စစ်ကောင်စီ၏ လက်နက်အမြောက်အမြား သိမ်းမိဟု MNDAA ပြေ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ မုံးကိုးမြို့နယ်အတွင်း ယမန်နေ့ (ဒီဇင်ဘာ ၃) တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ထံမှ လက် နက်ခဲယမ်းအများအပြား သိမ်းမိသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
မြို့အနောက်ဘက် မိုင်အနည်းငယ်အကွာ တောင်တန်းပေါ်တွင်ရှိသည့် ဖောက်မော့ရွာဟောင်းတွင် တပ်စွဲထားသော ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့် ဒီဇင်ဘာ ၃ နံနက် ၉ မှ ညနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ်သည်ဟု MNDAA ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ပြောသည်။
ထိုနေ့ မွန်းလွဲ ၃ နာရီနောက်ပိုင်း တိုက်ပွဲအရှိန်လျော့သွားပြီး စစ်ကောင်စီ တပ်မ ၉၉ က တဖြည်းဖြည်း ပြန်ဆုတ်သွားချိန်တွင် စစ်သုံးပစ္စည်းအမြောက်အမြား သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကြိမ်ခြင်း အလုံး ၂၀ဖြင့် ထည့်ထားသည့် တပ်မ ၉၉ တံဆိပ်ပါ ယူနီဖောင်းများ၊ ၇.၆၂ မမ ကျည် ၆၈၅ တောင့်၊ ၅.၅၆ ကျည် ၃၇၆၀ တောင့်၊ ၆၀ မမ မော်တာကျည် ၁၈ လုံး၊ ဗုံးသီး ၉ လုံး၊ လက်ပစ်ဗုံး အလုံး ၄၀၊ RPG ဗုံးသီး ၆ ခု တို့ပါဝင်ကြောင်း MNDAA က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
မိုင်း ၁၂ လုံး၊ ကျည်ကပ် ၆ ခု၊ ပစ္စတိုကျည်ကပ်တစ်ခု၊ ပါဝါဘန့် ၈ ခု၊ ဓား ၆ လက်၊ စကားပြောစက် ၅ လုံး၊ မိုဘိုင်းဖုန်းများနှင့် အခြားအသုံး အဆောင်ပစ္စည်းများလည်း စစ်ကောင်စီထံမှ ရသည်ဟု ကိုရန်နိုင်က ပြောသည်။
“သူတို့ နောက်ပြန်ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်၊ ထိခိုက်ကျဆုံးတာလဲ သူတို့မှာ ရှိမယ်ထင်တယ်။ ကောင်းကောင်းမသိဘူး။ ဒါပေမဲ့ နယ် မြေရှင်းလင်းတဲ့အချိန်မှာတော့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်ဗျ” ဟု ကိုရန်နိုင်က ပြောသည်။
ထိုတိုက်ပွဲအတွင်း ၎င်းတို့ဘက်မှ ထိခိုက်သူမရှိဟု ဆိုသည်။
မုံးကိုးမြို့ခံတစ်ဦးကလည်း တိုက်ပွဲအတွင်း ပစ်ခတ်သံများကို မြို့ပေါ်မှပင် ကြားရကြောင်း၊ ရပ်ကွက် ၆ နယ်မြေအတွင်းရှိသည့် စစ်တပ်ဗျူဟာကုန်းမှ တိုက်ပွဲဖြစ်ပွားရာသို့ လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ကြောင်း ပြောသည်။
ဖောက်မော့ရွာမှာ ရွာဟောင်းတစ်ခုဖြစ်၍ အရပ်သားထိခိုက်ဒဏ်ရာရမှု မရှိနိုင်ဟု ၎င်းက ခန့်မှန်းသည်။
၂၀၁၁ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်တပ်အကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် ဖောက်မော့နှင့် အနီးဝန်းကျင်ရှိ ဒေသခံများ မုံးကိုးမြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြသည်ဟု အထက်ပါဒေသခံထံမှ သိရသည်။
“အခု ရွာတွေမှာတော့ ဘယ်သူမှ မရှိတော့ဘူး၊ အကုန်လုံးကို မြို့ပေါ်ကို တိုက်ပွဲတိမ်းရှောင်လာတဲ့ ရွာဟောင်းတွေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မုံးကိုးမြို့၏ အခြေအနေမှာ တည်ငြိမ်နေပြီး ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်ဟု ထိုဒေသခံထံမှ သိရသည်။
ပြည်သူ့မဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် ၁၁ လအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေကာ ထိုအထဲတွင် MNDAA နှင့် KIA တို့ လှုပ်ရှားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မျဉ်းတစ်လျှောက်ရှိ ဒေသများလည်း ပါဝင်သည်။
ဇွန်လမှ စတင်သည့် တိုက်ပွဲများကြောင့် မုံးကိုးမြို့အရှေ့ဘက် ၇ မိုင်အကွာရှိ ကောင်းလုံရွာမှ စစ်ရှောင် ၅၀၀ ခန့်မှာ မုန်းကိုးမြို့ပေါ်ရှိ ခရစ် ယာန် နှစ်ခြင်းဘုရားကျောင်းတွင် သောင်တင်နေသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။
ထိုဒေသအတွင်းသို့ စစ်ကောင်စီက တပ်မ ၉၉ လက်အောက်ခံတပ်များအပြင် လက်နက်၊ ခဲယမ်း အမြောက်အမြားကို ပို့ဆောင်ထားသည်ဟု ထိုသတင်းများ၌ တွေ့ရသည်။
စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်တွင် MNDAA နှင့် အခြား ၅ ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)နှင့် မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ဆွေးနွေးပွဲရလဒ်ကို မည်သူမျှ ထုတ်မပြောသော်လည်း ထိုသို့ တွေ့ဆုံပြီး ရက်ပိုင်းအကြာတွင် မုံးကိုးဒေသအတွင်းသို့ စစ်တပ်က အမြောက်ကြီး များအပြင် လေတပ်ပါ သုံး၍ တိုက်ခိုက်နေသည်။
MNDAA ၏လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုနှင့် ထိုဒေသတွင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ myanmar now