မြ၀တီမြို့နယ်၊ မင်းလက်ပန်နှင့်ဖလူးကြီးတွင် တိုက်ပွဲများ တစ်နေကုန်ဖြစ်၊ကျည်ဆန်များ DKBA ထိန်းချုပ်နယ်မြေအတွင်း ကျရောက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပန်နှင့် ဖလူးကြီးကျေးရွာတို့တွင် တိုက် ပွဲများ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး တစ်နေကုန်ဖြစ်ပွားလျက်ရှိပြီး ကျည်ဆန်များ DKBA ထိန်းချုပ်နယ်မြေအတွင်းသို့ ကျရောက်မှုရှိကြောင်း စစ်ရေး မြေပြင်သတင်းရပ်ကွက်က ပြောသည်။ စစ်ကောင်စီတပ်များသည် မင်းလက်ပန်နှင့် ဖလူးကြီးကျေးရွာဘက်တွင် အင်အားဖြည့်တင်းလာပြီး ရသေ့ဂူဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်လာကြောင်း၊ ယင်းနောက် ကရင်ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ နံနက် ၉ နာရီမှစတင်ဖြစ်ပွားလာပြီး တစ်နေကုန်ဖြစ်ပွားခြင်းဖြစ်ကြောင်း ရှေ့တန်း စစ်မြေပြင် သတင်းရပ်ကွက်က ပြောသည်။
“ဖြစ်တာကတော့ နံနက် ၉ နာရီလောက်ကတည်းကဖြစ်တာ။ မင်းလက်ပန်နဲ့ဖလူးဘက်မှာ စစ်ကောင်စီက ၂၀၀ ကျော်အင်အားဖြည့်တယ်။ သူတို့စစ် ကြောင်း ထိုးမယ့်ပုံက ရသေ့ဂူဘက်ကို ဦးတည်တဲ့ပုံပဲ။ လက်နက်ကြီးတွေနဲ့ တစ်နေကုန်ထုတယ်။ ကျနော်တို့ သိရသလောက်ကတော့ DKBA ထိန်းချုပ်နယ်မြေ ဖလူးလေးဘက်ကို စကစ ပစ်တဲ့ ကျည်တွေကျတယ်လို့သိရတယ်။ အခု တိုက်ပွဲဖြစ်တဲ့နေရာက ဗိုလ်စလုံးစခန်းနဲ့စစ်ရှောင်စခန်းတွေနဲ့ တအားကို နီးကပ်ပါတယ်”ဟု ရှေ့တန်းစစ်မြေပြင်တွင် ရောက်ရှိနေသော စစ်ရေးသတင်းရပ်ကွက်က ပြောသည်။
လက်ရှိအချိန် နှစ်ဖက်အထိအခိုက် အကျအဆုံးမသိရသေးဘဲ ညနေပိုင်းတွင် အနည်းငယ် ပြန်လည် ငြိမ်သက်သွားကြောင်း ၊ လက်နက်ကြီးပစ် ခတ်မှုများကြောင့် ကျေးရွာများဘက်သို့ ကျရောက်ပြီး ထိခိုက်မှုများရှိနိုင်သည်ဟုဆိုသည်။”တစ်နေကုန် ကျနော်တို့လည်း ဝပ်နေရတာပဲ။ အ ထိ အခိုက်အကျအဆုံးတော့ မသိရသေးဘူး။
တိုက်ပွဲကတော့ အတော်ကို ပြင်းထန်တယ်။ တစ်နေကုန်လောက် ကိုဖြစ်တာ။ အခုလည်း တစ်ချက် တစ်ချက် ပစ်ခတ်သံကြားနေရတယ်” ဟု မြေပြင်စစ်ရေးသတင်းရပ်ကွက်က ပြောသည်။ စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်များအကြား ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး လေးကေ့ကော်တွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ khit thit