NUG လက်အောက်ခံ အဖွဲ့များ၏ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းတွင် စစ်ကောင်စီတပ်များကို “ပျံလွှားအောင်” စစ်ဆင်ရေး အနေဖြင့် တိုက်ခိုက်လျက်ရှိရာ လေးရက်အတွင်း စစ်ကောင်စီတပ် သား လေးဦးသေဆုံးပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေး ဝန်ကြီးဌာန၏ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေး အဖွဲ့က ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ လေးရက်အတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးအဖွဲ့များက စစ်ကောင်စီအဖွဲ့ဝင်များအား စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်၊ လှော်ကားတာဆုံအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ် ထိန်း ရဲစခန်းကို ဒီဇင်ဘာလ ၃၁ ရက် နံနက်ပိုင်းတွင် ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
ထိုနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် ဗဟန်းမြို့နယ် ၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် ဆရာစံလမ်းထောင့် အနီးတွင် နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်ယာဉ်တန်းကို ရွှေတဂုံ PF တပ်ဖွဲ့ဝင်များက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ချိန်တည်းတွင် မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ ရဲကင်းကို ထိုတပ်ဖွဲ့ဝင်များကပင် လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် နေ့လယ် ၂ နာရီခန့်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းနှင့် ရာဇဓိရာဇ်လမ်းထောင့်သို့ လာရောက်သည့် စစ်ကောင်စီတပ်သားများကို HRD တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သား သုံးဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ညနေပိုင်းတွင်လည်း အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားပေါ်နှင့် အောင်ဆန်းပုံနှိပ်တိုက် အနီး နေရာများတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားများ၊ တောင်ဒဂုံမြို့နယ်( ၅၃) ရပ်ကွက် ရတနာပုံလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားသည့် စစ်ကောင်စီ တပ်ယာဉ်တန်းနှင့် မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းဂိတ် အနီးနှင့် လေတပ်ဝန်းအတွင်း တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထိုနေ့ ညပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း (၂ )လမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗမာ့လူငယ်ကွန်ရက်အဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ တင်အောင်စိုးဆိုသူ၏ မာစီဒီး အမျိုးအစား မော်တော်ယာဉ် ပျက်စီးခဲ့ပြီး လှိုင်သာယာမြို့နယ်၊ အမှတ် ( ၂၀ )ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ တပ်များတပ်စွဲထားသည့်နေရာကို ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်များက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ရန်သူစစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် မြောက်ဒဂုံမြို့နယ် ( ၃၇ )ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းနှင့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၊ EPC ရုံးအနီးရှိ စစ်ကောင်စီတပ် များတပ်စွဲထားရာနေရာကို YUG အဖွဲ့ဝင်များက မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်၊ တာမွေဈေးအနီးရှိ စစ်ကောင်စီတပ်သားများ ထိန်းချုပ်အသုံးပြုလျက်ရှိသည့် CCTV Control Box ကို ဒီဇင်ဘာ ၃၁ ရက် နံ နက် ၇ နာရီအချိန်ခန့်တွင် YPDF-Bahan နှင့် Anonymous Force တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးရှို့ဖျက်ဆီးခဲ့သည်။ စမ်းချောင်းမြို့နယ်၊ ခတ္တာလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးအထောက် အကူပြုရုံးကို ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် People Network (PN) အဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရုံး အဆောက်အအုံ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ တိုးကြောင်လေးနှင့် ရွာသာကြီးဘူတာကြား ရန်ကုန်-မန္တလေးရထားလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ ထောက်ပို့ရထားအား ဒီဇင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် Myanmar Defense Force (Yangon)က TNT မိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima