အမေရိကန်၏ မြန်မာဆိုင်ရာ မူဝါဒအတွက် NDAA ဥပဒေက ဘယ်လို အဓိပ္ပါယ် သက် ရောက်မလဲ

၂၀၂၂ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၇ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က ဥပဒေအဖြစ် လက် မှတ်ထိုးခဲ့ပြီး ယင်းက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန် အစိုးရ၏ မူဝါဒပိုင်း အပြောင်းအလဲတစ်ခုကို ညွှန်ပြနေသည်။ အမေရိကန်၏ ကာကွယ်ရေးအသုံးစရိတ် အဖြစ် ဒေါ်လာ ၇၇၀ ဘီလီယံ အသုံးပြုခွင့်ပြုသည့် NDAA ဥပဒေ၏ အပိုဒ် ၆၅၁၀ တွင် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီကို ထောက်ခံအားပေးရေး” အတွက် တောင်းဆိုထားသည်။ သို့သော် ဤ ဥပဒေက တောင်းဆိုနေသည်က  မြန်မာနှင့်ပတ်သက်သည့် အမေရိကန်၏ မဟာဗျူဟာသစ်တစ်ရပ်ပင် ဖြစ်သည်။

မြန်မာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ NLD အစိုးရကို ဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘိုင်ဒင် အစိုးရသည် မြန်မာစစ်တပ်၏ ကြမ်းကြုတ်သော အာဏာသိမ်းမှု၊ ကမ်းကုန်အောင် ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် မည်ကာ မတ္တသဘော တုံ့ပြန်မှုတစ်ခုကိုသာ လုပ်ဆောင်ထားသည်။ မျှမျှတတ ဆိုရလျင်မူ ကပ်ရောဂါတစ်ခု ဖြစ်ပွားနေသောအချိန်ကာလတစ်ခုဖြစ်ပြီး စီးပွားရေး ကျဆင်းမှုတစ်ခုနှင့် ကြုံနေရစဉ် အမေရိကန် သမ္မတသစ်ကျမ်းကျိန်ပွဲအပြီး ၁၀ ရက်မျှသာ ရှိသေးချိန်တွင် မြန်မာအာဏာသိမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အစိုးရ၏ တရုတ်နှင့်အကြား ပြိုင်ဆိုင်မှု၊ လူ့အခွင့်အရေးကို နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှုတစ်ခုအဖြစ် ရှိစေမည် ဆိုသည့် အစိုးရ၏ ကတိပြုမှုတို့ ရှိလင့်ကစား မြန်မာသည် နိမ့်ကျသော ဦးစားပေးမှုတစ်ခု ဖြစ်ခဲ့သည်။

မြန်မာအာဏာသိမ်းမှုဖြစ်ပြီးနောက် အမေရိကန်အစိုးရသည် နယူးယော့ခ် Federal Reserve ဘဏ်တွင် အပ်နှံထားသော မြန်မာအစိုးရ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို အလျင်အမြန်ပင် ပိတ်ပင်ထိန်းချုပ်ခဲ့သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည်လည်း မြန်မာစစ်တပ်၏ ဆက်စပ် စီးပွားရေးလုပ်ငန်းစုနှစ်စုအပေါ် ချက်ချင်းပင် ဒဏ်ခတ်အရေးယူခဲ့သည်။ ထို့ပြင် အာဏာသိမ်းစစ်တပ်၏ အကြီးတန်းစစ်ဘက်အရာရှိကြီးများ၊ ၎င်းတို့၏ သားသမီးများ၊ ခရိုနီများ၊ စစ်တပ်နှင့် ဆက်နွယ်သော အခြားသော ကော်ပိုရေးရှင်းများအပေါ်လည်း ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။ သို့သော် ယင်းကဲ့သို့သော လိုက်လုပ်စေရန်အတွက် ဂျပန်၊ ထိုင်း နှင့် စင်္ကာပူအပါအဝင် အဓိက ပါတနာမိတ်ဘက်များနှင့် မဟာမိတ်များကိုမူ အမေရိကန်အနေဖြင့် စည်းရုံးနိုင်ခဲ့ခြင်း မရှိပေ။ အမေရိကန်သည် မြန်မာနိုင်ငံသားများကို ယာယီ အကာအကွယ်ပေးမှု အခြေအနေ ပေးအပ်ခဲ့သလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရပ်တည်ခဲ့သည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ထိုင်ခုံကိုလည်း ထောက်ခံပေးခဲ့သလို မြန်မာသံအမတ်ကြီးကို လုပ်ကြုံရန် ကြိုးပမ်းခဲ့သူနှစ်ဦးကိုလည်း တရားစွဲဆိုထားခဲ့သည်။

နောက်ပိုင်းတွင်လည်း အမေရိကန်အစိုးရသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ရာထူးကြီး အဆင့်မြင့်ကိုယ်စားလှယ်အချို့ ကို အရှေ့တောင်အာရှသို့ စေလွှတ်ခဲ့ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝင်လမ်းရရှိရေးကို ပိုမို ကူညီမှုအပါအဝင် အာဏာသိမ်းစစ်အုပ်စုအပေါ် အာဆီယံဘက်က ပိုမို ဖိအားပေးရေးအတွက် စည်းရုံးစေခဲ့သည်။ ယင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း COVID-19 ကာကွယ်ဆေးများအတွက် ဒေါ်လာ သန်း ၅၀ ပေးအပ်ခဲ့သည်။ အောက်တိုဘာလကလည်း အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်သည် NUG ကိုယ်စားလှယ်များနှင့် အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန်အစိုးရသည် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ရှိရေးအတွက် တောင်းဆိုထားခဲ့သည်။

ဒီဇင်ဘာ ၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က မြန်မာဆိုင်ရာ အမေရိကန်မူဝါဒကို တင်ပြခဲ့သည်။

“ကြောက်မက်ဖွယ် ကောင်းပြီး လူမဆန်တဲ့ အကြမ်းဖက်မှုကို စစ်တပ်ရဲ့ ပျံ့နှံ့ အသုံးပြုမှုအရ မိမိတို့အတွက် စစ်တပ်ရဲ့ ကျူးလွန်သူတာဝန်ရှိသူတွေကို တာဝန်ခံခိုင်းစေရင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်စေရင်းနဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ခတ်မခံရတဲ့ အလေ့ကို အဆုံးသတ်ပစ်ဖို့ အရေးတကြီး လိုနေပြီ ဆိုတာကို ပြသနေပါတယ်၊ ဒီ မတိုင်မီ ကျွန်တော်တို့ ပြောထားတာကို ခင်ဗျားတို့လည်း ကြားထားပြီးသား ဖြစ်မှာပါ၊ ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သလို လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် သူတို့ရဲ့ လိုလားတဲ့ စိတ်ဆန္ဒတွေနဲ့အတူ ကျွန်တော်တို့ ရပ်တည်ပါတယ်၊ ပြီးတော့ အကြမ်းဖက်မှုနည်းလမ်း အသုံးပြုတာကို ရပ်ဆိုင်းဖို့၊ မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့အတွက် အာဏာသိမ်းစစ်တပ်ကို မိမိတို့ တောင်းဆိုတယ်” ဟု ပရိုက်စ်က ပြောခဲ့သည်။

အမေရိကန်သည် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း ၁၁ လ အတွင်း နိုင်ငံအများစုထက် ပို၍ လုပ်ဆောင်ထားသည်။ သို့သော် ယင်းက လုံလောက်မှု မရှိသေးပေ။ အမေရိကန် အစိုးရ စတင်လုပ်ဆောင်သင့်သည့် လူမသေစေသည့် လုပ်ဆောင်ချက် ရှစ်ချက်ကို မိမိ အကြမ်းဖျင်း ဖော်ပြထားခဲ့သည်။ ၂၀၂၂ NDAA နှင့်အတူ ယင်း လုပ်ဆောင်ချက် အချို့သည် လက်ရှိတွင် အကောင်အထည်ပေါ်မည့် လက္ခဏာရပ်များ ရှိနေသည်။

NDAA တွင် အသုံးအနှုန်းတချို့သည် အလွန်သတိထားသုံးထားပြီး အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် မြန်မာနှင့်ပတ်သက်ပြီး အမေရိကန်၏ မူဝါဒနှင့် လုံခြုံရေး ရည်မှန်းချက်များကို ကွန်ဂရက်သို့ ဆက်လက် သတင်းပို့တင်ပြရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေတွင် အသစ် ဖြစ်သည့် အချက်က ယင်းသည် ရွေးကောက်ခံ NLD အစိုးရကို အာဏာပြန်လွှဲရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား NLD ခေါင်းဆောင်များကို ပြန်လွှတ်ရန် စစ်တပ်ကို တောင်းဆိုခြင်း သက်သက် မဟုတ်တော့ပေ။

NUG ဖွဲ့စည်းထူထောင်မှုနှင့် ယင်း၏ အတော်အသင့် အထိုက်အလျောက် အောင်မြင်မှုများက အရာကိစ္စများကို ပြောင်းလဲထားစေခဲ့သည်။ NLD အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲ အမတ်များ လွှမ်းမိုးထားသည် ဆိုသော်လည်း NUG သည် ၂၀၂၀ နိုဝင်ဘာလက ရွေးကောက်ပွဲနိုင်ခဲ့သည့် NLD အစိုးရထက်ကို ပိုသည်ဟု ဆိုနိုင်သည်။ ယင်းသည် ပိုမို ကျယ်ပြန့်စွာ အခြေပြုထားပြီး တိုင်းရင်းသားလူနည်းစု ကိုယ်စားပြုမှု ပိုမို ထည့်သွင်းပါဝင်သလို အရပ်ဘက်အဖွဲ့အစည်း ပုဂ္ဂိုလ်များလည်း ပါဝင်ထားသည်။ NUG ၏ ထုတ်ဖော်ထားသည့် ရည်မှန်းချက်က ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်၏ ဒုံးရင်းအခြေအနေ ပြန်ဆိုက်စေရုံ သက်သက် မဟုတ်ပေ။

ယင်း၏ ရည်မှန်းချက်က နိုင်ငံ၏ တိုင်းရင်းသား လူနည်းစုများအကြား အာဏာခွဲဝေမှုနှင့်အတူ ဖက်ဒရယ် ဒီမိုကရက်တစ် စနစ်တစ်ခု ထူထောင်ရန်နှင့် စစ်တပ်ကို စစ်မှန်သည့်အရပ်ဘက် ကြီးကြပ်ထိန်းချုပ်မှုအောက်တွင်သာ ရှိစေရေး တို့ ဖြစ်ကြောင်း NUG က ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပြီး ဖြစ်သည်။
NDAA သည် အမေရိကန်အစိုးရကို အချက် ခုနစ်ချက် လုပ်ဆောင်ရန် ပန်ကြားထားသည်။

ပထမအချက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အမျိုးသားညီညွတ်ရေးအစိုးရ၊ မြန်မာနိုင်ငံရှိ CDM လှုပ်ရှားမှုနှင့် နိုင်ငံရှိ ဒီမိုကရေစီကို အားပေးသည့် အခြားသော အဖွဲ့အစည်းများကို ထောက်ခံရန်၊ တရားဝင်ဖြစ်စေရန် နှင့် တပြိုင်နက်တည်းမှာပင် မြန်မာအာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင်ဖြစ်မှုနှင့် အရင်းအမြစ်များကို ငြင်းဆန်ပိတ်ပင်ရန် ဖြစ်သည်။

ယင်းက အရေးကြီးသည့်အချက်ဖြစ်သည်။ ဥပဒေအရ အမေရိကန်အစိုးရသည် လက်ရှိတွင် NUG ကို ထောက်ခံရမည်ဖြစ်သည်။

NDAA သည် မြန်မာစစ်ကောင်စီ (SAC) ကို သံတမန်ရေးရာ အသိအမှတ်ပြုမှု အဆုံးသတ်ရန် အမေရိကန်အစိုးရကို အတင်းအကျပ် တိုက်တွန်းမထားပေ။ ထို့ပြင် ယင်းအရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်ရှိ အမေရိကန်သံရုံးကို ပိတ်ရန် မလိုအပ်ပေ။ ယင်းက အတိုက်အခံ စင်ပြိုင်အစိုးရကို တိုးမြှင့်ထောက်ခံရင်း အမေရိကန်အတွက် သံတမန် ဆက်ဆံရေး ထိန်းသိမ်းထားမည့် သံတမန်ရေးရာ နည်းလမ်းတစ်ခု ဖြစ်မည့်ပုံ ပေါ်သည်။ အမေရိကန်အနေဖြင့် NUG နှင့်အကြား တရားဝင် ဆက်ဆံရေးတစ်ရပ် ရှိမည်လား ဆိုသည်မှာ မရှင်းလင်းသေးသော်လည်း ယင်းအနေဖြင့် အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်သင့်သည်။

ဒုတိယအချက်မှာ NDAA သည် “မြန်မာအာဏာသိမ်းစစ်တပ်ကို အထိနာစေရန် လုပ်ဆောင်ချက်များ ချမှတ်ရန် အစိုးရကို တောင်းဆိုသည်။ ယင်းနှင့်ပတ်သက်ပါက အစိုးရအနေဖြင့် ရှိရင်းစွဲ ဒဏ်ခတ်ပိတ်ဆို့မှုများကို အကဲဖြတ်မှုတစ်ခု လုပ်ဆောင်ရန် နှင့် “ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများအတွက် ဖြစ်နိုင်ခြေ အလားအလာများဆိုင်ရာ ဖော်ပြချက်တစ်ခု” လိုမည်ဖြစ်သည်။ NUG နှင့် လူ့အခွင့်အရေးအဖွဲ့ အများအပြား တောင်းဆိုနေသလို အာဏာသိမ်းစစ်အုပ်စုကို ငွေကြေးထောက်ပံ့ပေးသလိုဖြစ်နေသည့် ရေနံနှင့်ဓာတ်ငွေ့ ကဏ္ဍများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ဖြစ်ပေါ်စေမည်လား ဆိုသည်မှာ မရှင်းလင်းပေ။ သို့သော် စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေမည့် နောက်ထပ် အရေးယူဒဏ်ခတ်မှုအသစ်တစ်ခု လုပ်ရန် လက်ရှိတွင် ဆွေးနွေးလျက် ရှိသည်။

ဤနေရာတွင် NUG ၊ ယင်း၏ ပေါင်းစည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သို့မဟုတ် ပိုမို အခြေကျပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) များကို အသက်သေစေသည့် လက်နက်အကူအညီများ ထောက်ပံ့ရေးနှင့်ပတ်သက်ပြီး မည်သည်မျှ မပါဝင်ပေ။ အမေရိကန်သည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်စေရေး ချမှတ်ရန် စီးပွားရေး လက်နက်တခုတည်းကိုသာ အသုံးပြုနေဆဲဖြစ်သည်။ သို့သော် အသက်မသေစေသည့် အကူအညီ ထောက်ပံ့ရာတွင် အမေရိကန်အစိုးရဘက်က လုပ်ဆောင်နိုင်စရာ အများအပြား ရှိသည်။

အမေရိကန်အတွက် NDAA ၏ တတိယမြောက် တောင်းဆိုချက်မှာ “မြန်မာတွင် ဒီမိုကရေစီလမ်းကြောင်းဆီ မူလအတိုင်း ပြန်ရောက်စေရေး၊ အရပ်သား ထိန်းချုပ်မှုအောက်တွင်သာ ရှိပြီး မြန်မာ၏ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ထင်ဟပ်သည့် ပြုပြင်ဖွဲ့စည်းထားသော စစ်တပ်တစ်ခုနှင့်အတူ အားလုံးပါဝင်ကိုယ်စားပြုသည့် အရပ်သား အစိုးရတစ်ရပ် ထူထောင်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ပြဋ္ဌာန်းရေး တို့ ဖြစ်သည်။ ယင်းက ဘိုင်ဒင် အစိုးရဘက်က နောက်ဆုံး အောင်မြင်အောင် ကစားရမည့် အဆင့်အဖြစ်  ရှုမြင်ထားသည့်အရာအတွက် ယနေ့အချိန်အထိ အမှန်တကယ် တိကျအပွင့်လင်းဆုံး တောင်းဆိုမှု ဖြစ်သည်။ သို့သော် ပို၍အရေးကြီးသည်မှာ ယင်းက အမေရိကန် မူဝါဒကို SAC ၏ ရည်မှန်းချက်များထက် NUG ထုတ်ဖော်ထားသည့် ရည်မှန်းချက်များနှင့်သာ ကိုက်ညီစေခြင်းပင် ဖြစ်သည်။

အမေရိကန်အတွက် NDAA ၏ စတုတ္ထမြောက် တောင်းဆိုချက်မှာ “မြန်မာရှိ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ် မြောက်စေရေး လုပ်ဆောင်ရန်” ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ မြန်မာတွင် အာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းပြီးနောက် လူပေါင်း ၁၁,၂၄၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အခြားလူပေါင်း ၂,၀၀၀ နီးပါးသည် ဖမ်းဆီးခံရမည့်အရေးကနေ ရှောင်တိမ်းထားခဲ့ကြောင်း သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၃၀ ကျော်သည် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သည်။

ပဉ္စမမြောက်အဖြစ် အမေရိကန်အစိုးရအနေဖြင့် မြန်မာရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဘာသာရေးအဖွဲ့များအကြား စစ်မှန်သည့် အမျိုး သား ရင်ကြားစေ့ရေးကို အားပေးသင့်သည်ဟု ဆိုထားသည်။ ယင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသည်။ တိုင်းရင်းသား လူနည်းစုများ၏ အဓိက အကျိုးတရားများကို ကိုင်တွယ်ဖြေရှင်းပြီး အာဏာခွဲဝေမှု ရှိချိန်ကျမှသာလျင် အဓွန့်ရှည် ငြိမ်းချမ်းရေး ဖြစ်နိုင်မည်ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရသည် EAOs များနှင့် တိုက်ရိုက် ဆက်ဆံပြောဆိုမှုများကို ကာလကြာ ရှောင်ရှားထားခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် တရုတ်နှင့် နီးကပ်လွန်းခြင်းကြောင့် သို့မဟုတ် မူးယစ်ဆေးနှင့် အခြားတရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။ အမှန်တကယ်အားဖြင့် ၎င်းတို့သည် စားပွဲဝိုင်းတွင် ထိုင်ခုံတစ်ခု ရှိရလိမ့်မည်ဖြစ်ပြီး အမေရိကန်အစိုးရသည်လည်း ၎င်းတို့နှင့် စတင် ပတ်သက်ဆွေးနွေးရန် လိုသည်။ လက်ရှိ အမေရိကန်မူဝါဒသည် ကိုယ့်တပ်ကိုယ်ပြန်နင်းနေသလိုဖြစ်နေသည်။ လျှို့ဝှက်စွာဖြင့် ဆိုလျင်တောင်မှ ယင်းကဲ့သို့ ပတ်သက်ဆက်ဆံမှုက မှန်ကန်၊ တရားမျှတသည်ဟု NDAA က ပြသသည်။

ဝါရှင်တန်အတွက် NDAA တွင် ခင်းကျင်းထားသည့် ဆဋ္ဌမမြောက် တောင်းဆိုချက်က “မြန်မာအာဏာသိမ်းစစ်တပ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံ၊ တာဝန်ယူမှု ရှိစေရေး သေချာစေရန် ဖြစ်သည်။ သိသာပေါ်လွင်စွာဖြင့် အမေရိကန်သံရုံးသည် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး မျက်ခြည်မပြတ်စောင့်ကြည့်ရန်ကြိုးပမ်းနေသည်။ သို့သော် ရှေ့ကာလ ရုံးတင်စစ်ဆေးမှုများတွင် အသုံးပြုရန်အတွက် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ သက်သေအထောက်အထားများကို မှတ်တမ်းတင်နေသည့် NGOs အဖွဲ့များကို အမေရိကန်အစိုးရအနေဖြင့် တိုက် ရိုက် ထောက်ပံ့မှု ပေးအပ်သင့်သည်။

သတ္တမမြောက်နှင့် နောက်ဆုံး တောင်းဆိုချက်အရ အမေရိကန်အနေဖြင့် မြန်မာတွင် “အရွယ်အစားကြီး လူသားချင်းစာနာမှု ဘေးဒုက္ခ” တစ်ခုကနေ ရှောင်လွဲနိုင်ရေး ကူညီပေးသင့်သည် ဆိုသည်ပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် ကြီးကြီးမားမား ထိခိုက်ထားပြီး ယင်း၏ စီးပွားရေးသည်လည်း ဖရိုဖရဲ ဖြစ်နေကာ ၂၀၂၁ ခုနှစ်က ၁၈ ရာခိုင်နှုန်း ကျုံ့ခဲ့သည်။ လူဦးရေ၏ ထက်ဝက်ကျော်ကို ဆင်းရဲမှုအောက်တွင် နေထိုင်ရစေရန် အကြောင်းဖန်ခဲ့သလို ဆယ်စုနှစ်တစ်စုကြာ စီးပွားရေးတိုးတက်ဖြစ်ထွန်းမှုများကို ဆုံးရှုံးထားစေခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် USAID ကနေတဆင့် မည်သည့် အရင်းအမြစ်များကို ယင်းအတွက် ထုတ်ပေးသွားမည်လဲ ဆိုသည်မှာ မရှင်းလင်းပေ။

NDAA တွင် ထုတ်ဖော်ထားသည့် ရည်မှန်းချက် အများအပြားတွင် တိကျမှု ကင်းမဲ့နေသည်။ သို့သော်လည်း အနည်းဆုံးတော့ ယင်းသည် အမျို းသားညီညွတ်ရေးအစိုးရကို ထောက်ခံ၊ တရားဝင်ဖြစ်စေရန် ဘိုင်ဒင်အစိုးရကို တရားဝင် တွန်းပို့သလို NUG ထုတ်ဖော်ထားသည့် ရပ်တည် ချက်နှင့် အညီဖြစ်သည့် အပြီးသတ်ရလဒ်တစ်ခုကို ဖော်ထုတ်ထားသည်။ ယခုအခါတွင် အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားများ ပေးရင်းဖြင့် NUG ကို နိုင်ငံတကာ တရားဝင် ဖြစ်စေမှုနှင့် ပိုမိုကြီးမားသော ရင်းမြစ်များ ထောက်ပံ့မှုကို ဦးတည်စေမည့် နည်းလမ်း၊နည်းစနစ်များ ဆိုင်ရာ အစီအစဉ်တစ်ခု ပြင်ဆင်ရန်မှာ အမျိုးမျိုးသော ဌာနများ၊ အေဂျင်စီများအပေါ် မူတည်နေသည်။

မြန်မာ့ အကျပ်အတည်း ဖြေရှင်းရာတွင် အာဆီယံသည် တာဝန်မဲ့မှုကို ပြသထားခဲ့သည်။ အမေရိကန်၏ ဦးဆောင်မှုကို ယခင်ကထက် ပိုမိုလိုအပ်နေသည်။ အာဏာကို ဇွတ်အတင်း ဖက်တွယ်ထားပြီး မိမိ၏ ပြည်သူများအပေါ် ရက်စက်သော စစ်ပွဲတစ်ခု ဆင်နွှဲနေသည့် အာဏာ သိမ်းစစ်အုပ်စုအပေါ် အနိုင်ယူရန်အတွက် ၂၀၂၂ NDAA သည် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s