Monthly Archives: Jan 2022

ခြောက်ကပ်နေဆဲ မြန်မာပလာဇာ

စီးပွားရေးမြို့တော်ရန်ကုန်ရှိ စျေးဝယ်စင်တာများစွာအနက် မြန်မာပလာဇာသည် ထင်ရှားသည့်စျေးဝယ်စင်တာတစ်ခုဖြစ်သော်လည်း ယနေ့အ ချိန်တွင် လူသွားလူလာ ခြောက်ကပ်သွားပြီဟု ဆိုနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ယခင်က စင်တာသို့ လူလတ်တန်းစားနှင့် ချမ်း သာကြွယ်၀သူများ မကြာခဏ လာရောက်စျေးဝယ်ကာ အချိန်ကုန်ဆုံးလေ့ရှိသော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စင်တာအ တွင်း လာရောက်ဆန္ဒပြသည့် လူငယ်အချို့ကို ယင်း၏လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ ဖြစ်ရပ်ပြီးနောက် လူထု ၏ သပိတ်မှောက်မှုကို ကြုံတွေ့လာရခြင်း ဖြစ်သည်။

မြန်မာပလာဇာအပေါ် ပြည်သူများ၏ အဆိုပါ သပိတ်မှောက်ဆန့်ကျင်မှုမှာ တစ်လကျော်ကြာမြင့်သည်အထိ အရှိန်အဟုန် ကောင်းနေဆဲ ဖြစ် သည်။ ဖြစ်ရပ်ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၆ မှစ၍ ပလာဇာမှ ဆိုင်ခန်းပိုင်ရှင်အများအပြားသည် လူထု၏ သဘောထားဆန္ဒနှင့်အညီ ရပ် တည်ကြောင်း ပြသသည့်အနေဖြင့် ဆိုင်ခန်းများကို ယာယီပိတ်ထားခဲ့ကြသည်။ ထို့နောက် စစ်ကောင်စီက ဖိအားပေးမှုကြောင့် ဆိုင်ခန်းပြန် လည်ဖွင့်လှစ်ရသည်များ ရှိသည်ဟု ဆိုသော်လည်း စျေးဝယ်သူ ကင်းမဲ့နေဆဲ ဖြစ်သည်ကို တွေ့ရသည်။”ဆိုင်တွေကို မဖွင့်မနေ ပြန်ဖွင့်ခိုင်းတော့လည်း ဖွင့်ရတယ်လေ။ မရောင်းရတာကတော့ မြင်တဲ့အတိုင်းပဲ။

ဆိုင်ခွဲတွေရှိတော့လည်း တခြားဆိုင်တွေမှာ ဖောက်သည်တွေက သွားဝယ်ကြတယ်” ဟု မြန်မာပလာဇာရှိ ဆိုင်တစ်ဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။ဆိုင်ခန်းများမှာ ယခင်ကဲ့သလို့ အားလုံးပြန်လည်ဖွင့်လှစ်ထားသော်လည်း ဆိုင်အများစုမှာ ဝင်ရောက်ကြည့်ရူသူပင် မရှိသည်ကို တွေ့ရသည်။ ဆိုင်ဝန်ထမ်းများသည် စမတ်ဖုန်းကိုယ်စီဖြင့် အေးအေးလူလူ ထိုင်နေကြပြီး တချို့ဆိုင်များတွင်မူ ဖဲချပ်များဖြင့် ကစားရသော ကစားနည်းတစ််ခုဖြစ်သည့် UNO ဂိမ်း ဆော့ကစားနေကြသည်ကို တွေ့ရသည်။မြန်မာပလာဇာအပေါ်ထပ်တွင် ရုံးခန်းဖွင့်လှစ်ထားသည့် ကုမ္ပဏီအသီးသီးမှ ဝန်ထမ်းအချို့၏ ဖြတ်သန်းသွားလာမှုကြောင့် ပလာဇာအတွင်း လူအသွားအလာရှိသော်လည်း ပြင်ပမှ စျေးလာရောက်ဝယ်ယူသူ မရှိသလောက် နည်းပါးသည်။

မြန်မာပလာဇာလေးလွှာတွင် ဆိုင်အတွင်း လာရောက်စားသောက်ကြသူများဖြင့် ယခင်အချိန်က စားပွဲအပြည့် စည်ကားလေ့ရှိသည့် ရွှေ ကောင်း ဟော့ပေါ့စားသောက်ဆိုင်မှာ ယခုအချိန်တွင်မူ နေ့လယ်စာစားချိန်၌ပင် နှစ်ဝိုင်းခန့်သာ လူရှိသည်ကို သိသိသာသာ မြင်တွေ့ရသည်။ မြန်မာပလာဇာအရှေ့ဘက်တွင် လုံခြုံရေးကင်းလှည့်ရဲကားတစ်စီးကို နေ့စဉ် မကြာခဏတွေ့မြင်ရတတ်ပြီး အဝင်ဝတွင်မူ ဈေးဝယ်သူဟန်အပြည့်ဖြင့် အရပ်ဝတ် စစ်ကောင်စီလုံခြုံရေးတပ်သားများကို တွေ့ရတတ်သည်။

ဆန္ဒပြလူငယ်များကို မြန်မာပလာဇာ၏ လုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ဖမ်းဆီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့ အဖြစ်အပျက်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တုံ့ပြန်မည်ဟု ကြေညာချက်ထုတ်ပြီးနောက် အစပိုင်းတွင် မြန်မာပလာဇာ၌ စစ်တပ်က လုံခြုံရေးလာရောက်ယူပေးခဲ့သော်လည်း နောက်ပိုင်းတွင် အရပ်ဝတ်လုံခြုံရေးပုံစံဖြင့် စောင့်ကြည့်နေခြင်း ဖြစ်သည်။ မြို့နေလူထု၏ သပိတ်မှောက်မှုရလဒ်အဖြစ် မြန်မာပလာဇာရှိ ဆိုင်ခန်းများ၏ ရောင်းအားမှာလည်း အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု ဆိုင်အချို့မှ သိရသည်။ ”ကိုဗစ်တုန်းကတော့ ဒီလောက်မဆိုးဝါးဘူး ။

ဖိအားပေးလို့သာ ဖွင့်ထားရတာ။ ကလေးတွေကို လုပ်ထားတာ မကျေနပ်ဘူး” ဟု အိတ်အရောင်းဆိုင်မှ ဆိုင်ရှင်ဖြစ်ဟန်ရှိသူ ငွေရှင်းကောင် တာရှိ အမျိုးသမီးတစ်ဦးက ခပ်တိုးတိုး ပြောပြသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဆိုင်ခန်းများနှင့် ဝန်ထမ်းအများအပြားကို မေးမြန်းသော်လည်း ဆိုင်အများအပြားမှာ လုံခြုံရေးအရ ပြန်လည်မှတ်ချက်ပေးခြင်း မရှိကြပေ။မြန်မာပလာဇာသို့ လာရောက်သူများပြားချိန်တွင် စျေး ဝယ်သူများအပေါ် ရင့်သီးခဲ့ဖူးသည့် လုံခြုံရေးဝန်ထမ်းများက ယခုကာလ မြန်မာပလာဇာသပိတ်မှောက်ကြချိန်တွင် ဆက်ဆံရေးပိုမိုကောင်းမွန်လာနေကြောင်း မြန်မာပလာဇာသို့ နိုဝင်ဘာ ၂၅ ဖြစ်ရပ်နောက်ပိုင်း သွားရောက်ခဲ့သူ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

”အရင်က မသင်္ကာမျက်လုံးနဲ့ ကြည့်နေတဲ့ကောင်တွေက အခုများ ရိုသေနေလိုက်တာ။ အဲ့လိုဆက်ဆံခံရတော့ ကိုယ့်ကိုယ်ကိုယ်တောင် အ ထင်ကြီးမိသွားတယ်” ဟု ၎င်းက ပြောသည်။ဆန္ဒပြလူငယ်များအပေါ် အကြမ်းဖက်ခဲ့သည့် မြန်မာပလာဇာအပေါ် ထိရောက်မှုပြင်းထန်သည့် လူထု၏ သပိတ်မှောက်မှုသည် စစ်ကောင်စီဘက်တော်သား စီးပွားရေးလုပ်ငန်းများကိုပါ တပ်လှန့်နိုးဆော်မှုဖြစ်ခဲ့သည်။ လူထု၏ သပိတ် မှောက် မှုမှာ မြန်မာပလာဇာသို့ ကိုယ်တိုင်မသွားရုံသာမက သွားရောက်ခဲ့သူများကို ရှုတ်ချသည်အထိပါ ဖြစ်လာသည်။ “အလုပ်ကိစ္စရှိလို့ မြန်မာပလာဇာ မဖြစ်မနေသွားရတယ်။

အဲ့မှာ ပိုက်ဆံမသုံးချင်ပေမဲ့ စျေးဝယ်လာတဲ့လူလို့ လုံခြုံရေးတွေထင်အောင် တစ်ခုခုဝယ်လာတဲ့အနေနဲ့ အင်း၀စာအုပ်တိုက်က စာအုပ်အိတ်နဲ့ ပြန်ထွက်လာတာ။ ကားမှတ်တိုင်ရောက်တော့ ရွယ်တူအချင်းချင်း ရွံစရာလို အကြည့်ခံရတာ တော်တော်ရှက်ဖို့ကောင်းပါတယ်” ဟု မြန်မာပလာဇာသို့ အလုပ်ကိစ္စဖြင့် မကြာမီက သွားရောက်ခဲ့သူတစ်ဦးက ပြောသည်။

“လူငယ်တွေရဲ့ စစ်တပ်အပေါ် နာကြည်းစိတ်က တော်တော်အားရစရာပဲ” ဟု ၎င်းက ပြောသည်။ယခုရက်သတ္တပတ်အတွင်း ကျရောက်သည့် ခရစ်စမတ်ကာလနှင့် နှစ်သစ်ကူးကာလအတွက် မြန်မာပလာဇာ၏ အရောင်းမြှင့်တင်ရေးဧရိယာတွင် အရုပ်များ မီးရောင်စုံများဖြင့် အလှဆင်ထားသော်လည်း စျေးဝယ်သူမရှိဘဲ ခြောက်ကပ်နေဆဲဖြစ်သည်။ myanmar now

စစ်ကောင်စီနဲ့ NUG တွေ့ဆုံကြောင်း သတင်းမှားထွက်ပေါ်

အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ကောင်စီ တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ညှိနှိုင်းကြ တယ်ဆိုတဲ့ သတင်းတစ်ခုကို Aung Naing Htwe ( ဂိုရှယ်လေး- Goshal Lay ) ဆိုသူရဲ့ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၁ ရက်နေ့ (ဒီနေ့) မနက်အစောပိုင်း ၁၂ နာရီ ၁၆ မိနစ်က ရေးတင်ထားတာကို တွေ့ရပါတယ်။

Aung Naing Htwe ( Goshal Lay ) ဆိုသူက NUG နဲ့ စစ်ကောင်စီ (နစက) တို့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း နေတယ် ဆို တဲ့ သတင်းကို NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ဆီက ရရှိတယ်ဆိုပြီး ရေးသား ထားပါတယ်။Aung Naing Htwe ( Goshal Lay ) ဆိုသူက “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ…GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟို တယ်တခုမှာ ဗိုလ် ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး” ဆိုပြီး‌ (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ Aung Naing Htwe ( Goshal Lay ) ဆိုသူ ရေးသားထားတဲ့ NUG နဲ့ စစ်ကောင်စီ (နစက) တို့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းနေတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ဆီက သူရဲ့ Facebook အကောင့်ကနေ ပြန်လည်ရှင်းလင်း ရေးသားထားလို့ပဲဖြစ်ပါတယ်။

NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က သတင်းအမှားပါဆိုပြီး ပြောဆိုထားတာကို ဒီမှာ https://bit.ly/342H0vq ဝင်ကြည့်နိုင်ပါတယ်။ဒါ့အပြင် စစ်ကောင်စီကလည်း CRPH ၊ NUG တို့ကို တွေ့ဆုံ ဆွေးဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သ တင်းစာရှင်းလင်းပွဲမှာ စစ် ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။CRPH ၊ NCG တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာကို VOA သတင်းဌာန က သတင်းရေးသားထားတာကို ဒီမှာ https://bit.ly/3sLUPZF ကြည့်ရင်တွေ့နိုင်ပါတယ်။

NUG နဲ့ စစ်ကောင်စီ (နစက) တို့ နှစ်သစ်မှာ တကယ်တွေ့ဆုံမယ်ဆိုရင် တွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ကလည်း နှစ်သစ်မကူးခင်က တည်းက သတင်းဌာန တော်တော်များများက သတင်းရေးသား တင်ဆက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုက အဲလိုဖြစ်မနေပဲ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ သတင်းကို ဘယ်သတင်းဌာနကမှ ရေးသား ထုတ်လွှင့်တာတွေမရှိသလို တွေ့ဖို့လည်း အကြောင်းမရှိဘူးဆိုပြီး ဦးရည်မွန်က သူရဲ့ Facebook အကောင့်က နေ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီအချက်အလက် အားလုံးကို ကြည့်လိုက်တဲ့အခါမှာတော့ Aung Naing Htwe ( Goshal Lay ) ဆိုသူရဲ့ ရေးသားမှုတွေဟာ အ မျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို တိုင်းရင်းသားတွေနဲ့ ပြည်သူတွေက အထင်အမြင် မှားအောင် တမင်ဝါဒဖြန့်ရေးသားထားတာကို စိစစ်တွေ့ရှိခဲ့ရတဲ့အတွက် သတင်းအမှားဆိုတာကို အတည်ပြုနိုင် ခဲ့ပါတယ်။Aung Naing Htwe ( Goshal Lay ) ဆိုသူရဲ့ ရေးသားမှုကို ထပ်ဆင့်ဖြန့်ဝေသူ ကိုးရာနီးပါးရှိနေပြီး ကြိုက်နှစ်သက် သူနဲ့ သဘောထား မှတ်ချက်ပေးတဲ့သူတွေ တော်တော်များများရှိနေပါတယ်။

သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ NUG ကို ပြည်သူတွေ မုန်တီးသွားအောင်၊ မထောက်ခံအောင်၊ မကူညီ အောင်၊ အားမပေးရဲ‌အောင် မ ဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့် ရေးသား ဖြန့်ဝေနေ တာကို တွေ့ရှိရပါတယ်။လက်ရှိကာလမှာ သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြ တော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။ mizzima

မန္တလေးနန်းတွင်းစစ်ကြောရေး လူမဆန်စွာ နှိပ်စက်သည့် အထောက်အထားထွက်ပေါ်

အာဏာသိမ်းမှုဆန့်ကျင်သူများကို ဖမ်းဆီးစစ်ဆေးနေသော မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းတွင် လူမဆန်သည့် နည်းလမ်းမျိုးသုံး၍ နှိပ်စက်ခံရမှု ဖြစ်စဉ်ကို သက်သေပြနိုင်သည့် ဆေးစာအထောက်အထားတစ်ခု Myanmar Now က ရရှိထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကလည်း ထိုစစ်ကြောရေးစခန်းတွင် စအိုအတွင်း ဝါးလုံးထိုးသွင်းသည့် နည်းဖြင့် နှိပ်စက်ခံရသော ၎င်းတို့၏ အဖွဲ့ဝင် ၃ ဦး ရှိကြောင်း၊ ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေးသလို ဆေးကုသခွင့်လည်း မရကြောင်း ဒီဇင်ဘာ ၃ဝ တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင် ၄ ရက်နေ့က မန္တလေးမြို့တွင် ဖမ်းဆီးခံရသူ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးဖြစ်သော မန္တလေးဆန္ဒပြခေါင်းဆောင် ကိုမြတ်သူမှာ ထိုသို့ နှိပ်စက်ခံရသည့် ဒဏ်ရာများ ယနေ့တိုင် ပျောက်ကင်းခြင်းမရှိသေးဟု ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ အဝေးသင်တာဝန်ခံ ကိုသူရိန်မိုး (ခ) စိုင်းဘန်ခနှင့် အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီအဖွဲ့ဝင် ကိုစိုးသူရကျော် (ခ) ကဗျာဆရာ သာသျှားတို့လည်း အလားတူပင် ကြုံရကြောင်း ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ် ကိုမြတ်သူသည် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကျော်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် အိုးဘိုထောင်သို့ ရောက်နေသည်ဟု ဗကသ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စက်တင်ဘာ ၂၄ တွင် ဖမ်းဆီးခံခဲ့ရသူ ၂၇ နှစ်အရွယ် ကိုစိုးသူရကျော်၊ ဖမ်းဆီးခံရသည့် နေ့ရက် အတည်မပြုနိုင်သေးသည့် ၂၄ နှစ်အရွယ် စိုင်းဘန်ခတို့မှာလည်း ထိုသို့ ဒဏ်ရာများရခဲ့ပြီး ဆေးကုသခွင့်မရ၊ ဒဏ်ရာများမပျောက်၍ အိမ်သာတက်လျှင်ပင် အခက်ကြုံနေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“စစ်ဆေးမေးမြန်းတဲ့အခါမှာ ကျွန်တော်တို့ ကျောင်းသားတွေကို စအိုထဲကို ဝါးလုံးထိုးထည့်တယ်။ ဝလုံးထိုးထည့်ပြီးတော့ သူတို့သိချင်တာတွေမေးတယ်။ ပြီးရင် ပါးရိုက်၊ နားရိုက်ဆိုတာထက် တခြားလိင်အကြမ်းဖက်တာတွေ ခံရတယ်”ဟု ထိုသူက ဆက်ပြောသည်။

“ကျွန်တော်က အထဲမှာရှိတဲ့သူတွေနဲ့ ပတ်သက်ပြီး နီးစပ်သူတွေကနေ မေးမြန်းရင်းနဲ့ သိရတာ”

သို့သော် ကာယကံရှင်များက ထုတ်ဖော်ပြောခြင်းမရှိကြောင်း၊ ၎င်းတို့၏ ဒဏ်ရာများ သက်သာစေရန်အလို့ငှာ ဝိုင်းဝန်းစီစဉ်ပေးကြသူတချို့ထံမှ သိရခြင်းဖြစ်ကြောင်း ဗကသ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထိုသို့ နှိပ်စက်ခံထားရသူတစ်ဦးအတွက် ပြင်ပသို့ ဆေးမှာယူသည့် စာရွက်စာတမ်းအထောက်အထားတစ်ခုကို Myanmar Now က ရရှိထားပြီး ထိုထဲတွင် ရေးသားထားသည့် ဆေးအမျိုးအမည်များမှာ စအိုဒဏ်ရာများကို ကုသရာတွင် သုံးကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဆေးရုံအုပ်အဆင့် ဆရာဝန်ကြီးတစ်ဦးက အတည်ပြုသည်။

ဆေးစာတွင် Lorix-plus cream, Flumox, Septidine, Diltigesic, MoM, Daflon စသည်တို့ ပါဝင်သည်။ အသေးစိတ်ကိုမူ သတင်းရင်းမြစ်တို့၏ လုံခြုံရေးအခြေအနေကြောင့် ထုတ်ဖော်ရေးသားနိုင်ခြင်း မရှိပေ။

Daflon မှာ စအိုတွင်ဖြစ်သည့် အနာများ အယောင်ကျရန်၊ Diltigesic မှာ စအိုပြတ်ရှဒဏ်ရာများ သောက်သုံးရန် ဆေးဖြစ်ကြောင်း၊ Flumoxနှင့် Septidine တို့မှာ ပိုးသတ်ဆေးဖြစ်ကြောင်း၊ Lorix-plus cream မှာ အနာလိမ်းသည့် ဆေးဖြစ်ကာ MoM ဟု အတိုကောက်ရေးထားသည်မှာ လေဆေးဖြစ်သည်ဟု အထက်ပါဆရာဝန်က ပြောသည်။

စအိုသို့ ဝါးလုံးထိုးသွင်းမှုမှာ အသက်ပါဆုံးနိုင်သည့် နှိပ်စက်မှုပင်ဖြစ်သည်ဟု ထိုဆရာဝန်ကြီးက မှတ်ချက်ပြုသည်။

“အထိုးခံရတဲ့နေရာနဲ့ အနက်မှာတော့ မူတည်တယ်။ ဝါးလုံးက ဘယ်လောက်အရွယ်အစားလဲတော့ မသိဘူး။ အနည်းဆုံးတော့ စအိုအဝပြဲမယ်” ဟု ၎င်းက သုံးသပ်သည်။

“စအိုရဲ့ အထက်မှာရှိတဲ့ အစာအိမ်ခေါင်းပေါက်ပြဲသွားရင် အသက်အန္တရာယ်ရှိတာပေါ့။ လုံးဝ လက်သင့်ခံလို့မရဘူး။ ဒါက စစ်ဆေးတဲ့အဆင့်တောင် မဟုတ်တော့ဘူး” 

ထိုအခြေအနေကြုံနေရသူတို့၏ ကျန်းမာရေးကို ဗကသများအဖွဲ့ချုပ်ကလည်း စိတ်ပူနေပြီး ဆေးကုသခွင့် အမြန်ဆုံးရရန်လိုသည်ဟု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက တောင်းဆိုသည်။

“လူတစ်ယောက်အတွက် စအိုဆိုတာကလည်း တော်တော်အရေးကြီးတဲ့အထဲမှာ ပါတယ်ဗျာ။ ဆေးကုသခွင့်မရတဲ့အပြင် အခုချိန်ထိ ခံနေရတော့ သူတို့အတွက် ဆေးကုသခွင့်ရချင်တယ်။ ဆေးအပြည့်အဝရစေချင်တယ်” ဟု ၎င်းက ပြောသည်။

“အဲဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်များကို ဆန့်ကျင်တယ်။ သူတို့သုံးယောက်က တစ်ယောက်ချင်းစီ အဖမ်းခံရပြီး စစ်ဆေးမေးမြန်းတော့ လုပ်ထုံးလုပ်နည်းက တစ်ပုံစံတည်းဖြစ်နေတယ်ဗျ”

ထို့အတူ လွန်ခဲ့သည့် ၃ လ၊ ၄ လ ဝန်းကျင်ကတည်းက ဖမ်းဆီးခံထားရပြီး မည်သည့်နေရာတွင် မည်သို့အခြေအနေဖြင့်ရှိနေကြောင်း စုံစမ်း၍မရသေးသည့် ဗကသအဖွဲ့ဝင်များလည်း ရှိနေသေးပြီး လွန်စွာစိုးရိမ်ပူပန်နေရသည်ဟု ထိုသူက ဆက်ပြောသည်။

စက်တင်ဘာ၊ အောက်တိုဘာလများတွင် စစ်ကောင်စီက ဖမ်းသွားသည့် မအေးနန္ဒာစိုး၊ ကိုနောင်ထက်အောင်၊ ကိုရန်စိုးပိုင်ကဲ့သို့ ကျောင်းသားများ၊ ဒေါ်သက်စုလှိုင်၊ ဦးနိုင်းသီဟကျော်တို့ကဲ့သို့ ဆရာများကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“စစ်အုပ်စုဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ကမ်းကုန်အောင်ရက်စက်ယုတ်မာနေပြီးတော့၊ ရှိသမျှ အာဏာကိုသုံးပြီး ပြည်သူလူထုအပေါ် မတရားတဲ့အမိန့်တွေနဲ့ ဖိနှိပ်မှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်” ဟု ထိုသူက ပြောသည်။

ကျောင်းသားခေါင်းဆောင်များ၊ တတ်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရှာဖွေထောင်ချနေကြောင်း၊ စစ်ကြောရေးကာလ နှိပ်စက်ညှဉ်းပန်းမှုများမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေဖြစ်ကြောင်း သူက ပြောသည်။

ဗကသများအဖွဲ့ချုပ်ဘက်က ထိုသို့ ထုတ်ဖော်ပြောဆိုသည့် အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံ မေးမြန်း၍ မရသေးပေ။

ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၁ဝ လကျော်အတွင်း စစ်ကောင်စီက ဒေသအသီးသီးမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသည်။

အဖမ်းခံရသူများထဲမှ ပြည်သူ ၁ဝ,ဝဝဝ ကျော်၏ အချက်အလက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၃၈၄ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

AAPP ကို တရားမဝင်၊ စာရင်းများ ချဲ့ကားသည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော အချက်အလက်များကို ထုတ်ဖော်ပြောဆိုလေ့မရှိပေ။

အထက်ပါ ဗကသအဖွဲ့ဝင် ၃ ဦး လူမဆန်သည့် နည်းလမ်းသုံး၍ နှိပ်စက်ခံခဲ့ရသည့် မန္တလေးနန်းတွင်းစစ်ကြောရေးစခန်းသည် စစ်ကောင်စီလက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် နိုင်ငံအနှံ့ စခန်းများအနက် တစ်ခုဖြစ်သည်။

ကမ္ဘာကျော် မန္တလေးနန်းတွင်း၌ ဖွင့်လှစ်ထားသည့် ထိုစခန်းတွင် သံဃာတော်များသည်လည်း ရက်စက်သည့်၊ သိက္ခာမဲ့သည့် နည်းလမ်းမျိုးစုံသုံး၍ နှိပ်စက်ခံနေရသည်။ myanmar now

ဝက်လက်မြို့နယ်အရှေ့ပိုင်းကတိုက်ပွဲ စစ်တပ်အကျအဆုံးများပြီးနောက် ကျေးရွာကိုရဟတ်ယာဥ်နှင့်လာရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ဘုရားလေးကုန်းကျေးရွာမှာစစ်တပ်ကတပ်လာစွဲချိန်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီတပ်သားတွေဟာကျေးရွာအတွင်းကနေအိမ်တချို့ကိုမီးရှို့ခဲ့သလိုယနေ့ညနေပိုင်းမှာစစ်တပ်ရဟတ်ယာဥ်နဲ့လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှိမ်းမကားကျေးရွာ၏အနောက်ဘက်ဗျူဟာလမ်းထောင့်တွင်သစ်စိမ့်ကျေးရွာစခန်းမှူးကား မိုင်းဆွဲခံရပြီးစခန်းမှူးအပါအဝင် ငါးဦးသေဆုံးပြီးနောက်တွင်ရှိမ်းမကားကျေးရွာတွင် စစ်တပ်ကလာရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။အဆိုပါစစ်တပ်ကပဲရှိမ်းမကားကျေးရွာမြောက်ဘက်ရှိဘုရားလေးကုန်းရွာသို့ယမန်နေ့ကပြောင်းရွေ့တပ်ဆွဲခဲ့ရာဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။”တပ်နေရာပြောင်းပြီးလာစွဲတာ။ဒီဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကုန် ဝိုင်းတိုက်ကြတယ်။စစ်တပ်ဘက်ကအထိခိုက်အကျဆုံးများတယ်”ဟုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုများရှိသော်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းသိရသည်။စစ်တပ်ဘက်ကအထိနာပြီးနောက် ကျေးရွာအတွင်းကနေအိမ်တချို့ကိုမီးရှို့ကာ ယနေ့နေ့လည်ပိုင်းကတပ်ပြန်ဆုတ်သွားပြီး ယနေ့ညနေ ငါးနာရီခွဲခန့်တွင် ရဟတ်ယာဥ်နှင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“တစ်ခါပစ်ရင်အတန်းလိုက်ကြီးပစ်တာ။မဲမဲမြင်ရာအကုန်ပစ်တာ။ဒေသခံတွေကကြောက်ပြီးရှောင်နေကြတာ။တချို့တွေကတော့ရွာထဲကျန်နေခဲ့တာပေါ့။လေယာဥ်နဲ့ဆိုတော့ဘေးရွာတွေကပါပြေးကုန်ကြပြီ “ဟု စစ်ဘေးရှောင်လာသည့်ဒေသခံတစ်ဦးကဆိုသည်။လက်ရှိအချိန်တွင်လေယာဥ်သံငြိမ်နေကြောင်းသိရပြီးဒေသခံပြည်သူများထိခိုက်မှုအခြေအနေကိုမသိရသေးပေ။ mizzima

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ထိပ်တိုက် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဝင်းရေးမြို့နယ်၊ ကျားမီးတိုရွာဘက်သို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၃ တပ်ဖွဲ့ကြား ၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် သည် လွတ်ရှမ်းကျေးရွာသို့ ၆ ဘီးကားဖြင့် တပ်အင်အား ဖြည့်တင်းခဲ့ကြောင်း၊ ညနေ ၅ နာရီ ၁၁ မိနစ်တွင် သံပုရာကျေးရွာ၊ နို့ဝါးဆူ့ လမ်းမကြီးတွင် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂ နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက် တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း ဒူးပလာယာခရိုင်ကဆိုသည်။

ယနေ့ညနေတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးစာရင်းကို မသိရှိသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်းရေးမြို့နယ်အတွင်း တပ်အပြောင်းအလဲများ၊ စစ်ရေးလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နေကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်သည်။ khit thit

၀က်လက်၊ ရေဦးနှင့် ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီယာဉ် ၅ စီး ပျက်စီးခဲ့သွားတယ်လို့ ဝက်လက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

ဇန်နဝါရီ ၁ ရက်  မနက် ၃ နာရီမှာ စစ်ကိုင်း- ရွှေဘိုလမ်းမကြီးပေါ်မှာ ဆားတောင်နဲ့ ရွာသာကျေးရွာကြား တကောင်းဒေါင့်ရွာ အနီးမှာ စစ်ကိုင်းကထွက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ Express ကားတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်း ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီကားမှာ နေရာမှာတင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများနိုင်ကာ ရွာသာကြီးကျေး ရွာမှာ ကားချင်းလဲလှယ် ဆက်ထွက်ခွာ သွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ 

ထောက်ပို့ကားမှာ လက်နက်တွေ တင်ဆောင်လာတဲ့ယာဉ်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ည ၉နာရီခွဲ ဝန်းကျင်လောက်ကလည်း   စစ်ကိုင်း- ရွှေဘို လမ်းမကြီးပေါ်မှာ ၆ ဘီးကား ၄ စီးနဲ့ Express ကား ၂ စီးကို ဒေသခံ တပ်ရင်း ၁ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။  

တိုက်ခိုက်မှုကြောင့်  စစ်ကောင်စီယာဉ်တန်းက ယာဉ် ၄ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေက ရမ်းသန်းပစ်ခတ်ကာ ကျန် ၂ စီးကတော့ အမြန်မောင်းနှင် ထွက်ပြေးသွားတယ်လို့ PDFအဖွဲ့တွေက ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို မြင်းဖြူရှင် ပြောက်ကျားတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒီအဖွဲ့ဟာ ဒီဇင်ဘာ ၃၀ ရက် ည ၉ နာရီ ၂၀ က ဝက်လက်မြို့နယ် စစ်ကိုင်း- ရွှေဘို လမ်းပိုင်း  ရွာသာကြီးအနီးမှာ စစ်ကောင်စီယာဉ်တန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြသေးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးသတင်းအကျဉ်းချုပ်မှာ ၃၁ ရက်က ထုတ်ပြန် ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ အင်တောရွာမှာလည်း  ဒီနေ့မနက် ၉ နာရီလောက်က ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေ ဆီက သိရပါတယ်။

အခုလို မိုင်းခွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သား  ၃ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

“နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်တာ။ ကျနော်တို့ ဘက်က အကျဆုံး မရှိဘူး။ ဖြည့်စွက် ပြောရရင် ပြည်သူအာဏာ၊ ပြည်သူဆီ ပြန်မပေး မချင်း စစ်အာဏာရှင်ကျဆုံးတဲ့အထိ တိုက်ပွဲ ဝင်သွားမယ်” လို့ ရေဦးပကဖအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တန့်ဆည်ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ တန်ဆည်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

အင်တောရွာမှာ ဒီဇင်ဘာ ၃၀ ရက် ည ၁၀ နာရီလောက်ကလည်း ကင်းလှည့်နေ့တဲ့ စစ်ကောင်စီတပ်ကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ရှိခဲ့ပြီး အခုအကြိမ်နဲ့ဆို နှစ်‌ကြိမ်မြောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် သက်ရွာကျေးရွာအနီးမှာတော့ ဒီဇင်ဘာ ၃၁ ရက်ညနေက စစ်ကောင်စီ ယာဉ်တစီး မိုင်းနှစ်လုံးခွဲခံရတာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိရပါတယ်။

ဒဏ်ရာရရှိသွားတဲ့ တပ်သားတွေကို နာရေးကူညီရေးကားနှစ်စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့  မျက်မြင်တွေ့သူတွေကပြောပါတယ်။

“နှစ်ခါပေါက်ကွဲတယ်၊ လူနာတင်ကားတွေနဲ့ လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုသယ်တာ ၃ ယောက်သေတာမြင်တယ်။ ကျန်တာတွေဒဏ်ရာရတာတွေတော့များတယ်။ အရေအတွက်တော့ မသိဘူး”လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းကလည်း ရေစကြိုမြို့နယ် ဆင်မရဲကျေးရွာ၊ လေးရာပြည့်ကျေးရွာ၊ ငါးလံကျေးရွာအတွင်းကို ပျူစောထီတွေကဝင်ရောက်ပြီး  နေအိမ် ၁၅ လုံးကို ဖျက်ဆီးကာ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ဆင်မရဲကျေးရွာက ကျေးရွာသားတစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“စစ်တပ်ထောက်ခံသူတွေ အသတ်ခံရပြီးနောက်ရက်မှာ စစ်တပ်က ရွာကိုလာပြီးတော့တပ်စွဲထားတယ်။ နေ့တိုင်းသေနတ်တွေပစ်ဖောက်တယ်။ ဘေးကရွာတွေကိုလည်း အသံဗုံးတွေပစ်တယ်။ အဲလိုတွေနေ့တိုင်းလုပ်ပြီးတော့ မနေ့က ဒီဇင်ဘာ ၃၁ ရက် နေ့လယ်ပိုင်းလောက်မှာ ပျူစောထီးအဖွဲ့တွေ ရွာထဲတွေကိုဝင်ပြီးတော့ အိမ်တွေဖျက်တယ် ပစ္စည်းတွေခိုးတယ် ပိုက်ဆံတွေလည်းယူသွားတယ်”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။

ဆင်မရဲကျေးရွာက စစ်တပ်ထောက်ခံသူ ၃ ယောက်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီးနောက်မှာ စစ်တပ်က ကျေးရွာတွေအတွင်းဝင်ရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ DVB

ကျောက်ဆည်မြို့တွင် ဗုံးကွဲ၊ ထမင်းဆိုင်ပိုင်ရှင်အပါအဝင် ၃ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဈေးတန်းရပ်၊ မြို့မဈေးတောင်ဘက်က ထမင်းဆိုင်အနီးမှာ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၃ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့လို့ ထမင်းဆိုင်ပိုင်ရှင်အပါအဝင် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ဒေသခံတဦးက “ထမင်းဆိုင်နားမှာပေါက်တာ ထမင်းဆိုင်က နှစ်ယောက်နဲ့ လမ်းပေါ်သွားနေသူ တယောက် ဗုံးစမှန်တယ်။ တယောက်ကတော့ တော်တော်စိုးရိမ်ရတယ်ဗျ” လို့ ပြောပြပါတယ်။

ဗုံးစထိမှန်လို့ စိုးရိမ်ရတဲ့ပြည်သူတဦးကတော့ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုပါပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မတွေ့ရှိရသေးပါဘူး။

ဗုံးပေါက်တဲ့နေရာအနီးရှိ ပြည်သူတယောက်က “အဲဒီနေရာက စစ်(–) တွေသွားလာတဲ့နေရာလည်း မဟုတ်ဘူး။ တမင်ရည်ရွယ်ချက်ရှိရှိ  ပြည်သူကို ထိခိုက်စေချင်လို့ စစ်ကောင်စီက လုပ်တာဖြစ်နိုင်သလို PDF တွေရဲ့ ပုံရိပ်ကျဆင်းအောင် စစ်တပ်က လုပ်တာဖြစ်နိုင်တယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

ကျောက်ဆည်မြို့နယ် မင်းဝံကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က အသက် ၁၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့လို့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မိဘတွေက  ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးတိုးကို ပုဂ္ဂိုလ်ရေး အမြင်မကြည် လင်တဲ့ စစ်ကောင်စီခန့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးသန်းစိန်(ခ)ဝမ်းတူး က စစ်ကောင်စီကို မဟုတ်မမှန် သတင်းပေးခဲ့တာကြောင့် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

NUG လက်အောက်ခံ အဖွဲ့များ၏ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းတွင် စစ်ကောင်စီတပ်များကို “ပျံလွှားအောင်” စစ်ဆင်ရေး အနေဖြင့် တိုက်ခိုက်လျက်ရှိရာ လေးရက်အတွင်း စစ်ကောင်စီတပ် သား လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေး ဝန်ကြီးဌာန၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့က ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ လေးရက်အတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးအဖွဲ့များက စစ်ကောင်စီအဖွဲ့ဝင်များအား စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်၊ လှော်ကားတာဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ် ထိန်း ရဲစခန်းကို ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

ထိုနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့် အနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်ယာဉ်တန်းကို ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ချိန်တည်းတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ ရဲကင်းကို ထိုတပ်ဖွဲ့ဝင်များကပင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် နေ့လယ် ၂ နာရီခန့်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်သို့ လာရောက်သည့် စစ်ကောင်စီတပ်သားများကို HRD တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သား သုံးဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ညနေပိုင်းတွင်လည်း အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားပေါ်နှင့် အောင်ဆန်းပုံနှိပ်တိုက် အနီး နေရာများတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ၊ တောင်ဒဂုံမြို့နယ်( ၅၃) ရပ်ကွက် ရတနာပုံလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားသည့် စစ်ကောင်စီ တပ်ယာဉ်တန်းနှင့် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဂိတ် အနီးနှင့် လေတပ်ဝန်းအတွင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုနေ့ ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း (၂ )လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ တင်အောင်စိုးဆိုသူ၏ မာစီဒီး အမျိုးအစား မော်တော်ယာဉ် ပျက်စီးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ အမှတ် ( ၂၀ )ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်များတပ်စွဲထားသည့်နေရာကို ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် မြောက်ဒဂုံမြို့နယ် ( ၃၇ )ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းနှင့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၊ EPC ရုံးအနီးရှိ စစ်ကောင်စီတပ် များတပ်စွဲထားရာနေရာကို YUG အဖွဲ့ဝင်များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၊ တာမွေဈေးအနီးရှိ စစ်ကောင်စီတပ်သားများ ထိန်းချုပ်အသုံးပြုလျက်ရှိသည့် CCTV Control Box ကို ဒီဇင်ဘာ ၃၁ ရက် နံ နက် ၇ နာရီအချိန်ခန့်တွင် YPDF-Bahan နှင့် Anonymous Force တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ခတ္တာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအထောက် အကူပြုရုံးကို ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် People Network (PN) အဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရုံး အဆောက်အအုံ ပျက်စီးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ တိုးကြောင်လေးနှင့် ရွာသာကြီးဘူတာကြား ရန်ကုန်-မန္တလေးရထားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့ရထားအား ဒီဇင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Myanmar Defense Force (Yangon)က TNT မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများပြုလုပ်ခဲ့‌ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့သော ဒီမော့ဆို ၊ ငွေတောင်ဆည် ပတ်ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်း

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်ပတ်ဝန်းကျင်ကို ယနေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် သေဆုံးခဲ့သည်။ အထိနာသော စစ်ကောင်စီက ဒီမော့ဆိုပတ်ဝန်းကျင် ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ khit thit

« Older Entries