စစ်တပ်က လွိုင်ကော်-ဒီးမော့ဆို ကားလမ်း တစ်လျှောက် နေအိမ်များကို မီးရှို့ဖျက်ဆီး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပြီး အပြန်တွင် လွိုင်ကော်-ဒီးမော့ဆို ကားလမ်း တစ်လျှောက်ရှိ နေအိမ်များကို ယနေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၅ နာရီ ၀န်းကျင်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း လွိုင်ကော်မြို့ဒေသခံများထံမှ သိရသည်။
“တိုက်ပွဲဖြစ်ပြီး အ ပြန်လမ်းတစ်လျှောက် နေအိမ်တွေကိုမီးရှို့တာ၊ အိမ်တွေ အများစုကို ရှို့လို့ ဘယ်နှစ်လုံးလဲဆိုတာတော့ အတိအကျမသိရသေးဘူး။ နေ့လယ်ကလည်း လက်နက်ကြီးဒဏ်ကြောင့် ပြည်သူနှစ်ယောက်ထိတာ အသက်ရှင်သေးလားဆိုတာ မသိသေးဘူး ဒဏ်ရာတော့ရတယ်”ဟု လွိုင်ကော်မြို့ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်းကာကွယ်ရေး တပ်ဖွဲ့၀င်များ သည် လွိုင်ကော်မြို့ မိုင်းလုံး ရပ်ကွက်အနီးတွင် ယနေ့ နံနက်မှစ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်များ ကျကာ ပြည်သူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။အဆိုပါမြို့တွင်းတိုက်ပွဲတွင် KDF၊ KNDF၊ GZ-21(loikaw)တို့ ပူးပေါင်း၍ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ပြီး သေဆုံးစာရင်းကို အ တည်ပြု၍မရသေးကြောင်း Karenni Democratic Front(KDF)သတင်းနှင့် ပြန်ကြားရေးမှ သတင်းထုတ်ပြန်ထားသည်။ mizzima