ဟွန်ဆန်၊ မြန်မာအရေးနှင့် အာဆီယံ 

၂၀၂၁ ခုနှစ်အတွင်း အာဆီယံ၏ ထူးခြားသော ရပ်တည်ချက်မှာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရာတွင် အစဉ်အလာမှ ခွဲထွက်ပြီး၊ ဒေသတွင်း နိုင်ငံရေးဦးဆောင်မှုနှင့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို ပြသနိုင်ခဲ့သည်။ 

သို့သော် အာဆီယံအတွင်း အာဏာရှင်နိုင်ငံများ ပါဝင်နေမှုကြောင့် အာဆီယံ၏ ခေါင်းဆောင်မှုနှင့် ရပ်တည်ချက်အပေါ် အမြဲလိုလို သံသယမေးခွန်းများ အထုတ်ခံနေရဆဲဖြစ်သည်။ 

အထူးသဖြင့် ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက လွှဲပြောင်းရယူချိန်တွင် ၁၉၈၅ ခုနှစ်ကတည်းက အာဏာထိုင်ခုံပေါ်ကနေ မဆင်းစတမ်း နှစ်ပေါင်း ၃၇ နှစ်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ဟွန်ဆန်ကြောင့် အာဆီယံအတွင်း မြန်မာ့အရေးမူဝါဒဆိုင်ရာ ပဋိပက္ခများ ပို၍နက်ရှိုင်းကြီးထွားလာနိုင်ဖွယ် အခြေအနေရှိသည်ကို တွေ့မြင်နေရသည်။ 

မင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများကို အကာအကွယ်ပေးရမည့်အစား ရက်စက်စွာ သတ်ဖြတ်မီးရှို့ ဖမ်းစီးနှိပ်စက်နေခြင်းကြောင့် တစ်ကမ္ဘာလုံးက သံတမန်ရေးအရ အသိအမှတ်မပြု၊ မဆက်ဆံဘဲ ရှိနေချိန်၊ ဟွန်ဆန်သည် ဇန်နဝါရီလ ၇-၈ ရက်နေ့များတွင် နေပြည်တော်သို့ သွားရောက်ပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု ဒီဇင်ဘာလ ၆ ရက်တွင် ကြေညာခဲ့သည်။ 

ထို့အပြင် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်သည်ဟု ပြောဆိုထားပြီး၊ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ ပြန်လည်တက်ရောက်နိုင်ရန် ကြိုးစားသွားမည်ဟုလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကက အတိအလင်း ထုတ်ဖော်ပြောဆိုထား သည်။

ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် သွားခြင်းလား၊ ကမ္ဗောဒီးယားနိုင်ငံဝန်ကြီးချုပ်အနေဖြင့် ပုဂ္ဂလိကခရီးစဉ်သွားခြင်းလား ရှင်းရှင်းလင်းလင်း မသိရပါ။ နေပြည်တော်ကို မသွားခင် ၃ ရက်အလို ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာ့ခရီးစဉ်နှင့် ပတ် သက်၍ အင်ဒိုနီးရှားသမ္မတ Joko Widodo နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ဖနွမ်ပင်ကလာသည့် သတင်းတစ်ရပ်က ဆိုသည်။​

မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏တာဝန်မှာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ပြီး၊ အာဆီယံ၏ “တူညီဆန္ဒ ၅ ချက်” ကို မင်းအောင်လှိုင် လိုက်နာအကောင်အထည်ဖော်ရေးဖြစ်ပြီး၊ စစ်ခေါင်းဆောင်ကို မြန်မာနိုင်ငံ၏ခေါင်းဆောင်အဖြစ် အာဆီယံက အ သိအမှတ်ပြုရေးမဟုတ်ပါ။ အာဆီယံနှင့် ဟွန်ဆန်အကြား ထိုအချက်အပေါ် ရှင်းလင်းပြတ်သားမှု ရှိထားသင့်သည်။  

သို့သော် မင်းအောင်လှိုင်ကို နေပြည်တော်အထိ ကိုယ်တိုင်သွားရောက်တွေ့ဆုံမည့် ဟွန်ဆန်၏ အပြုအမူသည် အောက်တိုဘာလ ၁၅ ရက်က အာဆီယံနိုင်ငံခြားရေးကြီးများ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်နှင့် အောက်တိုဘာ ၂၆ – ၂၈ ရက်များက အာဆီယံထိပ်သီးအစည်းအ ဝေးဆုံးဖြတ်ချက်တို့ကို အလေးမထားရာ ရောက်နေသည်။ ထို့ပြင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုရာ ရောက်သဖြင့် အလှည့်ကျဥက္ကဋ္ဌတာ ဝန်ကို အလွဲသုံးစားပြုသလိုဖြစ်နေပြီး အာဆီယံ၏ဂုဏ်သိက္ခာနှင့် ရပ်တည်ချက်ကို ထိခိုက်နိုင်သည်။  

ဟွန်ဆန် ဘယ်လိုလူစားလဲ

ကမ္ဘောဒီးယားပြည်တွင်းနိုင်ငံရေးတွင် ဟွန်ဆန်သည် အတိုက်အခိုက်များကြားမှ နိုင်ငံရေးပါးနပ်လွန်းပြီး၊ ၎င်း၏အာဏာကို စနစ်တကျ တည် ဆောက်ထားနိုင်သူ ဖြစ်သည်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ်မှ အနားမယူခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို နောက်ဆုံးအခွင့်အရေးအဖြစ် ဟွန်ဆန်က အစွမ်းကုန် အသုံးချချင်ပုံရသည်။ 

၎င်း၏ခေါင်းဆောင်မှုကို ကမ္ဘောဒီးယားပြည်သူများအကြား အောင်မြင်စွာ ပြသနိုင်ရေးနှင့် သားဖြစ်သူအား ၎င်း၏ဝန်ကြီးချုပ်အာဏာကို လွှဲပေးမည့် ပဒေသရာဇ်ဆန်သော မိသားစုအာဏာတည်ဆောက်ရေးစီမံကိန်း ချောမွေ့အောင်မြင်ရေးသည် ဟွန်ဆန်၏ လတ်တလော အကြီးမားဆုံး ကိုယ်ကျိုးစီးပွားရည်မှန်းချက်များ ဖြစ်သည်။

ထို့အခြေအနေတွင် ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ဖြင့်၊ မြန်မာအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် ဒေသတွင်းခေါင်း ဆောင် မှုကို ပြသရန် ဟွန်ဆန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။ 

မျှော်မှန်းထားသလို အောင်မြင်ခဲ့ပါက ကမ္ဗောဒီးယားပြည်တွင်းနိုင်ငံရေးတွင် သူနှင့် သူ့မိသားစုအပေါ် ပြည်သူများ၏ အထင်ကြီး လေးစားထောက်ခံမှုများ ပိုမိုရရှိလာမည်မှာ မလွဲဧကန်ဖြစ်ပြီး ဟွန်ဆန်၏ မိသားစုအာဏာတည်ဆောက်ရေး စီမံကိန်းသည်လည်း ပြီးပြည့်စုံအောင်မြင်မည် ဖြစ်သည်။   

သို့သော် တစ်ကမ္ဘာလုံးက လက်မခံသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြင့် ဟွန်ဆန်သည် မြန်မာပြည်သူများ၏ ဆန့်ကျင်မှုကို စတင်ရင်ဆိုင်နေရပြီဖြစ်သည်။ 

မင်းအောင်လှိုင်နှင့် ပူးပေါင်းခြင်းသည် အာဆီယံအဖွဲ့အတွင်း အာဏာရှင်အုပ်စုနှင့် ဒီမိုကရက်အုပ်စု ဟူ၍ အားပြိုင်မှုများ ဖြစ်ပေါ်လာနိုင်ပြီး၊ နိုင် ငံတကာမျက်နှာစာတွင် အာဆီယံ၏ဂုဏ်သိက္ခာနှင့် ဩဇာ ထပ်မံ ထိခိုက်ကျဆင်းလာနိုင်ဖွယ် အလားအလာများ ရှိနေသည်။ 

ထို့အတူ ဟွန်ဆန်-မင်းအောင်လှိုင် ဆက်ဆံရေးက မြန်မာ့နွေဦးတော်လှန်ရေးအပေါ်လည်း သက်ရောက်မှု ကြီးမားလာနိုင်သဖြင့် သတိကြီးစွာစောင့်ကြည့်ရမည်ဖြစ်သည်။​

ဟွန်ဆန်၏ ပဒေသရာဇ်ဆန်သော အာဏာတည်ဆောက်မှု ရည်မှန်းချက်   

ဟွန်ဆန်သည် ဝန်ကြီးချုပ်တာဝန်မှ အနားယူရန် စနစ်တကျ ပြင်ဆင်နေသည်။ သူအနားယူသည့်အခါ သားအကြီးဆုံးဖြစ်သူ ဟွန်မန်းနစ် (Hun Manet) ကို ၎င်း၏ ဝန်ကြီးချုပ်ရာထူးနေရာကို ဆက်ခံမည့်သူအဖြစ် မကြာသေးခင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ဟွန်မန်းနစ်ကို အနာဂတ်ဝန်ကြီးချုပ်လောင်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်တွင် အတည်ပြုကြေညာခဲ့သည်။ 

ဟွန်ဆန်၏ သားဖြစ်သူကို အာဏာလွှဲမည့်စီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် ဘုရင်စနစ်ကျင့်သုံးသော ကမ္ဘောဒီးယားသည် ပထမဆုံး မိသားစုတစ်စုက အာဏာကို သားစဉ်မျိုးဆက်ချုပ်ကိုင်မည့် ပဒေသရာဇ်အာဏာတည်ဆောက်မှုမျိုး ဖြစ်လာပေမည်။ အာဏာရ CPP ပါတီသည် မိသားစုတစ်စု၏ အာဏာထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ကြရောက်သွားပြီဟု ဆိုနိုင်ပါသည်။ 

ဟွန်ဆန် ဖြတ်သန်းခဲ့သော နိုင်ငံရေးလမ်းကြောင်းက အတိုက်အခိုက်များခဲ့သည်။ ထို့ကြောင့် သူအနားယူချိန်တွင် သူနှင့်ခေတ်ပြိုင် နိုင်ငံရေးသမားများ သူ၏ရာထူးအာဏာကို ရယူရန် ကြိုးစားလာမည့်အရေးကို ဟွန်ဆန် စိုးရိမ်နေသည်။ ထိုသို့ဖြစ်မလာစေရန် တားဆီးသည့်အနေဖြင့် ဝန်ကြီးချုပ်၏အသက်ကို ၇၂ နှစ်ထက် မပိုရဟု ကန့်သတ်မည်ဖြစ်ကြောင်း ဟွန်ဆန်က ဒီဇင်ဘာလ ၂၉ ရက်တွင် ထပ်မံကြေညာခဲ့သည်။ 

ဝန်ကြီးချုပ်သည် ၇၂ နှစ်ထက် မကြီးစေရဟု သတ်မှတ်ရခြင်းမှာလည်း အကြောင်းရှိသည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားသည် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိပြီး၊ ထိုရွေးကောက်ပွဲမှ တင်မြှောက်မည့် ဝန်ကြီးချုပ်သစ်ကို ၂၀၂၄ ခုနှစ် အာဏာလွှဲချိန်တွင် ဟွန်ဆန်၏ အသက်မှာ ၇၂ နှစ် ရှိပြီဖြစ်သည်။ 

ဟွန်ဆန်၏ မွေးနေ့သည် ၁၉၅၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ဖြစ်သည်ဟု သူ၏ အတ္ထုပ္ပတ္တိစာအုပ် “Hun Sen: War and Peace in Cambodia and Southeast Asia” တွင် ဖော်ပြထားသည်။ ၎င်းကိုယ်တိုင် လုံခြုံဘေးကင်းစွာ အနားယူနိုင်ရန်နှင့် သားဖြစ်သူ ဟွန်မန်းနစ် ပြိုင်ဖက်ကင်းစွာ ဝန်ကြီးချုပ်ရာထူး ရယူနိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ 

ဟွန်ဆန်၏သား ဟွန်မန်းနစ်သည် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဒုတိယဦးစီးချုပ်ရာထူး ရယူထားသလို၊ ဖခင်၏ သက်တော်စောင့်တပ်မှူးရာထူးဖြင့် မိသားစုလုံခြုံရေးတာဝန်ကိုပါ ရယူထားသည်။ ထို့ကြောင့် ဟွန်ဆန်မိသားစုသည် အစိုးရ၊ ပါတီနှင့် စစ်တပ်တို့ကို ထိန်းချုပ်ထားသော ပဒေသရာဇ်အာဏာရှင်မျိုးဆက် ထူထောင်နေသည်။  

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအကြီးအကဲကို အာဏာသိမ်းခဲ့ဖူးသော ဟွန်ဆန်

ခမာနီခေါင်းဆောင် ပိုပေါ့အလွန် ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ်ဖြင့် သမိုင်းစာမျက်နှာသစ် ဖွင့်နိုင်ခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးစာချုပ်ကို အကောင်အထည်ဖော်ရန် “ကမ္ဗောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အသွင်ကူးပြောင်းရေးအာဏာပိုင်အဖွဲ့” (United Nations Transitional Authority in Cambodia – UNTAC) ကို ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်တွင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ ၁၉၉၃ ခုနှစ် မေလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

ရွေးကောက်ပွဲတွင် ဟွန်ဆန်၏ CPP ပါတီနှင့် မင်းသား နိုရွန်ဒွန်ရာနာရစ် ဦးဆောင်သော FUNCINPEC (The National United Front for an Independent, Neutral, Peaceful and Cooperative Cambodia) တို့က အဓိက အင်အားကြီးပါတီ နှစ်ခုအဖြစ် ယှဉ်ပြိုင်ကြရာ ရာနာရစ်ပါတီက ၁၂၀ နေရာရှိသော လွှတ်တော်တွင် ၅၈ နေရာဖြင့် အများစုအနိုင်ရရှိပြီး ဟွန်ဆန်ပါတီက ၅၁ နေရာရရှိသည်။ ကျန်နေရာများကို ပါတီငယ်များက အသီးသီးအနိုင်ရခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နေရာအားလုံး၏ ၃ ပုံ ၂ ပုံ အနိုင်ရမှ အစိုးရဖွဲ့နိုင်မည်ဖြစ်၍ ရာနာရစ်နှင့် ဟွန်ဆန် ညွန့်ပေါင်းအစိုးရ ဖွဲ့ခဲ့ရပြီး၊ ရာနာရစ်က ပထမဝန်ကြီးချုပ်နှင့် ဟွန်ဆန်က ဒုတိယဝန်ကြီးချုပ် တာဝန်များ ရယူခဲ့သည်။ ခမာနီပဋိပက္ခအလွန် ကမ္ဘောဒီးယားကို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စေရန် ကုလသမဂ္ဂက စနစ်တကျ မျိုးစေ့ချပေးခဲ့ပြီး၊ ကုလသမဂ္ဂသမိုင်းတွင် ကုန်ကျစရိတ်အများဆုံးဖြစ်ခဲ့သည်။ 

သို့သော် ကမ္ဘောဒီးယားဒီမိုကရေစီသည် လေးနှစ်ခန့်သာ ကြာပြီး၊ ၁၉၉၇ ခုနှစ် ဇွန်လတွင် ဝန်ကြီးချုပ် ရာနာရစ် ပြည်ပခရီးစဉ်တစ်ခုဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေစဉ် ဟွန်ဆန်က အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းမှုအတွင်း ဟွန်ဆန့်သစ္စာခံ စစ်ဘက်အကြီးအကဲများသည် ရာနာရစ်၏ အပေါင်းအပါ အရပ်ဘက်နှင့် စစ်ဘက် ထိပ်တန်းအရာရှိ အများအပြားကို ဥပဒေမဲ့ ဖမ်းဆီးခဲ့သည်။ 

၎င်းတို့ကို လက်နောက်ပြန် လက်ထိတ်ခတ်၊ မျက်နှာကို အဝတ်စီးပြီး၊ အောက်ခံဘောင်းဘီကလွဲ၍ အဝတ်အစားများချွတ်ကာ တန်းစီ၍ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ် မြေမြှုပ်ခဲ့ကြသည်ဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က အဆိုပါမြေတွင်းများကို ပြန်လည်တူးဖော်ခဲ့သည့် အတွေ့အကြုံကို အစီရင်ခံစာရေးသားဖော်ပြခဲ့သည်။ 

ထိုကဲ့သို့ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသော ဟွန်ဆန့်သစ္စာခံ (၉၁၁) လေကြောင်းချီတပ်တပ်မှူး ဗိုလ်မှူးကြီးသည် အရေးယူမခံရသည့်ပြင် ယခုအခါ ဗိုလ်ချုပ်ရာထူးအထိပင် ရာထူးတိုးမြှင့် တာဝန်ထမ်းဆောင်လျက်ရှိသည်။

ထိုအချိန်က ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး Prince Sisowath Sirirath က ကမ္ဘာ့နိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်များကို အသိအမှတ်မပြုရန် ကုလသမဂ္ဂမှတစ်ဆင့် တိုက်တွန်းခဲ့သည်။ ဟွန်ဆန်၏ အာဏာသိမ်းမှုကို ကုလသမဂ္ဂနှင့် အာဆီယံက အသိအမှတ်မပြုခဲ့ပေ။ 

အမေရိကန်ကလည်း အသိအမှတ်မပြုပါ။ ထိုစဉ်က ကမ္ဘောဒီးယားနိုင်ငံကို  အာဆီယံအသင်းဝင်အဖြစ် လက်ခံရန် ပြင်ဆင်နေသော အာဆီယံခေါင်းဆောင်များကလည်း အသင်းဝင်ခွင့်မပေးပဲ ငြင်းဆန်ခဲ့ကြသည်။  

နိုင်ငံရေးပါးနပ်လွန်းသော ဟွန်ဆန်သည် ကမ္ဘာကြီးက သူ၏အာဏာသိမ်းမှုကို လက်မခံဘဲ ဝိုင်းဝန်းကန့်ကွက်လာသည့်အခါ သူလိုချင်သော အာဏာကို လက်ဝယ်ရရှိထားပြီးဖြစ်၍ ပြည်ပရောက်နေသော မင်းသား ရာနာရစ်နှင့် အပေးအယူလုပ်ခဲ့ပြီး ပြည်တော်ပြန်ခွင့်ပေးခဲ့သည်။ 

ထို့ပြင် ၁၉၉၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲတွင် ရာနာရစ်နှင့် သူ၏ပါတီကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်။ ဤသို့ဖြင့် ဟွန်ဆန်သည် ကမ္ဘာကြီး၏ ဆန့်ကျင်မှုကို အလျင်အမြန်ကိုင်တွယ်ဖြေရှင်း ကျော်လွှားခဲ့သူဖြစ်သည်။ 

နေပြည်တော်ခရီးစဉ်ကနေ ဟွန်ဆန်ရရှိမည့် အကျိုးအမြတ်များ

အာဏာသိမ်းအတွေ့အကြုံရှိဖူးသော ဟွန်ဆန်သည် မင်းအောင်လှိုင်ကို စာနာနေဟန်ရှိပြီး၊ အာဆီယံက အရေးယူရသည်အထိ ညံ့ဖျင်းသော၊ နိုင်ငံရေးပါးနပ်မှုမရှိသော မင်းအောင်လှိုင်ကို အားမလိုအားမရ ဖြစ်နေဟန်ရှိသည်။ 

ထို့ကြောင့် နေပြည်တော်ထိ လူကိုယ်တိုင်သွားရောက်ကာ သူ၏ကိုယ်တွေ့ အတွေ့အကြုံများကို အနီးကပ် သင်ကြားပို့ချပေးလိုဟန်ရှိသည်။ 

အာဆီယံထိပ်သီးအစည်းအဝေးများကို ပြန်လည်တက်ရောက်ခွင့် ရရှိရေးနှင့် အာဆီယံ၏ အသိအမှတ်ပြုမှု ပြန်လည်ရရှိရန် “တူညီဆန္ဒ ၅ ချက်” ကို အကောင်အထည်ဖော်ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပေးအယူလုပ်သင့်ကြောင်း၊ သူနှင့် ရာနာရစ် လုပ်ခဲ့ဖူးသော အပေးအယူအတွေ့အကြုံကို ပို့ချပြီး၊ မင်းအောင်လှိုင်ကို နားချနိုင်ပါသည်။    

သို့သော် မြန်မာသည် ကမ္ဘောဒီးယားမဟုတ်သလို၊ မင်းအောင်လှိုင်သည် သူမဟုတ်ကြောင်း ဟွန်ဆန် ကောင်းစွာသိပါသည်။ 

နိုင်ငံရေးအတွက်အချက်ကောင်းသော ဟွန်ဆန်သည် ၎င်း၏နေပြည်တော်ခရီးစဉ် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ ၎င်းသည် ဒေသတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်မှုကို ပြသနိုင်ကြောင်း၊ ကမ္ဘောဒီးယားပြည်သူများအကြား အကျိုးအမြတ်ထုတ်နိုင်ပါသည်။   

ယခုပင် မြန်မာ့အရေး ၎င်း၏ပြောဆိုချက်များကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး၊ ကမ္ဘာက ကမ္ဘောဒီးယားနှင့် ဟွန်ဆန်အပေါ် ယခင်ကထက် ပို၍ အာရုံစိုက်လာရသည်။ အာဆီယံအဖွဲ့အတွင်း အဓိကနိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ စသည့်နိုင်ငံများက ဟွန်ဆန့်ခြေလှမ်းများကို စိုးရိမ်တကြီး စောင့်ကြည့်လာရသည်။ ထိုအချက်ကိုပင် ဟွန်ဆန် သဘောကျနှစ်ခြိုက်နေဟန်ရှိသည်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို အသုံးချ၍ အာဆီယံခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်နိုင်ပြီး၊ မင်းအောင်လှိုင်ကို အာဆီယံထိပ် သီးအစည်းအဝေးပွဲများသို့ ပြန်လည်တက်ရောက်နိုင်ရန် ကြိုးပမ်းနိုင်ခဲ့မည်ဆိုလျှင်၊ ထို့အတွက် မင်းအောင်လှိုင်က တစ်စုံတစ်ရာလက်ခံနိုင်သော အပေးအယူပြုလုပ်ရန် ခေါင်းညိတ်ခဲ့လျှင်၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်မည့်လမ်းစကို သူကိုယ်တိုင် ဖော်ထုတ်ပေးနိုင်ခဲ့ပြီဟု ၎င်း၏ခေါင်းဆောင်မှုအရည်အချင်းကို ကမ္ဘာ့အလယ် ထုတ်ဖော်ပြသနိုင်ခြင်းက ဟွန်ဆန်အတွက် မဟာအခွင့်အရေးဖြစ်သည်။ 

တစ်စုံတစ်ရာရလဒ်မထွက်ခဲ့လျှင်လည်း ဟွန်ဆန်သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ငြိမ်းချမ်းရေးသံတမန်တဦးအဖြစ် ကြိုးပမ်းခဲ့ခြင်းသာဖြစ်ကြောင်း နာမည်ကောင်း ယူနိုင်ပါသေးသည်။  

အကျိုးအမြတ်အနေဖြင့် တာဝန်မှ အနားယူရန် ပြင်ဆင်နေပြီး သားဖြစ်သူကို အာဏာလွှဲပြောင်းကာ မိသားစုပဒေသရာဇ်အာဏာတည်ဆောက်မည့် ၎င်း၏ အစီအစဉ်များကို ကမ္ဘောဒီးယားပြည်သူများက ပို၍ထောက်ခံလိမ့်မည်ဟု ဟွန်ဆန် တွက်ဆနိုင်ပါသည်။ 

နေပြည်တော်ခရီးစဉ် အောင်မြင်ခဲ့လျှင် အပိုဆုအဖြစ် ၁၉၉၇ ခုနှစ်တုန်းက ရာနာရစ်ထံမှ အာဏာသိမ်းစဉ် အာဆီယံက သူ့ကို အလားတူ ဆန့် ကျင်ဆက်ဆံခဲ့မူအပေါ် သွေးကြွေးဆပ်နိုင်သော ခံစားမှုမျိုးပင် ဟွန်ဆန် ရရှိနိုင်ပါသည်။ 

လူမျိုးတုန်းသတ်ဖြတ်မှုသမိုင်း၊ စစ်အာဏာရှင်နှစ်ဦးနှင့် အာဆီယံတွင်းအားပြိုင်မှု   

ဟွန်ဆန်သည် အာဆီယံကို သိပ်မကြိုက်လှပါ။ ခမာနီများ အာဏာရရှိစဉ် အစောပိုင်းတုန်းက အာဆီယံသည် ခမာနီများကို ထောက်ခံခဲ့ဖူးသော ရာဇဝင်ရှိခဲ့ပြီး၊ ထိုသမိုင်းဖြစ်ရပ်ကို ဟွန်ဆန် မမေ့သေးပါဟု ခမာနီခေတ် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) မှတ်တမ်းများ ပြုစုနေသော ကမ္ဘောဒီးယား အန်ဂျီအိုတစ်ခုမှ မိတ်ဆွေက ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်အကြောင်း စာရေးသူ မေးမြန်စဉ် ထိုသမိုင်းဆိုင်ရာ အချက်ကို ထောက်ပြပြီး ၎င်း၏အမြင်သဘောထားကို ရှင်းပြခဲ့သည်။ 

ထိုမိတ်ဆွေက ကမ္ဘောဒီးယားသည် မဲခေါင်ဒေသနိုင်ငံများထဲတွင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် ဆွေမျိုးသားချင်းပမာ လေးစားခင် မင်မှု အရှိဆုံးဟု ပြောဆိုပါသည်။ သို့ဆိုလျှင် ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်ကြောင့် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ဆက်ဆံရေးကို များစွာထိခိုက်နိုင်သည့် အန္တရာယ်ကိုလည်း သတိပြုသင့်သည်။ 

သူတို့ခေါင်းဆောင်၏ လုပ်ရပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ထားသည့် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု၊ အားပေးအားမြှောက်ပြုသလို ဖြစ်စေပြီး၊ မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခကို မစာနာရာရောက်နေသည်ကို ကမ္ဘောဒီးယားပြည်သူများ သိရှိပါသလား။       

ကမ္ဘောဒီးယားသည် ခမာနီအုပ်စိုးမှုအောက်တွင် ပြည်သူများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော ရာဇဝင်ရှိထားသည့် အရှေ့ တောင် အာရှဒေသက တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားပြည်သူများ ထိုစဉ်က ခံစားခဲ့ဖူးသော မင်းဆိုးမင်းညစ်၏ ဒုက္ခများကို ယနေ့ မြန်မာပြည်သူများ အလားတူ ခံစားနေရသည်။   

ထို့ကြောင့် သွေးစွန်းထားသော အာဏာသိမ်းစစ်ခေါင်းဆောင် နှစ်ဦး၏ နေပြည်တော်တွေ့ဆုံမှုက ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းပြီး တ ရားဥပဒေစိုးမိုသော အခြေအနေကို မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလိမ့်မည်ဟု မြန်မာပြည်သူများ မယုံကြည်ပါ။ 

ဆန့်ကျင်ဘက်အနေဖြင့် ဟွန်ဆန် – မင်းအောင်လှိုင် အာဏာရှင်နှစ်ဦး၏ မဟာမိတ်ပြုမှုမှတစ်ဆင့် ဒီမိုကရေစီဆန်သော ကျွန်းနိုင်ငံများနှင့် အာ ဏာရှင်ဆန်သော မဲခေါင်ကုန်းတွင်း နိုင်ငံများဟူ၍ အာဆီယံအတွင်း အုပ်စုဖွဲ့မှု ပေါ်ပေါက်လာမည့် အန္တရာယ်နှင့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ကို အကြီးကျယ်စိန်ခေါ်လာမည့် အန္တရာယ်ရှိနေကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။  myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s