ရန်ကုန်မြို့လယ်ခေါင် ၃၈ လမ်းထိပ်တွင် ပြည်သူတစ်ဦးကို စစ် သားများက ဝိုင်းရိုက်၊ ခြေ ထောက်ဖြင့်ကန်ပြီး သေနတ်ဒင်ဖြင့်ရိုက်နှက်ဖမ်းဆီး (ရုပ်/သံ)
ရန်ကုန်မြို့လယ်ခေါင် ၃၈ လမ်းထိပ် အပေါ်ဘလောက်တွင် ပြည်သူတစ်ဦးကို စစ်သားများက ဝိုင်းရိုက်၊ ခြေထောက်ဖြင့်ကန်ပြီး သေနတ်ဒင်ဖြင့် ဝိုင်းရိုက်မှု ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ဖြစ်ပွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“စည်ပင်နဲ့ အဲဒီပြည်သူက စကားအရင်များတယ်။ စည်ပင်က စခကိုဖုန်းဆက်ခေါ်တယ်။စစ်ကားတစ်စီးရောက်လာပြီး ကားပေါ်ကဆင်းတာနဲ့ အဲဒီလူကို ဝိုင်းရိုက်တာပဲ။ အဲဒီလူကို ဝိုင်းရိုက်နေတာ၊ သေနတ်တွေနဲ့လည်းထောင်းတယ်။ ပြီးတော့ စစ်ကားပေါ်ကို ပစ်တင်သွားတယ်။ လူ မြင်ကွင်းကြီးမှာ ခြေထောက်တွေနဲ့ကန် သေနတ်ဒင်တွေနဲ့ထောင်းနေတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါပြည်သူကို စစ်သားများက ဝိုင်းဝန်းရိုက်နှက်သည့် အကြောင်းအရာကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပြည်တွင်း လူမဆန်သော ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်မှုများကို ပေါ်ပေါ်တင်တင်သော်လည်းကောင်း၊ စစ်ကြောရေးစခန်းများတွင်လည်းကောင်း ကျူးလွန်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက ထုတ်ပြန်ထားပြီးဖြစ်သည်။ khit thit