တိုက်ကြီးတွင် စစ်တပ်က ငါးအိမ်စုရွာကို ဧည့် စာရင်း ဝင်ရောက် စစ်ဆေးစဉ် တံခါးမဖွင့်ပေး ၍ဆိုကာ စိတ်ရောဂါသည် ဦးထိန်လင်းကို ပစ်သတ်ပြီး အလောင်းကို ယူဆောင်သွား
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ရှမ်းဘက် ၃လမ်း၊ ငါးအိမ်စုကျေးရွာကို ဇန်နဝါရီလ ၅ရက်နေ့ ညပိုင်းတွင် စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးစဉ် စိတ်ရောဂါသည် ဦးထိန်လင်းက အိမ်တံခါး မဖွင့်ပေး၍ဆိုကာ ပစ်သတ်ပြီး အလောင်းကို ယူဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဇင်မင်းဝေကို ဇန်နဝါရီလ ၅ရက်နေ့တွင် အမည်မသိ သေနတ်သမားများက ပစ် ခတ်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်တပ်က ငါးအိမ်စုကျေးရွာကို ဝင်ရောက် ဧည့်စာရင်းစစ်ဆေးခြင်းဖြစ်သည်။
” ဇင်မင်းဝေက ငါးအိမ်စုကျေးရွာမှာနေတာ သူအသတ်ခံရတာက ရှမ်းဘက် ၃လမ်းမှာ သူအသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါးအိမ်စုကျေးရွာကို စစ်တပ်က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးတာကို စိတ်ရောဂါသည် ဦးထိန်လင်းနေတဲ့ အိမ်လည်းရောက်ရော ဦးထိန်လင်းက တံ ခါးမဖွင့်ပေးတော့ တံခါးကို ရိုက်ချိုးဝင်ပြီးတော့ စစ်တပ်က ပစ်သတ်သွားတာ ဦးထိန်လင်းက တစ်ယောက်တည်းနေတာ လူပျိုကြီး အလောင်းကိုလည်း ယူသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထိုသို့ စစ်တပ်က ပစ်သတ်သည့် သေနတ်သံကိုကြားသောကြောင့် အိမ်ပြင် ထွက်ရောက်ကြည့်ရှုသည့် ကျေးရွာသား ၄ ဦးကိုလည်း အကြောင့်မဲ့ဖမ်းဆီးသွားကာ စိတ်ရောဂါသည် ဦးထိန်လင်း ရုပ်အလောင်းကိုလည်း စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာတွင်းသို့ လာရောက်ပို့ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။ khit thit