တောင်သာတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးရိုက်နှက် ညှင်းဆဲခံရသူ ပျောက်ဆုံးနေ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ရှေ့ဆုံးမှ အလံကိုင်ခဲ့သူ ကိုသိန်းစိုး(ခ) သန်းစိုး အား ပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းမိခဲ့ရာ အဝတ်များချွတ်၍ ရိုက်နှက် ညှင်းဆဲခံခဲ့ရပြီး အဆက် အ သွယ် မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
တောင်သာမြို့မ ရဲစခန်းက ဇွန်လတွင် ဖမ်းဝရမ်းထုတ်သဖြင့် ရှောင်တိမ်းနေသည့် ကိုသိန်းစိုး(ခ) သန်းစိုးသည် ပြီးခဲ့သည် လပိုင်းက နေရပ်သို့ ပြန်နေထိုင်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် ည ၁၁ နာရီတွင် တောင်သာမြို့နယ် ကျောင်တစ်လုံးဆည်လမ်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ ဒေသခံက မဇ္ဈိမကို ပြောသည်။
“အဲ့ဒီနေ့ည ၈ နာရီလောက်က ငါးမျှားပြီး အပြန် သူ့သူငယ်ချင်းနဲ့ အိမ်ပြန်တာ စစ်ကားနဲ့ တိုးတော့ နောက်ပြန်လှည့်တာ ဆိုင်ကယ်က ချိန်းကြိုးပြတ်တော့ အရှိန်နဲ့ သတိလစ်သွားတာ၊ သူ့သူငယ်ချင်းက သူ့ကို ထမ်းပြေးတာ တောထဲထမ်းပြီး ဆက်မပြေးနိုင်တော့ သူ့ကို ကျင်းထဲမှာ သစ် ကိုင်းအခက်တွေ ဖုံးအုပ်ပြီး ထားခဲ့တာ ည ၁၁ လောက်မှ မိသွားတယ်။
မြို့နယ်ဆေးရုံမှာ ထားပြီး ၂၇ ရက်ည မျက်နှာနဲ့ ကိုယ်မှာ ညိုမဲဒဏ်ရာတွေနဲ့၊ ဒီလိုအရမ်းအေးတဲ့ ရာသီမှာ လူမဆန်စွာ ကိုယ်တုံးလုံးချွတ်ပြီး ရိုက်နှက်တာမျိုး လုပ်နေတယ်။ နောက်ရက်တော့ ဘယ်ကိုခေါ်သွားမှန်း မသိရဘူး၊ သေလား ရှင်လားလဲ မသိရဘူး” ဟု ၎င်းကပြောသည်။
အသက် (၂၈) နှစ်အရွယ် ကိုသိန်းစိုး (ခ)သန်းစိုးသည် တောင်သာမြို့နယ် အမှတ်(၁) ရပ်ကွက်တွင် နေထိုင်၍ ဆိုင်ကယ် ရေဆေး ဆီလိုက် လုပ် ကိုင်သူ ဖြစ်သည်။ ၎င်းအား ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်၏ ရန်ကိုကြောက်၍ မိခင်နှင့် အစ်မဖြစ်သူ ရှောင်တိမ်းနေရကြောင်း ဒေသခံများကဆို သည်။
၎င်းအား ဖမ်းဆီးပြီးနောက် ဒီဇင်ဘာ၂၈ ရက်နေ့တွင် မြို့နယ် စစ်ကောင်စီက တောင်သာမြို့နယ် တစ်ခုလုံးအား အိမ်ထောင်စုဇယားနှင့် လူတိုက်စစ်၍ ဇယားထဲမရှိသူများကို သတ်မှတ်ရက်အတွင်း အမြန်ပြန်လာရန်နှင့် ပြန်မလာပါက မိသားစုဝင်များအား ဖမ်းဆီးခြင်း၊ နေအိမ်ကို ချိပ်ပိတ်ခြင်းများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ mizzima