အစိမ်းရောင် စာမျက်နှာများ

အိမ်ပတ်ချာလည်မှာ စီစီတီဗီတွေတပ်ထားပြီး ကိုယ့်ဆွေမျိုး အပေါင်းသင်းအနည်းငယ် နဲ့ ပတ်ဝန်းကျင် အသိုင်းဝိုင်း ကျဉ်းကျဉ်းလေး ထဲမှာပဲနေကာ “ကိုယ့်အသက် ကိုယ်မွေးနေရတယ်” လို့ ရင်ဖွင့်လာသူက အမျိုးသားရေး တက်ကြွ လှုပ်ရှားသူ အဖြစ် နာမည်ကြီးတဲ့ ကိုလတ် (မင်္ဂ လာတောင်ညွန့်) ပါ။သူတို့နဲ့ တစ်ချိန်က ရပ်တည်မှု တူခဲ့ဖူးတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံံဖြိုးရေးပါတီဝင် မိတ်ဆွေဟောင်းတွေဟာလည်း သူလိုပဲ စိုးရိမ် ထိတ်လန့်မှုတွေနဲ့ နေနေရတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင်သိနိုင်တယ်လို့ သူက ဆိုပါတယ်။

ကိုလတ်ဟာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူလို့ သူ့ဘာသာသူတို့အမည်တပ်တဲ့ လက်ျာစွန်း ဝါဒီတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက် ကိုဗစ်တတိယလှိုင်းဖြစ်တဲ့အချိန် ဇူလိုင်အတွင်းက သူ့မိခင်သေဆုံးသွားခဲ့ပြီးသဂြိုလ်ခွင့်ခက်ခဲတာကို အုပ်ချုပ်သူတွေ အသုံးမကျ ကြောင်း ဖေ့စ်ဘုတ်လူမှုကန်ွရက်မှာ ဆဲဆို လိုက်ဖ်လွင့်ပြောဆိုရာကနေ စစ်ကောင်စီရဲ့ ခေတ္တဖမ်းဆီးတာခံရပြီး ပြန်လွတ်လာခဲ့သူဖြစ်ပါတယ်။

“ကျနော်တို့က အမျိုးသားရေးလှုပ်ရှားသူတွေပါ။ ကြံ့ခိုင်ရေးပါတီနဲ့က အရင်က ရပ်တည်မှု တချို့တူခဲ့ဖူးတော့ သူတို့နဲ့တစ်ဖက်ထဲလို့ သတ် မှတ် ခံရပြီး ဘယ်ချိန်သတ်ခံရမှန်းမသိဘဲ ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ ကျနော်က ပိုဆိုးတယ်။ ကိုယ့်လူကပဲ လာသတ်မလား၊ ဒီပြင်လူကပဲ လာသတ်မလားဆိုပြီး နှစ်ဘက်စိုးရိမ်နေရတယ်” လို့ သူက ပြောပါတယ်။နောက်ထပ် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကျော်မြင့်ဟာ အောက်တိုဘာလထဲမှာ သူဦးဆောင်တဲ့ တပ် ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို ရဲ လုံခြုံရေးအပြည့်နဲ့ မန္တလေး ၊ ပြင်ဦးလွင်၊ ပုသိမ် စတဲ့မြို့တွေ မှာ လုပ်ခဲ့ပါသေးတယ်။

ကိုလတ် မင်္ဂလာတောင်ညွှန့်ကတော့ မိုက်ကယ်ကျော်မြင့်ကို တပ်ထောက်ခံပွဲတွေကို မလုပ်ဖို့ လိုက်ဖ်လွင့်ပြောကြားခဲ့ပါသေးတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကြံခိုင်ရေးပါတီဝင်တွေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှား သူတွေ ဟာ စစ်တပ်ထောက်ခံသူ စစ်တပ်သတင်းပေး ဒလန်ဆိုပြီး သတ်ဖြတ်ခံနေရတာ ရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သေဆုံးသူဦးရေဟာ ၁၅၆၄ ဦးအထိ ရှိနေပြီလို့ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေထဲမှာ ဒီဇင်ဘာလအတွင်း ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီ ၁,၅၆၄ ဦးထဲမှာ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစု ၂၅၃ ဦး၊ အခြားအကြောင်း တွေကြောင့် သေဆုံးသူ ၂၂၈ ဦး၊ မြို့နယ် အဆင့်နဲ့ ရပ်/ကျေးတာဝန်ရှိသူ ၁၉၈ ဦး၊ ဆန္ဒပြစဉ် ဖြိုခွင်းခံရမှုကြောင့် သေဆုံးရသူ ၁၉၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၆၉ ဦး၊ အစိုးရဝန်ထမ်း ၃၈ ဦးနဲ့ သံဃာတော် ၁၂ ပါးတို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တပ်ထောက်ခံပြီး ကျီးလန့်စာ စားကြသူများ

စစ်ဘက်ရာရှိဟောင်း ဦးသန်းဌေးဦးဆောင်ပြီး စစ်မှုထမ်းဟောင်းတွေဦးဆောင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံဖြိုးရေးပါတီဝင်တွေဟာ အာဏာသိမ်းမှု ပထမအစပိုင်းမှာ ပေါ်ပေါ်ထင်ထင် ပါတီဝင် ဖြစ် ကြောင်း အာဏာသိမ်းတာကိုထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူငယ်‌တွေဖမ်းဆီးသတ်ဖြတ်ခံလာရပြီး‌ နောက်ပိုင်း ဧပြီလလောက်ကစတင်ကာ စစ်တပ်သတင်းပေး ဒလန် ရှင်းလင်းရေးဆိုပြီး ကြံ့ခိုင်ရေး ပါတီဝင်တွေ သတ်ဖြတ်ခံရမှုတွေရှိလာပါတယ် ။အဲ့ဒီချိန်က စတင်ပြီး ကြံခိုင်ရေးပါတီ ဝင်‌တွေဟာ ပါတီဝင်အဖြစ် လူသိ မခံတော့တာ ဖေ့ဘုတ် အသုံးပြုရာမှာလည်း အကောင့်တုတွေကို သာ အသုံးပြု ပြောကြား တာတွေ လုပ်လာပါတော့ တယ်။ ပါတီဝင်တွေဟာ ရပ်ရွာတွေထဲမှာ ပုန်းလျိုးကွယ်လျိုး နေထိုင်လာကြတာတွေ့ရပါတယ်။

“ကျမတို့လမ်းထိပ်နားမှာ ကြံခိုင်ရေးပါတီဝင်တွေကြီးပဲနေတဲ့ အိမ်အစုရှိတယ်။ ငါးအိမ်လောက်တော့ ရှိတယ်။ အဲ့ဒီအိမ်အစုက အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေအထိ တပ်ထောက်ခံကြောင်း ဟောင်ဖွာ ဟောင်ဖွာ ပြောနေကြတုန်း။ ဧပြီလလောက်မှာ သတ်ခံရတဲ့သတင်းတွေ ကြားလာရတော့ သူတို့နေတဲ့အိမ်ဘက်က အများပြည်သူသုံး လမ်းအပိုင်းကို လူစိမ်းအဝင်မခံတော့ဘဲ ပိတ်ချပစ်လိုက် တယ်”လို့ မြောက်ဒဂုံမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပြပါတယ်။ ရပ်ကွက်ထဲမှာ တစ်အိမ်ထဲကွက်ပြီး ကြံခိုင်ရေးပါတီဝင်ဖြစ်နေတဲ့ သူတချို့ဟာဆိုရင် အိမ်ပြောင်း ပြေးတဲ့အထိကို ဇတ်မြုပ်နေထိုင်ကြပါတော့တယ်။

ဒါ့အပြင် သူတို့ဟာ ကြံ့ခိုင်ရေးပါတီဝင်တွေမဟုတ်တော့ဘူးဆိုပြီးလည်း ထုတ်ဖော်ပြောဆိုရမှုတွေ ရှိလာပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းကျေးရွာက ဦးရဲထွန်းဆိုသူဟာ မိမိဒလန်မဟုတ်ကြောင်းနဲ့ ကြံ့ခိုင်ရေးပါတီနဲ့မပတ်သတ်တော့ကြောင်း မိုက်တစ်လုံးနဲ့ ကျေးရွာထဲ လှည့်လည်ရှင်းပြခဲ့တဲ့ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။အလားတူပဲ ဝက်လက်မြို့နယ် ပေါက် ကန်ကျေးရွာက ဦးငြိမ်းဇော်ဟိန်းဟာလည်း မိမိတို့မိသားစုမှာ စစ်ကောင်စီသတင်းပေး ဒလန်မဟု‌တ်ကြောင်း လိုက်လံ ကြေညာခဲ့ရပါတယ်။ “ကျနော် ဒလန်မဟုတ်ပါ။

အရင်က ကြံခိုင်ရေးပါတီဝင်ဖြစ်ခဲ့ဖူးပြီး အခုချိန်မှာ ပါတီနဲ့ပတ်သက်မှု မရှိတော့သလို နောက်နောင် မှာလည်း ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်မလုပ်တော့ကြောင်း တင်ပြအပ်ပါသည်။” ဆိုပြီး အော်လံနဲ့ကျေးရွာတွေမှာ လိုက်လံအော်ခဲ့ကြတာပါ။ဝက်လက်မြို့က ဖောင်းဒိုင်းဖောင်းဒိုင်း ပြောက်ကျားအဖွဲ့ဆီမှာ ဒလန်မဟုတ်ကြောင်း လက်မှတ် လာရောက် ရေးထိုးထားတဲ့ ကြံခိုင်ရေးပါတီဝင် ၃၅ ဦးရှိတယ်လို့ အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။အဲ့ဒီထဲက ဆိုးသွမ်းသူတွေကို အော်လံနဲ့လိုက်အော်ခိုင်းခဲ့တာဖြစ်ကာ စုစုပေါင်း လေးဦးကို အခုလို ရပ်ရွာထဲ လှည့်လှည်အော်စေခဲ့တယ်လို့ ပြောပါတယ်။

“တော်တော်လေးကိုဆိုးတဲ့ ဒလန် အလင်းလာဝင်ရင် အော်ခိုင်း ပါတယ်။ သိပ်မဆိုးတဲ့ ဒလန်ဆိုရင်တော့ ရွာသူရွာသားတွေကို လက်ဖက်ရည်တိုက်စေပြီး တောင်းပန်ခိုင်းပါတယ်” လို့ သူက ဆိုပါတယ်။မြို့ပြပျောက်ကြားအဖွဲ့တွေအနေနဲ့ စစ်ကောင်စီသတင်းပေးဒလန်တွေကို ရှင်းလင်းတာဖြစ်ပြီး ကြံခိုင်ရေးပါတီဝင်တွေကို ရှင်းလင်းတာမျိုးမဟုတ်ဘူးလို့လည်း ရှင်းလင်းပြောဆိုထားပါတယ်။”ကြံခိုင်ရေးပါတီဝင်တွေကိုဦး တည် ချက်ထားပြီး ရှင်းတာမျိုးမဟုတ်ပါဘူး၊ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ သတင်းပေးဒလန်လုပ်တဲ့သူတွေကို ရှင်းလင်းတာပါ။ ဒလန်မလုပ်ဖို့ သတိပေးစာထုတ်တော့ ကျနော်တို့ ဖေ့ဘုတ်ပေ့ချ်ကို စကစနဲ့ မပက်သတ်ပါဘူးဆိုပြီး စာလာပိုကြတာပါ။” လို့ ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။

တပ်ထောက်ခံသူလား၊ သတင်းပေးဒလန်လား

စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အာဏာသိမ်းတာကိုထောက်ခံသူတွေရှိခဲ့ပါတယ်။ သူတို့တွေဟာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ကြံခိုင်ရေးပါတီနဲ့ သူတို့ရဲ့မိတ်ဖက် ပါတီဝင်တွေ ဖြစ်ကြပါတယ်။“ဆန္ဒပြတဲ့လူငယ်တွေနဲ့ လက်နက်ကိုင်လူငယ်တွေက NLD ကမြှောက်ပေးလို့ လုပ်ကြတာ ဆေးသုံးပြီးလူသတ်နေကြတာလို့ သူတို့က မြင်တယ် ပြီးတော့ သူတို့က သတင်းစာမှာပါတဲ့ သတင်းနဲ့ မြဝတီနဲ့ရုပ်မြင်သံကြားက သတင်းတွေကမှ အမှန်လို့ ထင်တာ” လို့ စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းက လူငယ်တစ်ဦးက သူ့ပတ်ဝန်းကျင်မှာ တပ်ထောက်ခံနေသူတွေရဲ့ အမြင်တွေကို ပြောပြပါတယ်။စစ်တပ်ဟာ အာဏာသိမ်းတာမဟုတ်ဘူး အာဏာထိန်းတာလို့ တစ်ထစ်ချ ယုံကြည်ထားပြီး အာဏာသိမ်းတာကို လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြကြသူတွေကို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ဆူပူအောင် လှုံဆော်ကြသူတွေလို့ အမြင်ရှိကြသူတွေပါ။ဆန္ဒပြလူငယ်တွေ၊ နေအိမ်ကနေ ပျောက်သွားပြီး ပြန်ရောက်လာတဲ့ လူငယ်တွေ၊ PDF တွေဆိုပြီး သတင်းပေးဖမ်းဆီးခိုင်းသူတွေဟာ ကြံခိုင်ရေးပါတီဝင်တွေ အများဆုံးလုပ်ဆောင်ကြတာကို တွေ့ရတယ်လို့ မေးမြန်းလို့ရသမျှ မြို့ပြ ပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က “ကျွန်‌တော်တို့ ပြည်ခိုင်ဖြိုးအနေနဲ့ တပ်မတော် အာ ဏာထိန်းပြီးနောက်ပိုင်းမှာ ဒလန်လုပ်စရာ အကြောင်းလည်း မရှိဘူး။ မူဝါဒလည်း မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ လုပ်ဖို့ လမ်းညွှန်ချက်လည်း ပေးမထားဘူး”လို့ ဧရာဝတီ သတင်းဌာနကို ဖြေကြားထားပါတယ်။ဒါပေမယ့်လည်း လက်တွေ့ မြေပြင်မှာတော့ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေဟာ ကြံခိုင်ရေးပါတီဝင်တွေ ဖြစ်နေတာ စစ်ကောင်စီခန့်တဲ့ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှုး အသစ်တွေဟာ ကြံခိုင်ရေး ပါတီဝင်တွေ ဖြစ်နေတာကို တွေ့မြင်နေရ ပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် ပျူစောထီးအဖွဲ့ဝင်တွေဟာ စစ်တပ်ကို သတင်းပေးတာအပြင် လက်နက်ကိုင်ဆောင်ကာ စစ်တပ်နဲ့အတူတူ တိုက်ပွဲဝင် နေတာတွေပါရှိနေပြီး ကျေးရွာတွေကို မီးရှို့တာတွေကိုပါလုပ်ဆောင်နေတယ်လို့ စစ်ကိုင်းတိုင်း PDF တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။ အာဏာသိမ်းပြီး ပထမအစပိုင်းမှာလည်း ဖေဖော်ဝါရီလအတွင်းမှာ ကြံခိုင်ရေးပါတီဝင်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေဟာ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့အနေနဲ့ တပ်ထောက်ခံ ပွဲတွေကို လုပ်ခဲ့ကြပါသေးတယ်။တပ်ထောက်ခံဆန္ဒပြသူတွေထဲမှာ လက်နက်ကိုင်ရမ်းကားသူတွေ ပါဝင်တာတာကြောင့် အရပ်က ဝိုင်းဖမ်းကြရာမှာ ဆန္ဒပြသူတွေဟာ ကြံခိုင်ရေးပါတီဝင်ကတ်ပြားကိုင်ဆောင်သူတွေဖြစ်တယ်လို့ RFA သတင်းဌာနက ထုတ်ဖော်ခဲ့ဖူးပါတယ်။

ထပ်ထောက်ခံသူတိုင်းတော့ သတင်းပေးအလုပ်ကို လုပ်နေကြတာမဟုတ်ပါဘူး။ဒလန်သတင်းပေးထဲမှာ ဘယ်လိုလူမျိုးတွေပါလဲလို့ မြို့ပြပျောက်ကြားအဖွဲ့တွေကို မေးမြန်းကြည့်ရာမှာတော့ “ဒလန်တွေကိုရှင်းတဲ့အခါ အတွေ့ရများတဲ့ ဒလန်တွေက ကြံခိုင်ရေးပါတီဝင်တွေ၊ စစ်မှု ထမ်း ဟောင်းတွေ၊ Non-CDM ဆရာမတွေများတယ်။ ဆရာမတွေက ကြံခိုင်ရေးနဲ့ပတ်သက်တဲ့သူတွေ မိခင်နဲ့ကလေးစောင့်ရှောက်ရေးလိုမျိုးအသင်းဝင်တွေ တွေ့ရတယ်။” လို့ ရန်ကုန် ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကိုတပ်ကကာကွယ်ပေးသလား

ကြံခိုင်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က သူတို့နဲ့ မိတ်ဖက်ပါတီ ၂၄ ပါတီနဲ့ အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိတာဝန်ယူ ဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ယုံကြည်ထောက်ခံပါကြောင်းနဲ့ အခိုင်အမာပူးပေါင်းဆောင်ရွက်မယ်လို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတ်ဖြတ်ခံရတဲ့ ကြံခိုင်ရေးပါတီဝင်တွေရဲ့မိသားစုတွေကိုထောက်ပံ့ဖို့ ပါတီဝင်တွေထံက အလှုငွေ တွေ ကောက်ခံနေပြီး သေဆုံး ဒါဏ်ရာရသူတွေကို ငါးသိန်းကျပ်၊ သုံးသိန်းကျပ်စသဖြင့် ထောက်ပံ့ တာတွေရှိနေတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။အဲသလိုထောက်ပံ့မှုတွေလုပ်ဖို့အတွက် ကြံ့ခိုင်ရေးကအလှူငွေထဲ့ဝင်တာမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သားဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုအောင်ပြည့်စုံလည်းပါဝင်ပါတယ်။

Mytel ကုမ္ပဏီ၏အစုရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ ကိုအောင်ပြည့်စုံနဲ့ ဇနီးဖြစ်သူ မမျိုးရတနာထိုက်တို့က ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဧရာဝတီ သတင်းဌာနကို ဖြေကြားထားတာမှာတော့ “အခုကတော့ ကြည့်နေ၊ ကြည့်စား၊ ကြည့်သွားပေါ့။ ကိုယ်ကိုယ်တိုင်လည်း သွားပြီး မကူနိုင်ဘူး။ သူများကိုလည်း စိုးရိမ်ရတယ်။ ကိုယ့်ကိုကိုယ်လည်း စိုးရိမ်ရတယ်” လို့ လက်ရှိ သူတို့ပါတီဝင်တွေ ရဲ့အခြေအနေကို ပြောကြားသွားပါတယ်။

မျက်စိစုံမှိတ်ထောက်ခံကြသူတွေ

တစ်ဦးတစ်ယောက်ချင်းရဲ့ လုံခြုံရေးကို တပ်က အကာအကွယ်မပေးနိုင်ဘူးလို့ ဆိုထားပြီးဖြစ်ပေ မယ့် အာဏာသိမ်းမှုကို ထောက်ခံသူတွေဟာ ရှိနေတုန်းပါပဲ။“စစ်တပ်နဲ့ ပတ်သက်တဲ့ အင်အားစုတွေက ရေရှည်မှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်လာသူတွေ တလျှောက်လုံးရှိလာခဲ့တာ မဘသ ဆိုတာကလဲ အရင်ဦးသိန်းစိန်လက်ထက်ထဲက ရှိလာတာ။ အရင်က စကစ ရဲ့ အဆက်အနွယ်တွေပေါ့ ဗိုလ်ချုပ်မှုး သန်းရွေ၊ ဦးသိန်းစိန်တို့လက်ထက်ထဲက အခုထိရှိနေတဲ့သဘောပါ၊ သူတို့က တနည်းမဟုတ်တစ်နည်း စကစ နဲ့ အကျိုးစီးပွား ရှိနေသူတွေပါ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အာဏာသိမ်းမှုကို ထောက်ခံသူ အများစုဟာ ယူနီဖောင်းချွတ် အသွင်ပြောင်းထားတဲ့ ကြံခိုင်ရေး ပါတီဝင်တွေနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ အ သိုင်းအဝိုင်း၊ နောက်တစ်မျိုးကတော့ စစ်တပ်အသိုင်းအဝိုင်းပါ အရင်က တပ်မတော်သား ဖြစ်ခဲ့ဖူးသူ အခုလက်ရှိ စစ်သားရဲ့ ဇနီးမယား သား သမီး၊ သမီးရည်းစား စတဲ့ တပ်မိသားစုအသိုင်းအဝိုင်း တွေလို့ သူက ဆိုပါတယ်။အဲ့ဒီသူတွေအပြင် တပ်ထောက်ခံသူ နောက်ထပ်တစ်မျိုးကျန်နေပါသေးတယ် သူတို့ဟာ စစ်တပ်နဲ့ အကျိုးစီးပွားဆက်နွယ်တာ လည်းမရှိပါဘူး၊ တပ်အသိုင်းအဝိုင်းလည်းမဟုတ်ကြပါဘူး အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ်၊ NLD အနိုင်ပြန်ရရင် မွတ်စလင် ဘာသာဝင် ကြီးစိုးမယ်ဆိုပြီး အမုန်းစကားဆိုကြတာကို နားယောင်သူတွေလည်းရှိပါတယ်။

“စစ်တပ်ဆီက တစ်ကျပ်မှမရဖူးဘဲနဲ့ကို စစ်တပ်ကိုထောက်ခံနေတာ ဘာ့ကြောင့်ထောက်ခံတာလဲ မေးရင် ဒေါ်စုတက်ရင် မွတ်စလင်နိုင်ငံဖြစ်မယ်မှာလို့ ပြန်ပြောတယ်” လို့ စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းက လူငယ်တစ်ဦးက သူ့အဒေါ်အကြောင်းကို ပြောပြပါတယ်။သူတို့အားလုံးဟာ လက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် မီးရှို့သတ်မှုတွေ ၊ ဒီနေ့ဖမ်း နောက်နေ့အလောင်းပြန်ပို့ခံရတဲ့ ဖြစ်ရပ်တွေကို ဒါဟာ သတင်းအမှား တွေသာ ဖြစ်တယ် PDF တွေရဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဘူးခံ ငြင်းဆိုပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကို မျက်စိမှိတ်ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ တပ်ထောက်ခံသူတွေဟာ အကျိုးစီးပွားမျှော်ကိုးသူတွေလို့ ခပ်ပြတ်ပြတ်ပြောပါတယ်။“စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး အကျိုးစီးပွားရရှိနေတဲ့ လူတချို့က စစ်ကောင်စီကို ကျန်တဲ့ပြည်သူတွေ က ဖြိုချနိုင်မှာမဟုတ်ဘူး တိုက် ခိုက်နိုင်မှာမဟုတ်ဘူးဆိုတဲ့မျှော်လင့်ချက်နဲ့ ဆက်လက်ရပ်တည်ပြီး ထောက်ခံနေတာ” လို့ သူကဆိုပါတယ်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s