တိုက်ပွဲ ၂ ရက်ဆက်ဖြစ်သော မတူပီမြို့တွင် သုံ့ ပန်း ၂ ဦးရဟု CDF ပြော 

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ထယ်ဘွေးအခြေစိုက်စခန်းကို နှစ်ရက်ဆက် ဝင်ရောက်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဘက်က အထိနာနေသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ ယနေ့  (ဇန်နဝါရီ ၄) တွင် သိရသည်။ 

ထိုစခန်းမှာ မတူပီ – ပလက်ဝလမ်းပေါ်တွင် ရှိသည်ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ပြောသည်။ 

“မနေ့က တိုက်ပွဲက စခန်းသိမ်းဖို့တော့ မလွယ်ဘူး။ သူတို့မှာ အင်အားက ၆၀ လောက်ရှိတယ်။ အထဲမှာလဲ ကတုတ်ကျင်းတွေလည်း တူးထားတာဆိုတော့ သူတို့က လုံးဝ ထွက်မလာဘူး။ နှစ်ဘက် စစ်ရေးကလည်း တင်းမာနေဆဲပဲ”  

ယမန်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင် ထပ်မံတိုက်ခိုက်မှုတွင် CDF (မတူပီ) အဖွဲ့ဝင်တစ်ဦး မိုင်းထိပြီး ဒဏ်ရာအနည်းငယ်ရသွားကြောင်း ကိုနွေဦးလင်းက ဆက်ပြောသည်။ 

တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။ 

နှစ်ဖက် ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ယမန်နေ့ညနေက ဟားခါး-မတူပီလမ်းအတိုင်း အင်အား ၁၀၀ နီးပါးဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF (မတူပီ) ထံမှ သိရသည်။

ဖနိုင်ရွာနှင့် ငလိုင်ရွာအကြား ဖြစ်ပွားသော ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိထားသည်ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ထွက်ပြေးလာတာ မဟုတ်ဘူး။ သူတို့က စစ်ကြောင်းချီလာတာပေါ့။ ရှေ့ပြေးလာတာကို ဖြတ်တိုက်ပြီးတော့ ရှေ့ဆုံးက နှစ်ယောက်ကို ဖမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။

ထိုနှစ်ယောက်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောဆိုဦးမည်မဟုတ်ဟု ဆိုသည်။  

အဆိုပါစစ်ကြောင်းသည် ဆက်လက်တက်လာနေပြီး ယနေ့ ပစ်ခတ်မှု မဖြစ်သေးသော်လည်း နှစ်ဖက် စစ်ရေးတင်းမာကာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

CDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရအရာရှိကို ယနေ့ ညနေပိုင်းက မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းဆက်သွယ်၍ မရသေးပေ။

မတူပီ – ပလက်ဝလမ်းပေါ်တွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကင်းစခန်းတစ်ခုကို ၂၀၂၁ နိုဝင်ဘာလကုန်၌ CDF (မတူပီ) က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်​ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

မတူပီမြို့နယ်တွင်း တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေးအကျပ်အတည်း ရင်ဆိုင်နေရကြောင်း CDF (မတူပီ) ထံမှ သိရသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s