ခင်ဦး ရွာသစ်ကုန်းရွာကို စစ်တပ်က ဒုတိယအ ကြိမ် ထပ်မံမီးရှို့နေ ရွာလုံးကျွတ် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး ၇ဝခန့်က ယနေ့ ဇန်နဝါရီလ ၇ရက်နေ့ ညနေ ၅နာရီခန့်တွင် ကျေးရွာအတွင်း ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ်များကို ဒုတိယ အကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
” အခုညနေ ၅နာရီလောက် စစ်ခွေးနဲ့ ပျူ ၇ဝလောက် ရွာကို ရောက်လာတယ်။ ပြည်သူပိုင် နေအိမ် တွေကို မီးရှို့နေတယ်။ အိမ် ၂လုံးလောင်သွားပြီလို့သိရတယ်။ ရွာမှာ လူမရှိတော့ မီးလောင်မှု အခြေအနေကို အသေးစိတ်တော့ မသိရသေးဘူး။ ဒုတိယအကြိမ် သူတို့ မီးရှို့တုန်းက တော့ ရွာမှာရှိတဲ့ အိမ်ခြေ ၃ဝလောက် မီးလောင် ဆုံးရှုံးခဲ့တယ်။
အခုလည်း ရွာလုံးကျွတ် ထွက်ပြေးနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရွာသစ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီးအဖွဲ့များကို ပြန်လည် လိုက်ပို့ခြင်းဖြစ်ပြီး ကျေးရွာအဝင်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး ထိခိုက် ဒဏ်ရာရရှိထားကြောင်း သိရသည်။ ရွာသစ်ကုန်းကျေးရွာကို စစ်တပ်က နိုဝင်ဘာလ ၁၃ ရက်နေ့၌ ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃ဝကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။ khit thit