လုံခြုံမှုကင်းမဲ့လာသော သတင်းသမားများ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်တွင်းသတင်းမီဒီယာလွတ်လပ်ခွင့်မှာ တစ်စထက်တစ်စ ကျဆင်းယိုယွင်းလာခဲ့သည်။

ယင်းအပြင် သတင်းမီဒီယာသမားများအနေဖြင့် သတင်းရယူရေးသားဖော်ပြရာတွင် မတရားဖမ်းဆီးချုပ်နှောင်ခံရမှုများ၊ အကြမ်းဖက်ဖမ်းဆီးချုပ်နှောင်ခံရမှုများ ရှိခဲ့သည်။

“နွေဦးတော်လှန်ရေး” ဟု အမည်ပေး၍ အရှိန်အဟုန်မြှင့်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် ရန်ကုန်မြို့၊ လှည်းတန်း၌ ပြု လုပ်သည့်ဆန္ဒပြပွဲကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းမှုများရှိခဲ့သည်။

ထိုသို့ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သတင်းသမားတချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ၌ သတင်းရယူနေသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးလည်း ပါ၀င်ခဲ့သည်။

အဆိုပါဓာတ်ပုံသတင်းထောက်သည် ရန်ကုန်မြို့အခြေစိုက် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရပြီး ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။

“ရဲအယောက် ၂၀ လောက်က ကျွန်တော့်ကို ဝိုင်းချုပ်ပြီးဖမ်းတယ်။ နောက်ပြီး ကေဘယ်လ်ကြိုးနဲ့ နောက်ပြန်တုပ် ဖမ်းပြီး အချုပ်ကားပေါ် ခေါ်သွားတယ်။ အချုပ်ကားပေါ် တစ်နေကုန်ထားတယ်။ ကျွန်တော်တို့ကို ထမင်းလည်း မကျွေးဘူး။ ရေလည်းမတိုက်ဘူး။ ကျန်းမာရေးကိစ္စအ တွက်လည်း ခွင့်မပြုဘူး။ အချုပ်ကားပေါ်မှာပဲ ထိုင်နေရတယ်။ အဲဒီညက ၇ နာရီကျော်လောက်မှာ ကျွန်တော်တို့ အင်းစိန်အကျဉ်းထောင်ကို ရောက်တယ်” ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်သို့ ရောက်ရှိချိန်တွင်လည်း သတင်းမီဒီယာသမားများ၏ အလုပ်အကိုင်ကို နှိမ့်ချစော်ကား၍ ရန်လိုသည့် စကားလုံးအသုံးအနှုန်းများသုံးစွဲကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထို့ပြင် ထောင်တွင်းဆူပူမှုများ၊ လှုံ့ဆော်မှုများ မဖြစ်စေရန် တိုက်ပိတ်ခြင်း၊ အဆောင်များလှည့်လည်ထားရှိခြင်းကို လုပ်ဆောင်ခဲ့ကြောင်း၊ အစားအသောက်၊ အနေအထိုင်မှအစ အလွန်ပင်ပန်းဆင်းရဲခဲ့ကြောင်းကို အဆိုပါဓာတ်ပုံသတင်းထောက်က ပြောပြသည်။

ထို့နောက် စစ်ကောင်စီက ဇွန် ၃၀ ရက်တွင် ဖမ်းဆီးထားသူတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထိုအထဲတွင် ဖမ်းဆီးခံရသူသတင်း ထောက် တချို့ ပြန်လည်လွတ်မြောက်ခဲ့သည်။

“ပြန်မလွှတ်ခင်မှာ ကျွန်တော်တို့ လွတ်မြောက်တဲ့လူ ရာနဲ့ချီတယ်၊ အကုန်လုံးကို ခန်းမထဲ ထည့်ထားတယ်။ လူသားချင်းစာနာထောက်ထားမှုအရ လွှတ်ပေးတာဖြစ်ကြောင်း၊ သူတို့စွပ်စွဲထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ လှုံ့ဆော်တာ နားမယောင်ဖို့၊ တခြားသောအဖျက်အမှောင့်လုပ်ငန်းတွေကို မလုပ်ဖို့ သူတို့က မှာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းနောက် တိုင်းနှင့်ပြည်နယ်အလိုက် သတင်းမီဒီယာသမားများဖမ်းဆီးခံရမှုများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ 

Mizzima, 7Day, ရန်ကုန်ခေတ်သစ်မီဒီယာ၊ DVB, တာချီလိတ်သတင်းအေဂျင်စီ၊ The 74 Media, မြစ်ကြီးနားသတင်းဂျာနယ်၊ Delta News Agency, Myanmar Now  အစရှိသည့် သတင်းဌာနများကိုလည်း သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရုပ်သိမ်းသည်ဟု စစ်ကောင်စီက ကြေညာထားသည်။

မြန်မာစစ်တပ်က အာဏာသိမ်းယူထားသည့်ကာလတာ ၁၀ လအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ သတင်းထောက် စုစုပေါင်း ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၃၅  ဦးထက်မနည်းသည် လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း Myanmar Press Freedom In-Depth ၏ မှတ်တမ်းများအရ သိရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရဆဲ သတင်းသမားများအနက် အလွတ်တန်းသတင်းထောက် မသူဇာ(အလှလေး) လည်း ပါဝင်ခဲ့သည်။ 

“သတင်းသမားဆိုတာကတော့ သူ့အလုပ်တာဝန်နဲ့ သူ့အလုပ်ပေါ်မူတည်ပြီး လုပ်ပိုင်ခွင့်အနေအထားနဲ့ လုပ်နေကြတာ။ သတင်းသမားကို အခုလိုဖမ်းဆီးပြီး ထိန်းသိမ်းလိုက်တာက သတင်းလွတ်လပ်ခွင့်တွေ ချိုးဖောက်ပိတ်ပင်တာပေါ့။ သတင်းသမားကို ပြစ်မှုကျုးလွန်တယ်ဆိုပြီးဖမ်းဆီးထားတာကတော့ တော်တော်ကို အကျည်းတန်တယ်လို့ ထင်ပါတယ်” ဟု ၎င်း၏ မိသားစုဝင်က ဆိုသည်။

ထို့ပြင် အခြားပြစ်မှုတစ်စုံတရာ ကျူးလွန်ခြင်းမရှိဘဲ သတင်းရယူရုံမျှနှင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးတပ်ဖွဲ့၀င်များက ကားဖြင့်တိုက်၍ အကြမ်းဖက်ဖြိုခွဲကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့မှုတွင်လည်း သတင်းထောက်နှစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကာ လူသေဆုံးမှုများလည်းရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဖမ်းဆီးခံရသူများအနက် MPA (Myanmar Pressphoto Agency) သတင်းထောက်နှစ်ဦးဖြစ်သည့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းနှင့် ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း တို့လည်း ပါဝင်သည်။

ရုပ်သံသတင်းထောက်သည် ဦးခေါင်းဒဏ်ရာရှိခဲ့ပြီး ခုတင် ၅၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရသည့်ကြားမှ ယခုအခါ သတိပြန်လည်ရရှိနေပြီဖြစ်ပြီး မိသားစုနှင့် တွေ့ခွင့်မရရှိသေးကြောင်း သိရသည်။

ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း၏ လက်ရှိ အခြေအနေနှင့် ပတ်သက်ပြီး များစွာ သိထားခြင်း မရှိဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ခုတင် ၅၀၀ မှာ တင်ထားတယ်။ မိသားစုနဲ့ လောလောဆယ် မတွေ့ရသေးဘူး။ သူ ခါးထိထားတယ်။ အဲဒီလောက်ပဲ သိရတယ်။ သူ့ဆီကို ပစ္စည်းပို့တာလောက်ပဲ လုပ်လို့ရပါတယ်” ဟု မိသားစုဝင်က ဆိုသည်။

ပြီးခဲ့သည့် (ဒီဇင်ဘာ ၁၀ ရက်) နိုင်ငံတကာလူ့အခွင့်ရေးနေ့တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ၂၁ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၌ သတင်းယူနေသည့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်သည် လူသူမရှိသည့် လမ်းမကြီးကို ဓာတ်ပုံရိုက်ယူရုံမျှဖြင့် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး၌ လေးရက်အကြာတွင် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ‌ဖော်ပြခဲ့ကြသည်။

အဆိုပါအလွတ်တန်းသတင်းထောက် ကိုစိုးနိုင် သေဆုံးသည့်သတင်း မှန်ကန်ခဲ့ပါက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် သတင်းသမားများအနက် စစ်ကြောရေး‌တွင် ပထမဆုံးသေဆုံးခဲ့သည့် သတင်းသမား အဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

ထိုသို့သတင်းမီဒီယာသမားများကို ဖမ်းဆီးထိန်းသိမ်းသည့်ပြင် အာဏာသိမ်းစစ်တပ်က သတင်းရေးသားဖော်ပြရာတွင် စကားလုံးအသုံးနှုန်းများ၊ ဓာတ်ပုံများ၊ ထုတ်ပြန်ချက်များကို ကန့်သတ်ပိတ်ပင်ခဲ့သည်။

သတင်းရေးသားခွင့်ကန့်သတ်ခံရသည့်အပေါ် သတင်းမီဒီယာကောင်စီဝင်ဟောင်းတစ်ဦးက ယခုကဲ့သို့ သုံးသပ်သည်။

“ဒါတွေက သတင်းလွတ်လပ်ခွင့်ကို ကြီးမားတဲ့ခြိမ်းခြောက်မှုတွေဖြစ်စေတယ်။ သတင်းရေးသားဖော်ပြရာမှာ အသုံးအနှုန်းကန့်သတ်တာဟာ ဆင်ဆာလုပ်ခြင်းလို့ မြင်တယ်။ သတင်းလွတ်လပ်ခွင့်က ဆင်ဆာ၊ မိမိကိုယ်တိုင် ဆင်ဆာဖြတ်အောင် အာဏာနဲ့ အမိန့်ထုတ်ဖိအားပေးတာက သတင်းလွတ်လပ်ခွင့်ကို ပိုပြီးကျဆုံးအောင် လုပ်သလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၄ ခုနှစ် သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာသမားသည် အလုပ်လုပ်ကိုင်သည့်နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခွင့်မရှိကြောင်း၊ သတင်းမီဒီယာသမားကိုင်ဆောင်သည့် အီလက်ထရွန်နစ်ပစ္စည်းများကို သိမ်းဆည်းခွင့်မရှိကြောင်း အတိအလင်းပြဋ္ဌာန်းထားသည်ဟု  ဥပဒေပညာရှင်တစ်ဦးက ထောက်ပြသည်။

ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင်လည်း အလွတ်တန်းဓာတ်ပုံသတင်းထောက်ဖြစ်သူ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား သည် ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား လမ်း၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။

၎င်းအား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များနှင့်ပါ အဆက်အသွယ်မရရှိကြောင်း ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

ငြိမ်းချမ်းသာယာရေးကို ထိခိုက်လာပါက အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် စစ်အရာရှိက ပြောသည်။

“မီဒီယာတိုင်းကို ကန့်သတ်နေမှုမရှိကြောင်း၊ သတင်းသမားတိုင်းကို အရေးယူမှုမရှိကြောင်း၊ သို့သော်လည်း ဖော်ပြချက်များ၊ ဆူပူဆန္ဒပြမှု မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာအောင် လုပ်ကိုင်မှုများကို သည်းခံ၍မရ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာသမားများကို ဖမ်းဆီးရာ၌ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့် ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သော ဥပဒေပုဒ်မ ၅၀၅ (က) သည် အဓိကပုဒ်မအနေဖြင့် ပါရှိခဲ့ပြီး ဇွန် ၃၀ ရက် နောက်ပိုင်းတွင် တခြားသော ပုဒ်မများဖြင့်ပါ တရားစွဲဆိုလာသည်ကို တွေ့ရှိရကြောင်း ဥပဒေပညာရှင်တစ်ဦးက ပြောသည်။

“၅၀၅ (က) အမှုကို ရုပ်သိမ်းပေးလိုက်သော်လည်း မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) အရ စွဲဆိုတာတွေ၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ (သို့မဟုတ်) ၅ အရ စွဲဆိုတာတွေ၊ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ နဲ့ စွဲဆိုတာတွေလည်း တွေ့လာရတယ်” ဟု ၎င်းက ဆိုသည်။

ဆက်လက်ပြီး စစ်ကောင်စီက နိုဝင်ဘာ ၁ ရက်တွင် ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းနှင့် ပတ်သက်သည့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

အဆိုပါထပ်တိုးပြဋ္ဌာန်းသည့် ဥပဒေပုဒ်မ ၉၉ – က တွင် သတင်းထုတ်လွှင့်သည့်အခါ စစ်ကောင်စီ၏ ဆန့်ကျင်ဘက်ဖြစ်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ကူညီထောက်ပံ့ပေးခြင်းမျိုးရှိခဲ့ပါက ပုဒ်မ ၅၀- က၊ ပုဒ်မ ၅၂- က နှင့် ပုဒ်မ ၄၉ တို့အရ ဖမ်းဆီးအရေးယူမှုများပြုလုပ်မည်ဖြစ်ပြီး လက်တွေ့တွင်လည်း အရေးယူမှုများရှိကြောင်း ဆက်လက်ပြောဆိုသည်။

“မီဒီယာသမားတွေအနေနဲ့တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂-က အရ သြဂုတ် ၁ ရက်မှာ နစကရဲ့ပြင်ဆင်ချက်အရ သတင်းတစ်ခုကို တင်ပြတဲ့အခါမှာ နစကဘက်မှ မတရားအသင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားခံရတဲ့ အသင်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ အားပေးလှုံ့ဆော်တာ၊ စည်းရုံးသိမ်းသွင်းတာ၊ ဝါဒဖြန့်ချိတာစတဲ့ စွပ်စွဲချက်တွေနဲ့ မန္တလေးနဲ့ စစ်ကိုင်းအခြေစိုက်သတင်းသမားတွေ တရားစွဲဆိုခံထားရတာပါ ” ဟု အဆိုပါဥပဒေပညာရှင်က ဆိုသည်။

လက်ရှိတွင် သတင်းသမားတချို့မှာ သတင်းမှတ်တမ်းယူရုံမျှဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး နောက်ဆက်တွဲအခြေအနေမသိရ‌ဘဲ အသက်အန္တရာယ် စိုးရိမ်နေရသည့် သတင်းသမားများလည်း ရှိနေသည်။

ထို့ထက်ဆိုးဝါးသော အဖြစ်အပျက်တစ်ခု ခရစ္စမတ်နေ့(ဒီဇင်ဘာ ၂၅) က ဖြစ်ပွားခဲ့သည်။ ကရင်ပြည်နယ် လေးကေ့ကော်ဒေသတွင် လာရောက်ခိုလှုံနေသော ဖက်ဒရယ်ဂျာနယ်အယ်ဒီတာဖြစ်သူ ကိုအေစိုင်းကေ (ခ) စိုင်းဝင်းအောင်မှာ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည်။

(တော်လှန်ကြယ်သည် ရန်ကုန်အခြေစိုက် သတင်းသမားတစ်ဦး ဖြစ်သည်) myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s