Monthly Archives: Dec 2021

အုပ်ကြီးများက လောင်းကစားဝိုင်းများဖွင့်ကာ စစ်ကောင်စီအတွက် ငွေရှာပေးနေရဟုဆို

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူး အချို့က လောင်းကစားဝိုင်းများ လုပ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရံပုံငွေရှာပေးနေရသည်ဟု ဒေသခံများ က ပြောသည်။စစ်ကောင်စီ၏ အထိုင်တပ်များနှင့် နယ်မြေရဲစခန်းများက တပ်ဖွဲ့ဝင်များအတွက် ရံပုံငွေ ရှာပေးရန် ပြောဆိုလာ သဖြင့် ဒေသခံများထံ ငွေကြေး မကောက်ခံလို၍ “ဒေသဖွံ့ဖြိုးရေး ရံပုံငွေ” ခေါင်းစဉ်ဖြင့် လောင်းကစားပွဲများ လုပ်ပြီး ငွေစုနေရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့ နှင့် နီးစပ်သူ အချို့က ပြောသည်။

“အထိုင်တပ်နဲ့ နယ်မြေရဲစခန်းကို တစ်ပတ် ၅ သိန်း ပေးရတယ်။ နယ်ထိန်း၊ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့)၊ အက်စ်ဘီ (ရဲအထူးသ တင်းတပ်ဖွဲ့)၊ ဒန (ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့) စတာတွေကို လည်းပေးရတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦး က ပြောသည်။ ညောင်တုန်းမြို့နယ်ရှိ ဆားမလောက်၊ ကုလားကုန်း၊ တာဝ၊ ငှက်ပျောကျွန်း၊ သဇင်ရေကျော်၊ မဲဇလီ၊ ပန်တိုင် စ သည့် ကျေးရွာများတွင် နေ့စဥ်နှင့်အမျှ လောင်းကစားဝိုင်းများ ရှိနေပြီး ရန်ကုန် အေးရွာနှင့် လှိုင်သာယာမှ လူမိုက် လောင်းကစားသမားလည်း လာရောက်ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခင်က ယင်းကျေးရွာများတွင် စနေနေ့ နှင့် တနင်္ဂနွေနေ့တို့တွင်သာ အာဝါဒေး (Our Day)ပွဲ ဟုဆိုကာ ကြက် တိုက်၊ နွားတိုက်၊ လှေပွဲ၊ လေး ကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့် လောင်းကစားပွဲများကို လုပ်ကြသည်ဟု ဒေသခံ အချို့က ပြောသည်။”ခုတော့ ကုလားကုန်းနဲ့ ဆားမလောက်က ရာအိမ်မှူးတွေ ဆိုရင် သူတို့ကိုယ်တိုင် နေ့တိုင်း ဖဲဝိုင်းနဲ့ ကြက်ဝိုင်းကို ဒိုင်ဖွင့်လုပ်နေကြတာ။ ရှုံးတဲ့ရွာသားတွေများတယ်။ လယ်ရောင်းရ ခြံရောင်းရ နွားရောင်းရ ဖြစ်ကုန်ကြတယ်” ဟု ဒေသခံရွာသားတစ်ဦး က ပြောသည်။

ယင်းလောင်း ကစားဝိုင်းများ ပေါ်လာပြီးနောက် ဒေသခံ တောင်သူများ၏ လှေ၊ စက်လှေ၊ ရေတင်စက်၊ နွား၊ ဆိုင် ကယ် စသည်တို့ မကြာခဏ အခိုးခံနေရပြီး မဲဇလီ ရဲစခန်း၊ ဆားမလောက် ရဲစခန်းတို့တွင် တိုင်ကြားရာလည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိဘူးဟု ဒေ သအချို့ကပြောသည်။ဇူလိုင်လနှင့် သြဂုတ်လအတွင်းက အောက်စီဂျင်စက်ရုံ တည်ဆောက်ရန်ဟု ဆိုကာ ဧရာဝတီတိုင်း အတွင်းရှိ သာ ပေါင်း၊ ကန်ကြီးထောင့်၊ မအူပင်၊ မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များက လောင်းကစားဝိုင်းများ ဖွင့်ကာ ရံပုံငွေ စုဆောင်းခဲ့သည်များ ရှိသည်ဟု သိရသည်။ mizzima

ရှမ်းပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် ၃၈ နှစ်ချမှတ်

ရှမ်းပြည်နယ်၊ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို  ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တောင်လေးလုံးအကျဥ်းထောင်တရားရုံးက  ထောင်ဒဏ် ၃၈ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ဦးစိုးညွန့်လွင်ကို ပုဒ်မ ၁၂၂ (၁)နဲ့ ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၁၂၄ (ဃ) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၅၀၅ အမှု နှစ်မှု ထောင်ဒဏ် ၂ နှစ်စီ သီးခြားကျခံရတဲ့အတွက် စုစုပေါင်း ၃၈ ​နှစ် အမိန့် ချခဲ့တာဖြစ်ပါတယ်။

“ဒီနေ့အမိန့်ချတာ ဟုတ်ပါတယ်။ ၅၀၅ နှစ်မှုအပါ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ ပေါ့။ ၃၈ နှစ်နဲ့ ငွေဒဏ်နှစ်သိန်း အမိန့်ချလိုက်တယ်” လို့ ဦးစိုးညွန့်လွင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ဆေးမှု မပြီးသေးတဲ့အမှုမှာ အဂတိတိုက်ဖျက်ရေးအမှု ၄ မှု ကျန်ရှိ နေသေးတယ်လို့ သိရပါတယ်။

ဦးစိုးညွန့်လွင်ကို မတ် ၄ ရက်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီး တောင်လေးလုံး အကျဥ်းထောင်ကို ပြန်လွှဲခဲ့တာဖြစ်ပါတယ်။  DVB

ရာအိမ်မှူးအိမ် ဗုံးကွဲ၊ ရဲအချို့ သေဆုံး

ယုဇနဥယာဉ်မြို့တော်ရှိ ရာအိမ်မှူး တစ်ဦးအိမ်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတစ်ချို့ သေဆုံးခဲ့သည်ဟု ပေါက် ကွဲမှု ဖြစ်ပွားရာ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက် ရာအိမ်မှူးနေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိနေချိန် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယုဇန ဥယျာဉ် အိမ်ယာ အတွင်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ရဲတွေသေတယ်လို့ တော့ ကြားတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာတော့ သေသေချာချာမသိဘူး။ ဒီ မနက်တော့ ပုံမှန်သွားလာနေကြတာပဲ။ ထူးခြားတာတော့မရှိဘူး” ဟု ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုများ ရှိသည်ဟု ဆိုသော်လည်း သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးပေ။အဆို ပါ ဖောက်ခွဲမှုကို Yangon RevolutionGroup အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ယုဇနဥယျာဉ်မြို့တော်၊ ၁၆လမ်း (A) ရှိ ရာအိမ်မှူးနေအိမ်သို့ ရဲတပ်ဖွဲ့ဝင် ၄ ဦးရောက်ရှိနေချိန် ပစ်ခတ်ခြင်း၊ ဗုံး ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့သည်ဟု YangonRevolutionGroup အဖွဲ့က ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံ လွှားအောင်စစ်ဆင်ရေး၏ စစ်ရေးတုန့်ပြန်မှု အဖြစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ က မှော်ဘီ၊ စမ်းချောင်း၊ တောင်ဒဂုံ၊ လှိုင်၊ အင်းစိန်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ဗုံးခွဲတိုက်ခိုက်မှု များပြုလုပ် ခဲ့သည်။ mizzima

ဒေါက်တာမျိုးညွန့်ကို ထောင်ဒဏ် ၃ နှစ်၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ထောင်ဒဏ် ၁ နှစ် ချမှတ်

အင်းစိန်ထောင်တွင်းတရားရုံးတွေကနေ ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို ထောင်ဒဏ် ၂ နှစ်၊ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်ကို ၁ နှစ်၊ ကိုအေးအောင်ကို ၃ နှစ်၊  သရုပ်ဆောင်လူမင်းနဲ့ သရုပ်ဆောင် ရဲတိုက်ကို  ၃ နှစ်စီ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာ ဖြစ်ပြီး မတ်လမှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။ 

မင်းသွေးသစ်ကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးသွားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တာပါ။ 

သူ့ကို ကိုဗစ်ကာလ လိုင်စင်မဲ့မော်တော်ယာဉ်အသုံးပြုပြီး လူနာတင်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုအေးအောင်ကိုတော့ တာမွေက ဆိုင်တဆိုင်မှာ ဖမ်းဆီးခဲ့ပြီး CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။

တရားလွှတ်တော်ရှေ့နေက ဒေါ်ငြိမ်းငြိမ်းက “ကျမလိုက်ပေးတဲ့ အမှုတွေထဲမှာ ကိုအေးအောင်ကို ထောင်ဒဏ် ၃ နှစ်၊ အလုပ်မပါ အပြည့်ချတယ် ၅၀၅ (ဃ) နဲ့ပေါ့။ ကိုလူမင်းကိုလည်း ဒီကနေ့ အမိန့်ချတယ် ၅၀၅ (ဃ) နဲ့ပဲ၊ ကိုလူမင်းနဲ့ ကိုအေးအောင်ကို တာမွေတရားရုံးကနေ အမိန့်ချတယ်။ တာမွေတရားရုံးကနေပဲ ဒေါက်တာမျိုးညွန့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂ နှစ်ချမှတ်လိုက်တယ်” လို့ ပြောပါတယ်။

ဒီကနေ့ ထောင်တွင်းတရားရုံးမှာ ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တာလို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

‌ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသူတွေ ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေး ဆရာတွေ၊ သတင်းမီဒီယာသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်ပြီး သူတို့တွေဟာ ထောင်တွင်းတရားရုံးမှာပဲ အမှုရင်ဆိုင်ခဲ့ရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ကြပါဘူး။ DVB

စစ်ကောင်စီတပ်က နှမ်းခါးရွာသား ၁ ဦးကို မီးရှို့သတ်ပြီး အဖိုးတန် ပစ္စည်းများ လုယက် ဟုဆို

စစ်ကိုင်းတိုင်း၊ ယောဒေသ ကလေး -ဂန့်ဂေါ လမ်းပိုင်းရှိ နှမ်းခါးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီ တပ်ဖွဲ့များသည် အဆိုပါရွာမှ အသက် (၄၅) နှစ်အရွယ် ဦးထွားမောင်အား နွားစာတိုက်တွင် မီးတင်ရှို့ သတ်ဖြတ်ကာ ရွာအတွင်းမှ အဖိုးတန် ပစ္စည်းများ လုယက် ယူဆောင်သွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၅ ရက်တွင် ဂန့်ဂေါမြို့မှ ကလေးဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ယာဉ်တန်းမှ စစ်ကား ရှစ်စီးသည် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် နှမ်းခါးရွာထဲ တပ်စွဲနေထိုင်ကာ ရွာသားဖြစ်သူ လယ်သမား ဦးထွားမောင်အား ယခုလို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့ (ဒီဇင် ဘာလ ၃၀) မနက်ခင်း ၈ နာရီလောက်မှာ စစ်သားတွေရွာက ပြန်ထွက်သွားတော့ ကျွန်တော်တို့ ဒေသခံ တော်လှန်ရေးတပ် ကင်းထောက်အဖွဲ့တွေက နယ်မြေ ရှင်းလင်းတဲ့အခါမှာ ဦးထွားမောင်ကို မီးရှို့ထားတဲ့ ရုပ်အလောင်းကို တွေ့တာပါ၊ ဘေးနားမှာ ရှိနေတဲ့ ဖိနပ်တို့ အခြားသူတွေက ပြန်ပြောပြချက်တွေ အရ သူမှန်း အတည်ပြုနိုင်တာပါ” ဟု ဂန့်ဂေါ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဦးထွားမောင်၏ မီးလောင်ကျွမ်းနေသော ရုပ်အလောင်းအား ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သင်္ဂြိုလ် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် နှမ်းခါးရွာမှ ဆွံ့အနားမကြားသူ အသက် (၆၀) ကျော် အဖိုးတစ်ဦးအားလည်း စစ်တပ်မှ ပါးစပ် ပလာစတာကပ်ကာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက် ကန်ကျောက်ခဲ့ရာ ဒဏ်ရာများဖြင့် အိပ်ယာထဲ လဲနေကြောင်း အဆိုပါ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တစ်ညအိပ် တပ်စွဲခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများနှင့် စားသောက်ကုန်များကို လုယက် ခိုးယူကြကြောင်း ရွာသားတစ်ဦးက ပြောသည်။ “သူတို့က ညဘက် ၈ နာရီအချိန်လောက်မှာ သေနတ်တွေဖောက် ရွာအနီး ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာတွေ လုပ်တယ်၊ ပြီးတော့ ရွာထဲက အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်ရှာ အဖိုးတန်တာတွေ အ ကုန် သယ်တယ်” ဟု ဒေသခံက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်တွင် ထိုယာဉ်တန်း ကလေးမြို့ဘက်သို့ ထွက်ခွါသွားကြောင်း သိရသည်။ ကလေး – ဂန့်ဂေါ လမ်းမပေါ်တွင်ရှိသည့် နှမ်းခါးရွာသည် စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် ဝင်ရောက် မွှေနှောက်မှု ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်မှုများ ခံနေရသည့် ရွာတစ်ရွာဖြစ်ပြီး ဒေသခံ အများစုမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ယင်းရွာမှ ဒေသခံ ၄၀၀၀ ခန့်မှာ လက်ရှိ အချိန်အထိ ဘေးလွတ်ရာ ကျေးရွာများတွင် တိမ်းရှောင် နေကြရသည်။ mizzima

မြန်မာနိုင်ငံ၌ တရုတ်နှင့် စင်ကာပူနိုင်ငံတို့၏ ရင်းနှီးမြှုပ်နှံမှုကျဆင်း

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နဲ့ စင်ကာပူနိုင်ငံတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ ကျဆင်းသွားပါတယ်။

အရပ်သားအစိုးရလက်ထက်၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ရင်းနှီးမြှပ်နှံတဲ့ ပမာဏက အမေကန်ဒေါ်လာ ၅၅၃ သန်း ကျော်ရှိခဲ့ပြီး၊ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ ၁၇၅ သန်းကျော်သာ ၀င်ရောက်မြှုပ်နှံခဲ့ပါတယ်။

အလားတူ စင်ကာပူနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုကလည်း ၂၀၁၉−၂၀၂၀ဘဏ္ဍာနှစ်မှာ ၁၈၅၉ သန်းကျော် ရှိခဲ့ပြီး ၂၀၂၀−၂၀၂၁မှာ ၄၂၉သန်း ကျော်သာ ၀င်ရောက်ခဲ့ပါတယ်။ အဲဒီပမာဏဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း  မြန်မာနိုင်ငံမှာ အဲဒီနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံး ပမာဏကို ရောက်နေတာ ဖြစ်ပါတယ်။

လက်ရှိ နှစ်၀က်ဘတ်ဂျက် နို၀င်ဘာ ၃၀ ရက်အထိ ၂ လအတွင်းမှာဆိုရင်လည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းက အမေရိကန်ဒေါ်လာ ၈၅ သန်းကျော်သာ ဝင်ရောက်ထားပြီး၊ စင်ကာပူရဲ့ ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၈၁ သန်းကျော် ၀င်ရောက်ထားပါတယ်။

အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တရုတ်ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၄၁ သန်းကျော်လျော့နည်းသွားပြီး စင်ကာပူ ရင်းနှီးမြှပ်နှံမှုက တော့ ကန်ဒေါ်လာ ၄၈သန်းကျော် မြင့်တက်နေပါတယ်။

တရုတ်နိုင်ငံအပါအ၀င် နိုင်ငံအများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေကို အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ဆိုင်းတာ၊ လျော့ချတာတွေ ပြု လုပ်ခဲ့ကြပါတယ်။  

လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၂၀ အထိ ရှိလာပြီး ဒီအထဲမှာ ရပ်ဆိုင်း ထွက်ခွာတဲ့ စီမံကိန်း ရှစ်ခု၊ ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်း သုံးခု၊ မရေရာတဲ့ အခြေအနေတွေကြောင့် ရပ်နားထားတဲ့ စီမံကိန်း  ငါးခုနဲ့ လုပ်ငန်းရောင်းချလိုက်တဲ့ ကုမ္ပဏီ နှစ်ခုခန့်ရှိလာတယ်လို့ ISP-Myanmarက ထုတ်ပြန်ထားပါတယ်။  

အရပ်သားအစိုးရလက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ယခင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံမှုတွေအပါအ၀င်စုစုပေါင်း ၀င်ရောက်ခဲ့တဲ့ ရင်းနှီးမြှပ်နှံမူပမာဏက အမေရိကန်ဒေါ်လာ  ၃ ဒသမ ၇၉၁ ဘီလီယံ သာရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးပမာဏထိ ကျဆင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေး စီမံကိန်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ရည်မှန်းချက်က အမေရိကန်ဒေါ် လာ ၅ ဒသမ ၈ ဘီလီယံဖြစ်ပေမဲ့ တကယ်တမ်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏ ၃ ဒသမ ၈ ဘီလီယံ လောက်  သာ၀င်ရောက်ခဲ့တာကြောင့် လျာ ထားချက်ရဲ့ ၆၅ ရာခိုင်နှုန်း၀န်းကျင်သာ ရရှိခဲ့ပါတယ်။

အရပ်သားအစိုးရတာ၀န်ယူထားတဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ပမာဏက ၄ ဒသမ ၈ ဘီလီယံကျော်  ထိရှိခဲ့တာကြောင့်  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၂  ရာခိုင်နှုန်း ဝင်ရောက်မှု လျော့ကျခဲ့တာပါ။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံပေါင်း ၅၁ ခု အနက် ရင်းနှီး မြှုပ်နှံမှုအများဆုံး ပြုလုပ်တဲ့နိုင်ငံတွေ က စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ပဲဖြစ်ပါတယ်။ 

လက်ရှိ ၂၀၂၁−၂၀၂၂ နှစ်၀က်ဘတ်ဂျတ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁  ရက်ကနေ  နို၀င်ဘာ ၃၀ ရက်အထိ  ၂ လအတွင်းမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံဖို့ ၀င်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမူလုပ်ငန်းသစ် ၁၃ ခုလောက်ရှိပြီး  အရင်ရှိထားပြီးလုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမူ ပမာဏတိုးမြှင့်တာအပါအ၀င် စုစုပေါင်း ရင်းနှီးမြှပ်နှံမှုပမာဏ  အမေရိကန်ဒေါ်လာ ၂၃၄ သန်းကျော် ၀င်ရောက် ထားတယ်လို့ စစ်ကောင်စီလက် အောက်ခံ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

ကဏ္ဍအလိုက်ကြည့်မယ်ဆိုရင် ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ လုပ်ငန်းသစ်(၈)ခု၊ ဆောက်လုပ်ရေးကဏ္ဍမှာ ၁ ခု၊ စွမ်းအင်ကဏ္ဍလုပ်ငန်း ၁ ခု၊ လယ် ယာကဏ္ဍမှာလုပ်ငန်း ၁ခု ၊ တခြား၀န်ဆောင်မှု ကဏ္ဍမှာလုပ်ငန်း ၂ ခုနဲ့ စုစုပေါင်း လုပ်ငန်းသစ် ၁၃ ခု ၀င်ရောက်ခဲ့တာဖြစ်ပြီး ယခင်ရှိရင်းစွဲ စီမံကိန်းတွေမှာ ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေ အပါအ၀င်နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ ကန်ဒေါ်လာ ၂၃၄ သန်းကျော် ၀င်ရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအထဲမှာလည်း တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမူက ကန်ဒေါ်လာ ၈၅ သန်းကျော်ရှိပြီး အများဆုံး၀င်ရောက်ထားတာပါ။ တရုတ်နိုင်ငံပြီးရင် စင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှပ်နှံမှုက ကန်ဒေါ်လာ ၈၁ သန်းကျော်နဲ့ ဒုတိယ အများဆုံးဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်နဲ့ တတိယ အများဆုံး ဖြစ်ပါတယ်။ 

တရုတ်ရင်းနှီးမြှပ်နှံမှု လုပ်ငန်း(၇)ခု ၊ဟောင်ကောင်ရင်းနှီးမြှပ်နှံမှု လုပ်ငန်း(၂)ခုနဲ့ တောင်ရီးယားနိုင်ငံ၊ တရုတ်(တိုင်ပေ)၊ စင်ကာပူနဲ့ နီပေါနိုင်ငံတို့ကလုပ်ငန်းသစ်တစ်ခုစီ  ၀င်ရောက် ရင်းနှီးမြှပ်နှံခဲ့ကြပြီး ဂျပန်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က  ၀င်ရောက် ထားပြီး လုပ်ငန်းတွေမှာ  ထပ်တိုး ရင်း နှီးမြှပ်နှံမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ထပ်ထိုးရင်းနှီးမြှပ်နှံမူတွေ ၀င်ရောက်ခဲ့တဲ့ကဏ္ဍတွေကတော့ မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ် လုပ်ထုတ်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ် ရေးကဏ္ဍ နဲ့ ဟိုတယ်နဲ့ခရီးသွားကဏ္ဍတို့ ဖြစ်ပါတယ်။ DVB

ဖမ်းဆီးခံ အနုပညာရှင်အချို့ကို စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်

အင်းစိန် အကျဉ်းထောင်တွင်း ဖမ်းဆီးခံနေရသော အနုပညာရှင်များ ဖြစ်သည့် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် စောဖိုးခွား၊ ပိုပိုနှင့် ဘလော့ကာ ဝင်းမင်းသန်း တို့ကို ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင် ဒဏ်များ အမိန့်ချခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒာကျော်ဇင်သည် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ခံရပြီးနောက် ဧပြီလ ၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်တွင်း၌ ရှစ်လကျော်ကြာ အကျဉ်းချခံနေရကာ ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရခြင်း ဖြစ်သည်။အဆိုတော် စောဖိုးခွားနှင့် ပိုပို တို့သည်လည်း ၅၀၅(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံရပြီး ပုဒ်မ ၅၀၅(က) အပါအဝင် မတရားအ သင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့်ပါ အမှုရင်ဆိုင်နေရသည့် ဘလော့ကာ ဝင်းမင်းသန်း ကိုလည်း အမှုနှစ်ခုစလုံး အတွက် အလားတူ အမိန့်ချမှတ်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် သရုပ်ဆောင် လူမင်းနှင့် ရဲတိုက်တို့ကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း သရုပ်ဆောင် ပိုင်တံခွန်ကို ထောင်ဒဏ် ချမှတ်ခဲ့သည်။စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံ အနုပညာရှင်များအား အပြီးသတ် အမိန့်ချလျက်ရှိရာ ဇန်နဝါ ရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် ပြုမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း ရှေ့ နေ အသိုင်းအဝိုင်းမှ သိရသည်။ mizzima

ဖက်ဒရယ်တည်ဆောက်ရေး ကေအန်ယူ သင် တန်းပေး

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာ အနာဂတ်ခေါင်းဆောင်လူငယ်တွေကို မြန်မာ့နိုင်ငံရေးနှင့်ဖက်ဒရယ်တည်ဆောက်ရေး သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့တယ်လို့ ကေအန်ယူ သတင်းဌာနက ဖော်ပြတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည် ချက်တွေကို သိရှိစေဖို့နဲ့ ဆက်လက်တည်ဆောက်သွား မယ့် ဖက်ဒရယ်စနစ်ရဲ့ အခြေခံ အင်္ဂါရပ်တွေ၊ မူတွေနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်တည် ဆောက်ရေးကို သိရှိစေဖို့ ရည်ရွယ်ပြီး  သင်တန်းဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါသင်တန်းကို ကေအန်ယူ-သတင်းပြန်ကြားရေးဌာန ( ဗဟို )ရဲ့ ဖွဲ့စည်းတည်ဆောက်ရေးနဲ့ ပညာပေးရေးဌာနခွဲက ကြီးမှူးဖွင့်လှစ်ပေးခဲ့တာပါ။ 

မြန်မာပြည်အတွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံထဲက လူငယ်တွေ၊ ကေအန်ယူ – ထိန်းချုပ်နယ်မြေအတွင်းက ကရင်လူငယ်တွေ(KYO)နဲ့ လေ့လာသူတွေအပါအဝင် သင်တန်းသား သင်တန်းသူ ၄၇ ဦး တက်ရောက်ခဲ့ပါတယ်။

သင်တန်းတက်ရောက်နေတဲ့ သင်တန်းသား တစ်ဦးက “ အနာဂတ်ခေါင်းဆောင်လူငယ်တွေ မဖြစ်မနေတက်သင့်တဲ့ သင်တန်းတစ်ခုပါ။  မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေ သိခွင့်ရသလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေး ကြိုးပမ်းချက် ၊ မျှော်လင့်ချက်နဲ့ ရပ်တည်ချက်တွေကို သင်ယူလေ့လာခွင့်တွေရတယ်”လို့ ပြောပါတယ်။

သင်တန်းမှာ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခြေခံမူ အင်္ဂါရပ်တွေ၊ မြန်မာ့နိုင်ငံရေးသမိုင်း၊ တိုင်းရင်းသားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန် ရေး၊ ကေအန်ယူရဲ့ အခြေခံလမ်းစဥ် /လုပ်ငန်းစဉ်၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ပုံစတဲ့ ဘာသာရပ်တွေကို သင်တန်းဆရာတွေဖြစ်တဲ့ ပဒို စောပိုပိုထူးအောင်နဲ့ ဗိုလ်စခန့်သူလှိုင်တို့က ဘာသာရပ်အလိုက် ပို့ချပေးခဲ့ပါတယ်။

အထူးဘာသာရပ်အနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်းတွေကို ပဒို စောလှထွန်းက သင်ကြားပို့ချပေးပြီး လက်ရှိနိုင်ငံအတွင်း ဖြစ်တည်မှုအခြေအနေကိုသုံးသပ်ကာ ရှေ့ဆက် အတူတကွ စုပေါင်း လက်တွဲလုပ်ဆောင်ရမည့်အရာတွေကို ပဒို စောကလယ်စေးက သင်ကြားပို့ချပေးခဲ့ပါတယ်။ DVB

« Older Entries