လေးကေ့ကော်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ငြိမ်းချမ်းရေးမြို့တော် လေးကေ့ကော်တွင် နှစ်ဖက်တပ်များအကြား ထိတွေ့ပစ်ခတ်မှုမရှိဘဲ အာဏာ သိမ်း စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီမှ စတင်၍ မွန်းလွဲ ၁၂ နာရီအထိ လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ် ခတ်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
လေးကေ့ကော်မြို့သစ် အမှတ် (၃) ရပ်ကွက်ရှိ ကြက်မွေးမြူရေးခြံအနီးသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ် ခတ်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“ဘယ်လိုပစ်လဲတော့ မသိဘူး။ လက်နက်ကြီး အလုံး ၅၀ လောက်ပစ်သွားတယ်။ ရပ်ကွက် (၃) ရေကန်နဲ့ ဆည်နားလေးက ကြက်ခြံကို ပစ်တယ်လို့ ပြောတယ်။ တိုက်ပွဲတော့မဟုတ်ဘူး။ သူ့ဟာသူ ရမ်းပစ်တာပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။
လေးကေ့ကော်မြို့သစ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် နေရာမှ လေးကေ့ကော်ဘက်သို့ ပြန်လာ နေထိုင်သည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သေးသည်။ လေးကေ့ကော်မြို့သစ်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလ ၁၅ ရက်က စတင်တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ ဦးရေ ၁၆,၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရသည်။ mizzima