Monthly Archives: Jan 2022

ရန်ကုန်တိုင်း၊‌ ဒေါပုံရဲစခန်းနှင့် ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးတို့ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ရဲစခန်းနှင့် ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးကိုယနေ့ ည ၇ နာရီအချိန် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တံတားအဆင်းက ဒေါပုံရဲစခန်းကို ဗုံးနဲ့ပစ်သွားတယ်လို့ကြားပါတယ်။ ဗုံးပေါက်တဲ့သံလည်း ကျယ်တယ်။ အထိအခိုက်တော့ မကြားမိသေးဘူး။ ရဲတွေတော့ စခန်းထဲထွက်လာပြီး ဆဲဆိုသံကြားရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန် ၊ ဒေါပုံ ရဲ စခန်းကို ဗုံးခွဲတိုက်ခိုက်မှုမှာ B. F. R. A. F အဖွဲ့က လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင်များ ဘေးကင်းလုံခြုံကြောင်း အဆို ပါ အဖွဲ့က သတင်းထုတ်ပြန်သည်။

ဒေါပုံရဲစခန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယနေ့ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဒေါပုံမြို့နယ် လျှပ်စစ်မီတာရုံးအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။ khit thit

သရက်မြို့နယ်တွင် ခရိုင်ရဲမှူး စီးနင်းလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင်၊ စစ်ကောင်စီလက်အောက်ခံ သရက်ခရိုင်ရဲမှူး လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို သရက်- ကံမ ဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF- သရက်) ပြန်ကြားတာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို အတည်ပြု ပြောသည်။

သရက်ခရိုင်ရဲမှူး စီးနင်းလာသည့် ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းသည် သရက်မြို့နယ်မှ ကံမမြို့နယ်သို့ ပြန်လာစဉ် မြို့နယ်နှစ်ခုအစပ်ဖြစ်သော ထန်းဖြူ(သပြူ) ကျေးရွာအနီးရှိ သရက်- ကံမ ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။“ခရိုင်ရဲမှူးပါတဲ့ ကားသုံးစီးပါ။ ရဲကားနဲ့ စစ်ကားပေါင်း သုံးစီးပါတယ်။ ထိခိုက်မှုအခြေအနေကတော့ မသိရသေးပါဘူး” ဟု သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားတာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိနိုင်သော်လည်း တိတိကျကျကို မသိရသေးကြောင်း ၎င်းက ပြောသည်။ဒေသခံပြည်သူများအ နေ ဖြင့် စစ်ကောင်စီထောက်တိုင်များနှင့် ခပ်ဝေးဝေးနေကြပြီး မပတ်သက်ကြရန်နှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် အပြုအမှုကိစ္စမျိုးကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြရန်လည်း သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းပြောဆိုထားသည်။ mizzima

ဒရုန်းနဲ့တပ်ဆင် တိုက်ခိုက်နိုင်တဲ့ UVA ဗုံးအ မြောက်အမြားထုတ်လုပ်နေပြီလို့ PSPTထုတ်ပြန်

ဒရုန်းနဲ့တပ်ဆင်ပြီး ဝေဟင်ကနေတိုက်ခိုက်နိင်တဲ့ UVA ဗုံးအ‌မြောက်အများ ထုတ်လုပ်နေပြီလို့ CDM စစ်သားတွေနဲ့ အဓိကထားဖွဲ့စည်းထားတဲ့ People Soldiers’ Production Team (PSPT)က ဒီကနေ့ (ဇန်နဝါရီလ ၅ရက်)မှာ ထုတ်ပြန်ပါတယ်။PSPT အနေနဲ့ သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့ LDF PDF တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး ထုတ်လုပ်တဲ့ခဲယမ်းလက်နက်တွေကို LDF PDF တွေနဲ့ မြေအောက်ပျောက်ကြားတပ်ဖွဲ့တွေကို ထောက်ပံပေးသွားမှာလို့ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်းအပါအဝင် နယ်မြေဒေသအသီးသီးက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ PDFတွေနဲ့ မြေအောက်ပျောက်ကြားအဖွဲ့တွေအတွက် ရှေ့ထွက်မိုင်း ၊ ကားမိုင်းနဲ့ ပဒေသာမိုင်းတွေကို ထပ်ပြီးထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။PSPT ရဲ့ စစ်လက်နက်ခဲယမ်းထုတ်လုပ်မှု့တွေကို CDM ဗိုလ်ကြီး ညီသုတက တာဝန်ယူဆောင်ရွက်နေတာလို့လည်း PSPTကဆိုပါတယ်။ khit thit

စစ်ကောင်စီတပ်စခန်းအနီးရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်များက ထမင်းထုပ်မပို့တော့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့ နေရာနဲ့အနီးမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက်  ထမင်းထုပ်တွေပို့တော့မှာမဟုတ်ဘူးလို့  အလှူရှင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် ပေးပို့လှူဒါန်းတဲ့  ထမင်းဟင်းတွေ စစ်ကောင်စီတပ်တွေထံရောက်ရှိ သွားတဲ့အတွက် စစ်ကောင်စီတပ်တွေကို အား ပေးသလိုဖြစ်နေလို့ ထမင်းထုပ်ပို့တာကို ရပ်ဆိုင်းထားလိုက်ရတာလို့ အလှူရှင်တဦးက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းစပ်မှာ  မှီခိုနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲဿက တချို့နေရာတွေဟာ စစ်ကောင်စီတပ်စခန်းနဲ့ အရမ်းနီးစပ်တဲ့အတွက် အလှူရှင်တချို့က ထမင်းထုပ်ပို့တာကို   ဇန်နဝါရီ ၆ ရက်မနက်ဖန်က စတင် ယာယီရပ်ထားမယ်လို့ ဆိုပါတယ်။

တပ်စခန်းနဲ့နီးလို့ အလှူရှင်က ထမင်းထုပ်မပို့ခဲ့ရင် စစ်ဘေးရှောင်တွေအနေနဲ့ စားရေး အခက်ခဲတွေနဲ့ရင်ဆိုင်နိုင်ရတာကြောင့်    စစ်ကောင်စီတပ်စခန်းနဲ့ ဝေးတဲ့နေရာမှာ ပြောင်းရွှေ့နေကြဖို့လည်း အလှူရှင်တွေက အကြံပြုတိုက်တွန်းပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၆ မိုင်လောက်ကနေ ထိုးစစ်ဆင် ပြီး လေးကေ့ကော်ဒေသကို ထိန်းချုပ်ဖို့ အင်အားတိုးချဲ့လာနေတာဖြစ်ပါတယ်။

တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံရွာပေါင်း ၉ ရွာလောက်က ပြည်သူတွေ ၁၄၀၀၀ လောက် အိမ်ပြန်မနေဘဲ ထိုင်းနယ်စပ်နဲ့ သောင်ရင်းမြစ်ကမ်းတလျှောက်မှာ စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ရွာသားတွေ ချန်ရစ်ထားခဲ့ရတဲ့  နေအိမ်က အဖိုးတန်ပစ္စည်းတွေနဲ့ ဆိုင်ကယ်၊ စက်ဘီးတွေစတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်တွေက ခိုးယူသွားတာနဲ့ ဖျက်ဆီးတာတွေ လည်းရှိနေပါတယ်။

လက်ရှိအချိန်မှာ နေရပ်ပြန်ဖို့အရေး အာမခံနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသ ဖလူးကြီးကျေးရွာမှာ ဇန်နဝါရီ ၃ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီရဲ့တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆန်စ ထိမှန်ပြီး  ထိုင်းကနေ နေရပ်ပြန်လာတဲ့ စစ်ဘေးရှောင် အမျိုးသမီးတယောက်  သေဆုံးခဲ့ပါတယ်။ DVB

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ် တပ်ထုတ်ကုန် ပစ္စည်းများ ရောင်းချလျှင် ဥပ ဒေအရ အရေးယူမည်ဟု ထုတ်ပြန်

မကွေးတိုင်း ဆောမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ ထုတ်ကုန် ပစ္စည်းများနှင့် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသည့် ထုတ်ကုန်များ ရောင်းချလျှင် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီ ထုတ်ကုန် ပစ္စည်းများအား ဆောမြို့နယ်အတွင်းတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှစ၍ ရောင်းဝယ်သုံးစွဲခြင်းများအား ပိတ်ပင်ကြောင်း ဆောမြို့နယ်နေ မိဘပြည်သူများအား အသိပေးကြေညာကြောင်းနှင့် ဆက်လက် ရောင်း ဝယ်ခြင်းများ တွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေအလိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပြည်သူ့လုံံခြုံရေး အဖွဲ့များက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ khit thit

ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ ပစ္စည်းများသိမ်းယူခဲ့သည့် စစ်ကောင်စီတပ် အပြန်လမ်းတွင် မိုင်းဆွဲခံရ

မြောင်မြို့နယ် တောင်ဘက်ခြမ်းရှိ ညောင်ကားယားရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နှလုံးလှလူမိုက်ကြီးများအ ဖွဲ့နှင့် MG6 ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။မြောင်မြို့နယ်၊ ကျောက်ရစ်ကျေးရွာဘက်ခြမ်းမှဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်ခန့်မှာ ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နေ့ခင်းပိုင်းတွင် ဧရာဝတီမြစ်ကမ်းဘေးရှိ ညောင်ကားယားရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်ကာ မွှေနှောက်ပြီး ပစ္စည်းများလည်း လုယူခဲ့ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လက်ထုတ်က မဇ္ဈိမအား ပြောပြသည်။ ပစ္စည်းဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုမူ စာရင်းပြုစုနေဆဲဖြစ်သည်။

“သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ရွာသူရွာသားတွေအကုန် ထွက်ပြေးတဲ့အချိန် ရွာထဲမှာရှိတဲ့ ဆိုင်ကယ်တွေ၊ လက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေ၊ ရွာသူရွာသားပိုင်ပစ္စည်းတွေ သိမ်းဆည်းခံရတယ်။ ပြည်သူပိုင် ပစ္စည်းတွေ ပြည်သူမသိဘဲယူတဲ့ကိစ္စတွေမှာ ရွာသားတွေပါ ငိုယိုခဲ့ရတယ်။ သူတို့စုဆောင်းထားတာတွေ ယူသွားတော့ ကြေကွဲကြတာပေါ့။ ဆိုင်ကယ်တွေကို သူတို့ကိုယ်တိုင်ယူသွားလို့ မရတော့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းကို စက်လှေတွေနဲ့ ဆိုင်ကယ်တွေကို တင်ပြီးပို့တယ်။ ပြီးတော့ နယ်မြေပြန်ဆုတ်တဲ့အချိန် ကျွန်တော်တို့ နှလုံးလှအဖွဲ့နဲ့ MG6 တို့ ကြားဖြတ်တိုက်ခိုက်တာပေါ့” ဟု ထိုပြန်ကြားရေးတာဝန်ခံ က ပြောသည်။

ထို ၄ ရက်နေ့ ညနေပိုင်းတွင် ရွာချင်းဆက်ဖြစ်သည့် ရွာပုလဲကျေးရွာသို့ ဆက်ပြီးစစ်ကြောင်းထိုးရန် ရှေ့ပြေးတပ်သားများစေလွှတ်စဥ် နှလုံးလှလူမိုက်ကြီးများအဖွဲ့နှင့် MG6 ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်း၍ မိုင်း ငါးလုံးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့မိုင်းဆွဲမှုကြောင့် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင်မူ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

“ရှေ့ပြေးလွှတ်တာတွေကို မိုင်းအရင်ဆွဲလိုက်တော့ သူတို့ပြန်တပ်ခေါက်သွားတယ်။ မနက်အစောကို အဲ့ရွာကနေ သူတို့ချက်ချင်းခွာကြတယ်။ ပုံမှန် ဒီဘက်နယ်ကိုဆင်းတယ်ဆိုရင် တစ်ပတ်လောက်ကြာတယ်၊ တစ်ရွာပြီး တစ်ရွာဝင်လိုက် ထွက်လိုက်လုပ်နေတာ။ ခုမိုင်းဆွဲလိုက်တော့ သူတို့အထိနာပြီး ချက်ချင်းတပ်ခေါက်သွားတယ်လို့ပဲ ပြောရမယ်။ တပ်ပြန်ခေါက်တဲ့အချိန်မှာ လမ်းကနေ ကြားဖြတ်တိုက်ခိုက်သေးတယ်။ ဒါပေမယ့် အရမ်းကြီး မထိရောက်ဘူး၊ သေဆုံးမှုမရှိဘူး” ဟု သူကပြောသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သား လေးဦး အပြင်းအထန်ဒဏ်ရာရပြီး သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့ထံမှ သိရှိရသည်။ mizzima

ဒေါပုံမြို့နယ်ရဲစခန်းအတွင်း လက်ပစ်ဗုံးပစ်သွင်းခံရ

ရန်ကုန်တိုင်း၊ဒေါပုံမြို့နယ် ဗန္ဓုလတံတားအဆင်းရှိ ဒေါပုံမြို့နယ် သဘော်ကျင်းရဲစခန်းအား ဒီဇင်ဘာလ ဇန်နဝါရီလ ၅ရက်နေ့ ည၇နာရီ၇မိနစ်အချိန်ခန့်တွင် လက်ပစ်ဗုံးတစ်လုံးပစ်သွင်းခဲ့တယ်လို့သိရသည်။

“စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ မသိရသေးဘူး၊လက်ပစ်ဗုံးတစ်လုံးပစ်သွင်းခဲ့တယ်၊ကျွန်တော်တို့က ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု Burma Final Revolution Armed Forces အဖွဲ့ကပြောသည်။”စစ်ကောင်စီ တပ်ဖွဲ့အနေနဲ့ အိပ်ကောင်း ခြင်း မအိပ်ရစားကောင်းခြင်း မစားရ အချိန်တိုင်းမည်သည့်နေရာမှာ မည်သည့်ပြောက်ကျားတပ်ဖွဲ့ကတိုက်ခိုက်လာမည်မသိသော ကြောက်စိတ်ရှိနေစေရန်တိုက်ခိုက်ခြင်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ CB Bank အား CB Bank တာဝန်ရှိသူများအား သတိ ပေးသည့်အနေဖြင့် ဗုံးတစ်လုံးထောင်ခဲ့သေးသည်။ mizzima

ကိုဗစ်အကျပ်အတည်းတွင် ဆေးရုံလုပ်ငန်း တိုးတက်ခဲ့ကြောင်း FMI ထုတ်ပြန်

မြန်မာနိုင်ငံ၌ ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံမှ စီးပွားရေးထိခိုက်မှုများ ရှိလာသော်လည်း ထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်သော First Myanmar Investment (FMI) ကမူ ၎င်းတို့၏ ဆေးရုံလုပ်ငန်းမှာ သိသိသာသာဝင်ငွေတိုးလာသည်ဟု ဆိုသည်။

အသက် ၆၈ နှစ်အရွယ် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခ) Serge Pun ပိုင်ဆိုင်သည့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် FMI ကုမ္ပဏီ၏ ပန်းလှိုင်ဆေးရုံမှာ ၂၀၂၁ ခုနှစ်တွင် ဝင်ငွေ ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဒီဇင်ဘာ ၃၁ ရက်ထုတ် ကုမ္ပဏီ၏ နှစ်ပတ်လည်အစီရင်ခံစာက ဆိုသည်။

ပန်းလှိုင်ဆေးရုံအနေဖြင့် ၂၀၂၀ တွင် ကျပ် ၃၂ ဘီလျံသာ ရရှိခဲ့သော်လည်း ၂၀၂၁ တွင် ကျပ် ၄၁ ဘီလျံ အထိ ဝင်ငွေရရှိခဲ့သည်ဟု ဆိုသည်။ 

ကိုဗစ်နှင့်ဆိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုများဖြစ်သော ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း၊ ထိန်းချုပ်ကုသခြင်းအပြင် ဆေးရုံဆေးခန်းများ၏ ပုံမှန်လုပ်ငန်းများမှ ရရှိသော ဝင်ငွေ တိုးတက်လာကြောင်း ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ဆက်လက်ရပ်တည်နိုင်ရုံသာမက ဝန်ထမ်းများ၊ လူနာများ၏ ဘေးကင်းလုံခြုံရေးအတွက် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရင်း ကောင်းမွန်သော ဘဏ္ဍာရေးရလဒ်များကိုလည်း ရရှိခဲ့ပါသည်” ဟု ကုမ္ပဏီက ဆိုသည်။ 

ပန်းလှိုင်ဆေးရုံသည် ကိုဗစ်လူနာပေါင်း ၁,၀၀၀ ကျော်ကို ဆေးကုသမှုပေးခဲ့ပြီး လူနာပေါင်း ၂,၀၀၀ ကျော်ကို အများပြည်သူဆေးရုံများသို့ လွှဲပြောင်းကုသပေးခဲ့ကာ ပန်းလှိုင်ဆေးရုံနှင့် မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်းပေါင်း ၄၀,၀၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ 

တရုတ်ကာကွယ်ဆေး Sinopharm အလုံးရေ ၄၀၀,၀၀၀ တင်သွင်းမည်ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ကာကွယ်ဆေးစင်တာ ၄ ခုဖွင့်လှစ်ထားကြောင်း ပန်းလှိုင်ဆေးရုံက ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်း ကျရောက်ချိန်တွင် အဆမတန်ကူးစက်ပြန့်ပွားမှုများရှိခဲ့ရာ ရန်ကုန်မြို့ရှိ  သုသာန်များတွင် အလောင်းများစုပုံနေသည်အထိ အသက်ဆုံးရှုံးမှုများ ရှိခဲ့သည်။

ရန်ကုန်မြို့ရှိ သုဿန် ၇ ခုတွင် ပုံမှန်အားဖြင့် အလောင်း ၁၀၀ ဝန်းကျင်သာ သင်္ဂြိုဟ်ပေးရသော်လည်း တတိယလှိုင်းပြင်းထန်ခဲ့သည့် ၂၀၂၁ ဇူလိုင်တွင် အလောင်း ၁,၂၀၀ ကျော်အထိရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်တာဝန်ရှိသူက စစ်တပ်ပိုင် မြဝတီသတင်းဌာနကို ပြောဆိုခဲ့သည်။

ကိုဗစ်လူနာများအတွက် အသက်ရှင်သန်ရေးမျှော်လင့်ချက်ဖြစ်သည့် အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် အသက်ဆုံးရှုံးသည့် လူနာများစွာလည်းရှိသည်။

ကပ်ရောဂါကို တွန်းလှန်နေရချိန် အရွေးကောက်ခံအစိုးရကို ဖယ်ရှားပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံးမှာ ကပြောင်းကပြန်ဖြစ်သွားကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များက ကောက်ချက်ချသည်။

အရပ်သားအစိုးရလက်ထက်က ကိုဗစ်ကာကွယ်ကုသရေးတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် အများပြည်သူဆိုင်ရာ ဆေးရုံကြီးများသည် စစ်ကောင်စီလက်အောက်တွင် စွမ်းရည်ပြည့်ဝစွာ လုပ်ငန်းများမလည်ပတ်နိုင်သဖြင့် ပုဂ္ဂလိကဆေးရုံများကို မဖြစ်မနေရွေးချယ်လာရကြောင်း CDM ပြုလုပ်ထားသည့် ပဲခူးတိုင်းမှ တိုက်နယ်ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။

“Public ဆေးရုံတွေက CDM လုပ်တာနဲ့ ဘာနဲ့ Fully Function မဖြစ်တဲ့ ဆေးရုံက များတယ်။ ဆေရုံကြီးတွေတောင်မှ Fully Function မဖြစ်ကြဘူးလေ။ အဲလိုအနေအထားမှာ လူနာတွေက တကယ့်တကယ် ဖြစ်လာတော့ ဆေးရုံသာဖွင့်ထားတယ်။ အားကိုးလို့မရရင်တော့ ပိုက်ဆံကုန်လည်း မတတ်နိုင်ဘူး။ (ပုဂ္ဂလိက) ဆေးခန်းသွားရတဲ့ သဘောပေါ့” ဟု ၎င်းက ဆိုသည်။

အများပြည်သူဆေးရုံများ၌ သွားကုသော်လည်း ပုဂ္ဂလိကဆေးရုံများကို သွားရန် လွှဲပြောင်းပေးသောကြောင့် ပုဂ္ဂလိဆေးရုံများတွင် လူနာများလာခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေမှာ အချိန်တာရှည်နိုင်ကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်တတိယလှိုင်းတွင် ဆေးရုံတက်ခွင့်ရရန် မလွယ်ကူသဖြင့် အသက်အရွယ်ကြီးရင့်သူမဟုတ်လျှင် အိမ်တွင် နေထိုင်ကာ ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ရန်သာ ဂရုစိုက်ကြကြောင်း အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ ကိုဗစ်ကူးစက်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောထားသည်။

ကိုဗစ်ကူးစက်ခံရသူအများစုမှာ အများပြည်သူဆေးရုံများတွင် ကုသလိုသော်လည်း နေအိမ်ပြန်ခိုင်းကြောင်း၊ ဆရာဝန်နှင့် ခုတင်မလုံလောက်မှုကြောင့် ရောဂါပြင်းထန်လူနာဖြစ်သော်လည်း ဆေးရုံတက်ခွင့်မပြုကြောင်း ၎င်းက ဆိုသည်။

ပန်းလှိုင်ဆေးရုံတွင် ကိုဗစ်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကြောင့် ဝင်ငွေတိုးတက်ခဲ့ရာ ကုမ္ပဏီအုပ်စု တစ်ခုလုံး၏ အသားတင်အမြတ်ငွေမှာ ယခင်နှစ်တွင် ၁၀ ဒသမ ၇ ဘီလျံရှိရာမှ ၁၁ ဒသမ ၆ ဘီလျံအထိ တိုးတက်လာကြောင်း FMI ၏ အစီရင်ခံစာက ဆိုသည်။ 

FMI အုပ်စုသည် အစုရှယ်ယာရှင်ပေါင်း ၉,၀၀၀ ကျော်ရှိသည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၆ မတ်တွင် ပထမဆုံးရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်ကာ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်း၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးလုပ်ကိုင်လျက်ရှိသည်။ myanmar now

« Older Entries