ယင်းမာပင်မြို့နယ်တွင် စစ်တပ်နှင့် ခရိုင်ပူး ပေါင်း PDF တပ်ဖွဲ့အကြား တိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့များအကြား ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် တစ်နေကုန်နီးပါး အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ကြပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်း စစ်မြေပြင် သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါတိုက်ပွဲကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ Hero Tiger တပ်ဖွဲ့၊ ခရိုင်မဟာမိတ်(PDF)များနှင့် ညီနောင်မဟာမိတ်တပ် ဖွဲ့ဝင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီတပ်များက မုံရွာ-ယင်းမာပင်-ပုလဲ သွားကားလမ်းတစ်လျှောက်တွင် သာလွန်အင်အားအသုံးပြုပြီး ထိုးစစ်ဆင်လာသည့်အတွက် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
ခရိုင် ပူးပေါင်း PDF တပ်ဖွဲ့ဝင်များက စစ်ရေးအရ အသာစီးရယူခဲ့ပြီး မိုင်းများ အပါအဝင် အခြားသောစက်လက်နက်ပစ္စည်းများဖြင့် ပြန်လည် ခုခံပစ်ခတ်ခဲ့သည့် အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်း ရှိခဲ့သည်။
ယင်းအပြင် ယင်းမာပင်မြို့အရှေ့ဘက် ကောင်းဆင့်ကျေးရွာက စိတ်မနှံ့သူ အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး လူနေအိမ်နဲ့အတူ တွဲကာ မီးရှို့သွားခဲ့သည်။ ယနေ့ တိုက်ပွဲတွင် ခရိုင်ပူးပေါင်းPDF တပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိကြောင်း သိရသည်။ mizzima