စစ်ကိုင်းနှင့် ချင်းနယ်စပ်တွင် တိုက်ပွဲများ တစ်ကျော့ပြန် ပြင်းထန်နေ

စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အစပ်တွင် ယနေ့ (ဇန်နဝါရီ ၆) နံနက်မှစ၍ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (PDF − ကလေး)ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာမှ နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ်သို့ သွားရာ ဝေဘူလတောင်ကြောအတိုင်း အင်အား ၂၀၀ ခန့်ဖြင့် စစ်ချီလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။ 

နံနက် ၈ နာရီခွဲဝန်းကျင်မှစ၍ မွာလ်ဇောရွာအနီး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်လည်ငြိမ်သက်နေသည်ဟု PDF − ကလေးအဖွဲ့ဝင် ကိုဗစ်တာက ပြောသည်။

“ဒီဘက်(ဒေသကာကွယ်ရေးအဖွဲ့)က ကြားဖြတ်ထားထားတဲ့ ခုခံလိုင်းကနေ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားတာပါ။ အခုလောလောဆယ်တော့ ပစ်ခတ်မှုမရှိဘဲ ငြိမ်နေပါတယ်။ မနက်ကတော့ တစ်မနက်လုံး ဖြစ်ပါတယ်” ဟု ၎င်းက ယနေ့မွန်းလွဲ ၃ နာရီတွင် ပြောသည်။

တိုက်ပွဲဖြစ်ချိန်တွင် ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ ကလေးနည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်က အဝေးပစ်အမြောက်ကြီးများဖြင့် ပစ်ခတ်သည်ဟု PDF (ကလေး) အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

ဒေသတွင်း၌ တိုက်ပွဲအရှိန်မြင့်နေ၍ ကလေး-ဂန့်ဂေါ လမ်းပိုင်းကို အသုံးမပြုရန်၊ လုံခြုံရေးဂရုပြုရန် PDF − Kalay က တိုက်တွန်းထားသည်။ 

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။ 

ချင်းပြည်နယ်နှင့် ထိစပ်ကာ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ကလေးမြို့နယ်အတွင်း တိုက်ပွဲများတွင် PDF (ကလေး)၊ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF)၊ Zomi PDF၊ Rangers Kalay Defense Force (RKDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ (ကလေး) တို့ ပူးပေါင်းတိုက်ခိုက်ကြသည်။

ယနေ့ တိုက်ပွဲဖြစ်ရာ နေရာအနီးရှိ ကလေး−ဂန့်ဂေါလမ်းပေါ်မှ နတ်ချောင်းရွာတွင် လွန်ခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးဖြင့်ပါ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 

ထိုသို့လေကြောင်းဖြင့်ပါ တိုက်ခိုက်ခံရမှုကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ နတ်ချောင်း၊ ချောင်းခွနှင့် ဟားခါးလေးရွာတို့မှ နေအိမ် ၃၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အထက်ပါ PDF − ကလေးအဖွဲ့ဝင်ထံမှ သိရသည်။

ဒီဇင်ဘာလကုန်ပိုင်းမှ စတင်သည့် တိုက်ပွဲများကြောင့် ထိုရွာများမှ ဒေသခံ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီက စာရင်းကောက်ယူသွားသည့် ဦးရေ ၂၀၀ ဝန်းကျင်ရှိ စစ်ရှောင်များသည် ကလေးမြို့သို့ ပြန်ခွင့်ရသော်လည်း အများစုမှာ တိမ်းရှောင်နေရဆဲ၊ ယခုတိုက်ပွဲဖြစ်ရာ ဝေဘူလမြို့အနီးတွင်ပင် စစ်ရှောင်အချို့ ရှိနေဆဲဟု ထိုသတင်းများအရ သိရသည်။

ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၅၀ ထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လွန်ခဲ့သည့် ၁၁ လမှစ၍ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ပြခဲ့သည့် ကလေးမြို့သည် စစ်ကောင်စီကို ရိုးရာလက်လုပ်တူမီးသေနတ်ဖြင့် နိုင်ငံအတွင်း အစောဆုံး ခုခံတော်လှန်သည့်မြို့အဖြစ် မှတ်တမ်းဝင်သည်။ ဆန္ဒပြမှုများမှာလည်း ယနေ့တိုင် ရှိနေဆဲဖြစ် သည်။

အာဏာသိမ်းစစ်တပ်ကို ရိုးရာလက်လုပ်တူမီးသေနတ်ဖြင့် အစောဆုံးခုခံခဲ့သည့်မြို့ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများလည်း တစ် ရက်မပျက် နေ့စဉ်ချီတက်ဆန္ဒပြနေဆဲဖြစ်သည်။ 

အထက်ပါ တိုက်ပွဲဖြစ်စဉ်များ၊ စစ်ရှောင်ဒေသခံများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိပါ။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s