မြဝတီမြို့တောင်ဘက်တွင် ယနေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ ဇန်နဝါရီ ၃ ရက် တရက်တည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ၄ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဘက်က နယ်မြေကျူးကျော်ဝင်ရောက်တဲ့အတွက် KNLA/ KNDO/ PDF အဖွဲ့မှတပ်ခွဲအဆင့်ရှိတဲ့ ဗိုလ်စောအာဇာနည်၊ ဗိုလ်စောအဲ့ထူး ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တွန်းလှန်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ ဖြစ်ပွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေမှာ နှစ်ဘက်သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကို တော့ အတည်ပြုလို့ မရသေးပါဘူး။
တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကမ်းမှာ ယာယီမှီခိုနေကြတဲ့ စစ်ရှောင်တွေကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးကြပြီး တချို့ကတော့ သေ့ဘောဘိုးရွာဘက်မှာ စစ်ဘေး ရှောင်နေကြတယ်လို့ တိုက်ပွဲဖြစ်ဒေသမှ သွားရောက်ကူညီပေးသူက ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာရှိ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ရာကနေ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပတ်ဝန်းကျင်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ပြည်တွင်းနဲ့ ထိုင်းနိုင်ငံမှာ စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ပြီး အိမ်ခြံအတွင်းမှ ပစ္စည်းတွေ၊ ကားဆိုင်ကယ်နဲ့ တခြားတန်ဖိုးရှိ လူသုံးကုန်ပါမကျန် ခိုးယူသွားတယ်လို့ စစ်ဘေးရှောင်ရွာသားတွေက ပြောပါတယ်။ DVB