ဖုန်းဆင်းမ်ကတ်တခုကို ကျပ် ၂ သောင်းနှုန်း ကုန်သွယ်လုပ်ငန်းခွန် ပေးရမည်ဟု စစ်ကောင်စီကြေညာ

တယ်လီဖုန်း ဆင်းမ်ကတ်တခု စတင်သုံးနိုင်ဖို့အတွက် ကျပ် ၂ သောင်းပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၆ ရက်မှာ ကြေညာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က သူထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေပါ အချက်တချို့ကို ပြင်ဆင်ပြီး အင်တာနက်ဝန် ဆောင်မှုတွေကနေ အခွန်ကောက်ခံဖို့ ကြိုးစားလိုက်တာပါ။

ကုန်သွယ်လုပ်ငန်းခွန်မှာ ဘယ်လိုပဲ ပြဋ္ဌာန်းထားပါစေ ဆင်းမ်ကတ်တခုရောင်းချတာနဲ့ စတင်အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုပေါ်မှာ ဆင်းကတ်တခုကို ကျပ် ၂ သောင်းနဲ့ ကုန်သွယ်လုပ်ငန်းခွန်တကြိမ်ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါဟာ မူလက သူကြေညာထားခဲ့တဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေပါ ပုဒ်မခွဲ င မှာ အပိုဒ်တခု ထပ်တိုး ပြင်ဆင်တာပါ။

ပြီးတော့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ရငွေအပေါ် တဆယ့်ငါး ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ကောက်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာမှာ ဆက်သွယ်ရေးဝန်ဆောင်မှု သုံးစွဲတာအပေါ် ပုံမှန်ကုန်သွယ်လုပ်ငန်းခွန်အပြင် ကဏ္ဍအလိုက်သီးခြားခွန်ကိုပါ ကောက်ခံနေရတာတွေ့ရပြီး မြန်မာနိုင်ငံမှာတော့ ကောက်ခံတာမရှိသေးဘူးလို့ အခွန်ကောက်ဖို့ ကြိုးစားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတာ များပြားနေလို့ အင်တာနက် ဝန်ဆောင်မှု သုံးစွဲတဲ့အပေါ် ကုန်သွယ်လုပ်ငန်းခွန်တိုးမြှင့်ကောက်ခံရင် နိုင်ငံဝင်ငွေ တိုးတက်မယ့်အပြင် အင်တာနက်ကို အလွန်အကျွံသုံးလို့ ပြည်သူတွေရဲ့ အလုပ်အကိုင်တွေ ထိခိုက်တာ၊ ကျောင်းသား ကျောင်းသူတွေရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ လျှော့ချပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ကာလကြောင့် အလုပ်အကိုင်နဲ့ သင်ကြားတာတွေကို အွန်လိုင်းကနေ အင်တာနက် သုံးစွဲလုပ်ကိုင်နေရတာဖြစ်ပါတယ်။

စစ်ရေးနဲ့ သတင်းအချက်အလက်တွေမှာ အသာစီးရယူဖို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်လေ့ရှိတဲ့ စစ်ကောင်စီက အခွန်တိုးကောက်တာနဲ့အတူ ဝန်ဆောင်မှုအရည်အသွေးနဲ့ ကွန်ရက်လွှမ်းခြုံတာကို ပိုကောင်းအောင်လုပ်ပေးမယ်လို့ ဆိုပါတယ်။

လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေရဖို့ သုံးနေတဲ့ သူတွေအတွက် လိုအပ်သလို ဖြေလျှော့ပေးဖို့ စီစဉ်မယ်လို့လည်း လက်ရှိမှာ ဖေ့စ်ဘွတ်ခ်အပါအဝင် ဝက်ဘ်ဆိုက်ပေါင်းများစွာကို ပိတ်ဆို့ထားတဲ့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဝင်ငွေခွန် တွက်ချက်နှုန်းထားမှာလည်း မူလက ကျပ်သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း အခွန်ကောက်မယ်ဆိုတာကို ကျပ်သိန်း ၃၀၀၀ အထိကို ၃ ရာခိုင်နှုန်းလို့ ပြင်ဆင်လိုက်တာကိုလည်း တွေ့ရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s