Monthly Archives: Jan 2022

တန့်ဆည်နှင့် ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ဒီပဲယင်းတွင် အသတ်ခံရသူ ပြည်သူ ၂ ဦးမှာ ပါး စပ် အဝတ်ဖြင့်စည်းပြီး ကြိုးတုပ် ရိုက်နှက်ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သော ကြောင့် ပြည်သူ ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ တန့်ဆည်မြို့နယ်၊ကုန်းရိုးရွာ သုသာန်အနီးတွင် ဒီဇင်ဘာ၃၁ရက်‌နေ့လည်ပိုင်းက သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခံခဲ့ရသော တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တက်ရောက်ကုသစဉ် သေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသူသည် ကော်တက်ရွာမှ ဦးမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာ၃၁ရက်၊ နေ့လည်၁နာရီခန့် ကုန်းရိုးရွာသုသာန်အနီးရှိ လယ်ထဲတွင် ကောက် လှိုင်း စည်းနေစဉ် စစ်ကောင်စီစစ်ကြောင်းက သေနတ်ဖြင့် အကြောင်းမဲ့လှမ်းပစ်လိုက်သဖြင့် ခြေ‌ထောက်ကို ကျည်ထိမှန် လဲကျခဲ့ခြင်း ဖြစ် သည်။

သေနတ်ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် အသက်၅၄နှစ်အရွယ် ဦးမောင်ကြီးသည် ယနေ့နံနက်၅နာရီခန့်က ဆုံးပါးသွားခဲ့ကြောင်း သိရှိရသည်။ “ဦးမောင်ကြီးက လူပျိုကြီးပါ။ အမွှာ ညီတစ်ဦးနဲ့ အစ်မ တစ်ဦးကျန်ရစ်ခဲ့တယ်” ဟု တန့်ဆည်ဒေသခံက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရွှေဒါးကန်ကျေးရွာအတွင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ဝင်စီးနင်းခဲ့သော အကြမ်းဖက်စစ်တပ်က အ ပြစ်မဲ့ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားကြောင်း၊ ပြည်သူ ၂ ဦးကို သတ်ဖြတ်ရာတွင် ပါးစပ်ကို အဝတ်ဖြင့် စည်းပြီး ကြိုးတုပ်၍ ရိုက်နှက် ပစ် ခတ်သတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ စစ်တပ်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဒီပဲယင်း-စိုင်းပြင်ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရွှေဒါးကန်ကျေးရွာတွင် ပြည်သူနှစ်ဦးကို ဖမ်းမိသွားပြီးမှ ဂွေးပင်ကုန်းကျေးရွာအနီးတွင် ရက်ရက် စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသကာ ကွယ်ရေးတပ်က ထုတ်ပြန်ပြောဆိုထားသည်။ khit thit

ရန်ကုန်ရွှေပြည်သာ ၁၈ ရပ်ကွက်ရုံးကို သေ နတ်ဖြင့် ဝင်ပစ်ပြီး ဗုံးဖောက်ခွဲ၊ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့မှ လူတချို့ ထိခိုက်ဆုံးသေဆုံးမှုရှိ၊ စစ်တပ်က ရမ်းသမ်းပစ်၍ ပြည်သူတချို့ ကျည်ထိမှန်ပြီး အခြေအနေရှုပ်ထွေးနေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရုံးကို ယနေ့ ည ၈ နာရီ ဝန်း ကျင်တွင် သေနတ်ဖြင့် ဝင်ပစ်ပြီး ဗုံးဖောက်ခွဲသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူတချို့ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်ရုံးတွင် ယနေ့ည ၈ နာရီ ၅ မိနစ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ၊ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများကြောင့် လူတချို့ လဲကျသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပစ်ခတ်သံများဖြင့် ၀ရုန်းသုန်းကားဖြစ်သွားသည်ဟု ဒေ သခံတစ်ဦးက‌ ပြောသည်။

“ဗုံးကွဲသံကြားတယ်။ ထွက်ကြည့်တော့ သေနတ်နဲ့ ဆက်တိုက် ပစ်တာကြားရတယ်။ အုပ်ချူပ်ရေးမှူး သား ထိသွားတယ်။ လူ တစ်ချို့လည်း လဲ နေတာ တွေ့တယ်တဲဲ့။အခု ထပ်မေးကြည့်တော့ တစ်ဦးသေတယ်။ အုပ်ျုပ်ရေးမှူးလည်း ထိသွားတယ်။ လူနာတင်ကားနဲ့ ဆေးရုံခေါ်သွားပြီ။ သေဖို့များတယ်ပြောတယ်။ မပေါက်သေးတဲ့ဗုံးတလုံးရှိသေးတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက‌ ပြောသည်။

လက်ရှိတွင် စစ်တပ်က အနီး အနားပတ်ဝန်းကျင်လမ်းနှင့်ရပ်ကွက်များကို ပိတ်ဆို့ထားပြီး စစ်ကား အများအပြားလည်း ရောက်ရှိလာနေကြောင်း သိရှိရသည်။”စခတွေ ရမ်းသမ်းပစ်တာပြည်သူတွေလည်းထိတယ်။ လူနာတင်ကားတွေလာနေတယ်။ ရပ်ကွက်ရုံးက လူတွေလည်း သေတယ်ဗျ” ဟု ၁၈ ရပ်ကွက်သားတစ်ဦးက ရှင်းပြသည်။ khit thit

စစ်တပ် တပ်စွဲထားသည့် ကပေါင်းကျရွာတွင် နေအိမ်များ မီးလောင်နေ

စစ်ကောင်စီတပ် တပ်စွဲထားသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာတွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ (ဇန်နဝါရီ ၂) နံနက်ပိုင်းတွင်း မီးလောင်နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ 

ယမန်နေ့တွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် တန့်ဆည်မြို့နယ် PDF များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်တပ်က စခန်းချတပ်စွဲခဲ့သော ကပေါင်းကျရွာတွင် ယနေ့နံနက်ပိုင်းက မီးလောင်နေခြင်းဖြစ်သည်။ 

“ရွာထိပ်မယ် အခုလောလောဆယ်တော့ မီးခိုးတွေတော့ မြင်နေရတယ် ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ လွန်ခဲ့တဲ့ နာရီဝက်လောက် (၁၀ နာရီခွဲလောက်) ကစပြီး မီးခိုးတွေတွေ့တာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကပေါင်းကျ ရွာဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ 

မီးမလောင်ခင် ယနေ့ နံနက်အစောပိုင်းကလည်း ရွာအနီးဝန်းကျင်တစ်ဝိုက်ကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

“စစ်တပ်က ရွာထဲမှာပဲရှိသေးတယ်။ မနက်က လက်နက်ကြီး ၁ ချက်ထုတယ်။ ဘောက်(သေနတ်ငယ်) အချက် ၂၀ လောက် ပစ်သေးတယ်။ ရွာရဲ့ အရှေ့မြောက်ဘက် လယ်တောစပ်ကို တောင်သူတွေမြင်လို့ လှမ်းပစ်သလားတော့ မသိဘူး” ဟု ကပေါင်းကျရွာခံ နောက်တစ်ဦးက ပြောသည်။ 

တန့်ဆည်မြို့နယ်အတွင်း အင်အား ၁၁၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ကပေါင်းကျကျေးရွာအနီးတွင် ဒေသခံ PDF အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် လက်လုပ်မိုင်းဖြင့် စတင်တိုက်ခဲ့ပြီး ၄၅ မိနစ်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။  

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်သည့်အတွက် အသက် ၂၂ အရွယ် ကိုမျိုးချစ်စန်းဆိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု တန့်ဆည် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ယမန်နေ့တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် လက်လုပ်စိန်ပြောင်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၁၀ ဦးနီးပါး ထိခိုက်သေဆုံးနိုင်သည်ဟု အတူပါဝင်တိုက်ခိုက်ခဲ့သော K.P.K. ဆိုသော ကျေးလက် ပြောက်ကျားအဖွဲ့တစ်ခုက ထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ 

“စစ်တပ်ဘက်က လက်နက်ကြီးနဲ့ စပစ်တော့ PDF ရဲဘော်တစ်ယောက်ကျဆုံးသွားတယ်။ ကိုယ့်ဘက်ကလည်း ပြန်ချတယ်။ (စစ်တပ်က)မိုင်းကွင်းနှစ်ကွင်းမှာ နေရာယူပြီးသားဖြစ်နေတယ်။ အဲ့ဒီတော့ မိုင်းဆွဲချလိုက်တယ်။ စိန်ပြောင်းနဲ့ သူတို့တည့်တည့်ကို ချိန်ပစ်တယ်။ မိုင်းကွင်းနှစ်ကွင်းကလည်း အကုန်ထိတယ်။ စိန်ပြောင်းနှစ်ပြောင်းကလည်း တည့်တည့်ထိတယ်” ဟု တန့်ဆည် PDF က ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသော မြို့ရွာများကို စစ်တပ်က ဆက်တိုက်ဝင်ရောက်စီးနင်းစဉ် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိရာ ကပေါင်းကျရွာတွင်လည်း စစ်တပ်က မီးရှို့ခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ယူဆသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ကပေါင်းကျကျေးရွာကို စစ်တပ်က တစ်ပတ်ကြာ ဝင်ရောက်တပ်စွဲပြီးနောက် နေအိမ်များကို မီးရှို့ခဲ့သည်။ 

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဧပြီလမှစ၍ စစ်တပ်က မကြာခဏ ဝင်ရောက်စီးနင်းနေရာ ဒေသခံ သုံးထောင်ကျော်မှာ သြဂုတ်လကုန်ပိုင်းကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

အဆိုပါရွာသည် ယခုအကြိမ်နှင့်ဆိုပါက ၁၁ ကြိမ်မြောက် စီးနင်းဖျက်ဆီးခံရခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ဒဏ် အများဆုံးခံရသည့် ရွာများအနက် တစ်ရွာအပါအဝင်ဖြစ်သည်။ myanmar now

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် စွပ်စွဲခံထားရသည့် အမှု ၁ မှု မနက်ဖြန်တွင် နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ပေးမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးရန် ကျန်ရှိနေသည့် သဘာဝဘေး ပုဒ်မ (၂၅) အမှုတစ်မှုကို မနက်ဖြန် ဇန်န ဝါရီလ ၃ ရက်တွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက် ပေးမည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက မဇ္စျိမကို ပြောသည်။ အဆိုပါ အမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အိုးဘိုအကျဉ်းထောင်အ တွင်းမှ Video Conferencing ဖြင့် တရားခံပြ သက်သေ ထွက်ဆိုခဲ့ပြီး ထိုထွက်ဆိုချက်များက စွပ်စွဲခံရသူ အတွက် ရလဒ်ကောင်း ဖြစ်သည်ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။

“ဒေါ်အောင်ဆန်းကြည်နဲ့ အတူ သမ္မတဟောင်း ဦးထင်ကျော်ရယ် ၊ဒေါက်တာဇော်မြင့်မောင်ရယ် အားလုံးပေါင်း ခုနစ်ယောက်က နေပြည် တော် ရွှေကြာပင်က ပါတီ၀င် တစ်ဦးအိမ်ကိုသွားတာ။ နှာခေါင်းစည်းတွေ တပ်တယ်။ လက်အိတ်တွေ ဘာတွေ အကုန်စွပ်ပြီးတော့ COVID -19 စည်းကမ်းနဲ့ အညီ သွားကြတာတဲ့။ အများပြည်သူကို ဘာစည်းရုံးရေးမှ မဆင်းခဲ့ဘူးတဲ့။ စည်းနဲ့ကမ်းနဲ့ သွားတာ ပြဋ္ဌာန်းထားတဲ့ သဘာဝဘေး အန္တရာယ် တားဆီးရေး ပုဒ်မ ၂၅ နဲ့ ကိုက်ညီအောင် သွားတာလို့ ထွက်ဆိုခဲ့တယ် ” ဟု ဒေါက်တာဇော်မြင့်မောင် ထွက်ဆိုချက်နှင့် ပတ် သက်၍ ၎င်းက ဆိုသည်။

ထိုအမှုကို ဇန်နဝါရီလ ၃ ရက် ရုံးချိန်းတွင် နှစ်ဖက် ရှေ့နေများက အမှုနှင့် ပတ်သက်၍ ပြစ်ဒဏ် အမိန့် ချသင့်သည် (သို့မဟုတ်) တရားသေ လွှတ်သင့်သည် ဆိုသော လျှောက်လဲချက်များကို တရားသူကြီးထံ အပြီးသတ် လျှောက်လဲ ကြတော့မည် ဖြစ်သည်။ “တရားရုံး လုပ်ငန်းစဉ်က ရှေ့ဆက် ကြားနာဖို့ လုပ်မယ်။ စွပ်စွဲ ခံရသူဘက်က တရားသေလွှတ်ဖို့ လျှောက်လဲမယ်။ အစိုးရရှေ့နေ ဘက်က အပြစ်ပေးပါလို့ ပြောမယ်။ နောက်တစ်ချိန်းကျတော့ အမိန့်ချမယ်ပေါ့” ဟု ရှင်းပြသည်။

ထို့ပြင် လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ပို့ကုန် သွင်းကုန် ပုဒ်မ (၈) နှင့် ဆက်သွယ်ရေးပုဒ်မ (၆၇) နှစ်မှု အတွက် အပြီးသတ်အမိန့် ချမှတ်ရန် ရှိနေသည်။ ယင်းနှစ်မှုသည် အပြီးသတ်အမိန့် ချမှတ်ရန် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရုံးချိန်းကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တစ်ကြိမ် ချိန်းဆို ခဲ့ပြီးနောက် ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကို ထပ်မံ ချိန်းဆိုထားခြင်း ဖြစ်သည်။

စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၁၂ ခု ဖြင့် မတရား အမှုဆင် စွဲဆိုခဲ့ကာ ပုဒ်မ နှစ်ခုအတွက် ပြစ်ဒဏ် ချမှတ် ခံထားရပြီး ဖြစ်သည်။ လက်ရှိတွင် ပုဒ်မ ၁၀ ခုအတွက် ဆက်လက် ရင် ဆိုင်ရန် ကျန်ရှိနေသည်။ mizzima

၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဟောကိန်း ထုတ်၊ မန္တလေးမဟာသင်္ကြန်စာက မင်းရာဇာနှင့် မိဖုရားအပေါင်း အန္တရာယ်ကျမည်ဟု ဖော် ပြ

လာမည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်ပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်ဘက် ခေါင်းဆောင်များ ပျက်စီးကိန်းကြုံရလိမ့် မည်ဖြစ် ကြောင်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။ ယခု ၂၀၂၂ ခုနှစ်သည် ဂြိုလ်သဘောတရားများအရ အလွန်ထူးခြားသော နှစ်ဖြစ်ပြီး အပြောင်း အလဲ ကြီးကြီးမားမား ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်၏ ဂြိုလ်များ ရပ်တည်မှုသည် အလွန်ထူးခြားကြောင်း ပြောဆိုသည်။

“၂၀၂၁ ဒီဇင်ဘာလ ၅ ရက်နေ့ ကစပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူလူထုရဲ့စိတ်ဓာတ်ဟာ အထူးမြင့်မားလာပြီး၊ ဒီဇင်ဘာလအတွင်း တိုက်ပွဲများ အရှိန်အဟုန်နဲ့ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ လဆန်းမှ လလယ်အထိဟာ စစ်ကောင်စီတပ်များ အကျအဆုံးများပြားမယ့် ကာလဖြစ်ပါတယ်။ ၂၀၂၂ ဇန်နဝါရီလ ဒုတိယပတ်မှာ စစ်ကောင်စီအနေနဲ့ သံတမန်ရေးရာ လှည့် ဖြားမှုတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

သို့သော်လည်း ၂၀၂၂ ဇန်နဝါရီလ လလယ်မှာ ပြည်သူလူထုကို အလွန်အားတက်စေမယ့် သတင်းစကားကောင်းများ စတင် ကြားသိရမှာ ဖြစ်ပါတယ်။ ပြည်ပအကူအညီအထောက်အပံများလည်း လက်ခံ ရရှိပါလိမ့်မယ်။ ဖေဖော်ဝါရီလနဲ့ မတ်လဟာ သံတမန်ရေးရာတိုက်ပွဲများ၊ မြေပြင်စစ်ရေးတိုက်ပွဲများဆက်တိုက်ရှိနေမှာ ဖြစ်ပါတယ်” ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဆိုသည်။

ပြည်သူများ၏ အောင်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့် အရှိန်အဟုန်များဖြင့် ထင်သာမြင်သာ အောင်ပွဲများရရှိလိမ့်မည်ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“၂၀၂၂ ဖေဖော်ဝါရီလကုန်ပိုင်းကနေ စပြီး လျှင်မြန်တဲ့ အရှိန်အဟုန်နဲ့ ထင်သာမြင်သာတဲ့ ပြည်သူ့အောင်ပွဲအချို့ စတင်ရရှိလာပါလိမ့်မယ်။ မတ် လ၊ ဧပြီ လများမှာ စစ်ရေး လှုပ်ရှားမှုတွေ ကြီးစိုးနေမှာ ဖြစ်ပါတယ်။ ၂၀၂၂ ဧပြီလကုန်ပိုင်းမှစပြီး ပြည်သူလူထုနဲ့ ဒီမိုကရေစီအရေးအတွက် အ လှည့်အပြောင်းတွေ စရှိလာပြီး ပြည်သူများဘက်က မကြာမီ အချိန်ကာလတစ်ခုမှာ အောင်ပွဲရရှိပါလိမ့်မယ်” ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ပြောဆိုသည်။

ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်အတွက် ဟောထားသည့် မန္တလေးမဟာသင်္ကြန် စာအရ မင်းရာဇာနှင့် မိဖုရား အပေါင်း ဘေးဥပါဒ်အန္တရာယ်ရှိမည်ဟု ဟောကိန်း ထုတ်ထားသည်ကို တွေ့ရသည်။

ယင်းအပြင်ဧကရာဇ်မင်းရာဇာတို့က အလေးအမြတ်ထား ပူဇော်အားကိုးရသည့် ရဟန်းပ ညာရှိ မင်းပညာရှိ သုခမိန်များ အချင်းချင်း ပဋိပက္ခ အငြင်းအခုံ ဖြစ်ပေါ်မည်ဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူတို့သည် ရေလမ်း ကုန်းလမ်း ဘေးဖြစ်နိုင်သည် တနည်းဆိုသော် ခရီးသွားလာသူတို့ သည် ကုန်းလမ်းဖြစ်စေ ရေလမ်းဖြစ်စေ အန္တရာယ် ကျရောက်နိုင်သည်ဟု သင်္ကြန်စာတွင် ဖော်ပြထားသည်။ပြည်သူပြည်သားအပေါင်းတို့ သည်လည်း ဒဏ်သင့်ကြကုန်သည်ဖြစ်၍ အိမ်နီး ချင်းတိုင်းနိုင်ငံများပါ ထိခိုက်ပျက်စီး ရတတ်ကြောင်း ဟောကိန်းတွင် ဖော်ပြထားသည်။ ယင်းအပြင် ဆန်ရေးစပါး အခြေခံစားသောက်ကုန်များ ရှားပါးလာမည်ဟု ဆိုထားသည်။ khit thit

ပရဟိတဆရာဝန် သေဆုံးခဲ့သည့် ဗုံးခွဲမှု ပြင်း ထန်စွာ ရှုတ်ချကြောင်း ကျောက်ဆည် PDF ထုတ်ပြန်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ပရဟိတ ဆရာဝန် အပါအဝင် အပြစ်မဲ့ပြည်သူ သုံးဦး သေဆုံးခဲ့ရမှုနှင့် ပတ် သက်၍ Kyaukse People Defense Force (KPDF) က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ ဇန်နဝါရီလ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပရဟိတဆရာဝန် ဒေါက်တာလှိုင်းဇော်ညွန့် အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ဦးသည် ကျောက်ဆည်မြို့ ဈေးတန်းရပ်၊ မြို့မဈေးတောင်ဘက် ဒေါ်သိုက်ကြီးကွေ့အနီး၊ စိုပြေ ဓာတ်မြေသြဇာဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ ထမင်းဆိုင်အနီး ဒီဇင်ဘာ ၃၁ ရက် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ဒဏ်ရာ ပြင်းထန်စွာရရှိပြီး သေဆုံးခဲ့သည်။

ထိုပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများကြား ဝေဖန်မှု မြင့်တက်လျက်ရှိရာ၊ ဒေသခံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ဖြစ်သည့် KPDF က ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။ဖောက်ခွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုပ်ဆောင်သယောင် ပြည်သူများကြားတွင် ဝါဒဖြန့် ဖော်ပြမှုများ ရှိနေသည့် အတွက် KPDF က ထုတ်ပြန်ခြင်း ဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ပြည်သူ ထိခိုက်နိုင်သည့် တိုက်ခိုက်မှုများ လုပ်ဆောင်မည် မဟုတ်ကြောင်း၊ ယခု ဗုံးခွဲမှုကို ကျောက်ဆည် ကိုယ်စားပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“ပေါက်ကွဲမှု ဖြစ်တဲ့နေရာက စစ်သားတွေ ရှိတဲ့နေရာ စစ်သားတွေ သွားလာတတ်တဲ့ နေရာလည်း မဟုတ်ဘူး၊ ဒေါက်တာ့အိမ်နား တမင်ရည် ရွယ်ချက်ရှိရှိနဲ့ ဖောက်ခွဲသွားတာပါ၊ ပရဟိတ ဆရာဝန်တစ်ယောက် သူရဲကောင်း တစ်ယောက်လို ကျဆုံးသွားတာပါ” ဟု မြို့ခံတစ်ဦးက သုံး သပ်သည်။

ဒေါက်တာလှိုင်းဇော်ညွန့်သည် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) တွင် ပါဝင်သူလည်း ဖြစ်သည်။မြို့မိ မြို့ဖ ဒေသခံ တစ်ဦးကလည်း “ဒေါက်တာလှိုင်းက ပြည်သူနဲ့ နီးစပ်တဲ့ ပရဟိတ ဆရာဝန်ပါ၊ သူ့ကို သတ်ချင်လောက်အောင် မုန်းတီးတဲ့လူဆိုတာ ပျူစောထီးနဲ့ စကစ (စစ်ကောင်စီ) တွေလောက်ပဲရှိမယ်၊ တစ်မြို့လုံးလည်း အခု အရမ်းဝမ်းနည်းနေကြတယ်၊ နှမြောတာပေါ့ဗျာ” ဟုပြောသည်။mizzima

ကယားပြည်နယ်၌ ၇ လတာ တိုက်ပွဲအတွင်း စစ်တပ်က ၄၀၀ ခန့် သေဆုံးဒဏ်ရာရဟု KNDF ထုတ်ပြန်

ပြီးခဲ့တဲ့ ၇ လအတွင်း ကရင်နီပြည် (ကယားပြည်နယ်) ထဲမှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၄၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မေ ၁၉ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၃၀ ကျော်မှာ  KNDF က ၈၁ ပွဲကို ပါဝင်ဦးဆောင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၂၄၉ ယောက်၊ ဒဏ်ရာရသူ ၁၄၉ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။

မေလထဲမှာ တိုက်ပွဲတကြိမ်ပဲရှိခဲ့ပြီး စက်တင်ဘာလထဲမှာတော့ ၂၁ ကြိမ်ဖြစ်ခဲ့တာကြောင့် အများဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာမှာ တိုက်ပွဲ ၁၆ ကြိမ်၊ ဒီဇင်ဘာလထဲမှာတော့ တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ခဲ့ပါတယ်။

KNDF ဘက်ကတော့ ဒဏ်ရာရသူ ၂၄ ယောက်နဲ့ တိုက်ပွဲအတွင်း ကျဆုံးသူ ၁၃ ယောက်ရှိပြီး အရပ်သားပြည်သူ ၁၄၆ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နိုဝင်ဘာလထဲမှာပဲ KNDF ဘက်က ၁၁ ယောက် ကျဆုံးခဲ့တာပါ။

ကရင်နီတပ်မတော်ရဲ့ စစ်ရေးဦးဆောင်မှုအောက်ကနေ လှုပ်ရှားနေတဲ့  KNDF မှာ တပ်ရင်း ၁၈ ရင်းရှိပြီး ၁၆ ရင်းကို တင်းပြည့်ကျပ်ပြည့် စ နစ်တကျဖွဲ့စည်းထားနိုင်ပြီး လက်နက်တွေ တပ်ဆင်နေတယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီပြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဌာနက အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ ကရင်နီတပ်မတော် (KA) နဲ့အတူ လက်တွဲပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန် ရေးမှာ တပ်ဦးကနေ တွန်းလှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ DVB

ဗန်းမော်ခရိုင်၊ ချောင်းဝရွာအနီး စစ်ကောင်စီတပ်ကို မြို့လှ PDFနှင့် KIA ပူးပေါင်းတပ်က စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၅ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ချောင်းဝကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၂ ရက် နံနက် ၉ နာရီ ၅၆ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ကို မြို့လှ PDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံ ခမရ ၄၁၆ တပ်ရင်းမှူး ထွန်းရန်နိုင် ဦးဆောင်သော အင်အား ၇၂ ဦးပါအဖွဲ့သည် ချောင်းဝကျေးရွာဘက်သို့ ထွက်ခွာလာစည် ဆင်ကုန်တိုင်ရွာအနီးတွင် KIA နှင့် ဗိုလ်ဇာမဏီဦးဆောင်သော မြို့လှ PDF တပ်ခွဲ ၂ ပူးပေါင်းအဖွဲ့ကာ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာမြင့်ကြောင်း၊ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁ ရက် ညပိုင်းတွင်လည်း ကသာဖက်မှတက်လာသော စကစ​ခြေလျှင်တပ်နှင့် မြို့လှ PDF တို့ အထက်သံပုရာရွာအနီးတွင် ထိတွေ့ပစ်ခတ်မှု ၁ ကြိမ် ဖြစ်ပွားခဲ့ရာ စကစဖက်မှာ အများအပြား ထိခိုက်ခဲ့ပြီး မြို့လှ PDF ဖက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။ khit thit

« Older Entries