ရဟတ်ယာဉ်နှင့် ကြဲသောစာတွင် ခြိမ်းခြောက်မှု၊ ဘာသာရေးလှုံ့ဆော်မှု ပါဝင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပူးပေါင်းပါက မြို့ရွာများ အဖျက်ခံရမည်ဟု သဘောဆောင်သည့် ဝါဒဖြန့်ခြိမ်းခြောက်စာများကို နိုဝင်ဘာလကုန်မှစ၍ စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်ဖြင့် ကြဲချနေသည်။

လူများစု ဗုဒ္ဓဘာသာဝင်များကို အခြားဘာသာဝင်များနှင့်လည်း အကြီးအကျယ်ရန်တိုက်ပေးထားသော ထိုစာတွင် PDF လက်ခံသော ရွာများကို နေရာရွှေ့ပြောင်းကာ စုစည်းရွာအဖြစ် တည်ဆောက်သွားမည်၊ ဒေသခံတို့၏ လူမှုဘဝမျိုးစုံကို ထိခိုက်စေမည်ဟု ခြိမ်းခြောက်ထားသည်။ 

“မင်းတို့မြို့တွေ ရွာတွေ အပျက်ခံကြမှာလား ”၊ “တပ်မတော်နဲ့ပေါင်းပြီး PDF ကို တိုက်ဖျက်ကြ”စသည့် စာသားများကို သုံးခေါက်ချိုး A 4 စာရွက်ပေါ်တွင် ပုံနှိပ်ထားသည်။

ဝါဒဖြန့်စာ ကြဲချသည့် ဒေသများမှာ PDF တို့၏ ပြောက်ကျားတိုက်ခိုက်မှု အားကောင်းသော၊ စစ်ကောင်စီတပ် အထိနာနေသော စစ်ကိုင်းတိုင်းအတွင်းရှိ ဘုတလင်၊ ရေဦး၊ ယင်းမာပင်၊ ကလေး၊ ကနီ၊ တန့်ဆည်၊ မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း အပါအဝင် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ယောဒေသတို့ ဖြစ်သည်။

ပြီးခဲ့သည့်ရက်အတွင်း လေယာဉ်သံ၊ ဗုံးသံနှင့် ပစ်ခတ်တိုက်ခိုက်သံများ ဆူညံနေသဖြင့် ယခုရက်ပိုင်းမှသာ သေဆုံးပျက်စီးစာရင်း မှတ်တမ်းတင်နေစဉ် ဒေသခံတို့ ဝါဒဖြန့်စာများ ကောက်ရသည်ဟု သိရကြောင်း၊ လူထုကို သတ်ဖြတ်မှုများအတွက် စစ်ဗိုလ်ချုပ်များတွင် တာဝန်ရှိကြောင်း နယ်မြေခံ လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

“ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ မီးလောင်တိုက်သွင်းခဲ့တာတွေအတွက် ကျူးလွန်ခဲ့သမျှ စစ်ရာဇဝတ်မှုတွေအတွက် တန်ပြန်တဲ့ပြစ်ဒဏ်ကို ခံဖို့သာ ပြင်ဆင်ထားကြပါလို့ပဲ ပြောချင်တယ်”ဟု ကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က ပြောသည်။

ကလေးမြို့နယ်အတွင်း ဒီဇင်ဘာ ၂၇ တွင် ကြဲချခဲ့ကြောင်း ထိုလွှတ်တော်အမတ်က ဆိုသည်။ 

ချင်းတွင်းမြစ်ကြောင်းမှ ကျောက်စိမ်းသယ်ထုတ်နေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကနီမြို့နယ် PDF က ၎င်းတို့ဒေသတွင် စာရွက်လာကြဲသည့်အချိန်မှာ ဒီဇင်ဘာလကုန်ပိုင်းတွင်ဖြစ်ကြောင်း၊ သတင်းစီးဆင်းမှုဟန့်တားရ ခက်ခဲသော ယနေ့ကာလတွင် စစ်ကောင်စီ၏ လိမ်ညာဝါဒဖြန့်မှုကို လူထုက ယုံကြည်ကြမည်မဟုတ်ကြောင်း တုံ့ပြန်သည်။

“စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာဖြစ်တယ်။ သူတို့ဘာရေးရေး၊ ဘာကြဲကြဲ ခုကာလဟာ ၈၈ ခေတ် မဟုတ်တော့ဘူး၊ အင်တာနက်ခေတ်ဖြစ်တယ်” ဟု ကနီမြို့နယ် PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“သူ့လူ သူတောင် မစည်းရုံးနိုင်တော့ အရင်တုန်းကအတိုင်းပဲ၊ အကြံကုန် ဂဠုန်ဆားချက် လုပ်ရတော့ပဲ” 

ကနီမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးကလည်း လေးခွသာရှိသော ရွာသူရွာသားတို့ကို လေတပ်၊ ကြည်းတပ် သုံးပြီး တိုက်ခိုက်နေသော စစ်ကောင်စီအကြောင်း အများ သိထားပြီးဖြစ်သည်ဟု ပြောသည်။

“သူတို့က ဒီအတိုင်း တွေ့ရင်တောင် ပစ်သတ်နေတာ”ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

၀ါဒဖြန့်ချိရေး လမ်းကြောင်းများ

ထိုခြိမ်းခြောက်မှုသည် ပြည်သူ၏ နာကြည်းမုန်းတီးမှုကို ချေဖျက်နိုင်စွမ်း မရှိဟု မြင်းမူမြို့နယ်ပြောက်ကျားတပ်ဖွဲ့ People’s Guerillas Commando – Myinmu က ဆိုသည်။

“ဝါဒဖြန့်ရင် ပြည်သူက ယုံကြည်မယ်ထင်နေတဲ့ အတွေးကို ဒီကောင်တွေးနေတာ။ ပြည်သူတွေ ဘယ်လောက်အထိ မုန်းတီးနေလဲဆိုတာ စကားအများကြီးပြောဖို့ကို မလိုတော့ပါဘူးဗျာ” ဟု ထိုအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘီရွန်က ပြောသည်။ 

“ပြည်သူတွေရဲ့ ဆန့်ကျင်ဘက်မှာ ဘယ်ကောင်တွေနေရဲလဲ၊ နေရဲတဲ့ကောင် နေပေါ့ဗျာ”

ယောဒေသ၊ ဂန့်ဂေါမြို့နယ်အတွင်း မောက်လင်းရွာနှင့် ကျော်ရွာ ဝန်းကျင်ကို ဝါဒဖြန့်စာ ကြဲချသည့် နေ့မှာ ဒီဇင်ဘာ ၉ ရက်နေ့ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် ဝက်လက်အပါအဝင် တချို့မြို့နယ်များတွင် ထိုဝါဒဖြန့်စာများ ကြဲချခြင်း မရှိသေးပေ။

စစ်ကောင်စီက ထိုဒေသများတွင် ၎င်းတို့ဩဇာသက်ရောက်မှုရှိနေသေးသည်ဟု ယူဆသောကြောင့် ဝါဒဖြန့်စာကြဲမှုမပြုသေးခြင်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးအဖွဲ့များက သုံးသပ်ကြသည်။

စစ်ကောင်စီက ဝါဒဖြန့်နည်းလမ်းစုံကို သုံးနေခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းလွှတ်တော် ကန့်ဘလူမဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဦးနေဇင်လတ်က ယူဆသည်။

“Facebook မှာ စစ်တပ်နဲ့ဆိုင်တဲ့အကောင့်တွေ ပိတ်သိမ်းခံနေရတာ ဆိုတော့ Facebook ကနေ သူတို့ ဝါဒဖြန့်တာတွေ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် လေယာဉ်နဲ့ လိုက်ကြဲချနေရတာပေါ့” ဟု ဦးနေဇင်လတ်က မှတ်ချက်ပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဖျက်သိမ်းခြင်း မပြုခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ရုပ်သံ၊ ရေဒီယို၊​ သတင်းစာများကလည်း စစ်ကောင်စီ၏ စိတ်ကြိုက် ဝါဒဖြန့်ချိရေးလမ်းကြောင်းများ ဖြစ်နေသည်။

လုပ်ငန်းစုံလုပ်ကိုင်သည့် စစ်တပ်တွင် ကိုယ်ပိုင် ရုပ်သံ၊ ရေဒီယို၊​ သတင်းစာများ ရှိနေပြီးဖြစ်သည်။

ရခိုင်ဒေသတွင် ၂ နှစ်တာ စစ်ပွဲဖြစ်ပွားစဉ်က အင်တာနက်ဖြတ်တောက်ထားသကဲ့သို့ ယခု စစ်ရေးပြင်းထန်နေသည့် နယ်မြေများဖြစ်သော မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၏ မြို့နယ်အချို့တွင်လည်း စစ်ကောင်စီက  ၂၀၂၁ စက်တင်ဘာအတွင်းမှစ၍ အင်တာနက်ဖြတ်တောက်ထားသည်။ 

ဘာသာရေးမှိုင်းတိုက်မှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ် ဘာသာရေးလှုံ့ဆော်မှုများကို ဗြောင်ကျကျ ထောက်ခံခဲ့သည့် စစ်ဗိုလ်ချုပ်များသည် ယခု ရဟတ်ယာဉ်မှ ကြဲချသည့် စာရွက်များတွင်လည်း အလားတူ သွေးထိုးလှုံ့ဆော်မှုများ ထည့်ထားသည်ကို တွေ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့ချုပ် (OIC) တို့က ကူညီထောက်ပံ့နေသည်ဟုလည်း ထိုဝါဒဖြန့်စာတွင် ရေးသားထားသည်။ 

“OIC ( ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့ချုပ်) က ဗုဒ္ဓဘာသာအချင်းချင်း သတ်ဖြတ်အောင် ဝါဒဖြန့်၊ သာသနာကို စော်ကား၊ ရဟန်းသံဃာတွေကို သတ်ဖြတ်အောင် နောက်ကွယ်က ငွေကြေးနဲ့ လက်နက်/ခဲယမ်း ထောက်ပံ့ပေးလျက်ရှိတယ်”

ဗုဒ္ဓဘာသာအချင်းချင်း သတ်ဖြတ်နေပါက OIC, KIA တို့က ဝမ်းသာနေမည်ဟု ထိုစာတွင် ဖော်ပြထားသည်။

အဆိုပါ ဘာသာရေးလှုံ့ဆော်ရေးသားမှုများသည် စစ်တပ်ထောက်ခံသော အစွန်းရောက်မျိုးချစ်ဆိုသူတို့ အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားမှုများနှင့် ဆင်တူနေသည်။ 

စစ်ကောင်စီချုပ်ကိုင်သော သတင်းစာမျက်နှာများတွင်မူ ထိုကဲ့သို့ လွန်လွန်ကျူးကျူးဝါဒဖြန့်လေ့ မရှိဘဲ ဗိုလ်ချုပ်ကြီးများက အခြားဘာသာများကို လေးစားကြောင်း ဖော်ပြတတ်သည်။

ရဟတ်ယာဉ်ပေါ်မှ ကြဲချသည့် ဝါဒဖြန့်စာတွင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အဖွဲ့ ၁၀၀ ကျော်နေပြီဟု ဖော်ပြထားသည်။ အဖွဲ့နာမည်ကိုမူ ဖော်ပြမထားပေ။ 

ပျူစောထီးအဖွဲ့များကို လေ့ကျင့်၍ လက်နက်တပ်ဆင်ပေးထားသည်ဟု ပြောဆိုချက်ကို ဗိုလ်ချုပ်ကြီးများက မကြာခဏ ငြင်းဆန်ထားဖူး သည်။ 

ဝါဒဖြန့်စာနှင့် ပတ်သက်ပြီး ပိုမို သိရှိဖော်ပြနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အရာရှိတို့၏ ဖုန်းနံပတ် ၄ ခုကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။

နိုဝင်ဘာလအတွင်းကမူ ထိုကဲ့သို့စာရွက်များကို မန္တလေးတိုင်း၊ အမရပူရမြို့နယ်နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အများပြည်သူဆိုင်ရာနေရာများ၌ စစ်သားများက လိုက်လံကပ်ထားခဲ့ကြသည်ဟု ဒေသံများထံမှ သိရသည်။ 

PDF နှင့် ဆက်နွှယ်သူတို့၏ နေအိမ်များကို သိမ်းမည်၊ ရွာများ ရွှေ့ပြောင်းပစ်မည်၊ အကြမ်းဖက် NLD ပါတီ စသည့် စာသားများပါဝင်သည့် စာ ရွက်များကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ချမ်းမြသာစည်၊ အမရပူရ စသည့် မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် လိုက်ကပ်ထားခြင်းဖြစ်သည်။

အမရပူရ ရွာတချို့တွင် ထိုကြော်ငြာများ ဆုတ်ဖြဲခံရသည်ဟုဆိုကာ စစ်သားများက ဒေသခံတို့ကို ဝင်ရောက်ရိုက်နှက်ခဲ့သည်။ 

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် PDF တို့ကို တိုက်ခိုက်ရေးသားထားသည့် လက်ကမ်းစာစောင်များကိုလည်း စစ်ကောင်စီက ဖြန့်ဝေခဲ့သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s