အင်းစိန် EPC ရုံး ဗုံးပေါက်ပြီး ရဲ ၁ ဦး အရေးပေါ် ဆေးရုံရောက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အင်းစိန် ပန်းခြံလမ်းဆုံထောင့်ရှိ မြို့နယ်လျှပ်စစ်ရုံးသည် ဇန်နဝါရီ ၆ရက် နေ့လည် ၂နာရီ ၅၁မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲတစ်ဦး အရေးပေါ် ဆေးရုံ ပို့ဆောင်ခဲ့ရသည်ဟု အဆိုပါ ဗုံးပေါက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် D.R.F တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။
အာဏာရှင်တော်လှန်ရေးဦးဆောင်ကော်မတီ D.R.F မှ တာဝန်ရှိသူက ” EPC ရုံး ပတ်သက်ရာပတ်သက်ကြောင်းဆီကနေ သတင်းရတာက ရဲတစ်ယောက် အရေးပေါ် ရောက်သွားတယ်။ ကျန်တဲ့ ထိခိုက်တဲ့သူတွေရှိတယ်လို့လဲ ကြားတယ်”ဟု အတည်ပြု ပြောကြားသည်။ထို့အပြင် ၄ နာရီ ၂၆မိနစ်တွင်လည်း ဗဟိုလမ်းမပေါ်ရှိ ကညနရုံးမျက်စောင်းထိုးတွင် ၎င်းတို့ရပ်ထားခဲ့သည့် ဆိုင်ကယ်တစ်စီးကို အဝေးထိန်းဗုံးဖြင့် ဖောက် ခွဲခဲ့ကြောင်းလည်း သိရသည်။
ဆက်လက်၍ D.R.F တာဝန်ရှိသူက”ပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို မတရားဖမ်းဆီးနေတာ များနေပြီဖြစ်လို့ နောက်တစ်ကြိမ် ဖမ်းဆီးတာတွေရှိလာရင် အခုလိုပဲ ဆိုင်ကယ်ထဲမှာ ဗုံးတွေပါလာ နိုင်တယ်ဆိုတာကို သိစေချင်တယ်။ ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းလိုက် ရောင်းလိုက် လုပ်နေတဲ့ ကောင်တွေကို ဒီလိုဗုံးတွေထည့်ပြီး ခွဲမယ် ။ အခုက နမူနာပြတဲ့သဘောပဲ ‘ဟု သတိပေး ပြောဆိုထားသည်။
ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲအင်အား အများအပြား အဆိုပါနေရာသို့ ရောက်ရှိလာကြပြီး ဗဟိုလမ်းထိပ်နဲ့ ရပ်ကွက်လမ်းကြားများပါမကျန် လမ်းများပိတ်ပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။”ဗဟိုလမ်းတောက်လျှောက် လိုင်စင်ရုံးအထိ လမ်းကြားတွေကိုပါ ပိတ်ထားတယ်။ ဗုံးပေါက်ပြီး လမ်းတွေပိတ်ထားလို့ ရပ်ကွက်ထဲကလူတွေတောင် နေ့လည်ကနေ အခုချိန်အထိ အပြင်မထွက်ရဘူး။ စစ်သားတွေကော ရဲတွေကော အများကြီး ရောက်နေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။ mizzima