ဇီးကုန်းမြို့နယ်တွင် ရဲဆိုင်ကယ်ယာဉ်တန်း အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ စစ်တပ်ပိုင် MEC သကြားစက်ဝင်းမှ ထွက်လာသော ရဲဆိုင်ကယ် ယာဉ်တန်းကို ကန့်ဘလူ ပြောက်ကျားတပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဲသုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ တပ်စွဲထားသည့် အဆိုပါ သကြားစက်မှ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ပေကြီးကျေးရွာနှင့် ယမနေရွာကြား ကြံစိုက်ထားသော ကွင်းအမှတ် (၉) သို့ ထွက်လာသည့် ရဲအင်အား ၁၀ ဦးပါ ဆိုင်ကယ် ငါးစီးကို ထနောင်းကိုင်းရွာ လမ်းခွဲအရောက်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ ”ဆိုင်ကယ်တွေနဲ့လေ၊ ကပ်မစီးဘူး ခွာပြီးစီးတာ ဝါးတစ်ရိုက်စာပေါ့။ မိုင်းထိတဲ့ ဆိုင်ကယ်တွေက လွင့်ပြီး သုံးယောက် ထိသွားတာ။
အဲ့နားတင် တန်းမသေတော့ ဆိုင်ကယ်တွေနဲ့ တင်သွားတယ်။ ကျန်တဲ့သူတွေက ရမ်းသန်းပြန်ပစ်ပြီး ထွက်ပြေးကြတာ” ဟု မိုင်းခွဲ တိုက်ခိုက်ခဲ့သည့် Kanbalu Underground Warriors (KBU-UG) အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ယင်းသို့ ရဲများက ပြန်လည် ပစ်ခတ်မှုများ ရှိသော် လည်း ပြောက်ကျားအဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ စခန်းသို့ ကောင်းမွန်စွာ ပြန်လည် ရောက်ရှိခဲ့ကြောင်း ဆိုသည်။အဝေးထိန်းမိုင်း ငါးလုံး ပေါက် ကွဲမှုကြောင့် ရဲတပ်သား သုံးဦး ထိခိုက်ခဲ့ပြီး စပါးခင်း အတွင်းရှိ ပြည်သူပိုင် ကောက်ရိုးထုံးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ mizzima