တောင်သာမြို့နယ် NLD ပါတီ၏မြို့နယ်လူ ငယ်လုပ်ငန်းအဖွဲ့၀င် ၁ ဦး စစ်ကြောရေးတွင်သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ပါတီ၏ မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၀င် ကိုသိန်းစိုး(ခ)သန်းစိုးသည် ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ သေဆုံးသွားကြောင်း တောင်သာ NLDပါတီ၏ သတင်းနှင့်ပြန် ကြားရေး တာ၀န်ခံ ဦးဇော်ထွေးက ပြောသည်။
” ၂၆ ရက် ညကလိုပဲ အ၀တ်တွေချွတ်ပြီးနှိပ်စက်တာစစ်ကြောရေး ရောက်တဲ့အထိပဲ။ သူ့ကိုအရက်မူးအောင်တိုက်ပြီးစစ်တယ်။ သူတို့လိုချင်တဲ့ အဖြေမရတော့ သူ့ကို ခြေသည်း၊ လက်သည်းခွံတွေ ခွာပစ်တယ်။ တမံတလင်းကြမ်းပြင်ပေါ် တုံးလုံးလှဲခိုင်းပြီး ရေနဲ့လောင်းတယ်။
ကြမ်းပြင်ကိုလည်း ရေစိုအောင်အမြဲထားပြီး နှိပ်စက်တာ မနေ့က သေသွားတယ်။ အလောင်းလည်း ပြန်မပေးဘူး။ မိသားစု၀င်တွေကိုလည်း အကြောင်းမကြားဘူး”ဟု ၎င်းကမဇ္ဈိမကိုပြောသည်။ တောင်သာမြို့နယ် အ.ထ.က (၁)စာသင်ကျောင်းတွင် ပြုလုပ်ထားသည့် စစ်ကြောရေးစခန်းတွင် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပြီး ကိုသိန်းစိုးကို ထိုစခန်းတွင် နှိပ်စက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံဟောင်း ကိုပြည့်ဖြိုးမောင် နှင့် စည်းရုံးရေးမှူးနှစ်ယောက်တို့ အတူဦးဆောင်ကာ ဖမ်းဆီးခံရသူများကို နှိပ်စက်လေ့ရှိကြောင်းလည်း ဦးဇော်ထွေးက ပြောသည်။ အသက် ၂၈ နှစ် အရွယ်ရှိ ကိုသိန်းစိုးသည် NLD ပါတီအဖွဲ့၀င်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ရှေ့ဆုံးမှ အလံကိုင်ခဲ့သူဖြစ် သောကြောင့် တောင်သာမြို့မ ရဲစခန်းက ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက် ညဉ့်နက်ချိန်တွင် စစ်ကောင်စီတပ်က ၎င်းအား ဖမ်းမိခဲ့ပြီးနောက် အဝတ်များချွတ်၍ ထိုစစ်ကြောရေးစခန်းတွင် တစ်ပတ်ကြာနှိပ်စက်ခဲ့ကြောင်း နီးစပ်သည့် ဒေသခံများကဆိုသည်။
၎င်းအား မဖမ်းဆီးခင် ဒီဇင်ဘာလ ၂၀ ရက်ကလည်း မြင်းခြံမြို့နယ် အမှတ် (၁၆) ရပ်ကွက်မှ ဒလန်ဆိုသူ အမျိူးသမီး၏ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦးမှာလည်း အဆိုပါ စစ်ကြောရေးတွင်ပင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အလောင်းဖျောက်ဖျက်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ mizzima