သရက်မြို့နယ်တွင် ခရိုင်ရဲမှူး စီးနင်းလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင်၊ စစ်ကောင်စီလက်အောက်ခံ သရက်ခရိုင်ရဲမှူး လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို သရက်- ကံမ ဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF- သရက်) ပြန်ကြားတာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို အတည်ပြု ပြောသည်။
သရက်ခရိုင်ရဲမှူး စီးနင်းလာသည့် ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းသည် သရက်မြို့နယ်မှ ကံမမြို့နယ်သို့ ပြန်လာစဉ် မြို့နယ်နှစ်ခုအစပ်ဖြစ်သော ထန်းဖြူ(သပြူ) ကျေးရွာအနီးရှိ သရက်- ကံမ ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရခြင်း ဖြစ်သည်။“ခရိုင်ရဲမှူးပါတဲ့ ကားသုံးစီးပါ။ ရဲကားနဲ့ စစ်ကားပေါင်း သုံးစီးပါတယ်။ ထိခိုက်မှုအခြေအနေကတော့ မသိရသေးပါဘူး” ဟု သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားတာဝန် ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိနိုင်သော်လည်း တိတိကျကျကို မသိရသေးကြောင်း ၎င်းက ပြောသည်။ဒေသခံပြည်သူများအ နေ ဖြင့် စစ်ကောင်စီထောက်တိုင်များနှင့် ခပ်ဝေးဝေးနေကြပြီး မပတ်သက်ကြရန်နှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် အပြုအမှုကိစ္စမျိုးကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြရန်လည်း သရက်ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းပြောဆိုထားသည်။ mizzima