ကမ္ဘောဒီးယား၏ မြန်မာ့အရေးကိစ္စ လူမိုက်ဆန်ဆန်ပြုမူနေမှု (သို့မဟုတ်) မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေသော အာဆီယံ ဥက္ကဋ္ဌသစ်

လာမည့်နှစ် (၂၀၂၂ ခုနှစ်) တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ဥက္ကဋ္ဌရာထူးကို ရယူရန် ကမ္ဘောဒီးယားနိုင်ငံက ပြင်ဆင်နေသည့်အချိန်တွင် မြန်မာ့စစ်အစိုးရအား အာဆီယံအသိုင်းအဝိုင်းအတွင်း လက်ခံရန် ဝန်ကြီးချုပ်ဟွန်ဆန်၏ မျှော်မှန်းမှုသည် အဖွဲ့ဝင်အများစုနှင့် သ ဘောထား ကွဲလွဲစေသည်။

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အာဆီယံနိုင်ငံ အများစုသည် စစ်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး ယခုနှစ်အစောပိုင်းက အာဆီယံအဖွဲ့နှင့် ၎င်းတို့သဘောတူညီမှု ရယူထားသည့် ငြိမ်း ချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရာ၌ “လုံလောက်သော တိုး တက်မှုများ မရရှိခဲ့ခြင်း” အတွက် အောက်တိုဘာလအတွင်း ကျင်းပခဲ့သော အာဆီယံထိပ် သီးညီလာခံနှင့် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အာဆီယံ-တရုတ် ထိပ် သီးညီလာခံများသို့ မြန်မာနိုင်ငံအား တက်ရောက်ခွင့် မပေးပဲ ပိတ်ပင်ခဲ့ကြသည်။

သို့ရာတွင် အခြားအာဆီယံနိုင်ငံများက ၎င်းတို့၏စိုးရိမ်မှုကို ထုတ်ဖော် ပြောကြားနေသည့်ကြားမှပင် တပ်မတော်ဟု ခေါ်ဆိုသော မြန်မာစစ် တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အကောင်းဆုံး ရှေ့လုပ်ငန်းစဉ်ဖြစ်ကြောင်း ဟွန်ဆန်က ယခုအချိန်၌ ဆော်ဩစည်းရုံးနေသည်။ထိုသို့ ပူး ပေါင်းဆောင်ရွက်ရန် ပထမခြေလှမ်းအဖြစ် ဟွန်ဆန်သည် စစ်အစိုးရက ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ ၇ ရက်က တွေ့ဆုံ ခဲ့သည်။

ထို့အတူ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ဖက် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံရန် ၎င်းသည် လာမည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏ အလည်အပတ်ခရီးစဉ်သည် အာဏာ သိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း မြန် မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ပြည်ပနိုင်ငံ့ခေါင်း ဆောင်တစ်ဦး၏ တရားဝင် အလည်အပတ်ခရီးစဉ် ဖြစ်လာပေလိမ့်မည်။

ယခုနှစ်အတွင်း မြန်မာ့အရေး အာဆီယံ၏ချဉ်းကပ်မှုသည် “ထူးထူးခြားခြား အောင်မြင်မှုကြီး” တစ်ခု မဟုတ်ခဲ့လင့်ကစား အသေးစာ းအောင်မြင်မှုလေးများ ရှိကြောင်း၊ ၎င်းတို့အနက် တစ်ခုမှာ အာဆီယံ အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ တက်ရောက်ခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသအတွင်း လူ့အခွင့်အရေးကို အားပေးကူညီသော ကွန်ရက်တစ်ခုဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့(APHR) ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ပြောသည်။

“ဒါပေမဲ့ အခုတော့ ဟွန်ဆန်က (အဲ့ဒီ ချဉ်းကပ်မှုကို) ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။မြန်မာစစ်တပ်နှင့် ပူး ပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီးနောက်တွင် မြန်မာ့အနာဂတ်အတွက် အာဆီယံ ဥက္ကဋ္ဌက မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုသည့်အချက်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ မြန်မာ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု လုံးဝဖြတ်တောက်ပစ်ခြင်းမှာ ဖြစ်နိုင်ချေရှိကြောင်း သို့မဟုတ် လက် တွေ့ကျကြောင်း ယုံကြည်သည့် အာဆီယံအရေးလေ့လာသူများ မရှိသလောက် ဖြစ်ကာ စစ်တပ်၏ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်နေလင့်ကစား “နိုင်ငံရေး မဟုတ်သော ကိုယ်စားပြုမှု” ကဲ့သို့ အခြားနည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် လမ်းဖွင့်ထားကြောင်း အာဆီယံအဖွဲ့တစ်ဖွဲ့လုံးအနေဖြင့်လည်း ရှင်းရှင်းလင်းလင်း ထုတ် ဖော် ပြောဆိုထားပြီး ဖြစ်သည်။

သို့ရာတွင် ဟွန်ဆန်၏ ယခုချဉ်းကပ်မှုမှာ အန္တရာယ်များပြီး ခက်ခဲကြမ်းတမ်းသော သံတမန်ရေးနည်းလမ်း(သို့မဟုတ်) “ကောင်းဘွိုင် သံခင်းတမန်ခင်း” ဖြစ်နေသည် ဟုဆိုကာ အာဆီယံဒေသတွင်းရှိ နိုင်ငံအများအပြားက စိုးရိမ်နေသည်။

ကောင်းဘွိုင် သံခင်းတမန်ခင်း

====================

မြန်မာနိုင်ငံသည် “အာဆီယံ မိသားစုဝင်နိုင်ငံတစ်ခု” ဖြစ်ကာ “မြန်မာ အာဏာ ပိုင်များနှင့်မှ အလုပ်မလုပ်လျှင် မိမိတို့ မည်သူနှင့်အလုပ်လုပ်ရမည်နည်း” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ၎င်း၏ ပူးပေါင်းဆောင်ရွက်ရေး ချဉ်းကပ်မှုအသစ်အတွက် ဖြေရှင်းချက်ပေးသည်။ထို့အပြင် “ကျွန်တော့်ကိုကျေးဇူးပြုပြီး မနှောင့်ယှက်ကြပါနဲ့၊ ကျွန်တော့်ကို ပြဿနာ ဖြေရှင်းခွင့်ပေးပါ” ဟု စစ်အစိုးရနှင့်တွေ့ဆုံရန် ၎င်း၏ဆုံးဖြတ်ချက်အပေါ် ဝေဖန်နေကြသူများကိုလည်း ၎င်းက ခွန်းတုံ့ပြန်ခဲ့သည်။

တပ်မတော်နှင့်တွေ့ဆုံရန် ဟွန်ဆန်၏ ယခုကမ်းလှမ်းချက်သည် ၎င်း၏ ယခင်မှတ်ချက်များနှင့် ကွဲလွဲမှုရှိသလို အခြားအာဆီယံနိုင်ငံများ၏ ရပ်တည်ချက်အနေအထားနှင့် ဆန့်ကျင်လျက်ရှိသော်လည်း မိမိ၏ငြိမ်းချမ်းရေး တည် ဆောက်နိုင်စွမ်းအတွက် အလွန်အမင်း ဂုဏ်ယူဝံ့ကြွားတတ်သော ကမ္ဘေ ာဒီးယားဝန်ကြီးချုပ်၏ သဘောထားကို ထောက်ရှုပါက ယင်းမှာ အံ့အားသင့်စရာကား မဟုတ်ပေ။“(ဟွန်ဆန်က) သူ့ကိုယ်သူ ငြိမ်းချမ်းရေးဖော်ဆောင်သူ လို့ ယုံကြည်နေတယ်။

ဒီယုံကြည်မှုကို ဖော်ပြဖို့ ကမ္ဘောဒီးယားစစ်ပွဲအပြီး သူ့အတွေ့အကြုံတွေကို မကြာခဏ အလေးပေးပြီး သူပြောလေ့ရှိပါတယ်” ဟု ၁၉၉၀ ပြည့် လွန်နှစ်များက ခမာနီတို့ အပြီးသတ်လက်နက်ချလာအောင် စေ့စပ်ညှိနှိုင်းရာ၌ ပါဝင်ခဲ့သော ဟွန်ဆန်၏ အခန်းကဏ္ဍအား ရည်ညွှန်းလျက် မဟာဗျူဟာနှင့်အပြည်ပြည်ဆိုင်ရာလေ့လာမှုစင်တာ (CSIS)၊ အရှေ့တောင်အာရှအစီအစဉ်မှ ချားလ်စ်ဒန့်စ်က ပြောသည်။ပြည်သူ ၂ သန်းခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် တာဝန် ရှိသော ခမာနီအစိုးရသည် ၁၉၇၈ ခုနှစ် ဗီယက်နမ်စစ်တပ်၏ ကျူးကျော်တိုက် ခိုက် မှုကြောင့် တရားဝင် ပြုတ်ကျသွားခဲ့သော်ငြားလည်း နိုင်ငံ၏အချို့ဒေသများကို အခိုင်အမာ ခြေကုပ်ယူထားနိုင်ဆဲ ဖြစ်ခဲ့သည်။

ခမာနီတပ်ဖွဲ့ဝင်များ ဘက်ကူး ပြောင်းလာစေရန် ၎င်းရေးဆွဲခဲ့သော နည်း ဗျူဟာမှာ နှစ်ဦးနှစ်ဖက်အဆင်ပြေ စေသော “win-win” မူဝါဒ ဖြစ်ပြီး ထို မူဝါဒက ပစ်ခတ်တိုက်ခိုက်မှုများကို အဆုံးသတ်စေခဲ့ခြင်း ဖြစ်သည်ဟု ဟွန်ဆန်က အချိန်ကြာမြင့်စွာကတည်းက အခိုင်အမာ ပြောဆိုနေခဲ့သည်။“(မြန်မာနိုင်ငံ ပြိုလဲပျက်စီးမှုကို) ကာကွယ်နိုင်ဖို့ သူ့ရဲ့ တစ်ခုတည်းသော နည်းလမ်းက စစ်အစိုးရကို အထီးကျန်အောင် ပစ်မထားဘဲပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။

(ဒါပေမဲ့) ‘ကောင်းဘွိုင်တွေ သေနတ်ကို အိတ်ထဲကထုတ်ခွင့်မသာဘဲ ရမ်းပစ်ရသလိုမျိုး’ မမျှော်မှန်းနိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကို သူ ချမှတ်ကောင်း ချမှတ်ရနိုင်တယ်၊ အဲ့ဒီအခါ မြန်မာ့ပြည်တွင်းရေး အခြေအနေကို ပိုမိုဆိုးဝါးသွားစေနိုင်တဲ့ အန္တရာယ် ရှိပါတယ်” ဟု ဒန့်စ်ကဆိုသည်။အာဏာသိမ်းမှုဖြစ်ပွားစဉ်ကတည်းက စစ်တပ်သည် လူပေါင်း ၁,၃၄၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဆန္ဒပြသူများအား ဆက်လက်နှိမ်နှင်းလျက်ရှိသလို ပိုမိုကြီးထွားလာသော လက်နက်ကိုင် တော်လှန်မှုကြောင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအသင်းက ပြောဆိုသည်။

သို့ရာတွင် ယခု “ကောင်းဘွိုင်သံခင်းတမန်ခင်း”သည် အာဆီယံနိုင်ငံအများအပြားကို စိတ်အနှောင့်အယှက် ဖြစ်စေလျက်ရှိကာ အဖွဲ့အတွင်းမှ အခြားနိုင်ငံများ၏စကားကို နားမထောင်ဘဲ ကမ္ဘောဒီးယားခေါင်းဆောင်က မိမိသဘော ဆန္ဒအလျောက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ယင်းနိုင်ငံများက ဆိုကြသည်။လက်ရှိအခြေအနေ အထူးသဖြင့် ၎င်း၏တရားဝင်အလည်အပတ်ခရီးစဉ်အတွက် ပြင်ဆင်နေသော ဟွန်ဆန်၏ ရည် ရွယ်ချက်နှင့် ကိုယ်စားပြုမှုတို့နှင့် စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှု မရှိသည့် အခြေအနေအပေါ် ဆန်တီယာဂိုက အထူး စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

“(ဟွန်ဆန်)က အတော့်ကို တစ်ယောက်ထဲသဘောနဲ့ ဆောင်ရွက်နေတယ်။ ဘယ်သူက သူ့ကို ဒီ အခွင့်အာဏာပေးထားလို့လဲ။ (မြန်မာနိုင်ငံကို အလည်အပတ် သွားခြင်းဟာ) သူ့ ကိုယ်ပိုင်ရာထူးဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် သွားတာလား၊ ဒါမှမဟုတ် အာဆီယံကို ကိုယ်စားပြုတာလား။သူ ဘယ်ရာထူးနဲ့ သွားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုသလို မသွားခင်မှာ ဒီလိုတွေ့ဆုံဖို့ အာဆီယံက ထောက်ခံသ လားဆိုတာ လူသိ ရှင်ကြား ပြောဖို့လိုပါတယ်။

အဲ့ဒီလိုမှ မဟုတ်ရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်” ဟု ဆန်တီယာဂိုကပြောသည်။“သွားသင့်တာ သူ မဟုတ်ဘူး၊ အထူးကိုယ်စားလှယ် ဆိုတာမျိုးက သွားသင့်တာပါ” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အသစ်အဖြစ်ခန့်အပ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့ပြီး ယင်းမှာ ၎င်းတစ်နိုင်ငံတည်း၏ ဆုံးဖြတ်ချက်ဖြစ်ဖွယ်ရှိသည်။

ဆော့ခွန်းသည် မြန်မာနိုင်ငံအရေး ဟွန်ဆန်၏ဦးဆောင်မှုအတိုင်း အစကနဦးကတည်းက လိုက်နာ ဆောင်ရွက်နေသူတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၎င်း၏ “ရိုးသား ပွင့်လင်းစွာ” တွေ့ဆုံဆွေးနွေးမှုမှာ အောင်မြင်မှုရှိခဲ့သည့်အကြောင်း မကြာသေးမီကပင် အထူးချီးမွမ်းခန်းဖွင့်ထားခဲ့သူဖြစ်သည်။

ပြင်ပ ဩဇာလွှမ်းမိုးမှုများ

===============

ကျန်အာဆီယံနိုင်ငံများ၏ လမ်းကြောင်းမှ ယခုကဲ့သို့ သွေဖည်သွားမှုကြောင့် ဧပြီလအတွင်း အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၌ ရေးဆွဲချမှတ်ခဲ့သော မြန်မာ့အရေး အချက်ငါးချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို ကမ္ဘောဒီးယားနိုင်ငံက ဆက်လက် ထိန်းသိမ်းခြင်း ရှိ/မရှိအပေါ် စိုးရိမ်မှုများလည်း ဖြစ်ပေါ်စေလျက် ရှိသည်။

အဆိုပါ သဘောတူညီမှု၏ ပဉ္စမအချက်မှာ “အာဆီယံအထူးကိုယ်စားလှယ်အဖွဲက (မြန်မာနိုင်ငံမှ) သက်ဆိုင်ရာအဖွဲ့အားလုံးနှင့် တွေ့ဆုံရန်ဖြစ်သည်”၊ ယခုအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံသည် စစ်တပ်နှင့် ဆက်ဆံရေးကိုသာ စတင်နိုင်ခဲ့ပြီး မြန်မာ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေသည့် အရပ်သားအုပ်စုဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရကို လျစ်လျူရှုထားလျက်ရှိသည်။လတ်တလောတွင် ကမ္ဘေ ာဒီးယားကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗွန်ပီဆန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒီဇင်ဘာ ၈ ရက်နေ့က အွန်လိုင်းခေါ်ဆိုမှုမှတစ်ဆင့် တွေ့ဆုံခဲ့ကာ အဆိုပါ တွေ့ဆုံမှုအတွင်း ၂၀၂၂ ခုနှစ် မတ်လ ၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်ရန် မြန်မာအာဏာသိမ်းခေါင်းဆောင်အား ၎င်းကဖိတ်ကြားခဲ့သည်။

“(အာဆီယံ) အစည်းအဝေးတိုင်းမှာ မြန်မာပါဝင်ဖို့နဲ့ ကမ္ဘောဒီးယားအနေနဲ့ မြန်မာစစ်တပ်နဲ့ ကောင်းမွန်စွာပူးပေါင်း ဆောင်ရွက်နိုင်ဖို့ (ဟွန်ဆန်) က စိတ်အားထက်သန်နေတာကျွန်တော်တို့ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ သူတို့မှာ တူညီတဲ့နားလည်မှုတွေ အများကြီးရှိတယ်။ဒါပေမဲ့ ဒါဟာ အာဆီယံက အမှန်တကယ် အလိုရှိနေတဲ့အရာတော့ မဟုတ်ဘူး” ဟု အာဆီယံ လေ့လာမှုစင်တာ၊ ISEAS-Yusof Ishak တက္ကသိုလ်၊ နိုင်ငံရေး-လုံခြုံရေးဆိုင်ရာ သုတေသနမှူး ဂျုံးလင်းက ဆိုသည်။မြန်မာနိုင်ငံအပေါ် ကမ္ဘောဒီးယား၏ ယခုဆုံးဖြတ်ချက်တွင် ပြင်ပဩဇာလွှမ်းမိုးမှုများ ရှိနေသလားကိုလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ၎င်း၏ရည်ရွယ်ချက်ကို ပထမဆုံး ထုတ်ဖော်ကြေညာစဉ်က မိမိအနေဖြင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နိုမာဆူဒီတို့နှင့် ဤဆုံးဖြတ်ချက်အတွက် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဟွန်ဆန်ကထည့်သွင်းပြောကြားခဲ့သည်။ ယင်းမှာ ယခု တရားဝင်အလည်အပတ်ခရီးစဉ်သည် နိုင်ငံအများအပြား၏ ပူးပေါင်းကြိုးပမ်းမှု တစ်ခုအဖြစ် သွယ်ဝိုက် ပြောဆိုခဲ့ခြင်းဖြစ်သည်။သို့ရာတွင် အဆိုပါ နိုင်ငံ ၂ ခု၊ အထူးသဖြင့် စစ်အစိုးရကိုဆန့်ကျင်ကြောင်း အထူး တလည်ပြောဆိုခဲ့သည့် အင်ဒိုနီးရှားနိုင်ငံက မြန်မာစစ်တပ်နှင့် တွေ့ဆုံရန် ဟွန်ဆန်၏ ဆုံးဖြတ်ချက်အပေါ် ဩဇာလွှမ်းမိုးမှု ရှိသည်ဟူသောအချက်ကို ကျွန်းကျင်သူများက သံသယဖြစ်ကြသည်။

“လက်တွေ့အခြေအနေမှန်က ဘယ်ပြည်ပအင်အားကြီးနိုင်ငံမှာမှ မြန်မာစစ်တပ်နဲ့အတိုက်အခံတွေ (လက်နက်ကိုင်အဖွဲ့များအပါအဝင်)ကို စား ပွဲဝိုင်းဆီ ရောက်လာစေဖို့ နည်းလမ်းတွေမရှိဘူးဆိုတဲ့ အချက်ပါပဲ” ဟု ဒန့်စ်က အယ်ဂျာဇီးယားသတင်းဌာနကို ပြောသည်။“ပွင့်ပွင့်လင်းလင်း ပြောရရင် ဖနွမ်းပင် ဖြစ်စေ၊ (တိုကျိုဖြစ်စေ)၊ ဂျကာတာဖြစ်စေ၊ လက်ရှိအချိန်မှာ လုပ်နိုင်တာ ဘာမှသိပ်မရှိဘူးလို့ ကျွန်တော်ထင်တယ်။ မြန် မာစစ်တပ်ကို အဓိကထောက်ခံနေတဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားမပါဘဲနဲ့ မြန်မာ့အရေးမှာ ဘယ်လို နိုင်ငံစုံအားထုတ်မှုမျိုးမှ အောင်မြင်မှာမဟုတ်ပါဘူး”ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားစဉ်ကတည်းက ရုရှားနှင့်တရုတ်နိုင်ငံတို့မှာ စပ်တပ်ကို အထင်အရှားထောက်ခံသည့် မဟာမိတ်များ ဖြစ် နေကာ စစ် တပ်ကိုအရေးယူရန် နိုင်ငံတကာ၏ အားထုတ်မှုများ၊ အထူးသဖြင့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီမှတစ်ဆင့် အားထုတ်မှုများကို သိသိသာသာ ယိုယွင်းပျက်စီးစေလျက် ရှိသည်။

သို့ရာတွင် စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ တရုတ်-အာဆီယံ ထိပ် သီးညီလာခံသို့ တပ်မတော် ပါဝင်တက်ရောက်နိုင်စေရေး စင်္ကာပူနှင့်ဘရူနိုင်းနိုင်ငံတို့အား စည်းရုံးရန် တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန်း၏ ခရီးစဉ်နှင့် ယခုဟွန်ဆန်၏ ရပ်တည်ချက် အပြောင်းအလဲမှာ တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ယင်းအချက်ကြောင့် ဟွန်ဆန်၏ ချဉ်းကပ်မှုအသစ်သည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား ကာလကြာရှည် မဟာမိတ်အဖြစ်ရပ်တည်မှု၏ နောက် ထပ် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဟု ယူဆနိုင်ဖွယ်ရှိသည်။“တရုတ်ရင်းနှီး မြှုပ် နှံမှုတွေကို ကာကွယ်နိုင်ဖို့ တရုတ်က စစ်အစိုးရကို လတ်တလော ထောက်ခံနေတဲ့အချိန်မှာ ကမ္ဘောဒီးယားရဲ့ ရပ်တည်ချက်ပြောင်းလဲဖို့ တရုတ်က တွန်းအားပေးတာ ဖြစ်နိုင်တယ်။

အကြောင်းက ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းက တရုတ်အကျိုးစီးပွားတွေကို အကျိုးပြုနေသမို့ပါ။ ဒါပေမဲ့ တရုတ်ရဲ့တွန်းအားပေးမှု ရှိတယ်လို့ အတည်ပြုနိုင်တဲ့ အချက်တစ်စုံတစ်ရာတော့ ကျွန်တော်မတွေ့မိပါဘူး” ဟု ဒန့်စ်က ပြောသည်။ကမ္ဘောဒီးယားကို ဖိအားပေးရန် တရုတ်က သံ တ မန်အင်အားကို အသုံးပြုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ဂျုံးလင်း၏ အဆိုအရ သေချာသည့်အချက်မှာ မြန်မာ့အကျပ်အတည်းသည် လူတိုင်း၏ စိတ်ထဲတွင် ရှေ့တန်းတစ်နေရာ၌ ဆက်လက်တည်ရှိနေမည့် အချက်ပင်ဖြစ်သည်။

“ကမ္ဘောဒီးယားမှာ လုပ်စရာတွေက အများကြီးပါ။ ဒါပေမဲ့ လက်ရှိမှာ အားလုံးကစောင့်ကြည့်နေတဲ့ မြန်မာ့အရေးကိစ္စဟာ သူတို့ရဲ့အာဆီယံဥက္ကဋ္ဌရာထူး အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း ရှိ/မရှိကို အမှန်တကယ် အဆုံးအဖြတ်ပေးမယ့်အချက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

(ALJAZEERA တွင်ဖော်ပြထားသော Allegra Mendelson ရေးသားသည့် Cambodia’s ‘cowboy diplomacy’ in Myanmar isolates ASEAN ဆောင်းပါးကို သင့်လျော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်။) khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s