Monthly Archives: Jan 2022

ပျူစောထီး အရေးနိမ့်သည့် ဝက်လက်အရှေ့ပိုင်းရွာများ ပစ်မှတ်ထားခံနေရ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် ချေမှုန်းခံနေရသော ပျူစောထီးတပ်ဖွဲ့တစ်ခုကို စစ်တပ်က လေကြောင်းပစ်ကူဖြင့် သွားရောက် ကယ်ထုတ်အပြီးတွင် အနီးဝန်းကျင်ကျေးရွာများကို စီးနင်းရှာဖွေနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဒေသတွင်း ရောက်လာသည့် စစ်သား အင်အား ၃ဝဝ ခန့် ရှိလာပြီဟု ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ခွဲ-၂ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းသည်။

“ညောင်ပင်ကြီးတောဘက်ကို မနေ့က လာပို့တဲ့ (စစ်သား) အင်အား ၅ဝ လောက်က ရွာသားတွေကို ဖမ်းပြီး မေးတာ မြန်းတာလုပ်တယ်လို့ သိရတယ်။ အခုတော့ ပြန်လွှတ်လိုက်ပြီလို့လဲ ကြားတယ်” ဟု ထိုပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

“ညတွင်းချင်းကိုပဲ ခြေလျင်စစ်ကြောင်းကလဲ အင်အားတိုးတယ်။ ဝက်လက်ကို ထိန်းချင်ပုံပေါ်တယ်။ (စစ်တပ်က) အထက်ပိုင်းကို ထောက်ပို့လုပ်ချင်တာမှာ ဒီဘက်က တိုက်ခိုက်မှုတွေလုပ်တော့ ပို့မရလို့ ထိန်းချင်ပုံရတယ်”

နယ်မြေ ကျွမ်းကျင်မှုမရှိသော၊ ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်ပုံရသော စစ်သားတို့က ဒေသခံ ငါးဦးကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားလာနေသည်ဟု သိရကြောင်း ညောင်ပင်ကြီးတောရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

“အခုဖြစ်နေတဲ့ရွာက တိုက်ပွဲလည်းမရှိဘူး။ သူတို့ကို ခံပစ်နေတဲ့လူလည်းမရှိဘူး။ အဲဒါကို အပေါ်ကနေ ဗုံးကြဲတယ်၊ ရွာသားတွေကို လိုက်ပစ်တယ်” ဟု အမည်မဖော်လိုသော အထက်ပါအမျိုးသားက ပြောသည်။

“တိုက်ပွဲကလဲး ပြီးခဲ့တဲ့ရက်က ဘုရားလေးကုန်းရွာဘက်မှာဖြစ်တာ၊ အခုလဲ သေနတ်သံတွေ ကြားနေရတာ၊ ပေါက်ကန်ဘက်မှာ လှည့်ပစ်နေတယ်”

လှည့်လည် ပစ်ခတ်စီးနင်းခံရသည့် ရွာများမှာ ပေါက်ကန်၊ ကူကောင်း၊ ရေသောက်ကန်၊ ဆီးဖြူကုန်း၊ ညောင်ပင်ကြီးတော စသည့် ကျေးရွာများဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါရွာများမှ ဒေသခံ နှစ်ထောင်ကျော်ခန့်မှာ လုံခြုံမည်ဟု ယူဆရသည့် နီးစပ်ရာ တောများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်တပ်က ထွက်ပြေးတိမ်းရှောင်ကြများကို လိုက်လံပစ်ခတ်ခြင်း၊ ရွာအနီးသို့ ပြန်လာသည့် ဒေသခံများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသည်ဟု ‌ညောင်ပင်ကြီးတောကျေးရွာ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“ရွာသူရွာသားတွေက ဘေးလွတ်ရာ တောတွေထဲ ပြေးနေကြရတာကို နောက်ကနေ လိုက်ပစ်နေတာ၊ ရွာတွေ လှည့်ပြီး မွှေနေတာ။ ကျွန်တော်တို့ ရွာထဲက အိမ်သုံးအိမ်မှာ အဲဒီကောင်တွေ တပ်စွဲထားတယ်”ဟု အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်က ဆိုသည်။

စစ်တပ်၏ လေကြောင်း၊ ကြည်းကြောင်း ပစ်ခတ်မှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများ အထိအခိုက်ရှိသည်ဟု ကြားသိရသော်လည်း ထွက်ပြေးနေကြရသည့်အခြေအနေဖြစ်သည့်အတွက် အသေးစိတ် မသိရသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

စစ်တပ်က ကျေးလက်ဒေသပြည်သူတို့ကို ရန်ပြု သောင်းကျန်းနေသည်ဟူသော ပြောဆိုမှုများနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီပြန်ကြားရေးဌာန တာဝန်ရှိသူတို့၏ တုံ့ပြန်ချက် ရယူရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပါ။  

ဒီဇင်ဘာ ၃၁ တွင် စစ်ကောင်စီဘက်တော်သား အရပ်ဝတ် လက်နက်ကိုင်အဖွဲ့ ပျူစောထီးတို့သည် ဘုရားလေးကုန်းကျေးရွာတွင် စခန်းချထားစဉ် ဝက်လက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဝက်လက် PDF) နှင့် တိုက်ပွဲ နှစ်ရက်ကြာ ဖြစ်ပွားစဉ် စစ်တပ်က လေကြောင်းမှ ပစ်ကူပေးခဲ့သည်။

ယမန်နေ့ (ဇန်နဝါရီ ၃) ကလည်း ညောင်ပင်ကြီးတောရွာပြင်ရှိ ဘုန်းကြီးကျောင်းအနီး ရဟတ်ယာဉ် ၃ စီးဖြင့် စစ်သား ၅ဝ ခန့်ကို လာရောက်ပို့ဆောင်ရင်း အနီးဝန်းကျင်ကို တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ရွှေဘို-မန္တလေးကားလမ်းတစ်လျှောက်နှင့် စစ်ကိုင်း၊ မန္တလေးဘက်မှ မြန်မာပြည်အထက်ပိုင်းသို့ ထောက်ပံ့ပို့ဆောင်ရေးလုပ်သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဝက်လက် PDF တပ်ခွဲ-၂  ပြန်ကြား‌ရေးအဖွဲ့ဝင်က ဆိုသည်။

“စစ်ကိုင်းက တပ်မ ၃၃ က ထွက်လာသမျှ ကုန်းကြောင်းတပ်တွေ မိုင်းဆွဲတာ တအားခံနေရတော့ ဝက်လက်ကို ရသ‌လောက် ဖိချင်တာ”ဟု သူ က ပြောသည်။

“ကျွန်တော်တို့ (သတင်း) ရင်းမြစ်တွေဆီက ကြားရသလောက် ဝက်လက်ကို ထိန်းနိုင်အောင် လုပ်နေတာ သေချာတယ်၊ အထက်ပိုင်းကို လေ ယာဉ်နဲ့ချည်း ထောက်ပို့လုပ်ရတာ အခက်အခဲရှိပုံရတယ်”

မကြာသေးမီက ဝက်လက်မြို့နယ်၏ စစ်ကောင်စီဥက္ကဋ္ဌပါ မိုင်းခွဲ သတ်ဖြတ်ခံထားရသည်။

ဝက်လက်မြို့နယ်သာမက အနီးအနားရှိ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ အရာတော် အစရှိသည့် မြို့နယ်များသည်လည်း စစ်ကောင်စီကို အပြင်းအထန်ခုခံတိုက်ခိုက်နေသော ဒေသများ ဖြစ်သည်။  myanmar now

မှော်ဘီတွင် စစ်ကောင်စီ စီစဉ်သည့် ဘောလုံးပွဲ ကျင်းပနေစဉ် ဗုံးပေါက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ယင်းတိုက်ပင် ကျေးရွာအုပ်စု သဲဖြူကျေးရွာ ဘောလုံးကွင်း အတွင်း၌ ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပနေစဉ် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

နံနက် ၈ နာရီ ၂၇ မိနစ် နှင့် ၃၇ မိနစ်တို့တွင် တစ်ကြိမ်စီ ဖောက်ခွဲခဲ့သည်ဟု ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF) အဖွဲ့ဝင်က ပြောသည်။ “ပွဲကျင်းပတာက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အထက်က ခိုင်းလို့ လုပ်တာပါ။ ပွဲအတွင်းမှာ ရွာသားတွေနဲ့ အတူ စစ်သားတွေလည်း အရပ်ဝတ်နဲ့ ဝင်ကန်ပါတယ်။

ပထမအလုံး ကွဲချိန်မှာ ပြည်သူ အတော်များများ ပြန်သွားပါတယ်။ ဒါပေမဲ့ တချို့ကျန်နေတယ်။ အဲ့ဒါကြောင့် သတိထားပြီး နောက်အလုံးကို ခွဲလိုက်ရတယ်။ ပြည်သူတွေ မထိအောင်လို့” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီ တပ်သားများက ပြည်သူများကြားတွင် အသွင်ယူ ရောနှောနေ၍ ထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်ပြီး ဘောလုံးပွဲ ပျက်သွားသည်ဟု ဆိုသည်။

“သူတို့မြို့ပေါ်မှာ တရားဝင် မလုပ်ရဲလို့ ချောင်ထဲမှာ လာလုပ်တယ်လို့ ထင်ပါတယ်။ လုံခြုံရေးယူတဲ့ တပ်က သူတို့ နေ့လယ်ဘက်ဆို ရဲဝတ်စုံနဲ့ ကျောင်းရှေ့မှာ စောင့်ပြီး ညဘက်ဆို စစ်ဝတ်စုံနဲ့ ရွာထဲမှာ ကင်းလှည့်ပါတယ်။ ရွာထိပ် မူလတန်းကြိုကျောင်းမှာ တပ်ဆွဲထားပြီး ညဆို ဓမ္မာရုံမှာ အိပ်ကြတယ်”ဟု ACPLF အဖွဲ့ဝင်က ပြောသည်။ ထိုလုပ်ဆောင်မှုကို အာဏာသိမ်း ဆန့်ကျင်ရေးနှင့် ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့(ACPLF )အဖွဲ့၊ မှော်ဘီ့ရင်သွေးတပ် (Hmawbi Youth Army) နှင့် မှော်ဘီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (People Defence Force – Hmawbi) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

နမ့်ခမ်းဈေးတွင် ဆက်ကြေးလာကောက်သူ ၂ ဦး ပစ်သတ်ခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မဈေးကြီးထဲမှာ ဇန်နဝါရီ ၄ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ဆက်ကြေးလာကောက်တဲ့  TNLA တအာင်းလက်နက်ကိုင်အဖွဲ့က ၂ ယောက် ပစ်သတ်ခံရတယ်လို့  ဈေးသူဈေးသားတွေက ပြောပါတယ်။

အပစ်ခံရတဲ့နေရာဟာ မန့်နောင်တန်းလို့ခေါ်တဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချတဲ့ ဈေးတန်းမှာဖြစ်ပြီး အပစ်ခံရသူ ၂ ဦးဟာ ဒီမတိုင်ခင်က ဆက်ကြေးလာကောက်ခဲ့တယ်လို့ နမ့်ခမ်းဈေးရောက် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့ နှစ်ယောက်က မနေ့ တနေ့ကတည်းကလည်း ဆက်ကြေးလာကောက်သွားတယ်လို့ ကြားတယ်။ ဒီနေ့လည်းလာကောက်တယ်တဲ့။ မန့်နောင်တန်းနားရောက်တော့ အပစ်ခံရတယ်။ အဲတုန်းက ကျနော်ကပစ္စည်းဝယ်ပြီးပြန်လာတာ အိမ်ရောက်ခါနီးပြီ။ ဈေးထဲကသူငယ်ချင်းက ပစ္စည်းလာသိမ်းကူဦးဆိုပြီး ဖုံးဆက်တော့ ပြန်သွားတာ ရဲနဲ့ တာဝန်ရှိသူတွေရောက်နေပြီ။ ပြီးတော့ နာရေးကူညီမှုအသင်းက ကားနဲ့လာသယ်သွားတယ်။ ဈေးတော့မပိတ်သေးဘူး။ ဒါပေမဲ့ အကုန် ထိတ်လန့်ပြီး ပစ္စည်းသိမ်းကြ၊ ဆိုင်ပိတ်ကြနဲ့ ရှုပ်ယှက်ခတ်ကုန်တယ်။”

သူတို့ဘယ်လိုလုပ်ပြီးအပစ်ခံရတယ်ဆိုတာတော့ မသိရကြောင်း၊ ဈေးထဲရောက်နေသူတွေက သေနတ်သံ ၁၀ ချက်လောက်ကြားတယ်လို့ပြောပြီး အနီးကပ်တေ့ပစ်တယ်လို့ ယူဆကြောင်း၊   ဈေးထဲမှာလည်း လူစည်ကားနေတာကြောင့် အဝေးကနေပစ်ရင် တခြားသူတွေပါထိ မှန်နိုင်တယ်လို့ နမ့်ခမ်းဒေသခံကပြောပါတယ်။ 

သေဆုံးသူတွေကို နမ့်ခမ်းဆေးရုံက ဆေးစစ်ဆေးပြီး နာရေးကူညီမှုအဖွဲ့က သင်္ချိုင်းကုန်းကို‌သယ်ဆောင်ကာ မီးသင်္ဂြိုလ်ဖို့ပြင်နေချိန် TNLA လက်နက်ကိုင်အဖွဲ့ကလူ တွေရောက်လာပြီး နာကူအဖွဲ့ကို သေနတ်နဲ့ချိန်ကာ အလောင်း ၂ လောင်းလုံး ပြန်လုသွားတယ်လို့ နောက်ထပ်နမ့်ခမ်းဒေသခံတစ်ဦးကလည်း ပြောပါတယ်။ 

သေနတ်ပစ်ခံရသူနဲ့ အလောင်းပြန်လုသွားသူတွေဟာ TNLA အဖွဲ့ဝင်တွေဟုတ်မဟုတ် အတည်ပြုဖို့အတွက် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူတွေကို ဒီဗွီဘီကဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး ၊ သူတို့ပြန်ကြားရေးဌာနကတော့ မသိရကြောင်း၊ ပြောခွင့်ရပုဂ္ဂိုလ်သာဖြေခွင့်ရှိ ကြောင်း ပြောပါတယ်။

အဆိုပါဈေးကြီးဟာ ဆိုင်ခန်းပေါင်း ၂၀၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက PSLF/TNLA အဖွဲ့က အဖွဲ့အစည်းရံပုံငွေအတွက်လို့ဆိုကာ ဆက်ကြေးတွေကျပ်သိန်းနဲ့ချီ ကောက်ခံနေတာကြောင့် ဈေးသူဈေးသားတွေက  ၅ ရက်တာ ဈေးပိတ်ပြီးဆန္ဒပြခဲ့ကြပါတယ်။ 

PSLA/TNLA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ သူတို့ဟာ TNLA တပ်စဖွဲ့ကတည်းက လှုပ်ရှားနယ်မြေတွေမှာ အခွန် ကောက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာလမှာ ပြည်သူတွေအခက်အခဲကိုနားလည်လို့ အခွန်အခလျော့ပေးတာတွေရှိကြောင်း၊ နှစ်နဲ့ချီ အခွန်ကောက်လာပြီး ခုမှဆန္ဒပြခံရတာတော့ သွေးထိုးသူတွေရဲ့ပယောဂကြောင့်သာ ဖြစ်ပြီး ဆန္ဒပြခံ ရပေမဲ့ အခွန်ကတော့ ဆက်ကောက်သွားမယ်လို့ ဒီဗွီဘီကို အရင်လက ပြောထားပါတယ်။ 

အခုလို သူတို့တပ်ဖွဲ့ဝင်တွေအပစ်ခံရတာကြောင့် ဈေးထဲလာပြီးဒုက္ခပေးမှာကိုလည်း ကြောက်ရွံ့နေကြတယ်လို့ နမ့်ခမ်းမြို့ခံက ပြောပါတယ်။ DVB

ရန်ကုန်လှော်ကား နယ်မြေရဲစခန်းကို လက် ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ရဲတစ်ဦးသေ ဆုံးကာ တစ်ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းကို ယနေ့ နံနက် ၅ နာရီအချိန် ဒေသကာကွယ်ရေးတပ်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်မှ ပြောသည်။ MIYD Joint Forcesက ယနေ့ ဇန်နဝါရီ လ ၄ ရက်နေ့ နံနက် ၅ နာရီအချိန် ​ရွေပြည်သာ၊​လှော်ကားနယ်​မြေရဲစခန်းအား ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ၀င်​ပေါက်တွင် ကင်း​စောင့်​နေ​သော ရဲ​တစ်ဦး ​သေဆုံးခဲ့ကာ ကျန် တစ်ဦးလည်းဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရဲတစ်ဦးကတော့ ဗုံးထိပြီး သေတယ်။ နောက်တစ်ဦးလည်းဒဏ်ရာရတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်လည်း ဘေးကင်းပါတယ်” ဟု MIYD မှ တာ ဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရုံးကို MIYD က ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး၊ ကင်းစောင့်စစ်သားအပါအဝင် ၄ ဦးသေဆုံးသွားခဲ့ပြီး စစ်သားလည်း အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ khit thit

တမူးမြို့တွင် ပျူစောထီး အချင်းချင်း ပစ်ခတ် ၍ ၁ ဦးသေ

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ပျူစောထီးများ မူးယစ်သောက်စားပြီး အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးသွားကြောင်း ဒေသခံက ပြောသည်။“သူတို့ ပျူတွေ လူစုပြီး သေနတ်မျိုးစုံနဲ့ ပြည်သူတွေကို ပစ်သတ်ဖို့ လုပ်ကြတာမှာ လူတွေမတွေ့တော့ သောက်စားပြီး စကားများကြလို့ အဲလိုဖြစ်သွားတာလို့ ကြားတယ်” ဟု တမူးဒေသခံက ပြောသည်။

နှစ်သစ်ကူးည ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပျူစောထီးများ စုရုံးပြီး လက်နက်ပေါင်းစုံ ကိုင်ဆောင်ကာ ည ၁၂ ရီ နောက်ပိုင်း အပြင်တွင် တွေ့သည့်လူ အကုန်ပစ်သတ်မည်ဟုဆိုကာ မြို့တွင်းသို့ လှည့်လည်ခဲ့ကြောင်း ပျူစောထီးများနှင့် နီးစပ်သည့် ၎င်းဒေသခံက ပြောသည်။မြို့တွင်း၌ ပြည်သူများကို မတွေ့ရသောကြောင့် အရက်သောက် စကားများရာက သေနတ်ဖြင့် ပစ်ခတ်မိပြီး တမူးမြို့စော်ဘွား (၇) ရပ်ကွက်နေ ကိုအဲမင်း (၄၄) နှစ် ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ကိုအဲမင်းအား တမူးမြို့မှ ကလေးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ အခြေအနေ မကောင်းသည့်အတွက် နေပြည်တော်သို့ ပို့ဆောင်စဉ် လမ်းခရီးတွင် သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်နေ့က တမူး သုဿန်တွင် သင်္ဂြိုလ်ခဲ့ကြောင်း တမူးဒေသခံက ပြောသည်။ mizzima

တောင်တွင်းကြီးမြို့ ၌ ၃ ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ အပြစ်မဲ့ ဒေသခံပြည်သူ အယောက် ၃၀ လောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တောင်တွင်းကြီးမြို့မှာ စစ်ကောင်စီသတင်းပေး ဒလန်တွေနဲ့ ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး အသတ်ခံရတဲ့ကိစ္စနဲ့ ၃ ရက်အတွင်းမှာ အပြစ်မဲ့ ပြည်သူ ၃၀ ယောက်လောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတာလို့ တောင်တွင်းကြီးမြို့ခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ တောင်တွင်းကြီးမြို့ပေါ်နဲ့ မြို့ဝင်ဂိတ်တွေမှာ အင်အားသုံးပြီးတော့ အရပ်ဝတ်တွေနဲ့ကော၊ ယူနီဖောင်းတွေနဲ့ပါ ခရီးသွားပြည်သူတွေ ခန္ဓာကိုယ်တွေနဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို လှည့်ပတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးစစ်ဆေးခံရတဲ့ ပြည်သူတွေကို တောင်တွင်းကြီးမြို့မရဲစခန်းနဲ့ မြို့တော်ခန်းမမှာထားပြီး စစ်ဆေးနေကာ အမှန်တကယ် ပြုလုပ်တဲ့သူတွေကို မိအောင်မဖမ်းနိုင်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေကြတာလို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့ခံ လူငယ်တစ်ယောက်ကတော့ “ကျနော်တို့ မျိုးဆက်တွေရဲ့ ဘဝဟာ လုံခြုံမှုလည်း မရှိတော့ဘူး။ ဆိုင်ကယ်လည်း ၂ ယောက်စီးခွင့်မရှိဘူး။ အပြင်ထွက်လည်း စစ်ကောင်စီတပ်တွေက ဖမ်းချင်သလိုဖမ်းနေကြတော့ ကျနော်တို့တွေရဲ့ အနာဂတ်တွေကိုပါ ရိုက်ချိုးခံနေရတယ်” လို့ ပြောပါတယ်။

အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ အတိကျသိရှိနိုင်ဖို့ တောင်တွင်းကြီး မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိဘဲ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး အသတ်ခံရတာနဲ့ ပတ်သက်လို့ မသင်္ကာတဲ့သူတွေကို ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။ DVB

လွတ်လပ်သော သတင်းမီဒီယာများကို လူကုန်ကူးနေသည်ဟု အပုပ်ချ

မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ Myanmar၊ DVB နဲ့ RFA သတင်းဌာနတွေဟာ အရွယ်မရောက်သေးတဲ့ အမျိုး သမီးတွေကို လူကုန်ကူးပြီး ပြည့်တန်ဆာလုပ်ငန်းနဲ့ ဇိမ်ခန်းတွေထဲကို အတင်းအဓမ္မ ထိုးထည့်တယ်ဆိုပြီး Myanmar Hard Talk က Aung Min ဆိုတဲ့လူ ပြောဆိုထားတဲ့ ရုပ်သံသတင်း အမှားတစ်ခုကို (Myanmar Hard Talk) MHT News Youtube Channel မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က တင်ထားတာကို တွေ့ရပါတယ်။

မီဒီယာ အံတုမှု အစီအစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံကို ဖန်တီးထားတာ ဖြစ်ပေမယ့် MHT Youtube Channel မှာ တင်ထားတဲ့ ရုပ်သံမှာတော့ ရုပ်သံပါ သတင်းခေါင်းစဉ်ကို မယူပဲ ပြည်ပအထောက်အပံ့ခံ သတင်းဌာနများအား လေ့လာခြင်း ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။

Myanmar Hard Talk မှ Aung Min ဆိုသူက “မဇ္ဈိမရယ်၊ ဧရာ၀တီရယ်၊ ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်း ရယ်၊ DVB သတင်းဌာနတွေက အဓိကအားဖြင့် သူတို့ ဘာလုပ်လဲဆိုတော့ လူကုန်ကူးမှုလုပ်တယ်။ အရွယ်မ ရောက်သေးတဲ့ အမျိုးသမီးငယ်များကို သတင်းလုပ်ငန်းမှာ လုပ်ကိုင်ရမယ်ဆိုပြီးတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဇိမ်ခန်း တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းကို အတင်းတွန်းထည့်တဲ့ အလုပ်တွေ လုပ်တာကို ကျနော်တို့တွေ့ရတယ်။ ဒါ ၂၀၂၁ ခုနှစ်အတွင်းမှာပေါ့နော်” လို့ ပြောဆိုထားပါတယ်။ မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း၊ DVB သတင်းဌာနတွေ အပြင် RFA ၊ BBC သတင်းဌာန တွေကို လည်း အဲဒီလိုမျိုး အလုပ်တွေကို လုပ်တယ်ဆိုပြီး ပြောဆိုထားတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။ အဲဒီသတင်းဌာနတွေဟာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးတွေကို ထိုင်းနိုင်ငံထဲကို လူကုန်ကူးမှု လုပ်ဆောင် တာအပြင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေထဲကိုလည်း လူဦးရေ ငါးဆယ်ကျော်ကို လူကုန်ကူးခဲ့ တယ်ဆိုပြီး ပြော ဆိုထားတာကို တွေ့ရပါတယ်။

အဲဒီပြောဆိုမှုတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ Myanmar Now ၊ DVB ၊ RFA ၊ BBC စတဲ့ သတင်းဌာန တွေဟာ Myanmar Hard Talk က Aung Min ဆိုသူ ပြောထားသလိုမျိုး မဟုတ်ပဲ အဲဒီသတင်းဌာနတွေဟာ လူထု အကျိုးသယ်ပိုးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တဲ့အပြင် ပြည်သူတွေ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေ ဖြစ်လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိကျသေချာတဲ့ အထောက်အထားတွေနဲ့ ပြောဆိုတာတွေ မဟုတ်ပဲ တဖက်သားကို ထိခိုက်နစ်နာ အောင်နဲ့ အဲ့ဒီသတင်းဌာနတွေကို ပြည်သူတွေ အယုံအကြည်ကင်းမဲ့အောင် အလိမ်အညာတွေ သုံးပြီး ပြောဆို ထားတာကိုလည်း တွေ့ရပါတယ်။

တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း Aung Min ဆိုသူဟာ စစ်အာဏာမသိမ်းခင်နဲ့ စစ်အာဏာသိမ်းပြီးနောက်၊ ရွေး ကောက်ပွဲ မတိုင်ခင်နဲ့ ရွေး ကောက်ပွဲ ကာလအတွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖက်က တောက်လျှောက် မဲဆွယ်ပေးခဲ့တာကို တွေ့ခဲ့ရသလို ရွေး ကောက်ပွဲ ပြီးနောက်မှာတော့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်ကို ပြည်သူတွေထောက်ခံအောင် ပြောဆိုစည်းရုံးမှုတွေကို စဉ်ဆက်မပြတ် လုပ် ဆောင်သူ ဖြစ်တယ် ဆိုတာ သူ့ရဲ့ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါ့အပြင် NLD၊ CRPH၊ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြည်သူတွေ အထင်အမြင် မှားအောင် သတင်းအမှားတွေကို ရုပ်သံပြုလုပ်ပြီး အတည် ပေါက် ပြောဆိုနေတာတွေကိုလည်း တွေ့ရပါတယ်။

Myanmar Hard Talk မှ Aung Min ဆိုသူက ပြည်သူတွေကို သတင်းအမှားတွေနဲ့ အယုံသွင်းဖို့ ကြိုးစားနေတဲ့ တ ဖက်မှာတော့ မဇ္ဈိမ၊ ဧရာ၀တီ၊ ခေတ်သစ်မီဒီယာ၊ မြန်မာနောင်း၊ DVB၊ RFA၊ BBC သတင်း ဌာနတွေကတော့ ပြည်သူတွေ သတင်းမှန်သိရဖို့၊ ပြည်သူတွေ မျက်စိနားပွင့်ဖို့ အမြင်ကျယ်ဖို့ အသိပညာ ဗဟုသု တရဖို့အတွက် အခက် အခဲ မျိုးစုံကြားက သတင်းတွေကို ကြိုးစားထုတ်လွှင့် တင်ပြနေတာကို သတင်းဌာနတွေရဲ့ အင်တာနက် စာမျက် နှာတွေမှာ ဝင်ကြည့်ရင် တွေ့ရပါတယ်။ မဇ္ဈိမ https://bit.ly/3Hv8rfW ဧရာ၀တီ https://bit.ly/3eNDoQ5 ခောတ်သစ်မီဒီယာ https://bit.ly/3zp6BKw မြန်မာနောင်း https://bit.ly/3qObKr DVB https://bit.ly/3qICpGE RFA https://bit.ly/3sZyTdx BBC https://bbc.in/3qNprXT တို့ရဲ့ သတင်းထုတ်လွှင့်ရေးသားမှုတွေကို အခုလင့်တွေကနေ ဝင်ကြည့်လို့ရပါတယ်။ အဲဒီသတင်းဌာနတွေဟာ စစ်တပ်က အာဏာမသိမ်းခင်ရော အာဏာသိမ်းပြီးတဲ့အခါမှာပါ ပြည်သူတွေ သိသင့် သိထိုက်တဲ့ သတင်းတွေကို နေ့မအား ညမနား စဉ်ဆက်မပြတ် တင်ပြပေးနေတဲ့ သတင်းဌာနတွေဖြစ်ပြီး ယုံ ကြည်စိတ်ချရတဲ့ သတင်းဌာနတွေ ဖြစ်တယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို ခြုံကြည့်လိုက်တဲ့အခါမှာ Myanmar Hard Talk က Aung Min ဆိုသူရဲ့ ရုပ် သံပါ ပြောဆိုချက်တွေဟာ လူထုကို လှည့်ဖြားဖို့အပြင် သတင်းအမှန်တင်ပြနေတဲ့ သတင်းဌာနတွေကို လူထုတွေ အထင်အမြင်သေးအောင် မကြည့်အောင် မဖတ်အောင် တဖက်သတ်စွပ်စွဲပြီး ဝါဒဖြန့် ပြောဆိုထားတာကို တွေ့ရှိ ရတဲ့အတွက် သတင်းအမှား ဖြစ်တယ်ဆိုတာ စိစစ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့က MHT Youtube Channel မှာ တင်ထားတဲ့ Myanmar Hard Talk က Aung Min ဆိုသူရဲ့ ရုပ်သံကို ကြည့်ရှု့သူ ခြောက်ထောင်ရှစ်ရာနီးပါး အထိရှိနေပြီး ကြိုက်နှစ်သက်သူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဇန္နဝါရီလ ၂ ရက်နေ့က ရောင်နီဆိုတဲ့ Facebook စာမျက်နှာကလည်း MHT Youtube Channel မှာ တင် ထားတဲ့ အဲဒီရုပ်သံကိုပဲ သူ့ရဲ့ Facebook စာမျက်နှာမှာ ယူတင်ထားပြီး အဲဒီရုပ်သံကို ကြည်ရှု့သူ တစ်ထောင့်ငါးရာ ကျော်၊ ကြိုက်နှစ်သက်သူ လေးထောင်ကျော်နဲ့ သ ဘော ထားမှတ်ချက်ပေးသူ လေးရာနီးပါးရှိနေတာကို တွေ့ရ ပါ တယ်။ သတင်းအမှား ဖြန့်ဝေသူတွေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကို ပြည်သူတွေ အထင်မှားအောင်၊ မထောက်ခံအောင်၊ မကူညီအောင်၊ သတင်းတွေ မကြည့်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် သတင်း စကားတွေကို သုံးပြီး ရည်ရွယ်ချက်ရှိ ရှိ ဝါဒဖြန့်တိုက်ခိုက် ရေးသား ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို ရုပ်သံအဖြစ်သော်လည်း ကောင်း၊ သတင်းရေးသားမှုအား ဖြင့် သော်လည်းကောင်း သူတို့ကြိုက်သလို ဖန်တီး ရေးသားပြီးတော့ လူမှုကွန် ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေ ဖို့ လိုပါတယ်။ mizzima

ဘုတလင်မြို့နယ်၌ ၂ ရက်အတွင်း စစ်ကောင်စီတပ် ၄ ကြိမ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

People’s Guerillas Commando (မြင်းမူ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘီရွန်က “၂ ရက် နေ့က ဘုတလင်မြို့နယ်ထဲက လက်ပံကျေးရွာကိုဝင်လာတဲ့ အင်အား ၁၀၀ လောက်ကို မိုင်းဆွဲလိုက်လို့ အနည်းဆုံး ၈ ကောင် သေတယ်။  နောက်ထပ် ရှော့ဒုံးတွေနဲ့ပစ်လိုက်လို့ ၃  ကောင်ထက်မနည်း သေဆုံးပြီး ၁၀ ကောင် လောက်ဒဏ်ရာရသွားတယ်။ ခင်မွန်ဘက်စုံခွေးခြံထဲကို ရှော့ဒုံး ၃ လုံးနဲ့ထုခဲ့သေးတယ်ဗျ။ အထိအခိုက်တော့မသိရဘူး” လို့ ပြောပါတယ်။ 

ဇန်နဝါရီ ၃ ရက်နေ့မှာ ဘုတလင်မြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ရှော့ဒုံးတွေနဲ့ ထပ်မံပစ်ခက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာခဲ့ရတာကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆက်လက်ပြောပြပါတယ်။

စစ်ဆင်ရေးတွေကိုလုပ်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၇ ဖွဲ့က PDF ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိကြတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ သတင်းထုတ်ပြန်ထားတာမရှိသလို အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက်စစ်ကောင်စီရဲ့ အမှတ် ၁၆ ခြေလျင်တပ်ရင်းကို ဒုံး ၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာခံရလို့ တပ်တွင်းကအဆောက်အဦအချို့ ထိခိုက်ပျက်ဆီးတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ DVB

« Older Entries Recent Entries »