Monthly Archives: Dec 2021

ရေဦးတိုက်ပွဲ စကစ ၄ ဦးသေ

ရေဦးမြို့နယ် အနောက်ခြမ်း ညောင်နီကန် ဝက်ဖြူအနီး ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ညနေက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ လေးဦးသေဆုံးပြီးပြောက်ကျား တော်လှန်ရေး သမားတစ်ဦးကျဆုံးသွားခဲ့သည်။ mizzima

ကယားပြည်နယ် ဒီးမော့ဆိုတွင် စစ်ကောင်စီက လေယာဉ်များဖြင့်ပါတိုက်နေ  

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်အစောပိုင်းမှ မွန်းလွဲပိုင်းအထိ ဖြစ်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် က လေယာဉ်များဖြင့်ပါ တိုက်ခိုက်နေကြောင်း သိရသည်။ 

ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဒီးမော့ဆိုရဲစခန်းနှင့် ဒေါငံခါးရပ်ကွက်အနီးတစ်ဝိုက်ကို လေယာဉ်များဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ် ကြောင်း တိုက်ပွဲဧရိယာအတွင်း ရောက်ရှိနေသည့် ကယ်ဆယ်ရေးသမားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီးမော့ဆိုကို လာပစ်တာ။ အဲ့ဘက်တွေမှာဖြစ်တာ၊ တိုက်ပွဲတွေက။ ဟိုဘက်မှာတော့ နှစ်လုံး လေယာဉ်ပေါ်က ပစ်သွားတယ်။ တိုက်လေယာဉ်သုံးစင်း” ဟု ၎င်းက ပြောသည်။

လေယာဉ်ပေါ်မှ ဗုံးနှစ်လုံးပစ်ချသည့်အသံနှင့် စစ်သေနတ်များဖြင့် အတွဲလိုက်ပစ်ခတ်သံများလည်း ကြားနေရပြီး ကရင်နီပူးပေါင်းတပ်များဘက်က ထိခိုက်ဒဏ်ရာရသူများရှိကြောင်းလည်း အထက်ပါ ကယ်ဆယ်ရေးသမားက ဆိုသည်။​

Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းများတွင် ပျံသန်းနေသည့် လေယာဉ်အချို့ တွေ့ရှိရသည့်နည်းတူ ပစ်ခတ်သံများလည်း ကြားရသည်။ 

ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးကလည်း မွန်းလွဲ ၃ နာရီကျော်တွင် လေယာဉ်နှစ်စင်း ပျံသန်းသွားသည်ကို တွေ့ရှိရပြီး အတွဲလိုက်ပစ်ခတ်သံများ နာရီဝက်ခန့်ကြာ ကြားရသည်ဟု ပြောသည်။​

“ခုတော့ လေယာဉ်ပြန်ကွေ့သွားပြီ နှစ်စင်း။ လက်နက်ငယ်သံတွေတော့ ကြားနေရသေးတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဆိုသည်။ 

နံနက် ၆ နာရီကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် နာရီဝက်ခြားတစ်ခါ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။ 

ယနေ့ညနေပိုင်းအထိ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကာ ကရင်နီပူးပေါင်းတပ်များဘက်မှ ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဒီးမော့ဆိုမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက Myanmar Now ကို ပြောသည်။ 

“လက်နက်ကြီးကြောင့်ပဲ ထိတာများမယ်။ လေယာဉ်လာတဲ့အချိန် ကျွန်တော်တို့လူတွေက ပုန်းနေကြတာ။ လက်နက်ကြီးကြောင့်ထိတာ ပိုများတယ်။ လေယာဉ်နဲ့ပစ်တာ သိပ်မထိလောက်ဘူး” ဟု ၎င်းက ပြောသည်။ 

တိုက်ပွဲဖြစ်သည့်နေရာနှင့် အနီးဆုံးရွာတွင်ရှိ စစ်ရှောင်စခန်းတစ်ခုမှ လူဦးရေ ၂၀၀၀ ကျော်သည်လည်း စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

“စစ်ရှောင်စခန်းအောက်မှာ ချောင်းတစ်ချောင်းရှိတယ်လေ။ အဲဒီချောင်းမှာပဲ အကုန်လုံးပြေးပုန်းနေကြတာပေါ့။ စစ်ရှောင်တွေကိုတော့ ထိ ခိုက်ဒဏ်ရာရတာ မရှိဘူး။ စစ်ရှောင်တဲကိုတော့ ပြန်မလာကြသေးဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့နံနက်တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် အခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူး ပေါင်း တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။ 

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၄၂၇ ခြေလျှင်တပ်ရင်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၀) ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ထုတ်ပြန်ထားသည်။​ myanmar now

မြောက်ဥက္ကလာပရဲစခန်း ပစ်ခတ်ခံရမှု ဒုရဲအုပ်တစ်ဦး သေ ဆုံးပြီး တပ်သား ၁ ဦးဒဏ်ရာရ၊ ပြည်သူကားတချို့နှင့်အိမ်များ ပစ်ခတ်ခံရပြီး ဒဏ်ရာရသူတချို့ရှိ

ရန်ကုန်တိုင်းမြောက်ဥက္ကလာပရဲစခန်းတွင် ယနေ့ ညနေ ၆ နာရီ ၅၀ တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အပြန် အလှန် ပစ်ခတ်မှုဖြစ်ကာ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး တပ်သား ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာမြို့မ ရဲစခန်းရှေ့တွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ဗုံးပေါက်တာက ၃ ကြိမ်ဗျ။ ပထမတစ်ကြိမ် ဗုံးပေါက်တော့ ရဲစခန်းထဲက ထွက်လာပြီးတော့ ရဲတွေက လိုက်ပစ်တယ်။ အဲဒီမှာ ဗုံးထပ်ပေါက်တာ။ ရဲတစ်ယောက်တော့ လမ်းပေါ်မှာ ကားယားကြီးမလှုပ်တော့ဘူး သေသွားတယ်။ နောက် စစ်သားတစ်ဦးလည်း လူနာတင်ကားနဲ့ ခေါ်သွားတာတွေ့တယ်။ လမ်းတွေထဲ အိမ်တွေထဲကို ဝင်ပစ်တယ်။ လမ်းပေါ်မှာ သွားနေတဲ့ ကားတွေလည်း အပစ်ခံရတယ်။ ပြည်သူတချို့ ဒဏ်ရာရတယ်ကြားပေမယ့် ညဘက်ကြီးဆိုတော့ ဘယ်သူဘယ်ဝါဆိုတာလည်း မသိရဘူး”ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပဆေးရုံကြီးထံ ဆက်သွယ်မေးမြန်းချက်အရ သေဆုံးသွားသော ဒုရဲအုပ်မှာ ဒုရဲအုပ် အောင်ကျော်ဦးဖြစ်ပြီး ဒဏ်ရာရရှိသော စစ်သားမှာ တပ်သားအေးမောင်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသော သွေးလွန်နေ၍ စိုးရိမ်ရကြောင်း သိရှိရသည်။ အလားတူ ယနေ့ ည ၉ နာရီ ၂၆ မနစ်အချိန် မြောက်ဥက္ကလာပ ခြောက်ကွေ့အနီးတွင် ပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။ khit thit

ကော့မှူးမြို့တွင် ဒလန်ဟုနာမည်ထွက်သူ ၂ဦး သေနတ်ပစ်ခံရ

ကော့မှူးမြို့နယ် အနောက်ခြမ်း ကျိုက်ထော်ကျေးရွာနေ အမျိုးသားနှစ်ဦးသည် ဒီဇင်ဘာ၃၁ရက် နံနက် ၈နာရီ ၃၀မိနစ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး တစ်ဦးမှာ နေရာတွင် သေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများမှတဆင့် သိရသည်။သေဆုံးသူမှာ ကိုဝင်းမြင့်ဆိုသူဖြစ်ပြီး ကိုထွန်းနေလင်းမှာအရေးပေါ်အခြေအနေရှိသည်ဟု သိရသည်။

“တစ်ယောက်ကတော့ ပွဲချင်းပြီးသွားတယ်။ တစ်ယောက်က အရေးပေါ် အခြေအနေ သေသလား ရှင်သလား မသိသေးဘူး။ ဝင်းမြင့်က ပွဲချင်း ပြီးသွားတာပေါ့”ဟု ဒေသခံတစ်ဦးကပြောသည်။အဆိုပါပစ်ခတ်မှုကို အာဏာရှင်တော်လှန်ရေးတပ်ဦး D.R.Fနှင့် KNDO သင်တန်းဆင်း ကော့မှူးပကဖတပ်ဖွဲ့ဝင်များမှ လုပ်ဆောင်ခဲ့သည်ဟု ၎င်းတို့၏ Dictator Revlot Front လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားသည်ကိုလည်းတွေ့ရသည်။

“သူတို့တွေက အဲ့မှာ ဒလန် ပြောရရင်တော့ ဒုတိယအဆင့် သဘောမျိုးပေါ့။ အဲ့တုန်းက ခေါင်တွေက မပါလာလို့ အစ်ကိုတို့က အကုန်ဖြုတ်မှာ ခေါင်တွေပါလုပ်ဖို့သွားတာ။ သူတို့ဆရာ ရှိသေးတယ် သူကဗိုလ်ကြီး သုံးပွင့်နဲ့ထင်တယ်။ သူ့ကိုကြက်ဗိုလ်ကြီးလို့ ခေါ်ကြတယ် ရွာမှာက အခုနှစ်ကောင်က အဲ့လူရဲ့လက်ရုံးတွေပေါ့” ဟု အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးတပ်ဦး D.R.F မှ တာဝန်ရှိသူတစ်ဦးကပြော သည်။ mizzima

ပခုက္ကူတွင် PDF သံသယဖြင့်အဖမ်းခံရသူ ထောင်ထဲတွင် သေဆုံ

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဆိုကာ စွပ်စွဲဖမ်းဆီးခံခဲ့ရသည့် မကွေးတိုင်း ပခုက္ကူမြို့မှ အမျိုးသားတစ်ဦးမှာ ဒီဇင်ဘာ ၂၇ ရက်တွင် အကျဉ်းထောင်၌ သေဆုံးသွားသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးနှင့် မြို့ခံတစ်ဦးထံမှ သိရသည်။

အသက် ၄၃ နှစ်အရွယ် ဦးမျိုးနိုင်ဆိုသူမှာ PDF ကို ငွေကြေးထောက်ပံ့သည်ဟူသော သံသယဖြင့် အောက်တိုဘာလလယ်ပိုင်းက ဖမ်းဆီးခံရခြင်းဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၃ ခုဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခံရပြီးနောက် အကျဉ်းထောင်အပို့ခံရခြင်းဖြစ်သည်ဟု ဆိုသည်။​

ဒီဇင်ဘာ ၁၅ ရက်တွင် ပခုက္ကူအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်က သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဦးမျိုးနိုင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“ဘယ်ဘက်ရင်ဘတ်ခြမ်းက အောင့်တယ်ဆိုပြီး ထောင်ထဲမှာ မူးလဲသွားတယ်တဲ့။ ထောင်ထဲကနေမှ ပြင်ပလူနာဌာနကို လှမ်းပို့တာ။ လမ်းမှာ သတိရတစ်ချက်၊ မရတစ်ချက်လို့ ပြောတယ်။ ဆေးရုံရောက်ပြီး ၁၅ မိနစ်လောက်အထိ အသက်ပါသေးတယ်” ဟု ပခုက္ကူမြို့ခံ ထိုအမျိုးသားက ဆိုသည်။

ရောဂါအခံကြောင့် သေဆုံးသည်ဟု အကျဉ်းဦးစီးဌာနက မိသားစုဝင်များကို ဆက်သွယ်အကြောင်းကြားခဲ့သည်ဟုလည်း ထိုသူက ပြောသည်။

“အရင်ရောဂါအခံ ရှိတယ်ဆိုပြီး ပြောတယ်တဲ့။ ဒါပေမဲ့ သိရသလောက်က သူသည် အရင်က ဆေးရုံဆေးခန်းတက်ခဲ့တာလဲ မရှိခဲ့ဘူး။ ရောဂါအခံဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

သို့သော် သေဆုံးစဉ်က ခန္ဓာကိုယ်ပြင်ပဒဏ်ရာများ မတွေ့ရကြောင်း ဒီဇင် ဘာ ၂၈ က ပြုလုပ်သော ဦးမျိုးနိုင်၏နာရေး၌ အကျဉ်းဦးစီးဌာနတာဝန်ရှိသူက အမိန့်စာ လာပြန်ခဲ့သည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။ 

“အမိန့်ပြန်တမ်းမှာတော့ လက်နက်မှုတွေ ဘာညာ ပြောသွားတယ်။ အမှုသုံးခုလောက်ပါတယ်။ မိသားစုကလည်း ဂဃဏနမသိဘူး” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီကို ခုခံတော်လှန်နေသာ PDF ကို ငွေကြေးထောက်ပံ့သည်ဆိုသော သံသယဖြင့် ဖမ်းဆီးခံရပြီး ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေချိန် အကျဉ်းထောင်၌ သေဆုံးခဲ့သူ ပခုက္ကူမြို့မှ ဦးမျိုးနိုင်၏ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ဦးမျိုးနိုင်သေဆုံးမှုနှင့် ပတ်သတ်၍ စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး အကျဉ်းထောင်၌ သေဆုံးရခြင်းအပေါ် စစ်ကောင်စီ တာဝန်ယူဖြေရှင်းရမည်ဟု ပခုက္ကူမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲကော်မတီက ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။ 

ဦးမျိုးနိုင်မှာ အောက်တိုဘာလအတွင်း လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလမှသာ အကျဉ်းထောင်ထဲ ရောက်နေပြီး ကျန်းမာရေးဆိုးရွားနေကြောင်း ကြားသိခဲ့ရသည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီ တာဝန်ခံဖြစ်သူက ပြောသည်။

“အဖမ်းခံရပြီး နှစ်ပတ်၊ သုံးပတ်လောက်ထိ ရဲစခန်းတွေ လိုက်ကြည့်တော့ မရှိဘူး။ ဘယ်မှ မေးမရဘူး။ အဲဒီတော့ စစ်ကြောရေးရောက်နေတယ်လို့ပဲ ခန့်မှန်းကြတာပေါ့” ဟု ၎င်းတာဝန်ခံက ပြောသည်။

ပခုက္ကူလူထုတိုက်ပွဲကော်မတီအဖွဲ့ဝင် အခြားသူတစ်ဦးကလည်း “ထောင်ထဲက ပြန်ကြားတာ။ သူ ကျန်းမာရေးမကောင်းဘူး။ အောက်ပိုင်းအခြေအနေ တော်တော်ဆိုးတယ်လို့ ကြားတယ်” ဟု ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ မှ ဒီဇင်ဘာ ၃၀ အထိ စစ်ကြောရေးတွင်း သတ်ဖြတ်ခံရသူများအပါအဝင်က စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့သူများ ၁၃၈၂ ဦးရှိသည်။  myanmar now

ပုသိမ်တွင် နှစ်သစ်ကူးည ၁၀ နာရီကျော်လျှင် ပစ်ခတ်မည်ဟု စစ်ကောင်စီက သတင်းလွှင့်နေဟု ဒေသခံများ ပြော

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့၌ ယနေ့ ဒီဇင်ဘာလ ၃၁ရက် ည (နှစ်သစ်ကူးည) တွင် ည ၁၀ နာရီ ကျော် အပြင်ထွက်သူများကို စစ်ကောင်စီက ပစ် ခတ်မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။ ” ဒီနေ့ည ၁၀ နာရီကျော်အထိ အပြင်ထွက်ရင် စစ်တပ်ကို ပစ်မိန့်ပေးထားတယ်လို့ ရပ်ကွက်ထဲမှာ ပြောနေကြတယ်။

ည ၁၂ နာရီမှာ အရေးတော်ပုံ အောင်ရမည် လို့ အော်မယ်ဆိုပြီး Facebook မှာ သတင်းတွေ ပြန့်နေတယ်။ အဲ့လို လိုက်အော်မှာ စိုးလို့ ပစ်မယ်လို့ သတင်းလွှင့်နေတာ ဖြစ်မယ်”ဟု ဒေသခံကပြော သည်။

ပုသိမ်မြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို စစ်ကောင်စီက သတ်မှတ် ထားပြီး လက်ရှိအချိန်အထိ ပယ်ဖျက်ခြင်း မရှိသေးကြောင်း ပုသိမ်မြို့နယ် စစ်ကောင်စီအဖွဲ့၏ ထုတ်ပြန် ကြေညာခဲ့သော မှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် ပုသိမ်မြို့ပေါ်၌ ယူနီ ဖောင်း ဝတ်ဆင်ထားသည့် စစ်ကောင်စီ တပ်များနှင့် ရဲများကို တွေ့ရှိရသည်မှာ နည်းပါးလာပြီး အရပ်ဝတ် လက်နက်ကိုင်များနှင့် ကင်းပုန်းများကိုသာ တွေ့ရှိရကြောင်း ပုသိမ်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima

ဖမ်းမိထားသည့် စစ်သားများကို လူသားဆန်ဆန် ဆက်ဆံမည်ဟု KNU ပြော 

အပြင်းအထန်တိုက်ပွဲဖြစ်နေသည့် ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိထားရာ ၎င်းတို့ကို စစ်မြေပြင်စည်းကမ်းများနှင့်အညီ လူသားဆန်ဆန် ဆက်ဆံသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းရုံး (KNU) တာဝန်ရှိသူက ဆိုသည်။​

စစ်ကောင်စီဘက်မှ တပ်ခွဲမှူးအရာရှိအပါအဝင် တပ်ဖွဲ့ ၇ ဦးကို လက်နက်များနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ယမန်နေ့ (ဒီဇင်ဘာ ၃၀) တွင် လေးကေ့ကော်မြို့သစ်တောင်ဘက် ငါးမိုင်အကွာ ရသေ့ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။​

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို ယနေ့ (ဒီဇင်ဘာ ၃၁) နံနက်ပိုင်းတွင် Myanmar Now က ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့လက်ထဲမှာ ရောက်နေတဲ့လူတွေကို လူပီသစွာ ဆက်ဆံဖို့ အဓိကလုပ်ဆောင်သွားပါမယ်။ လူသားဆန်ဆန်ရှိဖို့ဆိုတာ ကျွန်တော်တို့တပ်တွေကို သင်တန်းပေးထားပြီးသားပါ” ဟု ပြောသည်။

စစ်မြေပြင်တွင် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများအပြင် နိုင်ငံတကာတွင် ကျင့်သုံးသည့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍လည်း တပ်ဖွဲ့ဝင်များကို သင်တန်းပေးထားပြီးဖြစ်သည်ဟု ပဒိုစောတောနီးက ပြောသည်။

“ကျွန်တော်တို့တပ်တွေကို စံချိန်စံညွှန်းနဲ့ညီတဲ့ တပ်တစ်ခုဖြစ်အောင် အမြဲတမ်းကြိုးစားနေပါတယ်။ ဖမ်းထားတဲ့သူတွေကို အန္တရာယ်မဖြစ်အောင် နိုင်ငံတကာအက်ဥပဒေတွေနဲ့အညီ လုပ်သွားပါမယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားသည့် ဒီဇင်ဘာ ၁၆ ရက်ကလည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂၇၅ မှ တပ်ဖွဲ့ဝင် ၆ ဦးနှင့် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦးကို KNLA က ဖမ်းဆီးရမိခဲ့သည်။​

လေးကေ့ကော်မြို့သစ်တစ်ဝိုက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဒီဇင်ဘာ ၂၈ ရက်ထုတ်ပြန်ချက်တွင် တိုက်ပွဲပေါင်း ၂၅ ကြိမ်ဖြစ်ပွားကာ လေးကေ့ကော်မြို့သစ်မှလွဲ၍ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနှင့် ဖလူးကျေးရွာများကို ထိန်းချုပ်ထားနိုင်ပြီဟု ဆိုထားသည်။ 

စစ်ကောင်စီက ထိုသို့ထုတ်ပြန်ခဲ့သော်လည်း လေးကေ့ကော်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ 

လေးကေ့ကော်မြို့သစ်တစ်ဝိုက်တွင် တိုက်ပွဲများဖြစ်နေသည်မှာ သီတင်းနှစ်ပတ်ကျော်ရှိလာပြီး စစ်ကောင်စီတပ်က ယနေ့ (ဒီဇင်ဘာ ၃၁) တွင်လည်း နံနက်အစောပိုင်းမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ပဒိုစောတောနီးက ပြောသည်။​

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့မနက်လည်း လက်နက်ကြီးတွေ အရမ်းကျနေတယ်လို့ ပြောတယ်။ မနက်မိုးလင်း ၆ နာရီကတည်းက ပစ်နေတာ။ အခုလည်း ပစ်နေတာ။ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။

လေးကေ့ကော်မြို့သစ်အနီးတွင် ယမန်နေ့က ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုနေသည်ဟု စစ်မြေပြင်ရှိ KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။​

“ပြန်လွှတ်ပေးဖို့ တောင်းတော့တောင်းနေတယ်။ သူတို့က အရှက်မရှိဘူး။ အရင်တစ်ခေါက်မိတော့ သူတို့စစ်သားမဟုတ်ဘူး။ ယူနီဖောင်းအသစ်ပေးထားတယ်တဲ့။ စစ်သားကိုတောင် စစ်သားမဟုတ်ဘူးဆိုပြီး ကျွန်တော်တို့ကို ပြောတာ။ အခုတစ်ခေါက်လည်း သေချာတော့ မသိရဘူး။ လူကြီးဆီကနေတစ်ဆင့် တောင်းတာပဲကြားတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ဆိုသည်။ 

ဖမ်းမိထားသည့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ “ဟိုတောင်းလိုက်၊ ဒီတောင်းလိုက် သတင်းတွေနဲ့ ပတ်သက်ပြီး ဘာစိတ်ကူးပေါက်လဲတော့ မသိဘူး။ ကျွန်တော်လည်း မကြားမိသေးဘူး” ဟု ပဒိုစောတောနီးက ပြောသည်။ 

ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲများ အရှိန်မြင့်သထက်မြင့်တက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လိုက်နာရန် စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို လာမည့် ဖေဖော်ဝါရီလကုန်အထိ သက်တမ်းတိုးထားကြောင်းလည်း ဖော်ပြထားသည်။ 

အာဏာသိမ်းစစ်တပ် NCA က စာချုပ်ဖြင့်  ခြိမ်းခြောက်သတိပေးရင်း တိုင်းရင်းသားဒေသများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူနှင့် မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်အာဏာသိမ်းပြီးကတည်း NCA စာချုပ် ပျက်ပြယ်သွားပြီဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူအချို့က ထုတ်ဖော်ပြောဆိုထားသည့်နည်းတူ စစ်ကောင်စီထုတ်ပြန်ချက်များမှာ မိုးလုံးပြည့်မုသာဝါဒသာဖြစ်ကြောင်း KNU တာဝန်ရှိသူက တုံ့ပြန်ထားသည်။ 

စစ်ကောင်စီ၏ ပြင်းထန်သော ထိုးစစ်ကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ တစ်သောင်းခွဲကျော်မှာ နေရပ်စွန့်ခွာကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အတူ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအနောက်ခြမ်းတွင်လည်း စစ်ကောင်စီရန်ကြောင့် ထောင်ပေါင်းများစွာသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

စစ်ကိုင်းတိုင်းအတွင်း မြို့ရွာအချို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဖြန့်ဝေသည့် သတိပေးစာများတွင် “မင်းတို့ မြို့တွေရွာတွေ အပျက်ခံကြမှာလား” ဟု ခြိမ်းခြောက်ရေးသားထာသည်။ myanmar now

ရန်ကုန်တိုင်းတွင် မီတာခများ အတင်းအကျပ်ကောက်ခံပြီးနောက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများနေ့စဥ်ဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တိုင်းရှိ နေရာအချို့တွင် မီတာခများ အတင်းအကျပ်ကောက်ခံပြီးနောက် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ နေ့စဥ်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်တွင် သာကေတ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ဗ ဟန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ သန်လျင် အစရှိသည့် မြို့နယ်များ၏ နေရာအချို့တွင် မနက် ၈နာရီခန့် က တစ်ကြိမ် နေ့လယ် ၃နာရီခန့်က တစ်ကြိမ် မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ” မနက်က ၅နာရီက စပြတ်ပြီး နေ့လယ် ၁နာရီက မီးပြန်လာတယ်။ ညနေကတော့ ၆နာရီကစပြီး မီးပြတ်တာ အခု ၇နာရီအထိ ပြန်မလာသေးဘူး ”ဟု ပြောသည်။ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း ” မနက်က ဘယ်အချိန်က ပြတ်လဲမသိဘူး ။ အစ်မ အိပ်ရာနိုးတဲ့ ၇နာရီလောက်ကတော့ မီးက ပြတ်နေတာတွေ့တယ် ။ မနေ့ကတော့ မီးက တနေကုန်ပြတ်တာ ညနေ ၅ နာရီလောက်မှ မီးပြန်လာတယ် ”ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က YESC CallCenter လူမှုကွန်ရက်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားချွေတာရန် ရေးသားထားသည်များကိုလည်းတွေ့ရပြီး မီးများပြတ်တောက်နေမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်မှ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ” မီ တာခတွေကောက်ပြီးမှ မီးတွေဖြတ်ပစ်တာ မဟုတ်ပါဘူး။ မြို့နယ်တိုင်း အလှည့်ကျ မီးဖြတ်တာလည်း မဟုတ်ပါဘူး။ လျှပ်စစ်ဓာတ်အား မလုံလောက်လို့ မီးတွေ ခဏဖြတ်တောက်ပစ်တဲ့ သဘောပါ”ဟု ဆိုသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက မီးခဏဖြတ်တော​က်သည်ဟု ဆိုသော်လည်း နေ့စဥ်နေ့တိုင်း ရန်ကုန်မြို့ နေရာတိုင်းတွင် မီးမကြာခဏ ပြတ်တောက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း က အလုံနှင့်ဟုံဟိုင်းဓာတ်အားခွဲရုံရှိ ထရမ်စဖော်မာ နှစ်လုံးအား အစားထိုး တပ်ဆင် အဆင့်မြှင့်တင်မည် ဖြစ်သည့်အတွက် ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်နေ့အထိ ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ကြောင်း ၎င်းတို့၏ YESC CallCenter မှတစ်ဆင့်ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ယာယီဓာတ်အားပြတ်တောက်မည့် မြို့နယ်များတွင် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ လှိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်များ ပါဝင်သည်ဟု ရေးသားထားသော်လည်း နေ့စဥ် ရန်ကုန်မြို့နေရာတိုင်းတွင် ဓာတ်အားပုံမှန် ပြတ်တောက်မှုများဖြစ်ပေါ်နေသည့် အပေါ် ပြည်သူများက ဝေဖန်ပြောဆို‌ေနကြသည်။ mizzima

နိုင်ငံငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံခေါင်းဆောင်များ နှစ်သစ်ကူးဆုတောင်း

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် စစ်အာဏာရှင်ကိုဖယ်ရှားပြီး ပြည်သူတွေစည်းလုံးညီညွတ်စွာ ရှင်သန်နိုင်ကြဖို့ ဘာသာပေါင်းစုံ ခေါင်းဆောင်တွေက နှစ်သစ်ကူးဆုတောင်းပေးလိုက်ပါတယ်။ 

ခရစ်သက္ကရာဇ် ၂၀၂၁ ကုန်ဆုံးပြီး နှစ်သစ်စတင်မယ့်ကာလမှာ မြန်မာနိုင်ငံကပြည်သူတွေဟာ စစ်အာဏာရှင်ဘေး၊ ကိုဗစ်ကပ်ရောဂါဘေးတွေနဲ့ ရင်ဆိုင်နေရပြီး ဘေးဒုက္ခဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဘာသာပေါင်းစုံ ဓမ္မဆရာတွေက ဆုတောင်းမေတ္တာတွေပို့သပေးခဲ့ပါတယ်။

“ကမ္ဘာကြီးငြိမ်းချမ်းအောင်၊ ကိုယ့်ရဲ့နိုင်ငံရပ်ရွာ အေးချမ်းအောင်ဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အတိုင်း ပြည်သူအားလုံးပါဝင်ကြိုးစားပေးကြဖို့” မြစ်ကြီးနား ကတ်သလစ်သာသနာမှ ခရစ်ယာန်စစ္စတာ စစ္စတာအန်းရိုဇားနူးတောင်က နှစ်သစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“၁၉၆၂ကစပြီး စစ်အာဏာရှင်အဆက်ဆက်ကြောင့် ဘေးဒုက္ခတွေနဲ့ကြုံတွေနေရတာကနေ ပြည်သူတွေအမြန်ဆုံးလွတ်မြောက်စေဖို့၊ မသူ တော်လူယုတ်မာတွေဘေးက ကင်းဝေးအောင် အတူတကွရုန်းကန်ကြိုးစားနိုင်ကြပါစေကြောင်း” ဗုဒ္ဓတက္ကသိုလ်မှ ဆရာတော် ဦးဣဿရိယက ဆုတောင်းပေးခဲ့ပါတယ်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက် အစ္စလာမ်ဓမ္မဆရာ မောင်လာနာ ဟာဖွီး(ဇ်)ဆရာစိုးနေဦးက “ပြည်သူတွေရဲ့စည်းလုံးမှု၊ ညီညွတ်ခြင်းအားဖြင့် အာဏာရူးအကြမ်းဖက်သမားတွေကို စုစည်းမှုနဲ့ အပြီးတိုင်တိုက်ထုတ်နိုင်ပါစေကြောင်း” နှစ်သစ်ကူးဆုတောင်းပေးပါတယ်။

ခရစ်ယာန် စစ္စတာ စိမ့်စမ်းရေက “လေးစားချစ်ခင်ခြင်း၊ တန်ဖိုးထားခြင်းတွေနဲ့အတူ အာဏာရူးကိုဖယ်ရှားပြီး နှစ်သစ်မှာ ကောင်းခြင်းမင်္ဂလာတွေရရှိပါစေကြောင်း” နှစ်သစ်ကူးဆုတောင်းပေးခဲ့ပါတယ်။

ဟိန္ဒူဘာသာပရောဟိတ်တယောက်ဖြစ်တဲ့ ဦးရှမ်း ဘော်စ်နေသ်ကလည်း “အာဏာသိမ်းစစ်ကောင်စီကြောင့် အမှောင်လွှမ်းနေတဲ့မြန်မာပြည်မှာ အဓမ္မဝါဒီတွေအမြန်ကျဆုံးပြီး ဓမ္မဝါဒ အမြန်ဆုံးပြန်လည်ထွန်းကားပါစေကြောင်း” နှစ်သစ်ဆုတောင်းပေးပါတယ်။

အစ္စလာမ်ဓမ္မသက်မှူး အလ်ဟာဂျ် မုဖ်သီ ဒေါက်တာမြင့်သိန်း (စာရေးဆရာငြိမ်းချမ်းလုလင်) ကလည်း  “ပြည်သူအားလုံးကောင်းသောရှင်သန်ခြင်း၊ ကောင်းသောဝိဥာဉ်၊ ကောင်းသောထွက်ခြင်းတွေနဲ့ထွက်ခွာနိုင်ကြဖို့” ဆုတောင်းပေးခဲ့ပါတယ်။

အာဏာရှင်စနစ်ကြောင့် အသက်ပေးခဲ့ရတဲ့ပြည်သူတွေ၊ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့ရသူတွေ၊ ကိုယ်စိတ်နှ လုံးနွမ်းပါးခဲ့ရသူတွေအာလုံး နှစ်သစ်မှာ ကောင်းမြတ်ခြင်းတွေ ပြန်လည်ရရှိနိုင်ဖို့ ဘာသာပေါင်းစုံက ဓမ္မဆရာတွေက ဆုတောင်းမေတ္တာတွေပို့သပေးခဲ့တာပါ။  DVB

« Older Entries