စစ်ကိုင်းတွင် စခန်းမှူးကားကို စစ်တပ်က ပစ် ခတ်၊ ရဲသတင်းပေး သေဆုံး

ယမန်နေ့ (ဇန်နဝါရီ ၅) ညပိုင်းတွင် စစ်ကိုင်းမြို့မြောက်ဘက် နုံးတွင်းကျေးရွာအနီး မော်တော်ယာဉ်တစ်စီးကို စစ်သားများ၏ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် ရှိနေကြသော အရပ်သားတစ်ဦး သေဆုံးပြီး ရဲတစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ ရဲသတင်းပေးဟု ဒေသခံတို့ ယူဆနေကြသော အသက် ၄၀ ကျော်အရွယ် ဦးမင်းမင်းဇော်ဖြစ်ကြောင်း၊ ညောင်ပင်ဝန်းရွာရဲစခန်းမှူး ရဲအုပ်၊ ရဲတပ်သားတစ်ဦးတို့နှင့်အတူ ကားစီးလာစဉ် ည ၁၀ နာရီခွဲခန့် နုံးတွင်းကျေးရွာအနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ညောင်ပင်ဝန်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကိုင်းက ပြန်လာပုံပေါ်တယ်။ မတ်ခ်တူးအဖြူလေးနဲ့၊ နုံးတွင်းရွာနားမှာက အမြောက်တပ်တစ်ခုရှိတယ်။ အဲ့ဒီက ကင်းလှည့်တာနဲ့ တိုးပြီး လိုက်ပစ်တာ” ဟု ရဲစခန်းသတင်းရင်းမြစ်ကို ကိုးကားပြီး အထက်ပါဒေသခံက ဆိုသည်။
“ကားရပ်သွားတဲ့အချိန် သွားကြည့်တော့ (ညောင်ပင်ဝန်း) စခန်းမှူးကား ဖြစ်နေရော။ စခန်းမှူးကတော့ ငိုယိုပြီး သူမှားသွားတာပါ၊ သူမှားလို့ အခုလိုဖြစ်ရတာပါ ပြောနေတာ“
စခန်းမှူး ဒဏ်ရာမရရှိကြောင်း၊ ပေါင်တွင် ကျည်ထိထားသော ရဲတပ်သားကို စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ညောင်ပင်ဝန်းရွာဒေ သခံများ၏ အဆိုအရ သိရသည်။
“(ဦးမင်းမင်းဇော်က) သူ့သမီးကို ဆေးရုံ လိုက်ပို့တာ၊ စခန်းမှူးနဲ့ ရဲတပ်သားတစ်ယောက်နဲ့ အတူတူသွားပြီးတော့ ပြန်လာတာ။ နုံးတွင်းရွာအ ကျော်မှာ ကင်းပုန်းဝပ်နေတဲ့ စကစ (စစ်ကောင်စီ) က တားတဲ့အချိန် ရပ်မပေးတော့ လိုက်ပစ်တာ”ဟု ညောင်ပင်၀န်းရွာမှ အမည်မဖော်လိုသူ အမျိုးသားနောက်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားတို့က လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေပြီး စစ်ဆေးသည့်နေရာမှ ရှောင်ကွင်းသွားသူများကို လိုက်လံပစ် ခတ်လေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ရဲများ လိုက်ပါလာသည့် မော်တော်ယာဉ်ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ညောင်ပင်ဝန်းရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက် အသွယ် မရပေ။ myanmar now