ချင်းပြည်နယ်၊ မတူပီတွင် တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်‌‌တောင်ပိုင်း မတူပီမြို့နယ်၌ အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မတူပီ-ဟားခါးလမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၆) နံနက် ၉ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။

မတူပီမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကီလှုန်းနှင့် လုံလှော်ရွာကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ညနေ ၅ နာရီခန့်အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“တိုက်ပွဲက အခုထိ ပြင်းထန်နေဆဲပဲ၊ သူတို့(စစ်ကောင်စီ)ဘက်က အကျအဆုံးတွေလဲ ရှိနိုင်ပေမဲ့ အခုထိ မြေပြင်က သတင်းအသေးစိတ်ကိုတော့ မရသေးဘူး” ဟု CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

မတူပီမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၁၄၀) နှင့် မတူပီဗျူဟာ နှစ်ခုပေါင်းမှ စစ်သားအင်အား ၁၅၀ ကျော်အထိ ယနေ့တိုက်ပွဲ၌ ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ စစ်ကောင်စီတပ်အခြေစိုက်စခန်းနှစ်ခုက လက်နက်ကြီးပစ်ကူပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မတူပီမြို့မှာ စစ်ဗျူဟာတစ်ခုအပါအဝင် စစ်ကောင်စီတပ်သုံးခုအခြေချထားသည့်မြို့ဖြစ်ပြီး မြို့အဝင်အထွက်လမ်းများဖြစ်သည့် မတူပီ-ပလက်ဝလမ်းပိုင်း၌ ခြေမြန်တပ်ရင်း (၃၀၄) နှင့် မတူပီ- ဟားခါးလမ်းပိုင်းတွင် ခြေမြန် တပ်ရင်း(၁၄၀)နှင့် ဗျူဟာစခန်းတို့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခန့်ကလည်း ယ‌နေ့တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ မရောက်မီ မတူပီ-ဟားခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ စစ်ကောင်စီစစ်ကြောင်းကို CDF-မတူပီအဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်သည့်အတွက် ထိုတိုက်ပွဲတွင် စစ်တပ်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်။

ထိုနေ့ ညနေ ၃ နာရီခန့်တွင် နောက်တစ်ကြိမ် ထပ်တက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို CDF- မတူပီက လက်ရဖမ်းမိခဲ့သည်။

နောက်တစ်နေ့ ဇန်နဝါရီ ၅ ၌ မတူပီ-ဟားခါးလမ်းပေါ်ရှိ ၎င်းတို့တပ်များ ထပ်မံထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီတပ်က အင်အားပြန်လည်စုစည်းနေခဲ့သည်ဟု CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့က(စစ်ကောင်စီ) မနေ့လောက်ကတည်းက စစ်ကြောင်းထိုးဖို့အတွက် အင်အားတွေ အကုန်စုနေတယ်လို့ ကျွန်တော်တို့ သတင်းရတယ်၊ မနေ့ကတည်းက သူတို့က အဆင့်သင့်ဖြစ်နေပြီး ဒီနေ့ မနက်အစောပိုင်းမှာ ကျွန်တော်တို့ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာတာ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲချိန် ၈ နာရီကျော်ကြာမြင့်လာသလို တိုက်ပွဲလည်း ပိုမိုပြင်းထန်လာသည့်အတွက် တိုက်ပွဲဖြစ်ရာ အနီးရှိသည့် ကီလှုန်းနှင့် လုံလှော်ရွာမှာ ရွာခံများ စစ်‌ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

တိုက်ပွဲအခြေအနေ ငြိမ်သက်ခြင်းမရှိသေးသည့်အတွက် စစ်ရှောင်များ၏ အသေးစိတ်အခြေအနေများကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။

မတူပီမြို့နယ်အတွင်း ယခုလအစောပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများကို မတူပီ-ပလက်ဝလမ်းပေါ်တွင် CDF-မတူပီအဖွဲ့က အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား နှစ်ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၃ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု CDF ထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူတို့ကို အကြမ်းဖက်သည့်အတွက် ချင်းပြည်နယ်နေရာအနှံ့အပြားတွင် လက်နက်ကိုင်တော်လှန်‌ရေးဖြစ်ပေါ်လာပြီး ဒေသခံများက မြို့နယ်အလိုက် CDF များ ဖွဲ့စည်းတိုက်ခိုက်ကြရာတွင် မတူပီလည်း ရှေ့တန်းမှ ဦးဆောင်နေသည်။ 

တောင်ထူထပ်ပြီး သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်သည် မြန်မာပြည်၏ ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသဖြစ်သည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s