Monthly Archives: Jan 2022

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ညဘက်ခရီးမသွားရန် ကေအန်ယူ ထုတ်ပြန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ည ၇ နာရီမှ မနက် ၆ နာရီအထိ ခရီးသွားလာတာ မလုပ်ဖို့ ကေအန်ယူ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့) လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဌာက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ  လက်ရှိ မြန်မာနိုင်ငံရေး မတည်ငြိမ်မှုကြောင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ အန္တရာယ် မဖြစ်ရအောင်နဲ့ ရှောင်ရှားသွားလာနိုင်ရေးအတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

အရေးပေါ်ကိစ္စ သွားလာစရာ ရှိပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြား ထောက်ခံချက် ရယူရမှာဖြစ်ပြီး  ရယူခြင်းမရှိဘဲ သွားလာလို့ ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက လည်း တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ DVB

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်မခံနိုင်ဟု KNU ပြော 

အာဏာသိမ်းစစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း လက်ခံနိုင်စရာ အကြောင်းမရှိဟု ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ပြောခွင့်ရသူ ပဒိုစောတောနီးက ယနေ့ (ဇန်နဝါရီ ၃) တွင် တုံ့ပြန်လိုက်သည်။

စစ်ခေါင်းဆောင်တို့၏ ယခင်နှင့် ယခု အပြုအမူများက ပြောင်းလဲခြင်း မရှိသေးဟု ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“စဉ်းစားကြည့်ပေါ့ဗျာ၊ အခုဖြစ်နေတဲ့ စစ်ပြေးဒုက္ခသည်အခြေအနေကိုတောင် ဖြေရှင်းလို့မရသေးဘဲ အခုလာမဲ့ ဆွေးနွေးပွဲဟာ ဒီပုံစံအတိုင်း ထပ်လည်လာပြီဆိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လက်ခံလို့ မရဘူး” ဟု ၎င်းက ပြောသည်။

“ဒီလူတွေနဲ့သာ သွားဆွေးနွေးရင်တော့ အရင်တုန်းကလိုပဲ အနိုင်ကျင့်တာ၊ ဗိုလ်ကျတာတွေ ခံရဦးမှာပဲ”

ပြီးခဲ့သည့်နှစ်များအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုများ ရှေ့မတိုးခဲ့ခြင်းကို ရင်ဆိုင်ရပြီးနောက် စစ်ဗိုလ်ချုပ်များအကြောင်းကို ပိုမိုသိရှိလာရသည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်ရဲ့ သူ့ရဲ့ အကျင့်စရိုက်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ သူတို့ လုပ်လေ့လုပ်ထ အမူအရာတွေ၊ နောက်ပြီးတော့ ဆွေးနွေးပွဲကို မထီလေးစားလုပ်တဲ့ အပြုအမူတွေ အားလုံးကို ကြုံခဲ့ရပြီ” ဟု ပဒိုစောတောနီးက ပြောသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဇန်န၀ါရီ ၁ နှစ်သစ်ကူးမိန့်ခွန်းတွင် ငြိမ်းချမ်းရေးကမ်းလှမ်းထားခြင်း အပါအဝင် ဆွေးနွေးရန် ဖိတ်ခေါ်နေမှုများနှင့် ပတ်သက်ပြီး KNU က ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။

“သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု အာဏာသိမ်းမှုဆန့်ကျင်သူတို့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှုများအတွက် တာဝန်ရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဤအတောအတွင်း ဒေသအများအပြားတွင် စစ်ကောင်စီက စစ်မျက်နှာဖွင့်ထားရာ စစ်ကောင်စီတပ်၏ရန်ကြောင့် တိမ်းရှောင်ခိုလှုံနေသူများရှိရာ ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင်လည်း ဒီဇင်ဘာလလယ်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

မြန်မာ-ထိုင်းနယ်စပ် အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သည် ၈၀ ခန့် သေဆုံးခဲ့သည်ဟု တိုက်ပွဲဒေသတွင် မှတ်တမ်းတင်ထားသူများထံမှ သိရသည်။

လေးကေ့ကော်တွင် ၁၂ ဦး၊ မယ်ဝါးခီးတွင် ၃၅ ဦး၊ ပဟိကလော်တွင် ၅ ဦးနှင့် မယ်ထော်သလေးတွင် ၂၈ဦး သေဆုံးရာ ထိုအထဲတွင် တပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ ၈ ဦးခန့် ပါဝင်သည်ဟု စာရင်းပြုစုထားသော CDM စစ်သည်တစ်ဦးက ပြောသည်။

“တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ်၊ တပ်သားအဆင့် အစုံပါပဲ” ဟု လေးကေ့ကော်တိုက်ပွဲအတွင်း ကိုယ်တိုင်ဝင်တိုက်နေသည့် CDM တပ်ကြပ်ကြီး ကိုသော်(အမည်လွှဲ)က Myanmar Now ကို ပြောသည်။

KNU ပြောခွင့်ရသူကလည်း အကျွမ်းဝင်မှုမရှိသည့်နယ်မြေကို လာထိုးစစ်ဆင်သည့် စစ်ကောင်စီတပ် အကျအဆုံးများနေသည်ဟု Myanmar Now ကို အတည်ပြုသည်။

“လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူတို့ အကျအဆုံးနဲ့ ဒဏ်ရာရတာက ရာဂဏန်းကျော်သွားပြီလေ။ အဲဒီလို အနေအထားရှိတဲ့အခါကျတော့ အခု ခင်ဗျားတို့ရတဲ့ နောက်ဆုံးအရေအတွက်ကတော့ သိပ်ကွဲလွဲမှုမရှိဘူး” ဟု KNU ၏ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက ယနေ့ ပြောသည်။

မြဝတီမြို့နှင့် ၈ မိုင်ခန့်ဝေးသည့် လေးကေ့ကော်မြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေသူများ ပုန်းခိုနေသည်ဟု ယူဆကာ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၁၄ ၌ လက်နက်၊ လူအင်အား အများအပြားဖြင့် ဝင်စီးခဲ့သဖြင့် ဒီဇင်ဘာ ၁၅ မှစ၍ ယနေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများသုံးကာ ထိုးစစ်ဆင်ပစ်ခတ်ခဲ့သော်လည်း ခုခံသူတို့က ပြောက်ကျားသေနင်္ဂဗျူဟာကျင့်သုံးမှု၊ နယ်မြေကျွမ်းကျင်မှု၊ လူထုထောက်ခံမှုနှင့် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်အရ ယနေ့အထိ သေဆုံးသူ ဆယ်ဂဏန်းပင် မရှိသေးဟု KNU ဘက်က ဆိုသည်။

ထို့ပြင် လေးကေ့ကော်တိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၆ တွင် သုံ့ပန်း ၈ ဦး၊ ဒီဇင်ဘာ ၃၀တွင် ၇ ဦး လက်နက်များနှင့်အတူ ရရှိထားသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့က ဖမ်းဆီးရမိသူများထဲမှ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ တပ်ဖွဲ့ဝင် ၂ ဦးကို KNU က ပြန်လွှတ်ပေးပြီး ဖြစ်သည်။

စစ်ကောင်စီက ကျန်သုံ့ပန်းများကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသော်လည်း KNU ဘက်က နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်သုံ့ပန်းမူဝါဒအတိုင်း တိတိကျကျလိုက်နာပြီး ဆက်လက်ကိုင်တွယ်သွားမည်ဟု တုံ့ပြန်ထားသည်။  

လေးကေ့ကော်ဒေသတိုက်ပွဲများကို ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်သော ဇန်နဝါရီ ၂ တွင် ရပ်နားခဲ့သည်။ သို့သော်လည်း ယနေ့ ဇန်နဝါရီ ၃ တွင် မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်အုပ်ချုပ်ရေးမှူးရုံး၊ စာသင်ကျောင်းအနီးဝန်းကျင်နှင့် ဖလူးကြီးကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီက ကရင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း မြေပြင်နှင့်၊ ဝေဟင်ကပါ အပြင်းအထန်ထိုးစစ်ဆင်နေသည်။

တိုက်ပွဲအများစုမှာ စစ်ကောင်စီတပ်ကို ခုခံစစ်ဆင်နေသည့် ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေခြင်း ဖြစ်သည်။ myanmar now

ဒီးမော့ဆို၊ ငါန်းဇွန်းနှင့်ထီးချိုင့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၄၂ ဦး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်နှင့် စစ် ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၄၂ ဦး သေဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တွင် ဖရူဆိုဘက်မှ စစ် ကြောင်းထိုး လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ် မတော် (KA) နှင့် (KNDF) တို့မှ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်နာရီမှ စ၍ ညနေ ၇ နာရီ အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ‌‌‌

အလားတူ စစ်ကိုင်း တိုင်း၊ ဒီးမော့ဆိုမြို့၊ ငွေတောင်ဆည်အနီး၊ ရွှေရောက်ရပ်ကွက်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ယနေ့ ဇန် နဝါရီ‌ ၃ ရက်နေ့ အထိအကြမ်းဖက်စစ်ကောင်စီတပ်များကို PDF ပူးပေါင်းမဟာမိတ် တပ်ဖွဲ့နှင့်အတူ KNDF မှဆက်လက်ခုခံ တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီတပ် များဘက်မှ အထိခိုက်မှုများရှိနိုင်ကြောင်း၊ ဇန်နဝါရီလ( ၂)နေ့၊ ရွှေရောက်တိုက်ပွဲအတွင်း အ ကြမ်း ဖက်စစ် ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ကြောင်း KNDF ထံမှ သိရှိရသည်။

ဇန်နဝါရီ ၂ ရက်‌နေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ ရဲဘော်တစ်ဦးနှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း၊ တံတားဦးမြို့မှ ထွက်လာသော စစ်ကောင်စီကား ၂စီးကို ငါန်းဇွန်းမြို့နယ် ကံကြီးရွာအ ကျော် ၉မိုင် ဆီဆိုင်ကွေ့တွင် ဖောက်ခွဲရာ ပထမကားတစ်စီးနောက်ပိုင်း ပျက်စီး ပြီး ဒုတိ ယကားတစ်စီးမှာ ခေါင်းပိုင်းပျက်စီးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ၅ ဦးဒဏ်ရာရရှိကြောင်း ၊ ထိုဖောက်ခွဲမှုကို မြောင်မြို့နယ TGR ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ( Myaung People`s Defense Force TGR) နှင့် ငါန်းဇွန်းပကဖတို့ဦး​​ဆောင်၍ NZ FIVE STARအဖွဲ့ ၊တော်ဝင်ဒေဝီ(ငါန်းဇွန်)၊Young Fighters People’s Defence Force of Myaung(YFPDF) တို့ ပူးပေါင်းဖောက်ခွဲခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

အလားတူ မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ပုညာ နှင့် ပြဒါးရှင် လူစီးရေယာဥ်များကို စစ်ကောင်စီတပ်များက ပို့ဆောင်ရေးရေယာဥ်အဖြစ် အသွင် ယူအသုံးချကာ စကစများ လက်နက်ခဲယမ်း၊ မီး ကျောက် များ တင်ဆောင်ပြီး ဆန်တက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ထီးချိုင့်PDFပကဖများ၊ ကသာ PDF ပကဖများ၊ ပူးပေါင်း အဖွဲ့များက စနိုက်ပါ၊လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ခန့်ကျဆုံးခဲ့ကြောင်း၊ သဲ သောင်ပြင်တွင် မြှုပ်နှံခဲ့ကြောင်း၊ ညနေ ၅ နာရီ၃၅ ခန့်တွင် စစ်ကောင်စီရေယာဥ် နှစ်စီးသည် ကသာမြို့သို့ ဆိုက်ကပ်ခဲ့ကြောင်း၊ အဆိုပါရေယာဥ်များကို ရှိမ်းမကား၊ ဘိုကုန်း စသော နေရာများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

CDM ဝန်ထမ်း ၁ ဦး ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်၏ရုပ်ပုံလွှာ ပန်းချီကား လေလံ တင်

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်တဲ့ ဝန်ထမ်းတယောက် ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံ ပန်းချီကားတချပ်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ် လာ ၅၀၀ နဲ့ လေလံတင်ရောင်းချနေပါတယ်။

၂ ပေ × ၃ ပေအရွယ် အဆိုပါ ဆီဆေးပန်းချီကားကိုတော့ “မေတ္တာရေလျှင်”လို့ အမည်ပေးထားပြီး ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာပါ။

“ကျမတို့ဌာနက CDM ဝန်ထမ်းတဦးဆွဲတဲ့ပန်းချီပါ။ အခုနောက်ပိုင်း CDM တွေကို ကူညီမှုက နည်းလာပြီး CDM တွေ ကိုယ့်ဘာသာ နိုင်သ လောက်ရုန်းကန်လာကြပါတယ်။ ပြီးတော့ လှူလည်းလှူတယ်။ သူတို့ရတဲ့ ထောက်ပံ့ငွေကိုတောင် PDF တွေကို လှူကြတာ။ အားပေး လိုက်ကြရအောင်ပါ။ ဘာလို့ CDM တွေရေးတဲ့ ပန်းချီကားကို လေလံတင်ရလဲဆိုတော့ ရန်ပုံငွေအတွက်က တစ်ပိုင်း၊ နောက်တပိုင်းက “ဟယ်….. ငါတို့တွေကို မမေ့ဘူး အား ပေးတယ်တော့” ဆိုတဲ့ စိတ်ခွန်အားပေးချင်လို့ပါ”

လေလံကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ထားတဲ့ ဒီပန်းချီကားကို ဝယ်ယူလိုသူတွေ အနေနဲ့ တခါတိုးရင် ဒေါ်လာ ၅၀ တိုးပြီး ပို့စ်မှာ မှတ် ချက်ပေးပါဝင်နိုင်သလို ချက်ဘောက်စ်ကတဆင့်လည်း ပါဝင်အားပေးနိုင်မှာ ဖြစ်ပါတယ်။

“CDM ဆိုတာ စစ်အာဏာရှင်ရဲ့ရင်ဝကို စိုက်ထိုးထားတဲ့ ဓားတစ်ချောင်းပါ။ အဲ့ဓားကို လူထုအားနဲ့ ဝိုင်းဖိထားဖို့ လိုပါတယ်”

လတ်တလောမှာတော့ ပို့စ်တင်လိုက်တဲ့ အချိန်မိနစ်ပိုင်းအတွင်းမှာတင် ဒီပန်းချီကားကို ဒေါ်လာ ၁၀၀၀ ထိပေးတဲ့သူတွေလည်း ရှိနေပါတယ်။ DVB

မြဝတီမြို့တောင်ဘက်တွင် ယနေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ  ဇန်နဝါရီ ၃ ရက် တရက်တည်း  စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ၄ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့   ကေအန်ယူကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဘက်က  နယ်မြေကျူးကျော်ဝင်ရောက်တဲ့အတွက် KNLA/ KNDO/ PDF အဖွဲ့မှတပ်ခွဲအဆင့်ရှိတဲ့ ဗိုလ်စောအာဇာနည်၊ ဗိုလ်စောအဲ့ထူး ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တွန်းလှန်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့ ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ  နှစ်ဘက်သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကို တော့  အတည်ပြုလို့ မရသေးပါဘူး။ 

တိုက်ပွဲတွေကြောင့်  သောင်ရင်းမြစ်ကမ်းမှာ  ယာယီမှီခိုနေကြတဲ့ စစ်ရှောင်တွေကတော့ ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးကြပြီး တချို့ကတော့  သေ့ဘောဘိုးရွာဘက်မှာ စစ်ဘေး ရှောင်နေကြတယ်လို့  တိုက်ပွဲဖြစ်ဒေသမှ သွားရောက်ကူညီပေးသူက ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ရာကနေ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ  ပြည်တွင်းနဲ့ ထိုင်းနိုင်ငံမှာ  စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး အိမ်ခြံအတွင်းမှ ပစ္စည်းတွေ၊ ကားဆိုင်ကယ်နဲ့ တခြားတန်ဖိုးရှိ လူသုံးကုန်ပါမကျန် ခိုးယူသွားတယ်လို့ စစ်ဘေးရှောင်ရွာသားတွေက ပြောပါတယ်။ DVB

ကယားဒေသ အစုလိုက် မီးရှို့ သတ်ဖြတ်မှု အ ထောက်အထားထွက်ပေါ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက်က အစုလိုက် မီးရှို့ခံထားရသူများ ကြုံတွေ့ခဲ့ရသည့် အခြေအနေဆိုးကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်နှင့် မိသားစုဝင်များက ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။

ဓာတ်ပုံနှင့် ဆေးစစ်ချက် မှတ်တမ်းများ၊ မီးရှို့ခံခဲ့ရသည့် နေရာမှ ရှာဖွေတွေ့ရှိသည့် အထောက်အထားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့နှင့်အတူ ဒီဇင်ဘာ ၃ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ကြေညာလိုက်ခြင်းဖြစ်သည်။

ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်း တစ်နေရာတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ ၄၉ ဦးအထိ ရှိနိုင်သည်ဟု အာဏာဖီဆန်ထားသည့်ရဲများနှင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်နယ်ရဲဌာန ဒုတိယပြည်နယ်ရဲဌာနမှူး ဦးဘိုဘိုက ခန့်မှန်းသည်။

မီးလောင်ကျွမ်းထားသော်လည်း စစ်ဆေးနိုင်ခြေရှိသည့် ရုပ်အလောင်း ၃၁ လောင်းရှိကာ ကျား ၂၆ ဦး၊ မ ၅ ဦးဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကိုင်ကြည့်ရုံဖြင့် ကျိုးကြေသွားသည့် ခန္ဓာကိုယ်အပိုင်းအစများကို အလောင်းထည့်သည့် အိတ် ၃ အိတ်စာ ကောက်ယူရရှိသော်လည်း လူဦးရေမည်မျှ၏ ရုပ်ကြွင်းများဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ဆေးနိုင်ခဲ့သည့် ရုပ်အလောင်းများထဲတွင် အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ် ၁ဦး၊ အသက် ၁၆၊ ၁၇ ထက်မကြီးသည့် အမျိုးသား ၂ ဦးပါဝင်သည်ဟု ဦးဘိုဘိုက ပြောသည်။

အလောင်းများကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်တစ်ဦးကလည်း ထိုအချက်ကို အတည်ပြုပြီး အမျိုးသမီးငယ်မှာ အသက် ၁၀ နှစ်အောက်မငယ် ၁၅ နှစ်ထက်မကြီးသူဖြစ်မည်ဟု ခန့်မှန်းသည်။

“ဒီ ၁၈ နှစ်အောက်အရွယ်ရှိတဲ့ ဒီလိုအမျိုးသမီးငယ်တစ်ယောက်က သူတို့ကို ပစ်ခတ်ပြီးလုပ်ဖို့ဆိုတာမျိုးက ဦးနှောက်ရှိမယ်ဆိုရင် စဉ်းစားလို့ရပါတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အဆိုပါဆရာဝန်က ပြောသည်။

“သူတို့ တမင်သက်သက်ကို ယုတ်မာပြီး လူမဆန်စွာဘဲ အပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ပြီးတော့ သက်သေပစ္စည်းတွေကို ဖျောက်ဖို့အတွက် မီးရှို့ခဲ့တာပဲ”

ရင်ခွဲစစ်ဆေးခဲ့ရသည့်ထဲတွင် လက်နောက်ပြန်ကြိုးတုပ်၊ အဝတ်စ ပါးစပ်ထဲ ထိုးထည့်၊ ရင်ဘတ်၊ အဆုတ်တို့တွင် ထိုးသွင်းဒဏ်ရာရှိသည့် ရုပ်အလောင်းများပါဝင်သည်ဟု ထိုဆရာဝန်က အတည်ပြုသည်။

သို့သော် စစ်တပ်က ထိုနေရာ၌ လူသူတွေ့လျှင် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေသဖြင့် သုံးရက်ကြာချိန်မှ အလောင်းကောက်နိုင်ခဲ့ကြောင်း၊ အရှင်လတ်လတ်သတ်ဖြတ်ခံရမှု ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် စီစဉ်နေဆဲဖြစ်ကြောင်း  ၎င်းက ပြောသည်။

ထို့အတူ ရုပ်အလောင်းအချို့တွင် တွေ့ရသည့် ထိုးသွင်းဒဏ်ရာများမှာ သေနတ်ကြောင့် သို့မဟုတ် ချွန်ထက်သော လက်နက်ကြောင့် ဆိုသည်ကိုမူ အတိအကျမပြောနိုင်ဟု ထိုဆရာဝန်က ဆက်ပြောသည်။

“ကွယ်လွန်သွားကြတဲ့ ပြည်သူတွေဟာ အသက်ရှင်နေတုန်းက ဘယ်လောက်ကြုံတွေ့သွားခဲ့ရသလဲ ဆိုတာ သူတို့နေရာမှာ ဝင်ပြီးခံစားလို့ရတဲ့ပုံတွေ(အထောက်အထားတွေ)ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လုံခြုံရေးအရ အမည်နှင့် ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသည့် ထိုဆရာဝန်က “တစ်သက်နဲ့တစ်ကိုယ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြင်တွေ့ရတဲ့နေ့”ဟု သတင်းစာရှင်းလင်းပွဲတွင် ရည်ညွှန်းပြောဆိုခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ရုပ်အလောင်းများနှင့်အတူ ကုန်တင်ကား ၆ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီး မီးရှို့ခံခဲ့ရကြောင်း၊ အလောင်းအရေအတွက် ခွဲခြားရန်ခက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဆီပီပါများ တင်ဆောင်လာသည့် ကုန်တင်ကား ၃ စီးကြားမှဖြစ်ကြောင်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲဌာနမှူး ဦးဘိုဘိုက ပြောသည်။

သေဆုံးသူစာရင်းတွင် Save the Children မှ ဝန်ထမ်း ၂ ဦး၊ နယ်ခြားစောင့်တပ်သား ၄ ဦး ပါဝင်သည်ဟု သူက ဆက်ပြောသည်။ 

စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးမှာ အခင်းဖြစ်သည့်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ သွားရောက်ညှိနှိုင်းသူများ ဖြစ်သည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ မိသားစုဝင်အချို့လည်း ပါဝင်သည်။ 

မီးရှို့ခံရသည့် နေရာတွင် တွေ့ရသော ထော်လာဂျီမှာ ၎င်း၏ ခင်ပွန်း စီးနင်းသွားသည့် ယာဉ်ဖြစ်ကြောင်း မိုဆိုကျေးရွာနေ ဦးဘူးရယ်၏ ဇနီးက အတည်ပြုသည်။

ဦးဘူးရယ်မှာ ထိုနေ့က နံနက် ၇ နာရီကျော်တွင် ဝါးခုတ်ရန် ထွက်ခွာသွားရာမှ မိသားစုထံ ပြန်မရောက်နိုင်တော့ဟု ၎င်းက ငိုလျက်ပြောသည်။

“(မိုဆိုကျေးရွာအနီး ပစ်ခတ်မှုများဖြစ်ချိန်) အဲဒီအချိန်မှာ ကျွန်မတို့ကလည်း ကြောက်လန့်ပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်” ဟု ဦးဘူးရယ်၏ ဇနီးက ပြောသည်။

“အခုကျန်ခဲ့တဲ့ မိသားစုလေးစုကလည်း ဒုက္ခတွေ တအားရောက်ခဲ့ရတယ်။ တငိုငို တရယ်ရယ် ထမင်းတွေ ဘာတွေ မစားနိုင်မသောက်နိုင်။ သားသမီးကလည်းငယ်တော့ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်”

ဝါးခုတ်ရန် သွားရောက်စဉ်က ဓားသာ ယူဆောင်သွားသဖြင့် စစ်ကောင်စီက သတင်းထုတ်ပြန်သကဲ့သို့ ပြန်လည်ပစ်ခတ်ခြင်းမဟုတ်နိုင်ကြောင်း ဦးဘူးရယ်၏ဇနီးက ဆက်ပြောသည်။

စစ်ကောင်စီကမူ ထိုနေ့က ထိုနေရာတွင် မော်တော်ယာဉ် ၇ စီးက ရပ်ပေးရန် ငြင်းဆန်သဖြင့် ပစ်ခတ်ခဲ့ကြောင်း နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။ မီးရှို့သည်၊ အလောင်းဖျောက်သည် ဟူသော အချက်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်း မရှိပေ။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ထိုဖြစ်ရပ်တွင် အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ ဦးသေဆုံးသည်ဟု BBC သတင်းဌာနကို ဒီဇင်ဘာလအတွင်းတွင် ပြောထားသည်။

မိသားစုဝင်များ၊ NUG ဝန်ကြီးများ၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့ကမူ သေဆုံးသူတို့မှာ ခရီးသွားများ၊ ဒေသခံများသာဖြစ်ကြောင်း၊ စစ်ကောင်စီပြောသကဲ့သို့ တားဆီးစဉ် မော်တော်ယာဉ်များ ရပ်မပေး၍ ပစ်ခတ်ခံရသည့်​ PDF များ မဟုတ်ကြောင်း တုံ့ပြန်သည်။

ခန္ဓာကိုယ်များ၊ မော်တော်ယာဉ်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းထဲ မီးရှို့ခြင်းမှာ စစ်ကောင်စီက သဲလွန်စမကျန်အောင် လုပ်ခဲ့ခြင်း သာဖြစ်သည်ဟု သုံးသပ်ရကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တရားမျှတမှုရှာဖွေနိုင်ရေး အရေးယူပေးရန် ကွယ်လွန်သူတို့၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြသလို ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC)တွင် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံသို့လည်း အချက်အလက်များပေးပို့သွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ကတိပြုသည်။

“သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူများရဲ့ဘဝကို စာနာနားလည်ပါတယ်။ စာနာနားလည်ရုံတင်မကဘဲနဲ့ ကျူးလွန်သွားတဲ့ စစ်ကောင်စီအပါအဝင် အဓိကတာဝန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကို တရားဥပဒေအရ ဖော်ဆောင်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထွက်ပေါ်လာသည့် အထောက်အထားများနှင့် ပတ်သက်၍ စစ်ကောင်စီထံ ​မေးမြန်းနိုင်ခြင်း မရှိသေးပေ။ myanmar now

မြ၀တီမြို့နယ်၊ မင်းလက်ပန်နှင့်ဖလူးကြီးတွင် တိုက်ပွဲများ တစ်နေကုန်ဖြစ်၊ကျည်ဆန်များ DKBA ထိန်းချုပ်နယ်မြေအတွင်း ကျရောက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပန်နှင့် ဖလူးကြီးကျေးရွာတို့တွင် တိုက် ပွဲများ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တစ်နေကုန်ဖြစ်ပွားလျက်ရှိပြီး ကျည်ဆန်များ DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ ကျရောက်မှုရှိကြောင်း စစ်ရေး မြေပြင်သတင်းရပ်ကွက်က ပြောသည်။ စစ်ကောင်စီတပ်များသည် မင်းလက်ပန်နှင့် ဖလူးကြီးကျေးရွာဘက်တွင် အင်အားဖြည့်တင်းလာပြီး ရသေ့ဂူဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်လာကြောင်း၊ ယင်းနောက် ကရင်ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ နံနက် ၉ နာရီမှစတင်ဖြစ်ပွားလာပြီး တစ်နေကုန်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရှေ့တန်း စစ်မြေပြင် သတင်းရပ်ကွက်က‌ ပြောသည်။

“ဖြစ်တာကတော့ နံနက် ၉ နာရီလောက်ကတည်းကဖြစ်တာ။ မင်းလက်ပန်နဲ့ဖလူးဘက်မှာ စစ်ကောင်စီက ၂၀၀ ကျော်အင်အားဖြည့်တယ်။ သူတို့စစ် ကြောင်း ထိုးမယ့်ပုံက ရသေ့ဂူဘက်ကို ဦးတည်တဲ့ပုံပဲ။ လက်နက်ကြီးတွေနဲ့ တစ်နေကုန်ထုတယ်။ ကျနော်တို့ သိရသလောက်ကတော့ DKBA ထိန်းချုပ်နယ်မြေ ဖလူးလေးဘက်ကို စကစ ပစ်တဲ့ ကျည်တွေကျတယ်လို့သိရတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာက ဗိုလ်စလုံးစခန်းနဲ့စစ်ရှောင်စခန်းတွေနဲ့ တအားကို နီးကပ်ပါတယ်”ဟု ရှေ့တန်းစစ်မြေပြင်တွင် ရောက်ရှိနေသော စစ်ရေးသတင်းရပ်ကွက်က ပြောသည်။

လက်ရှိအချိန် နှစ်ဖက်အထိအခိုက် အကျအဆုံးမသိရသေးဘဲ ညနေပိုင်းတွင် အနည်းငယ် ပြန်လည် ငြိမ်သက်သွားကြောင်း ၊ လက်နက်ကြီးပစ် ခတ်မှုများကြောင့် ကျေးရွာများဘက်သို့ ကျရောက်ပြီး ထိခိုက်မှုများရှိနိုင်သည်ဟုဆိုသည်။”တစ်နေကုန် ကျနော်တို့လည်း ဝပ်နေရတာပဲ။ အ ထိ အခိုက်အကျအဆုံးတော့ မသိရသေးဘူး။

တိုက်ပွဲကတော့ အတော်ကို ပြင်းထန်တယ်။ တစ်နေကုန်လောက် ကိုဖြစ်တာ။ အခုလည်း တစ်ချက် တစ်ချက် ပစ်ခတ်သံကြားနေရတယ်” ဟု မြေပြင်စစ်ရေးသတင်းရပ်ကွက်က ပြောသည်။ စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်များအကြား ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး လေးကေ့ကော်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ khit thit

ကုန်ရရှိမှုနည်းလာသဖြင့် ကုန်စည်ပို့ဆောင်ရေးကားအချို့ ရပ်နားထားရ

အခုအချိန်ဟာ ပွင့်လင်းရာသီဖြစ်ပေမဲ့ ကုန်စည်ပို့ဆောင်ရေး  ကုန်ရရှိမှုနည်းနေတာကြောင့် ကုန် ကားတချို့ ရပ်နားထားရတယ်လို့ အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ကုန်ရရှိဖို့ အခက်အခဲအပြင် လမ်းခရီး အချိန်ကြန့်ကြာမှုတွေကြောင့် ကုန်စည်စီးဆင်းမှုမှာလည်း လွယ်ကူချော့မွေ့မှုမရှိဘူးလို့ ဆိုကြပါ တယ်။

“ကုန်ရရှိမှုကနည်းတယ်။ ကုန်ရဖို့အတွက်ကို ကျနော်တို့ ယာဥ်ပိုင်းတွေအတော် အလုပ်လုပ်ရတယ်။ တစ်နေရာကနေ တစ်နေရာသွားတဲ့ အခါမှာလည်း အချိန်တွေအရမ်း ကြန့်ကြာတယ်။ လမ်းကြေး၊ စက်သုံးဆီစျေးတွေ တက်တယ်၊ ကားနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကလည်း တက်တယ်ဆိုတော့ တွက်ခြေမကိုက်ကြတော့ဘူး။ အဲတော့တချို့လည်း ရပ်ထားရတယ်။ ကား ၅ စီး ရှိရင်၂ စီးလောက်က ရပ်ထားရတယ်” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်စည် ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို၊ သယ် ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှု တွေရှိခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှု၀ါဒ အပြောင်းအလဲအပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ အရင်လို အလုပ်မဖြစ်တော့တာကလည်း ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပြီး၊ ငွေကြေးစီးဆင်းမှုအားနည်းနေတာ၊ အရောင်း အ၀ယ်တွေ  အား နည်းသွားတာ၊ စီးပွားရေးလုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတဲ့ အခြေအနေတွေကလည်း အဆိုပါ ကဏ္ဍအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။

အရောင်းအ၀ယ်လုပ်ငန်းတွေမှာ အရင်က အကြွေးစနစ်ကိုပါအသုံးပြုခဲ့ကြပေမဲ့  အခုအခါမှာ  ငွေကြေးစီးဆင်းမှု အားနည်းနေတာကြောင့် လက် ငင်းစနစ်နဲ့သာ နိုင်သလောက် ရောင်း၀ယ် လုပ်ကိုင်နေကြရတာ ဖြစ်လို့ကုန်စည်ရရှိမှု အရင်ထက်လျော့နည်းလာတယ်လို့ လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

တစ်ဘက်မှာလည်း စက်သုံးဆီစျေးနှုန်းအပါအ၀င် စရိတ်စကတွေ မြင့်တက်နေတာကြောင့် သယ်ယူပို့ဆောင်ခ နှုန်းထားတွေကမြင့်တက်နေပါတယ်။ အခုအခြေအနေတွေအတိုင်း ဆက်ရှိနေမည်ဆိုပါက ရည်ရှည်မှာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေရပ်နားရတဲ့အထိ ဖြစ်လာနိုင်တာကြောင့် လုပ်ငန်းရှင် တွေက စိုးရိမ်မှုတွေလည်း  ရှိနေကြပါတယ်။ DVB

« Older Entries