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆွေမျိုးတော်စပ်သူ တစ်ယောက်က ပြောပါတယ်။

လူငယ် ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုပြီး ဖမ်းဆီးပြီး ည ၈ နာရီကျော်လောက်မှာ ပလက်ဝအခြေစိုက် ခမရ (၂၈၉) တပ်ရင်းကို ခေါ်ဆောင်သွားကြပြီး ည ၉ နာရီလောက်မှာတော့ ပလက်ဝမြို့မရဲစခန်းကို ပြန်ပို့ကြတယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေက ဘာအကြောင်းအရာနဲ့ ဖမ်းဆီးခံရလဲဆိုတာကို မေးမြန်းဖို့ သွားရောက်ခဲ့ပေမယ့် အခုအချိန်ထိ တွေခွင့် မပေးသေးဘဲ မနေ့ညကတော့ အနွေးထည်တွေ၊ စောင်တွေ သွားပို့ပေးခဲ့ တယ်လို့ ပြောပါတယ်။

အဲဒီလူငယ် ၂ ယောက်ဖမ်းဆီးခံရတဲ့ ကိစ္စကို အသေးစိတ်သိရှိနိုင်ဖို့ ပလက်ဝမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ လူငယ်နှစ်ယောက်ဟာ ပလက်ဝမြို့မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေသူတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ DVB

ရန်ကုန်က တရုတ်အထည်ချုပ်စက်ရုံအလုပ် သမား ၁၂၀၀ ကျော် နစ်နာကြေး ငြင်းဆိုခံနေရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ မီးလောင်မှုကြောင့် ပိတ်ထားခဲ့ရတဲ့ တရုတ်နိုင်ငံသားပိုင် အမှတ်(၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံ အလုပ်သမား ၁၂၀၀ ကျော်အတွက် နစ်နာကြေးနဲ့ လျော်ကြေး ကျပ်သန်းနှစ်ထောင်ကျော်ပေးဖို့ တောင်းဆိုမှုကို ငြင်းဆိုခံနေရတယ်လို့ အဲဒီစက်ရုံအလုပ်သမား ခေါင်းဆောင်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ Myanmar Sunview 2 ကုမ္ပ ဏီရဲ့ အမှတ်(၂) ဆိုလာမိုဒါ (Solamoda 2) အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ မတ် လ ၁၄ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီးနောက် အချိန် ၉ လကြာလာတဲ့အထိ အလုပ်သမားတွေကို ကျန်ရှိတဲ့ လုပ်ခလစာ၊ နစ်နာကြေးတွေပေးဖို့ စက်ရုံတာဝန်ရှိသူတွေက ပျက်ကွက်နေတာလို့ ဒီစက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ယောက်က RFA ကို ပြောပါတယ်။”သူတို့ဘက်ကတော့ ကျန်ခဲ့တဲ့လစာကို ပေးမယ်ပြောတယ်။

ဒါပေမဲ့ တစ်လပိုင်းရယ်၊ ခြောက်လပိုင်းရယ်၊ ကိုးလပိုင်းရယ် ဆိုပြီး ခွဲပေးမယ်ပြောတာ။ အဲဒီတော့ ကျွန်တော်တို့ အဆင်မပြေတော့ဘူးလေ။ သူတို့ကို အချိန်ပေးခဲ့တာ ၉ လကြာခဲ့ပြီ။ ကျန်နေတဲ့ လုပ်ခလစာ ဆိုတာက မီးပဲလောင်လောင် ဘာပဲဖြစ်ဖြစ် ပေးကိုပေးရမှာ။ အဲဒီကတည်းက စဉ်းစားထားရမှာလေ”အလုပ်သမားတွေအနေနဲ့ ကျန်ရှိနေတဲ့ လုပ်ခလစာကို လာမယ့်နှစ် ဖေဖော်ဝါရီနဲ့ မတ်လမှာ ခွဲပေးဖို့ ဒါမှမဟုတ် မတ်လမှာ ကျန်ရှိနေတဲ့ လုပ်ခလစာအကုန်ပေးဖို့ကို တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း စက်ရုံဘက်က ၉ လကြာ ဝင်ငွေမရဘဲ ရပ် တည် နေရတဲ့ အလုပ်သမားတွေရဲ့ အခြေအနေအတွက် လျော်ကြေးပေးနိုင်ဖို့ကိုတော့ အကြိမ်ကြိမ်ငြင်းဆိုထားတယ်လို့ အဲဒီအလုပ်သမားခေါင်းဆောင်က ပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ စက်ရုံဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။အဲဒီစက်ရုံဟာ မီးလောင်မှုဖြစ်ကတည်းက အလုပ်သမားတွေကို တစ်စုံတစ်ရာအသိမပေးဘဲ လုပ်ငန်းတွေကို ရပ်ထားခဲ့တာလို့ လည်းဆိုပါတယ်။

အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ကတော့ အဲဒီစက်ရုံကို အပြီးပိတ်တာလား၊ အလုပ်သမားတွေကို ပြန်ခေါ်ဖို့ရှိလားဆိုတာကို တိတိကျကျ မသိရဘူးလို့ ပြောပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အလုပ်သမား ၁၂၀၀ ကျော်ထဲက လက်ရှိ ဆက်သွယ်လို့ရတဲ့ အဲဒီဒီစက်ရုံ အလုပ်သမား ၁၀၆၈ ယောက်အတွက် အလုပ်သမားဥပဒေအတိုင်းဆိုရင် အလုပ်ထုတ်ကြေး၊ နို့တစ်ကြေး၊ ကြားကာလ နစ်နာ ကြေး အနေနဲ့ စက်ရုံဘက်က သန်း နှစ်ထောင်ကျော် ပေးဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ RFA

အရာတော် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ အထက်တန်းကျောင်းရှေ့မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  မိုင်းနှစ်လုံးဖောက်ခွဲပြီး တိုက်ခိုက်ခံခဲ့ရတာကြောင့် အသေအပျောက်များနိုင်တယ်လို့ အရာတော် PDFအဖွဲ့က သိရပါတယ်။

ဖောက်ခွဲမှုကို ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အသေအပျောက် အတိ အကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အရာတော် PDFအဖွဲ့က ဆိုပါတယ်။

စာသင်ကြားနေတဲ့ ကလေးငယ်တွေကို မထိခိုက်စေလိုတဲ့အတွက် မိုင်းနှစ်လုံးသာ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

Non CDM ဆရာ၊ ဆရာမ တွေ စစ်ကောင်စီလက်အောင် ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိပေးစေလိုတဲ့ ရည်ရွယ်ချက်အပြင်  တိုင်းပြည်ထဲမှာရှိတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ဘဝကို ကိုယ်ချင်းစာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို Ayadaw Falcon Force (AF2) ၊ Knight of The Red Land (KORL)  တပ်ဖွဲ့၊ သပြေညို ပြောက်ကျားတပ်ဖွဲ့ ၊ တမန်တော်ပြောက်ကျားတပ်ဖွဲ့ ၊ Guerilla Commendo -Myinmu ( PGC)  M.R.T.F တပ်ဖွဲ့ ၊ The Guys of Burma Revolution Force (GBRF) တော်လှန်ရေး ညီနောင် (၈) ဖွဲ့နဲ့ ပတ္တမြားညီနောင်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries Recent Entries »