Monthly Archives: Jan 2022

တရုတ်ဆင်းမ်ကတ် မကြာခဏဖျက်သိမ်းမှုကြောင့် မြန်မာနိုင်ငံသားများ နစ်နာ

တရုတ်-မြန်မာနယ်စပ်တလျှောက်က မြန်မာနိုင်ငံသားများ ကိုင်ဆောင်အသုံးပြုနေတဲ့ တရုတ်ဖုန်းဆင်းမ်းကတ် အများစုကို တရုတ်မိုဘိုင်းအော်ပရေတာတွေက မကြာခဏ ဖျက်သိမ်းနေတာကြောင့် တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာရှိတဲ့ တရုတ်ဆင်းကတ်သုံးနေသူ မြန်မာနိုင်ငံသားတွေ များစွာနစ်နာနေရတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံသားတွေ ဝယ်ယူအသုံးပြုနေတဲ့ တရုတ်ဖုန်းဆင်းကတ်တွေကို အကြောင်းအမျိုးမျိုးပြပြီး တရုတ်ဘက်က ပိတ်သိမ်းနေတာကြောင့် မကြာခဏ ထပ်မံ ဝယ်ယူသုံးစွဲနေရတယ်လို့ ဆိုပါတယ်။

တရုတ်မိုဘိုင်းဆင်းမ်ကတ်တခုကို အနည်းဆုံး တရုတ်ယွမ်ငွေ ငါးဆယ် နဲ့ ပေးဝယ်ကြရပါတယ်။ တရုတ်ဖုန်းဆင်းမ်ကတ်ဝယ်ယူတဲ့အခါ နိုင်ငံ သားစိစစ်ရေးကတ်နဲ့ ဝယ်ယူခဲ့ကြရတယ်လို့လည်း သိရပါတယ်။ ဆင်းမ်ကတ်ရောင်းတဲ့ ဖုန်းဆိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားကို မိတ္တူကူးယူထားပြီး တရုတ်လို အားလုံးဘာသာပြန်ပြီးမှ ဆင်းမ်ကတ်ကို ရောင်းချပေးတာပါ။

ဆင်းမ်ကတ်တကတ် ဝယ်ယူပြီးတာနဲ့ ဖုန်းဘေအနည်းဆုံး ယွမ် ၅၀ ကနေ ယွမ် ၁၀၀ အထိ လစဉ်ထည့်ထားကြတာဖြစ်ပြီး ဝယ်ယူပြီး နှစ်လသုံးလကိုင်ပြီးပါက ဆက်လက်အသုံးပြုလို့မရဘဲ ဆင်းကတ်ပိတ်သိမ်းတဲ့အကြောင်းသာ ပြန်ကြားပြီး ဘာကိုမှဆက်သွယ်မရတော့ဘူးလို့ ဖုန်းကတ် သုံးခါထက်မနည်း ပိတ်သိမ်းခံရသူတွေက ပြောပါတယ်။ 

ကန်ပိုင်တည်မြို့က ကုန်သည်တဦးက “ဟိုးအရင်ကလည်း ဒါမျိုးက ဖြစ်နေကျပါ။ ဒါပေမဲ့ ဒီဘက်နောက်ပိုင်း တော်တော်ဆိုးတယ်။ ခဏတိုင်းပိတ်တာ။ အပိတ်ခံရပြီးဆိုရင် ဖုန်းဘေတွေ ပက်ကေ့တွေ ဝယ်ထားတာတွေ အကုန်ဆုံးပြီ၊ အနည်း ယွမ် ၁၀၀ ဖိုးတော့ပါပြီ” လို့ ပြောပါတယ်။

တရုတ်-မြာနယ်စပ်တလျှောက် နေထိုင်သူ မြန်မာနိုင်ငံသားအများစုဟာ အင်တာနက်သုံးရတာ၊ တယ်လီဖုန်းပြောရတာတွေ အဆင်ပြေတာကြောင့် တရုတ်ဆင်းမ်ကတ်တွေကို အားထားသုံးနေကြရသလို တချို့နယ်စပ်တွေက မြန်မာမိုဘိုင်းအော်ပရေတာ လုံးဝမရရှိတာကြောင့် မဖြစ်မနေ သုံးနေရတာတွေလည်း ရှိတယ်လို့ အဆိုပါ ကုန်သည်က ဆက်ပြောပါတယ်။

“နယ်စပ်မှာက တရုတ်ဖုန်းနဲ့ တရုတ်ပိုက်ဆံနဲ့ပဲ အလုပ်လုပ်ကြရတာ အဆင်ပြေတော့ တရုတ်ဖုန်းပဲ အသုံးများတာ၊ ဒါသုံးမှပဲ အဆင်ပြေတာလေ။ တရုတ်ဖုန်းနဲ့ပဲ ဝီချက်ဖောက်ရတာ လွယ်တာလေ။” 

တရုတ်နိုင်ငံသားအားလုံးဟာ Wechat ကိုသာ အသုံးပြုပြီး ငွေသွင်းငွေလွှဲ အရောင်းအဝယ် လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အဲ့ဒီနယ်စပ်တလျှောက်မှာနေတဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာလည်း တရုတ်ဆင်းမ်ကတ်ကိုသာ အဓိကသုံးစွဲနေကြတာပါ။ 

ဒါပေမယ့် လက်ရှိအချိန်မှာ မြန်မာနိုင်ငံသားတွေကို တရုတ်ဆင်းမ်ကတ် မရောင်းချတော့ဘူး ဆိုတာကြောင့် တရုတ်ဆင်းမ်ကတ်အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံသားကတ်အသုံးပြုမှ ဝယ်ယူလို့ ရတာမျိုးတွေရှိပြီး တခါတရံ ဒေါ်လာ ၅၀-၆၀ အထိ အကုန်အကျခံ ဝယ်ယူနေရတယ်လို့ မူဆယ်နယ်စပ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ 

“တရုတ်ဆင်းမ်ကတ် မှတ်ပုံတင်လိုမျိုးဖြစ်တော့ တရုတ်နိုင်ငံသားမှပဲ ရောင်းပေးတော့တယ်။ မြန်မာနိုင်ငံသားဆိုရင်တော့ မရောင်းတော့ဘူး။ တကယ်လို့ ဝယ်ရရင်တောင်မှ အဲ့ဒါ ၂ လ ၃ လ ဆိုရင် သုံးမရတော့ဘူး။ ဒါကြောင့်မို့ ပျက်နေတာ။ မူဆယ်ဘက်မှာတော့ မြန်မာဘက် ပြန်လာတဲ့သူတွေ အရင်က ဆင်းမ်ကတ် ဝယ်ထားတဲ့သူတွေ ရှိတယ် သူတို့တွေဆီက ပြန်ဝယ်တာမျိုးတော့ ရှိတယ်။” 

တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မိုင်ဂျာယန် (kia ထိန်းချုပ်နယ်မြေ) လိုင်ဇာ (kia ထိန်းချုပ်နယ်မြေ)၊ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုး၊ မန်ဝိန်းကြီး ကျေးရွာတွေဟာ တရုတ်ဖုန်းကတ် အများဆုံး အသုံးပြုနေကြရတာပါ။

တရုတ်နိုင်ငံမှာ China telecom ၊ China Unico ၊ China Mobile ဆိုပြီး မိုဘိုင်းအော်ပရေတာ သုံးခုရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တရုတ်ဆင်းမ်းကတ်အသုံးပြုသူ၊ တရုတ်ပြည်အတွင်းနေထိုင်ပြီး တရုတ်ဆင်းမ်ကတ်အသုံးပြုသူ မြန်မာနိုင်ငံသား ၁ သန်းနီးပါး ရှိနိုင်တယ်လို့  တရုတ်-မြန်မာနယ်စပ်နေထိုင်သူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ 

“ဒီနယ်စပ်နေထိုင်သူတွေက တရုတ်ဆင်းမ်းကတ် တခါဝယ်ရင် ဒေါ်လာ ၃၀ လောက် ပေးနေရတယ်။ ၃ လ တခါလောက် ဝယ်သုံးနေရတော့ သုံးစွဲတဲ့ မြန်မာလူဦးရေနဲ့တွက်ကြည့်ရင် ‌ဒေါ်လာသန်းနဲ့ချီ ခေါင်းပုံဖြတ်ယူနေကြတယ်။ ဖြေရှင်းပေးမယ့်သူလည်း မရှိဘူး။ အဲ့လို ခေါင်းပုံဖြတ်ခံနေရတာ နှစ်နဲ့ချီ ကြာလာပြီ။ ဒီနယ်စပ်က လူတွေအတွက် ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းကမှ လာဖြေရှင်းပေးတာမရှိဘူး” လို့ နယ်စပ်နေ ထိုင်သူတစ်ဦးက ဒီဗွီဘီကို ပြောကြားပါတယ်။  

တရုတ်-မြန်မာနယ်စပ်တလျှောက်မှာ မြန်မာအော်ပရေတာတွေဖြစ်တဲ့ MPT, telenor နဲ့ အော်ရီဒူး တို့မှာ လိုင်းမမိပဲ အသုံးပြုလို့ရတဲ့နေရာ အ နည်းအကျဉ်းမှာတောင် အင်မတန်ဆိုးရွားတဲ့ ကွန်ရက်နဲ့ အသုံးပြုနေကြတာကြောင့် တရုတ်အော်ပရေတာ ဆင်းမ်ကတ်တွေကိုသာ အသုံး ပြုနေတာပါ။ 

ဒါ့အပြင် တရုတ်ကုန်သည်တွေနဲ့သာ အဓိကဆက်သွယ်လုပ်ကိုင်နေရတဲ့အတွက် တရုတ် wechat pay တို့ကို အလွယ်တကူ အသုံးပြုနိုင်တဲ့ တ ရုတ်အော်ပရေတာ ဆင်းမ်ကတ်တွေကိုသာ မဖြစ်မနေ သုံးစွဲနေကြတာလည်း ဖြစ်ပါတယ်။ DVB

ရန်ကုန်၊ သာကေတ မီတာရုံး ဗုံးကွဲ၊ ဒလန်ဟု ကျော်စောသူ ပစ်သတ်ခံရ

ရန်ကုန်၊ သာကေတမြို့နယ် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (EPC) ရုံး ယမန်နေ့(ဇန်နဝါရီ ၆) တွင်  ဗုံးခွဲခံရပြီး နာရီပိုင်းအတွင်း ထိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေးဟု ကျော်စောသူတစ်ဦး ပစ်သတ်ခံရသည်။

လမ်းသွားလမ်းလာများကို နည်းမျိုးစုံ စစ်ဆေးနေသည့် သာကေတတွင် ထိုနေ့ ညနေ ၃ နာရီဝန်းကျင်က ၇ ရပ်ကွက် မြင်တော်သာလမ်းပေါ်ရှိ ဇိနမာန်အောင်ဘုရားအနီး EPC ရုံးကို ဗုံးဖြင့် တိုက်ခိုက်မှုမှာ စစ်ကောင်စီအတွက် အခွန်ရနေသည့် မီတာခကို ဆက်မကောက်ရန် သတိပေးလိုခြင်းကြောင့် ဖြစ်ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (BFRAF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသက် ၅၀ ကျော်အရွယ် ဦးစန်းဝင်းကိုလည်း ညနေ ၅ နာရီကျော်တွင် ၃ ရပ်ကွက်၊ ရန်ပြေလမ်း ၂၀ ထိပ်တွင် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

“သူ ဒလန်လုပ်တာကတော့ ကြာပြီ။ ကျွန်တော်တို့ကလေးတွေ ဆန္ဒပြသပိတ်တွေ လုပ်ကတည်းက သူ ဒလန်လုပ်တာ။ သူ့ကို ပြောထားတာ ကြာပြီ။ ဒါပေမဲ့ တခြားကိစ္စတွေရှိနေလို့ မလုပ်ဖြစ်ဘူး။ မနေ့ကတော့ လမ်းကြုံလို့ လုပ်ခဲ့တာပဲ”ဟု ၎င်းက ဆိုသည်။

မီတာရုံးတိုက်ခိုက်ခံရပြီး ပစ္စည်းပျက်စီးမှုများ တွေ့ရသော်လည်း ထိခိုက်ဒဏ်ရာရသည်ဟု မကြားသိကြောင်း သာကေတမြို့နယ်နေသူ ၃ ဦးက ပြောသည်။  

၂၀၂၁၊  နိုဝင်ဘာ ၂၈ ရက်ကလည်း ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့သုံးခုပါသည့် ပူးပေါင်းအဖွဲ့က ထိုရုံးကို ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်တိုက်ခဲ့ဖူးသည်။

သာကေတမြို့နယ် ရပ်ကွက်တချို့တွင် မီတာမဆောင်သည့် နေအိမ်များကို လျှပ်စစ်ဌာနဝန်ထမ်းတို့က လက်နက်ကိုင်များနှင့်အတူ မီးလိုက်ဖြတ်နေသလို၊ မီတာခလှည့်လည်ကောက်ခံနေသည်ဟု အခြားမြို့ခံတစ်ဦးထံမှ သိရသည်။  

သတင်းပေးဟု စွပ်စွဲခံရသည့် ဦးစန်းဝင်း အသတ်ခံရပြီးနောက်တွင် ရဲနှင့် စစ်သားများ ရောက်လာကာ ထိုနေရာတဝိုက် လမ်းများ ပိတ်၍ စစ်ဆေးကြသည်ဟု အမှတ် ၃ ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။

“ရန်ပြေလမ်းထိပ်ကို စစ်ကားတွေ ရဲကားတွေ ရောက်လာတယ်။ ရန်ပြေဘက် လမ်း ၂၀ တောက်လျှောက် ပိတ်ပစ်လိုက်တယ်။ နောက်တော့ နာရီဝက်လောက်ပိတ်စစ်ပြီး သူတို့လည်း ပြန်သွားတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်း၌ပင် ဦးစန်းဝင်း၏ တိုင်တန်းမှုကြောင့် ၃ ရပ်ကွက်အတွင်း လိုရင်ယူ၊ ပိုရင်လှူ ပရဟိတလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်နှစ်ဦး အဖမ်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ အသေးစိတ်ကိုမူ မသိရပါ။

“(ဦးစန်းဝင်းက) စစ်မှုထမ်းဟောင်း ဟုတ်မဟုတ်တော့ မသိဘူး။ သူ ခြင်းဝိုင်းခတ်နေတဲ့အချိန် ပစ်ခံရတာ။ အဲ့ဒီ ရန်ပြေလမ်းပေါ်မှာပဲ။ ရပ်ကွက်ရုံးနဲ့လည်း နီးတယ်”ဟု ၎င်းက ပြောသည်။

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပေ။

စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားများအဖြစ် ဖော်ပြလေ့ရှိသည်။

BFRAF ကလည်း စစ်ကောင်စီတပ်ဖွဲ့ရှိသည့် မည်သည့်နေရာမဆို ‌ပြောက်ကျားတိုက်ခိုက်သွားမည်ဖြစ်၍ ၎င်းတို့နှင့် အနီးအနားသို့ သွားလာခြင်းမပြုလုပ်ကြရန် Facebook မှတစ်ဆင့် ယမန်နေ့(ဇန်နဝါရီ ၆) တွင် ပြည်သူတို့ကို တိုက်တွန်းထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းချိန် တစ်နှစ်နီးပါး ရှိလာချိန်တွင် ရန်ကုန်ကဲ့သို့ နေရာတွင်ပင် ဆန္ဒပြသည်ကို သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်မြင့်နေသည်။

ဗုံးခွဲတိုက်ခိုက်ခံနေရပြီး ဒလန်ဟု ကျော်စောသူတို့ လုပ်ကြံသတ်ဖြတ်ခံနေရချိန်တွင် စစ်ကောင်စီက စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုဘွဲ့တံဆိပ်များ ချီးမြှင့်ထားသည်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ဇန်နဝါရီ ၄ ရက်မှစ၍ ဆုရသူတို့၏ အမည်၊ နေရပ်နှင့်တကွ ဖော်ပြထားသည်။ myanmar now

လေးကေ့ကော်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်တွင် နှစ်ဖက်တပ်များအကြား ထိတွေ့ပစ်ခတ်မှုမရှိဘဲ အာဏာ သိမ်း စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီမှ စတင်၍ မွန်းလွဲ ၁၂ နာရီအထိ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ် ခတ်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

လေးကေ့ကော်မြို့သစ် အမှတ် (၃) ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံအနီးသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ် ခတ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ဘယ်လိုပစ်လဲတော့ မသိဘူး။ လက်နက်ကြီး အလုံး ၅၀ လောက်ပစ်သွားတယ်။ ရပ်ကွက် (၃) ရေကန်နဲ့ ဆည်နားလေးက ကြက်ခြံကို ပစ်တယ်လို့ ပြောတယ်။ တိုက်ပွဲတော့မဟုတ်ဘူး။ သူ့ဟာသူ ရမ်းပစ်တာပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

လေးကေ့ကော်မြို့သစ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် စစ်ရှောင်‌ နေရာမှ လေးကေ့ကော်ဘက်သို့ ပြန်လာ နေထိုင်သည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သေးသည်။ လေးကေ့ကော်မြို့သစ်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလ ၁၅ ရက်က စတင်တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ ဦးရေ ၁၆,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရသည်။ mizzima

ခင်ဦး ရွာသစ်ကုန်းရွာကို စစ်တပ်က ဒုတိယအ ကြိမ် ထပ်မံမီးရှို့နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး ၇ဝခန့်က ယနေ့ ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၅နာရီခန့်တွင် ကျေးရွာအတွင်း ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များကို ဒုတိယ အကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

” အခုညနေ ၅နာရီလောက် စစ်ခွေးနဲ့ ပျူ ၇ဝလောက် ရွာကို ရောက်လာတယ်။ ပြည်သူပိုင် နေအိမ် တွေကို မီးရှို့နေတယ်။ အိမ် ၂လုံးလောင်သွားပြီလို့သိရတယ်။ ရွာမှာ လူမရှိတော့ မီးလောင်မှု အခြေအနေကို အသေးစိတ်တော့ မသိရသေးဘူး။ ဒုတိယအကြိမ် သူတို့ မီးရှို့တုန်းက တော့ ရွာမှာရှိတဲ့ အိမ်ခြေ ၃ဝလောက် မီးလောင် ဆုံးရှုံးခဲ့တယ်။

အခုလည်း ရွာလုံးကျွတ် ထွက်ပြေးနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာသစ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီးအဖွဲ့များကို ပြန်လည် လိုက်ပို့ခြင်းဖြစ်ပြီး ကျေးရွာအဝင်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး ထိခိုက် ဒဏ်ရာရရှိထားကြောင်း သိရသည်။ ရွာသစ်ကုန်းကျေးရွာကို စစ်တပ်က နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ဝကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ khit thit

ကရင်နီပြည်စစ်ဘေးရှောင်များအတွက် အ ရေးပေါ်အကူအညီလိုအပ်

လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေ အရေးတကြီးလိုအပ်နေပြီး ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့် ရှောက်ရေးကွန်ရက်ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေပိုမို များပြားလာနေပြီး လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ မိုးကာ၊ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့မှာ ဒီကနေ့ မနက် ၇ နာရီလောက်စပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခဲ့တာပါ။

လွိုင်ကော်မြို့ မိုင်းလုံး၊ ပန်ကန်းနဲ့ ရွာတန်းရှည်ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

လူဦးရေက သုံးသိန်းဝန်းကျင်သာရှိတဲ့ ကယားပြည်နယ်မှာ လက်ရှိလူဦးရေ ၁ သိန်းခွဲ ကျော်က စစ်ဘေးရှောင်နေကြရသလို လက်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တချို့ကပါ  စစ် ရှောင်နေရတဲ့အတွက် ကယားပြည်နယ်မှာ ဘေးကင်းလုံခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားနဲ့ ရင်ဆိုင်နေပါတယ်။

ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် လုံ ခြုံတဲ့နေရာ မရှိတော့တဲ့အနေအထားမှာ နိုင်ငံတကာအနေနဲ့ Save Zone တခု သတ်မှတ်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့လည်း ကေအန်ပီပီ အထွေထွေအတွင်း ရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောထားပါတယ်။

၂၀၂၂ ခု ဇန်နဝါရီ ၁ ရက်မှ ဒီကနေ့အထိ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေမှာ ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေပြီး မနေ့က ဇန်နဝါရီ ၆ ရက်နေ့ လွိုင်ကော် မြို့ပေါ်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရပ်ကွက်နေပြည်သူ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကယားပြည်နယ် အခြေပြု လက်နက် ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ KDF၊ KNDF၊ GZ-21 Loikaw တပ်ဖွဲ့တို့အကြား လွိုင်ကော်မြို့ ပေါ်အထိ တိုက်ပွဲတွေပြင်းထန်လာနေတာ ဖြစ်ပါတယ်။ DVB

စစ်ကောင်စီ ဖုံးသမျှပေါ်နေသည့် ယာဉ်နှင့်လူများ မီးပုံရှို့မှု

လက်ထပ်ပြီးတစ်လအကြာ ၃၄ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ကိုပီတာ* ခရစ်စမတ်အကြိုနေ့ နံနက်ပိုင်း ခရီးတိုတစ်ခု ထွက်သွားသည့်အခါ ကယားပြည်နယ် လွိုင်ကော်မြို့အိမ်တွင် ၂၇ နှစ်အရွယ် မဂျူလီယာ နေရစ်ခဲ့သည်။

ငှားထားသည့် အဖြူရောင် CRV မော်တော်ယာဉ်ကို ခရစ်စမတ်အကြိုနေ့ နံနက် ၆ နာရီခွဲခန့်တွင် ခင်ပွန်းသည် မောင်းပြီး ခရီးထွက်သွားခြင်းမှာ ဖရူဆိုမြို့နယ် ရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသည့် လေဖြတ်ရောဂါသည် ဖခင်ဖြစ်သူကို လွိုင်ကော်သို့ ခေါ်၍ ဆေးကုပေးရန် ဖြစ်သည်။

လွိုင်ကော်မြို့ ဘာဒိုကျေးရွာသို့ လက်နက်ကြီးဖြင့် စစ်တပ်က ပစ်သည်ဟု သတင်းကြားပြီးနောက် နံနက် ၉ နာရီ ၂၁ မိနစ်တွင် ဂျူလီယာက ခင်ပွန်းသည်ထံ ဖုန်းဆက်သေးသည်။

သူ့ကို စိတ်မပူရန်၊ လွိုင်ကော်နှင့် မိုင် ၂၀ ကျော်ဝေးသည့် မိုဆိုရွာသို့ ရောက်ခါနီးပြီ၊ လမ်းခရီးလုံခြုံရေးအခြေအနေ ကောင်းသည်ဟု သူငယ်ချင်းသက်တမ်း ၄ နှစ်၊ ချစ်သူသက်တမ်း ၄ နှစ်အကြာတွင် လက်ထပ်ခဲ့သည့် ခင်ပွန်းသည်က ပြောသဖြင့် ဂျူလီယာ စိတ်အေးခဲ့ရသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် ပစ်ခတ်တတ်သည့် စစ်ကောင်စီကို ကယားပြည်နယ်အတွင်း ခုခံမှုများ အရှိန်မြင့်နေသည်မှာ နှစ်ပင်ပေါက်တော့မည်ဖြစ်၍ စစ်တပ်က လက်နက်ကြီးနှင့် ပစ်သည်၊ နေအိမ်မီးရှို့သည်၊ သတ်ဖြတ်သည်ဆိုသော သတင်းများမှာ ၎င်းတို့အတွက် အထူးအဆန်းမဟုတ်တော့။

သို့သော် ခင်ပွန်းသည်၏ လမ်းခရီးလုံခြုံရေးကို ဂျူလီယာ စိတ်မချ။ ၉ နာရီ ၅၁ မိနစ် ထပ်ခေါ်သည်၊ ဖုန်းမကိုင်၊ ၁၁ နာရီ ၃၂ မိနစ် ထပ်ခံခေါ်ဆိုချိန်တွင်မူ စက်ပိတ်သွားပြီ။ အကြိမ်ကြိမ်ထပ်ခေါ်သော်လည်း ဆက်သွယ်၍ မရတော့။

ထိုနေ့ ညနေပိုင်းတွင် မိုဆိုရွာအနီး ယာဉ်များကို စစ်တပ်က မီးရှို့သွားသည့်အကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က Facebook တွင် သတင်းထုတ်ပြန်လာသည်။

ထိုအထဲတွင် ပါသည့် ဓာတ်ပုံတစ်ပုံတွင် ပီတာမောင်းနှင်သွားသည့် CRV ကို တွေ့သည်။ ကားနံပါတ်ကလည်း မှန်သည်ဟု ယာဉ်ပိုင်ရှင်ကလည်း အတည်ပြုသည်။ သို့သော် ပီတာနှင့် ပတ်သက်သည့် သတင်းအစအန စုံစမ်း၍မရ။

မီးတောက်လောင်နေဆဲဖြစ်သလို လုံခြုံရေးအခြေအနေကိုလည်း စိတ်မချရသေးသဖြင့် KNDF ကလည်း ထိုညတွင် အသေးစိတ် မှတ်တမ်းမတင်နိုင်ခဲ့၊ ရှာဖွေမှု မလုပ်နိုင်ခဲ့။

ခရစ္စမတ်နေ့ နံနက်တွင်မူ ယမန်နေ့က ထိုနေရာ၌ ငရဲပွက်သည့်အလား ဖြစ်ခဲ့မည်ဟု ယုံကြည်ရသည့် သက်သေများ ထွက်ပေါ်လာသည်။

ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းရှိ ထိုနေရာတွင် ကုန်တင်ကား ၅ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီး မီးရှို့ခံထားရသည်။

ထိုယာဉ်များပေါ်နှင့် အနီးဝန်းကျင်တွင် မီးကျွမ်းရုပ်အလောင်းများ၊ ပြာပုံအတွင်း အစအနအဖြစ်သာ ကောက်ယူရရှိသည့် ရုပ်ကြွင်းများရှိသည်ကို KNDF က ဓာတ်ပုံနှင့်တကွ ထပ်မံသတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းထားသော်လည်း စစ်ဆေးနိုင်ခြေရှိသည့် ရုပ်အလောင်း ၃၁ လောင်းရှိကာ ရင်ခွဲစစ်ဆေးချက်များအရ ကျား ၂၆ ဦး၊ မ ၅ ဦးဖြစ်သည်ဟု ထိုဖြစ်စဉ်အပြီး ၁၀ ရက်အကြာ ဇန်နဝါရီ ၃ ရက်နေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ကရင်နီပြည်ရဲဌာနက အတည်ပြုသည်။

ကိုင်ကြည့်ရုံဖြင့် ကျိုးကြေသွားသည့် ခန္ဓာကိုယ်အပိုင်းအစများမှာ ကြွပ်ကြွပ်အိတ်ကြီး ၃ အိတ်စာ ရှိကြောင်း၊ လူဦးရေမည်မျှ၏ ရုပ်ကြွင်းများဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း ဒုတိယပြည်နယ် ရဲဌာနမှူး ဦးဘိုဘိုက ပြောသည်။

မီးရှို့သတ်ဖြတ်မှုမှ လွတ်မြောက်ပြီး တစ်နေရာရာတွင် ရှိနေနိုင်သည်ဆိုပြီး ပီတာ၏ ကံကြမ္မာကို ဂျူလီယာက အကောင်းဘက်သို့ မျှော်တွေးကာ သူအကြိမ်ပေါင်းများစွာ ခေါ်ခဲ့ဖူးသည့်နံပါတ်အတိုင်း နောက်ရက်များတွင် ထပ်၍ ဆက်သွယ်ကြည့်သည်။ ဒီဇင်ဘာ ၂၆ တွင် ပထမဆုံးအကြိမ် အဆက်အသွယ်ပြန်ရသည်။ ဖုန်းကို တစ်စုံတစ်ယောက်က ကိုင်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။ 

“ဘာမှပြန်မပြောတော့ဘူး။ ကိုင်ပြီးနားထောင်နေတာ။ ကြာလာတော့ ကျွန်မလည်း ချပစ်လိုက်တယ်။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာ၊ ကျွန်မလည်းမျှော်တာပေါ့၊ ရူးတော့မယ်” ဟု ဂျူလီယာက ပြောသည်။

ပီတာ၏နှမဖြစ်သူက ဒီဇင်ဘာ ၂၆ ရက်က စာပို့ကြည့်ရာတွင်မူ မီးလောင်သည့် နေရာမှ ထိုဖုန်းကို ကောက်ရသည်ဟုသာ အကြောင်းပြန်ပြီးနောက် ထပ်မံမေးမြန်း၍ မရတော့ပေ။

ဖရူဆိုမြို့နယ်၊ သစ်တောရုံး၏ တောခေါင်း ခူးလိရယ်၏ ဆိုင်ကယ်ကို မီးလောင်ပြင်၌ တွေ့ခဲ့ရသည့် ၎င်း၏ မိသားစုဝင်တို့မှာလည်း ဂျူလီယာကဲ့သို့ပင် ကြုံရသည်။ 

ခူးလိရယ်၏ လက်ကိုင်ဖုန်းသို့ အကြိမ်ကြိမ်ဆက်သွယ်သည်ဟု သူ၏နှမဖြစ်သူက ပြောသည်။

လက်ခံဖြေကြားသည့် အချို့အကြိမ်များရှိသော်လည်း “ဘာကြီးလဲ” ဟုသာ ပြော၍ ပြန်ချသွားကြောင်း ၎င်းက ဆက်ပြောသည်။

ခူးလိရယ်၏ လက်ကိုင်ဖုန်းကို ၂၀၂၁၊ ဒီဇင်ဘာ ၂၆ ရက်တွင် Myanmar Now ကလည်း ဆက်သွယ်ကြည့်ခဲ့သည်။

ဖုန်းက ရန်ကုန်မြို့သို့ ရောက်နေသည်ဟု လက်ခံဖြေဆိုသူက ပြောသည်။ နာမည်ကို မေးရာ ဖုန်းချသွားပြီးနောက် ထပ်မံဆက်သွယ်၍ မရတော့ပါ။

ဖုန်းလက်ခံဖြေဆိုသူ၏ အသံမှာ ဗမာသံ ပီပီသသဖြစ်နေ၍ ခူးလိရယ်မဟုတ်ကြောင်း နှမဖြစ်သူက အတည်ပြုသည်။

ပီတာနှင့် ခူးလိရယ်တို့ကဲ့သို့ပင် အခြား ၂ ဦး၏ မိသားစုဝင်တို့ကလည်း အလားတူပင် ပြောသည်။

ထို ၄ ဦး၏ မိသားစုဝင်နှင့် မိတ်ဆွေတို့က ကာယကံရှင်များနှင့် အဆက်အသွယ်ပြတ်တောက်သွားချိန်မှာ ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီဝန်းကျင်ဖြစ်ကြောင်း တူညီစွာ အတည်ပြုသည်။

၂၀၂၁၊ ဒီဇင်ဘာ ၂၄

မိုးမလင်းမီ နံနက် ၂ နာရီကျော်တွင် အိမ်ခေါင်မိုးပေါ်မှ ဖြတ်ပျံသွားသည့် ဒရုန်းသံကြောင့် မိုဆိုရွာသူ မသဲမာ* အိပ်ရာမှ လန့်နိုးလာသည်။ မကြာခဏ ကြုံနေကျဖြစ်၍ ထူးထူးခြားခြား မတွေးမိဟု ၎င်းက ပြောသည်။

ထို့ကြောင့် ပြန်အိပ်ရန် ကြိုးစားခဲ့ပြီး မှေးခနဲ ပြန်ဖြစ်သွားချိန် နံနက် ၃ နာရီခန့်တွင် ဒရုန်းသံများ ဆူညံစွာ ထပ်ကြားရ၍ အပြင်သို့ ထွက်၍ မသဲမာ စူးစမ်းသည်။

“ကျွန်မထကြည့်တော့ ခြေကုပ်ယူထားတဲ့လမ်းကြောင်း (စစ်တပ်ချီတက်လာသည်ဟု ယူဆရသည့်လမ်း) အတိုင်း ဒရုန်းက ငါးစီးလှည့်တယ်။ မှိတ်တုတ်မှိတ်တုတ်၊ လင်းလင်းလင်းလင်းနဲ့ ဝဲနေတယ်”

သို့သော် သံသယအဖြစ်သာ ရှိခဲ့ပြီး စစ်ကောင်စီတပ် ရွာအနီး ရောက်နေသည်ကို အမှန်တကယ်သိရသည်မှာ ထိုနေ့ နံနက် ၉ နာရီကျော်မှသာ ဖြစ်သည်ဟု မသဲမာက ပြောသည်။

မိုဆိုရွာ၌ စစ်လာရှောင်သည့် ဒီးမော့ဆို၊ စံပြ ၆ မိုင်ရွာသား *ပေါလ်နှင့် တူမနှစ်ဦး ဈေးဝယ်ရန် ကားနှင့် သွားစဉ် မယ်တော်ဂူအရောက် စစ်တပ်နှင့် ပက်ပင်းတိုးခဲ့သည် ဆိုသော သတင်းစကားကြောင့်သာ သိရခြင်းဖြစ်သည်။

ထိုတပ်ဖွဲ့ရှိရာနေရာနှင့် ကိုက် ၁၀၀ ဝန်းကျင်အရောက် “ရပ်” ဟု အော်သံကြားကာမှ ပေါလ်တို့ တူဝရီးတစ်သိုက် ဒေသကာကွယ်ရေးအဖွဲ့(PDF) မဟုတ်မှန်း သိခဲ့ရသည်ဟု မသဲမာက ပြန်ပြောပြသည်။

“စစ်သား ဆိုတော့မှ သတိဝင်လာပြီးတော့ ကားကို ပြန်ဝိုက်ပြီးတော့မှ ကွေ့ပြီး မောင်းပြေးတယ်တဲ့” 

မိုဆိုရွာနှင့် ၅ မိနစ်ဝန်းကျင်သာ ခရီးရှိသည့် မယ်တော်ဂူသည် ယာဉ်နှင့် လူများ အစုအပြုံလိုက် မီးရှို့ခံခဲ့ရသည့် နေရာအနီးတွင်ပင် ရှိသည်။

ပေါလ်တို့ထံမှ ရွာအနီး စစ်တပ်ရောက်နေကြောင်း သတင်းစကားရောက်လာချိန်တွင် ထွက်ပြေးရန် ပြင်သူပြင်၊ အနီးရှိ တောင်ကုန်းများသို့ ထွက်ပြေးသူပြေးဖြင့်သာ မိုဆိုတစ်ရွာလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်ဟု မသဲမာက ပြောပြသည်။

သူကိုယ်တိုင် ရွာမှ ထွက်၍ ပုန်းရှောင်ချိန် နံနက် ၁၀ နာရီကျော်တွင် လမ်းတစ်နေရာအရောက် လက်နက်ကြီးသံ၊ ပေါက်ကွဲသံများ ကြားရသော်လည်း မည်သည့်နေရာတွင် မည်သို့ဖြစ်နေသည်ကို မသဲမာ မခန့်မှန်းနိုင်ခဲ့။

သို့သော် မိုဆိုရွာအနီး တောင်ကုန်းပေါ်သို့ တက်၍ ပြေးပုန်းသည့် လူငယ်တစ်ဦးထံမှ မျက်မြင်တွေ့ရှိချက်ကို ထိုနေ့၌ပင် ကြားရ၍ တစ်ခုခု ထူးမည်မှန်း မသဲမာ သဘောပေါက်လိုက်သည်။ ဘာမှန်းတော့ မသိသေး။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်းအနီး ယာဉ်နှင့် လူများ မီးရှို့ခံနေရသည်ကို ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစ၍ တောင်ကုန်းတစ်ခုပေါ်မှ လှမ်းမြင်ရစဉ်။ ဗီဒီယို − ပေးပို့

မျက်မြင်တွေ့သူတို့ ပြောပြချက်

ဖရူဆိုနှင့် လွိုင်ကော် ကူးလူးနေသည့် ယာဉ်များသည် ကွိုင်ငံ − မိုဆိုရွာချင်းဆက်လမ်းပေါ်ရှိ မိုဆိုရွာထဲသို့ ဖြတ်ရသည်။ ထိုလူငယ် ပုန်းခိုသည့် တောင်ကုန်းသည် ရွာအတွင်း ဖြတ်သန်းသွားသည့် ယာဉ်များကို ရှင်းလင်းစွာမြင်နိုင်သည်ဟု မသဲမာက ပြန်ပြောပြသည်။

ထိုနေ့က နံနက် ၁၀ နာရီဝန်းကျင်တွင် ဖရူဆိုဘက်မှ လာသည့် ကားအနက်ရောင်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးမှာ ပေါလ်တို့ တားမြစ်ခံရသည်ဆိုသော မူဆိုရွာနှင့် ၅မိနစ်ခရီးသာရှိသည့် နေရာအနီးတစ်ဝိုက်၌ပင် စစ်တပ်က တားသည်ကို တွေ့ရကြောင်း ထိုလူငယ်က မသဲမာကို ပြောသည်။

“(ကားက)အဲဒီနားရောက်တော့ စစ်သားတွေက သူ့(ကား)ကို ရပ်ခိုင်းတယ် တစ်ခုခုမေးတယ်နဲ့ တူတယ်။ သူ(ကားပိုင်ရှင်)မဖြေဘူးလား မသိဘူး။ စစ်သားတွေအော်ပြီးတော့မှ သေနတ်ဖောက်တယ်တဲ့” 

ထိုအချိန်ဝန်းကျင်အတွင်း ဖရူဆို သို့မဟုတ် လွိုင်ကော်ဘက်မှ လာသည့် မည်သည့်ယာဉ်မျှ ဝါးရုံတောကွယ်နေသည့် ထိုနေရာတစ်ဝိုက်ကို ကျော်လွန်၍ ဖြတ်သန်းသွားခြင်းမရှိဘဲ ပျောက်နေသည်ကို သတိပြုမိကြောင်း ထိုလူငယ်က မသဲမာကို ပြောခဲ့သေးသည်။

ထိုသူ ပြန်ဆင်းလာချိန် နံနက် ၁၀ နာရီ ဝန်းကျင်အထိ မယ်တော်ဂူအနီးမှ မီးခိုးလုံးများ မတွေ့ရသေးကြောင်း ထိုလူငယ်ထံမှ မသဲမာ သိရသည်။ ထိုလူငယ်မှာ မသဲမာနှင့် တကွဲတပြား တိမ်းရှောင်နေပြီဖြစ်၍ Myanmar Now က ဆက်သွယ်၍ မရခဲ့ပေ။

သို့သော် ယာဉ်နှင့်လူများ မီးရှို့ခံခဲ့ရသည့်နေရာနှင့် မိုဆိုရွာကြားရှိ တောင်ကုန်းတစ်ခုပေါ်သို့ တက်၍ အခြေအနေကို စူးစမ်းသည့် ရွာသားများထဲမှ *ဂျိုးဇက်နှင့် မေးမြန်းနိုင်ခဲ့၍ ထိုနေ့က အခြေအနေအချို့ကို သိခွင့်ရသည်။

သူတက်ကြည့်သည့် တောင်ကုန်းမှာ စစ်တပ်က အစုလိုက်မီးရှို့မှုကျူးလွန်သည့် မယ်တော်ဂူအနီး မြေကွက်လပ်နှင့် ကိုက် ၂၅၀ နီးပါးကွာ၍ ဖမ်းဆီးခံရသူတို့၏ အသေးစိတ်အခြေအနေကိုမူ ဂျိုးဇက်က အတည်မပြုနိုင်။

သို့သော် တောင်ကုန်းပေါ်ရောက်ချိန် နံနက် ၁၀ နာရီဝန်းကျင်တွင် ထိုနေရာ၌ ယာဉ်များ စု၍ ရပ်ထားသည်မှာ သေချာကြောင်း ဂျိုးဇက်က အခိုင်အမာပြောသည်။

နောက် ၁၅ မိနစ်ခန့်အကြာတွင် ဝါးရုံများကွယ်နေသည့် ထိုနေရာမှ မီးခိုးလုံးများ မည်း၍ တက်လာသဖြင့် အတူပါလာသည့် မိတ်ဆွေက ဗီဒီယိုမှတ်တမ်းရိုက်ယူနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

“(မီးလောင်ပေါက်ကွဲသံ) ကျယ်တယ်။ (ဆီပီပါပုံးတွေ) လွင့်ထွက်သွားတာပေါ့နော်။ အဝေးကို နှစ်ပုံး၊ သုံးပုံးလောက်။ မီးလောင်တာတော့ ညမိုးချုပ်အထိ လောင်တာခင်ဗျ။ တော်တော်ကြာတယ် လောင်တာ” 

သို့သော် သူနှင့် သူ့မိတ်ဆွေတို့က ယာဉ်များ မီးရှို့ခံရသည်ဟုသာ ယူဆခဲ့ကြသည်။ ယာဉ်မောင်းနှင့် ခရီးသွားများ ဘေးကင်းမည်ဟု မတွေးဖြစ်သော်လည်း ထိုမျှ ရက်စက်လိမ့်မည်ဟု ဂျိုးဇက်တို့ မထင်ခဲ့ကြပါ။

မိုဆိုရွာအနီးမှ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၄ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး ထိုနေရာသို့ ဆိုင်ကယ်ဖြင့် ရောက်လာသည်ကိုလည်း လှမ်းမြင်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်အခြေစိုက် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ကို ၂၀၀၉ တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။

ထိုနေရာသို့ မရောက်မီ ဆိုင်ကယ်ကို ရပ်၍ လမ်းလျှောက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး ပြန်ထွက်မလာတော့သည်ကို သတိထားမိကြောင်း၊ သေနတ်သံအချို့ကြားခဲ့ကြောင်း ဂျိုးဇက်က ပြောသည်။

မကြာမီတွင် မီးလောင်ပြင်နေရာမှ အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ခြေလျင်ဖြင့် ၁ နာရီဝန်းကျင် ခရီးရှိသည့် ဖရူဆိုမြို့အဝင်ရှိ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းဘက်သို့ ထွက်သွားကြောင်း ၎င်းထံမှ သိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် တောင်အောက်သို့ ဆင်း၍ မီးလောင်ရာနေရာသို့ သွားကြည့်ခဲ့သေးသော်လည်း ဖမ်းဆီးခံရသူများပါ တစ်ပါတည်း မီးရှို့ခံထားရမှန်း ဂျိုးဇက်တို့ တွေးပင်မကြည့်ခဲ့ကြပါ။

“စစ်တပ်တွေပြန်သွားတော့ ကျွန်တော်တို့ လာကြည့်တဲ့အချိန်အထိ လောင်နေသေးတယ်လေ။ သူ့နားမကပ်ရဲဘူးပေါ့။ မီးအကြီးကြီးခါကျတော့ သူ့နားမကပ်ရဲဘူး။ သွားကြည့်ပြီးတော့ နောက်ပြန်ဆုတ်လိုက်တယ်။ အထဲမှာ လူပါမှန်းလဲ ကျွန်တော်တို့က မသိဘူး”

လုံခြုံရေးလည်း စိတ်မချရသေးသဖြင့် မီးလောင်ကျွမ်းနေသည့် မြင်ကွင်းကို ခပ်လှမ်းလှမ်းမှ ဓာတ်ပုံ၊ ရုပ်သံရိုက်ယူခဲ့ကြသည်ဟု ဂျိုးဇက်က ပြောသည်။

သို့သော် မီးလောင်သည့်နေရာနှင့် ကိုက် ၅၀ ခန့်အကွာရှိ သဲကျင်းထဲတွင် လက်နောက်ပြန်ကြိုးတုပ်လျက် ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး၏ အလောင်းကိုမူ ၎င်းတို့ ရှာတွေ့သည်။

“မျက်နှာတွေမှာ သွေးတွေ၊ မြေကြီးပေါ်မှာ သွေးတွေအိုင်နေတာ။ မျက်နှာဆိုလည်း ဖူးရောင်နေတာ။ သေနတ်ဒင်နဲ့ ထုသလား၊ ဘာလားတော့မသိဘူး။ သွားတွေလည်း တချို့ရွဲ့ကုန်တယ် တစ်ယောက်၊ နှစ်ယောက်။ တစ်ယောက်ဆိုရင် ခေါင်းဦးနှောက်ပွင့်ထွက်သွားတယ်” ဟု ဂျိုးဇက်က ပြောသည်။

ထိုလေးဦးမှာ ယာဉ်များ မီးရှို့ခံရချိန်တွင် လူများကို ဖမ်းထားသည်ဟုသာ ယူဆကာ ပြန်လွှတ်ပေးရန် စစ်တပ်နှင့် သွားရောက်ညှိနှိုင်းခြင်းဖြစ်သည်ကို ဂျိုးဇက်တို့အဖွဲ့ နောင်မှ ပြန်သိရသည်။

စစ်တပ်၏ လူမဆန်သော လုပ်ရပ်

နောက်တစ်ရက် ခရစ္စမတ်နေ့ နံနက် ထိုနေရာသို့ ထပ်မံသွားကြည့်ရာတွင်မူ မည်သူမျှ တွေးထင်မထားသည့် ဖမ်းဆီးခံရသူတို့၏ ကံကြမ္မာကို မျက်မြင်တွေ့ရ၍ အလွန်အမင်း တုန်လှုပ်ချောက်ချားခဲ့ရသည်ဟု ဂျိုးဇက်က ပြောသည်။

မီးလောင်ပြင်ထဲသို့ ရောက်ချိန်တွင် မော်တော်ယာဉ်များနှင့် မြေပြင်ပေါ်၌ ရုပ်ပျက်ဆင်းပျက် ကျွမ်းလောင်ထားသည့် ခန္ဓာကိုယ်များ ရှိနေသည်။

ကလေးငယ်အဝတ်အစားများကို တွေ့ရသော်လည်း အလောင်းရှာမတွေ့၊ အလုံးစုံလောင်ကျွမ်းပြီး ရုပ်ကြွင်းအချို့သာ ကျန်ရစ်သည့် ပြာပုံတို့တော့ တွေ့ရသည်။ သို့သော် ခွဲခြား၍မရ။

ထိုနေရာအနီးရှိ တောင်ယာ၌ ဓားကျန်ခဲ့၍ သွားယူသည့် ဦးလေးဖြစ်သူမှာလည်း ထိုအဖြစ်ဆိုးနှင့် တိုးခဲ့ရသည်။ ဦးလေးဖြစ်သူ၏ ရုပ်ကြွင်းကို ဂျိုးဇက်တို့ ရုပ်အလောင်းများထဲတွင် ရှာမတွေ့ကြပေ။ 

“စိတ်ထဲမှာတော့ အရမ်းနာကျင်တယ်ပေါ့နော်။ ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးဘူး။ ဖြစ်တော့လဲ ကိုယ့်ရွာတွေပဲ၊ ကိုယ့်ဒေသကလူတွေ ပါတဲ့အခါကျတော့ အရမ်းမကျေမနပ်ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ခရစ်စမတ်နေ့ နံနက်က ထိုသို့တွေ့ရှိခဲ့ရသော်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်နေ၍ နောက်သုံးရက်အကြာ (၂၀၂၁၊ ဒီဇင်ဘာ ၂၇)တွင်မှ ရုပ်အလောင်းများကို ထိုနေရာမှ နာရီဝက်အတွင်း အမြန်သယ်ထုတ်ခဲ့ရသည်ဟု ကရင်နီပြည်နယ် ဒုရဲမှူး ဦးဘိုဘိုထံမှ သိရသည်။

နောက်တစ်ရက်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ဆရာဝန်နှစ်ဦးက ရင်ခွဲစစ်ဆေးရာတွင် ခန္ဓာ၊ ခြေ၊ လက် ၅၀ ရာခိုင်နှုန်းတွဲလျက်ရှိသည့် ၃၁ လောင်းရှိသည်။ ထိုအထဲတွင် အသက် ၁၀ နှစ်နှင့် ၁၅ နှစ်ကြား မိန်းကလေးငယ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် အလောင်းထည့်သည့် ကြွပ်ကြွပ်အိတ်သုံးလုံးဖြင့် စု၍ ယူလာသည့် လက်ဖျံရိုး၊ ဦးခေါင်းခွံ အကွဲစ၊ ရင်ဘတ်ပိုင်းအရိုးနှင့် ပြာများမှာ ရုပ်အလောင်းအရေအတွက် မည်မျှဆိုသည်ကို မခန့်မှန်းနိုင်ဟု ခွဲစိတ်မှုတွင် ပါဝင်သည့် ဆရာဝန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အသားစနမူနာများရယူထားပြီး ဓာတ်ခွဲစမ်းသပ်မှုများ ဆက်လုပ်မည်ဟု လုံခြုံရေးအရ ကိုယ်ရေးအချက်အလက် ထုတ်ဖော်မပြောသည့် ထိုဆရာဝန်ထံမှ သိရသည်။

ရုပ်အ​လောင်းများတွင် လက်ပြန်ကြိုးတုပ်၊ ပါးစပ်ကို အဝတ်ဆို့ခံရသူများ၊ ဦးခေါင်းခွံ အပြည့်အစုံပါမလာသူများ၊ ရင်အုံ၊ အဆုတ်တို့၌ ထိုးသွင်းဒဏ်ရာရှိသူများ တွေ့ရ၍ သေဆုံးသူတို့မှာ သွေးပျက်ဖွယ်ရာ ကြုံခဲ့ရမည်ဟု ၎င်းက မှတ်ချက်ပြုသည်။

“အသက်ရှင်နေခဲ့စဉ်မှာ ဘယ်လိုပုံစံမျိုးတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို မှန်းဆလို့ မရနိုင်လောက်အောင် ရက်စက်ယုတ်မာမှုတွေကို ဒီပုံလေးမှာ မြင်တွေ့ရမှာပါခင်ဗျာ”ဟု သတင်းစာရှင်းလင်းပွဲ၌ ဓာတ်ပုံထုတ်ပြရင်း ထိုဆရာဝန်က ငိုလျက် ပြောသည်။

စစ်ကောင်စီက ကြိုတင် ဖုံးကွယ်

အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း နိုင်ငံအနှံ့ ထိုသို့ အစုလိုက်သတ်ဖြတ်မှုများ ကျူးလွန်ပြီးချိန်တွင် ရက်အတန်ကြာ နှုတ်ဆိတ်နေလေ့ရှိသည့် အစဉ်အလာကို မိုဆိုဖြစ်ရပ်တွင်မူ စစ်ကောင်စီက ချိုးဖျက်သည်။

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် ညတွင်းချင်းပင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ဆေးမှုကို ရပ်တန့်မပေးဘဲ ပစ်ခတ်ထွက်ပြေးသည့် ကား ၇ စီးနှင့် တိုက်ပွဲဖြစ်ရာ ယာဉ်အားလုံး မီးလောင်သွားသည်ဟု ၎င်းတို့ ထိန်ချုပ်ထားသည့် နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြသည်။

“နံနက် ၁၀ နာရီခန့်တွင် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မသင်္ကာဖွယ်မောင်းနှင်လာသည့် မော်တော်ယာဉ်မျိုးစုံ ၇ စီးအား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ အဆိုပါမော်တော်ယာဉ်များမှာ ရပ်တန့်ခြင်းမရှိသည့်ပြင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များ၊ လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ရေးထားသည်။

အားလုံးကို အသေဖမ်းမိသည်ဟု ဆိုသော်လည်း အရေအတွက်မပါဝင်ပေ။ ယာဉ်များပေါ်တွင် လက်နက်၊ ရိက္ခာ၊ စစ်ဝတ်တန်ဆာနှင့် စက်သုံးဆီများ ပါသည်ဟုသာ  သတင်းထုတ်ပြန်ချက်က ဆိုသည်။

မိုဆိုကျေးရွာအနီး မီးလောင်ပုံအတွင်း လူများပါရှိနေလိမ့်မည်ဟု ဒေသခံနှင့် ပျောက်ဆုံးနေသူတို့၏ မိသားစုဝင်များ စိတ်ကူးထဲပင် ထည့်မတွေးမိသေးချိန်တွင် စစ်ကောင်စီက ထိုသို့ ကြေညာခြင်းဖြစ်သည်။

နောက်နေ့ နံနက် ယာဉ်များနှင့် မီးကျွမ်းရုပ်အလောင်းများကို ထိုနေရာ၌ ဒေသခံတို့ မျက်မြင်တွေ့ရချိန်တွင်မူ စစ်ကောင်စီ၏ ကြိုတင်ထုတ်ပြန်ချက်အပေါ် မေးခွန်းထုတ်စရာ များစွာ ထွက်ပေါ်လာသည်။

ထိုနေရာ၌ မျက်မြင်တွေ့ရသည့် ယာဉ်အရေအတွက်မှာ စစ်ကောင်စီပြောသည်ထက် နှစ်ဆကျော် ပိုများနေသည်။

လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အလောင်းများကို ကြည့်ခြင်းအားဖြင့် အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသည်ဟူသော စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက် တက်တက်စင်အောင်လွဲကြောင်း ဆရာဝန်က ထောက်ပြသည်။

“သူတို့ တမင်သက်သက်ကို အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ပြီးတော့ သက်သေပစ္စည်းတွေကို ဖျောက်ဖို့အတွက် မီးရှို့ခဲ့တာလို့ပဲ ကျွန်တော်တို့တွေ မှန်းဆကြည့်လို့ရပါတယ်”

ဒေသခံတို့ ရုပ်အလောင်းများရှာတွေ့ပြီးနောက် ဒီဇင်ဘာ ၂၇ တွင်မူ စစ်ကောင်စီက လေသံပြောင်းလာသည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ယာဉ်များ မီးလောင်ခဲ့ပြီး အသက် ၂၀ အထက် PDF ၂၅ ဦး၏ ရုပ်အလောင်းများ ထိုနေရာတွင် တွေ့ရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA သတင်းဌာနကို ပြောသည်။

“ယာဉ်တွေ မီးလောင်ခဲ့တာရှိတယ်။ အဲဒီအတွက် ပြန်လည်စစ်ဆေးတဲ့အခါ ကျည်ထိမှန်သေဆုံးတာရှိတယ်။ ပြီးရင် ကားမီးလောင်တာတွေရှိတယ်”ဟု ၎င်းက ပြောထားသည်။

သို့သော် ပစ်ခတ်ထွက်ပြေးသည်ဆိုသော ယာဉ်နှင့် လူများ တစ်စုတစ်စည်းတည်း မီးလောင်ကျွမ်းသည်မှာ မည်သည့်အတွက်ကြောင့်ဆိုသည်ကိုမူ စစ်ကောင်စီက ယနေ့တိုင် ထုတ်မပြောပေ။

ဆရာဝန်ကမူ ဖြစ်စဉ်အပြီး သုံးရက်အကြာမှ ဆိုးရွားစွာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ရုပ်အလောင်းများကို ခွဲစိတ်ရခြင်းဖြစ်၍ သေဆုံးပြီးမှ မီးရှို့ခံရခြင်းလား၊ အသက်ရှင်လျက် မီးရှို့ခံရခြင်းလား ဝေခွဲရန် ခက်နေသည်ဟု ပြောသည်။

“တစ်သက်နဲ့တစ်ကိုယ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြင်တွေ့ရတဲ့နေ့”ဟုပင် ၎င်းက ရည်ညွှန်းပြောဆိုသည်။

စစ်ကောင်စီ၏ ဆင်ခြေနှင့် ကွဲလွဲချက်များ

စစ်ကောင်စီက ထိုဖြစ်စဉ်အတွင်း သေဆုံးသူများမှာ ဒေသကာကွယ်ရေးအဖွဲ့ (PDF) အဖွဲ့ဝင်များ၊ အဖွဲ့ဝင်သစ်များဟု ပြောထားသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children က ၎င်းတို့ဝန်ထမ်းနှစ်ဦး ထိုနေရာ၌ ပျောက်ဆုံးသွားသည်ဟု မိုဆိုဖြစ်စဉ်အပြီး နောက်ရက်တွင်ပင် အတည်ပြုသည်။ ဒီဇင်ဘာ ၂၈ တွင်မူ ထိုနှစ်ဦး သေဆုံးသည့်ထဲ ပါဝင်သည်ဟု ထိုအဖွဲ့က သတင်းထုတ်ပြန်သည်။ 

မီးလောင်ပုံအတွင်းပါဝင်သည့် အနက်ရောင် Nissan Xtrial ယာဉ်မှာ Save the Children ဝန်ထမ်းနှစ်ဦး စီးနင်းလာသည်ဟု အတည်ပြုနိုင်သည်ဟု ကရင်နီပြည် ဒုရဲဌာနမှုး ဦးဘိုဘိုကလည်း ပြောသည်။

ထိုနေရာအနီးတွင် တစ်ဦး၏ ယာဉ်မောင်းလိုင်စင်ကို တစ်ဝက်တစ်ပျက် မီးလောင်ထားသည့် အနေအထားဖြင့် သိမ်းဆည်းရရှိခဲ့သည်။

ဓာတ်ဆီနှင့် ဒီဇယ်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ် သုံးစီးမှာ စစ်ကောင်စီပြောသကဲ့သို့ PDF ပိုင် ပစ္စည်းများမဟုတ်ဘဲ လွိုင်ကော်မြို့ရှိ ကျော်လွင်စက်သုံးဆီဆိုင်မှ ဖြစ်သည်။

ထိုဖြစ်စဉ်အတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စသည့် ဝန်ထမ်း စုစုပေါင်း ၇ ဦးနှင့်အတူ ခင်ပွန်းဖြစ်သူ ဆီဆိုင်ပိုင်ရှင်လည်း ပျောက်ဆုံးနေသည်ဟု ဇနီးသည်က အတည်ပြုသည်။

အလားတူပင် မီးလောင်ထားသည့် Light Truck, ကုန်တင်ထော်လာဂျီတို့နှင့်အတူ ကျား ၃ ဦး၊ မ ၁ ဦး ပါသွားကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ 

စစ်ရှောင်ရန် လွိုင်ကော်မြို့သို့ ပစ္စည်းကြိုပို့ပြီးနောက် ဖရူဆိုဘက်ရှိ ရွာသို့ ပြန်ကာ ဆွေမျိုးများကို လာခေါ်စဉ် ထိုသို့ အဖြစ်မျိုးကြုံခဲ့ရသည့် အသက် ၁၉ မှ ၂၅ နှစ်အရွယ် လူငယ်များဖြစ်သည်ဟု ၎င်းက ပြောသည်။

“မီးထဲပါသွားပြီ။ ကားနှစ်စီးလုံးပါသွားပြီ။ လူလေးယောက်စလုံးပါသွားပြီ။ အဲဒါတော့ အတည်ပြုလိုက်ပြီ”

မီးလောင်ပြင်အတွင်း တွေ့ရသည့် အခြားထော်လာဂျီတစ်စီးတွင် ဝါးခုတ်ရာမှ ပြန်လာသည့် မိုဆိုရွာခံ အမျိုးသား ၄ ဦး စီးနင်းခဲ့သည့် ယာဉ်ဖြစ်ကြောင်း၊ ဝါးခုတ်ဓားများသာ ပါဝင်ကြောင်း သေဆုံးသူတစ်ဦး၏ ဇနီးက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

ကရင်နီပြည်နယ်ရဲဌာနက မှတ်တမ်းတင်ထားနိုင်သည့် ထိုဖြစ်စဉ်အတွင်း အသက်ရှင်လျက် ပြန်မတွေ့ရသေးသူ ၁၈ ဦး၏ မိသားစုဝင်များ၊ မိတ်ဆွေများထံ Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့ပြီး အရပ်သားများသာဖြစ်ကြောင်း အခိုင်အမာသက်သေပြကြသည်။

စစ်ကောင်စီ စွပ်စွဲသကဲ့သို့ PDF မဟုတ်ကြောင်း ခိုင်လုံသောအကြောင်းပြချက်များ၊ ခရီးစဉ်၏ အသေးစိတ်အချက်အလက်များကို ထိုသူတို့ထံမှ သိရသော်လည်း ကျန်ရစ်သူတို့၏ လုံခြုံရေးအခြေအနေအရ ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။

ကရင်နီပြည်နယ် ဒုရဲဌာနမှုးကလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်ကောင်စီပြောသကဲ့သို့ သေနတ်ဖြင့် ပစ်ပြေးနိုင်ခြေမရှိသည့် အရပ်သား၊ သာမန်ခရီးသွားများသာဖြစ်ကြောင်း၊ PDF မဟုတ်သည့် အထောက်အထားများရှိကြောင်း အခိုင်အမာပြောသည်။

“လူပျောက်စာရင်းတွေအရလည်း အကုန်လုံးက သူ့ဟာနဲ့သူ ခရစ်စမတ်နဲ့သွားတာမျိုးရှိတယ်။ ပစ္စည်းတစ်ခုခုဝယ်ဖို့အတွက် ဖရူဆိုသွားတာမျိုး၊ အဲလိုမျိုးတွေပဲ အများအပြားတွေ့ရပါတယ်ခင်ဗျ” ဟု ဦးဘိုဘိုက ပြောသည်။

ထို့အတူ မီးကျွမ်းနေသည့် ရုပ်အလောင်းများ၊ ပြာပုံဘဝရောက်နေသည့် ရုပ်ကြွင်းများ အားလုံးမှာ ယာဉ်များ၏ ခေါင်းခန်းတွင်မရှိဘဲ ကားနောက်ခန်းနှင့် မြေပြင်ပေါ်၌သာ တွေ့ရသည်၊ မီးလောင်ပြင်တွင် ဆီသယ်ကား သုံးစီး၊ ဘေးတွင် Light truck, Canter, ထော်လာဂျီ စသဖြင့် အစီအရီ ရပ်ထားသည်ဟု ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ၎င်းက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီပြောသကဲ့သို့ ယာဉ်များ မောင်းပြေး၍ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသည်ဆိုသော ဆင်ခြေမှာ မုသားသာဖြစ်သည်ဟု ဦးဘိုဘိုက သုံးသပ်သည်။

“မောင်းပြေးတဲ့အတွက် သူတို့(စစ်သားက)ပစ်လိုက်လို့ ဓာတ်ဆီကားမောင်းပြေးတယ်ဆိုလို့ရှိရင် လူတွေက ကားပေါ်မှာပဲ မီးလောင်ကျွမ်းပြီး သေဆုံးရတဲ့ပုံ ဖြစ်ရမှာပေါ့။ ဒါပေမဲ့ အခု ဘယ်ကားပေါ်မှာမှ ကားခေါင်းခန်းထဲမှာ လူမီးလောင်ကျွမ်းပြီး သေဆုံးနေတာမျိုး မတွေ့ရဘဲနဲ့ light truck ကားပေါ်မှာ အများဆုံး အပုံလိုက်လောင်ကျွမ်းနေတာ တွေ့တယ်”

ထို့အတူ မီးလောင်ပြင်အနီး နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး သတ်ဖြတ်ခံထားရသည့် နေရာတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံထုတ် ၅.၅၆ ကျည် နှစ်တောင့်ကို သိမ်းဆည်းရရှိသည်ဟု KNDF တပ်ရင်း ၄၊ တပ်ရင်းမှူး စောအားကိုကလည်း ပြောသည်။

ယာဉ်နှင့် လူများ မီးရှို့မခံရမီအချိန်အထိ ယင်းဒေသအတွင်း KNDF နှင့် ဒေသခံ PDF အဖွဲ့တို့က စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းမရှိဟုလည်း ၎င်းက အတည်ပြုသည်။

လူမဆန်သည့် ထိုလုပ်ရပ်ကို ကျူးလွန်သူများမှာ စစ်ကောင်စီ၏ တပ်မ ၆၆ နှင့် နယ်မြေခံတပ်ရင်း ခမရ ၅၃၁ တို့ဖြစ်နိုင်ကြောင်း အထက်ပါ KNDF တာဝန်ရှိသူက သုံးသပ်သည်။

“တပ်မ ၆၆ က ၅၃၁ မှာ ဝင်နေနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၅၃၁ က တပ်သားလည်းရှိတယ်ဆိုတော့ သူတို့တွေတွဲမှာပဲ။ အဲဒီဟာကို ပြောနိုင်တယ်ပေါ့။ လမ်းကြောင်းက နယ်မြေခံတပ်က ပိုသိတယ်” ဟု စောအားကိုက ပြောသည်။

မီးလောင်ပြင်ကို ကားလမ်းအတိုင်းလာလျှင် ၃ မိုင်ကျော်ရှိသည့် ဖရူဆိုမြို့ထဲရှိ ဈေးအနီးတွင် စစ်ကောင်စီ၏ ခမရ ၄၂၈ ရှိသည်။ မိုဆိုသတ်ဖြတ်မှုကို ကျူးလွန်သည်ဟု KNDF က ယူဆထားသည့် ခမရ ၅၃၁ သည် ဖရူဆိုမြို့အဝင်(လွိုင်ကော်ဘက်ခြမ်း)တွင် အခြေစိုက်သည်။

သေဆုံးသူအရေအတွက် တိုးလာနိုင်

မူဆိုရွာအနီး ဖြတ်သန်းသွားလာရင်း ပျောက်ဆုံးနေသူရှိလျှင် အကြောင်းကြားရန် ကရင်နီပြည်ရဲဌာန (KSP) က ဖြစ်စဉ်အပြီး သုံးရက်အကြာ (၂၀၂၁၊ ဒီဇင်ဘာ ၂၇)တွင် ထုတ်ပြန်သည်။

တစ်ပတ်ကြာချိန်အထိ လူပျောက်တိုင်တန်းချက်ရရှိသူ ၄၂ ဦးရှိသည်ဖြစ်၍ မီးလောင်ပြင်အတွင်း သေဆုံးခဲ့ရသည့် အရေအတွက်မှာ တိုးလာနိုင်သည်ဟု ဒုပြည်နယ်ရဲမှူး ဦးဘိုဘိုက ပြောသည်။

လူပျောက်တိုင်ကြားသူများထဲတွင် ကျား ၄၂ ဦးတွင် မ ၂ဦးသာ ပါဝင်သည်။ သို့သော် ရင်ခွဲစစ်ဆေးပြီးသည့် ရုပ်အလောင်း ၃၁ လောင်းတွင် မ ၅ ဦးအထိ ရှိသဖြင့် ပျောက်ဆုံးသူစာရင်းမှာ တိုင်ကြားချက်လက်ခံရရှိသည်ထက် တိုးလာနိုင်သည်ဟု ကရင်နီပြည်ရဲဌာနက ယူဆထားသည်။

ထို့ကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ထိုဖြစ်စဉ်၌ သေဆုံးသူ ၄၉ ဦးအထိ ရှိမည်ဟု ဒုပြည်နယ်ရဲမှူး ဦးဘိုဘိုက ခန့်မှန်းသည်။

စစ်တပ်၏ ထိုသို့ လူမဆန်လွန်းသော အစုလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်သည့် အထောက်အထားများ ရပြီးဖြစ်၍ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံ အချက်အလက်များ ပေးပို့မည်ဖြစ်သလို ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC) တွင် တရားစွဲရန် စီစဉ်မည်ဟု NUGက ကတိပြုထားသည်။

“ဖရူဆိုမှာဖြစ်တဲ့ အဖြစ်အပျက်အကုန်လုံးကို တစ်ခုမကျန် IIMM အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ အလောင်းတွေမှာ တွေ့ထားတဲ့ အချက်အလက်တွေကို သီးခြားလွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့IIMM နဲ့ စစ်သွားပါမယ်။ NUG ကလည်း ပူးပေါင်းပြီး တရားမျှတမှုရတဲ့အထိ ဆောင်ရွက်သွားမယ်”ဟု လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ထိုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က တိုက်တွန်းထားပြီးဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ကမ္ဘာ့နိုင်ငံအချို့က စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချထားပြီးဖြစ်သည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ကလည်း သေဆုံးသူများထဲတွင် အသက် ၁၇ အရွယ် ၂ ဦး၊ ဆယ်ကျော်သက် မိန်းကလေး ၁ဦး၊ အသက် ၅ နှစ်မှ ၆ နှစ်အတွင်း ကျားမ မခွဲခြားနိုင်သည့် ကလေးတစ်ဦးပါမည်ဟု ဒီဇင်ဘာ ၂၉ ကတည်းက ထုတ်ပြန်ပြောဆိုပြီးဖြစ်သည်။

ထိုအခြေအနေတွင် ခရစ်စမတ်အကြိုနေ့ကတည်းက ခင်ပွန်းသည် ပီတာ အိမ်ပြန်မလာနိုင်တော့သည်မှာ ၁၀ ရက်ကျော် ကြာပြီဖြစ်သော်လည်း အဖြစ်မှန်ကို လက်ခံရခက်ခဲနေသည်ဟု ခရစ်ယာန်ဘာသာဝင် ဂျူလီယာက ပြောသည်။

“ပေးဆပ်ရတဲ့သူတွေ တောင်းတဲ့ဆုပြည့်ပါစေ။ တစ်ဦးတစ်ယောက်အတွက် တောင်းဆိုချင်တာတော့ မဟုတ်ဘူး။ သေသွားတဲ့လူတွေအားလုံးအတွက်ပါ ခံစားရတာ ရင်ကွဲမတတ်ပဲ”

မိုဆိုဖြစ်ရပ်ဆိုးတွင် အသက်စတေးသွားရသည့် ခင်ပွန်းသည် ပီတာ ဆန္ဒရှိသကဲ့သို့ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြပါရန် ဂျူလီယာက တိုက်တွန်းသည်။

“လုပ်တဲ့(သတ်တဲ့) သူတွေကတော့ ကျွန်မ ဆုတောင်းပေးစရာ မလိုပါဘူး၊ သူ့အလိုလို ဘုရားရိုက်မှာပါ” 

(* သတင်းရင်းမြစ်များ၏ လုံခြုံရေးအရ အမည်လွှဲဖြင့် ဖော်ပြထားပါသည်) myanmar now

ယင်းမာပင်မြို့နယ်တွင် စစ်တပ်နှင့် ခရိုင်ပူး ပေါင်း PDF တပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့များအကြား ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် တစ်နေကုန်နီးပါး အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့​ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း စစ်မြေပြင် သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါတိုက်ပွဲကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ Hero Tiger တပ်ဖွဲ့၊ ခရိုင်မဟာမိတ်(PDF)များနှင့် ညီနောင်မဟာမိတ်တပ် ဖွဲ့ဝင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီတပ်များက မုံရွာ-ယင်းမာပင်-ပုလဲ သွားကားလမ်းတစ်လျှောက်တွင် သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်လာသည့်အတွက် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ခရိုင် ပူးပေါင်း PDF တပ်ဖွဲ့ဝင်များက စစ်ရေးအရ အသာစီးရယူခဲ့ပြီး မိုင်းများ အပါအဝင် အခြားသောစက်လက်နက်ပစ္စည်းများဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သည့် အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိခဲ့သည်။

ယင်းအပြင် ယင်းမာပင်မြို့အရှေ့ဘက် ကောင်းဆင့်ကျေးရွာက စိတ်မနှံ့သူ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး လူနေအိမ်နဲ့အတူ တွဲကာ မီးရှို့သွားခဲ့သည်။ ယနေ့ တိုက်ပွဲတွင် ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။ mizzima

လွိုင်ကော်တွင် စစ်တပ်က အင်အားအလုံးအ ရင်းဖြင့် ထိုးစစ်ဆင်၊ ပြည်သူ ၃ ဦး ပစ်သတ်ခံထားရပြီး လက်နက်ကြီးကျည်ကျ၍ ၁ ဦးသေဆုံး၊ ဒေသခံထောင်ချီ၍ ထွက်ပြေးနေရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးအပါအဝင် ရပ်ကွက်များတွင် တိုက်ပွဲများဖြစ်ပွားလျက် ရှိပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ခံထားရ ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်တစ်ခုလုံးသည် စစ်ပွဲများအကြား ပိတ်မိနေပြီး အမျိုးသမီး သက်ကြီးရွယ်အို ကလေးသူငယ် အကုန်လုံးနီး ပါး ပိတ်မိနေကြောင်း၊ မိုင်းလုံးရပ်ကွက် ၁၁ ထပ်တိုက်ပေါ်မှ စစ်ကောင်စီတပ်က နေရာယူပြီး ပြည်သူများကို ပစ်ခတ်နေရာ ပြည်သူ ၃ ဦး အ လောင်း လမ်းပေါ်တွင် ရှိနေကြောင်း၊ လွိုင်ကော်တစ်မြို့လုံး နီးပါး မီးပြတ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ကြားနေရကြောင်း၊ မြို့ပေါ်အိမ်တစ်လုံးလက်နက်ကြီးထိမှန်၍ မိသားစုဝင်ငါးယောက် ဒဏ်ရာရကာ တစ်ဦးသေဆုံးသွားကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အား တိုးချခြင်းနှင့် လှည့်ပတ်ကြည့်ရှုခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မိုင်းလုံး ပန်ကန် ရွာတန်းရှည် အကုန် ထွက်ပြေးရတယ်။ တိုက်ပွဲတွေထဲမှာ ပြည်သူတွေက ရသလို ထွက်ပြေးနေရတာ” ဟု ပြည်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ ပန်ကန်း၊မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ အဆက်မ​ပြတ်ပစ်ခတ်နေပြီး ရှောင်ပြေးသွားကြရသော စစ်ဘေးရှောင်ပြည်သူ အရေအတွက် သိန်းဂဏန်းထိ တိုးလာနိုင်သလို၊ ပိတ်မိနေကြသောပြည်သူများလည်းရှိနေကြောင်း၊ ပြည်သူများ၏ အိုးအိမ်များ ပျက်စီးမှုတိုးလာကာ၊ လူသေဆုံးထိခိုက်မှုများလည်း တိုးလာနေကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဒေသပြည်သူ့ကာကွယ်ရေးတပ် ၃ ဦးလည်း ဒဏ်ရာများရရှိထားကြောင်း စစ်ရေးသတင်းရပ်ကွက်များက ဆိုသည်။ khit thit

« Older Entries