လွိုင်ကော်တွင် စစ်တပ်က အင်အားအလုံးအ ရင်းဖြင့် ထိုးစစ်ဆင်၊ ပြည်သူ ၃ ဦး ပစ်သတ်ခံထားရပြီး လက်နက်ကြီးကျည်ကျ၍ ၁ ဦးသေဆုံး၊ ဒေသခံထောင်ချီ၍ ထွက်ပြေးနေရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးအပါအဝင် ရပ်ကွက်များတွင် တိုက်ပွဲများဖြစ်ပွားလျက် ရှိပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ခံထားရ ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။
လွိုင်ကော်မြို့ပေါ် မိုင်းလုံးရပ်ကွက်တစ်ခုလုံးသည် စစ်ပွဲများအကြား ပိတ်မိနေပြီး အမျိုးသမီး သက်ကြီးရွယ်အို ကလေးသူငယ် အကုန်လုံးနီး ပါး ပိတ်မိနေကြောင်း၊ မိုင်းလုံးရပ်ကွက် ၁၁ ထပ်တိုက်ပေါ်မှ စစ်ကောင်စီတပ်က နေရာယူပြီး ပြည်သူများကို ပစ်ခတ်နေရာ ပြည်သူ ၃ ဦး အ လောင်း လမ်းပေါ်တွင် ရှိနေကြောင်း၊ လွိုင်ကော်တစ်မြို့လုံး နီးပါး မီးပြတ်နေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်း ကြားနေရကြောင်း၊ မြို့ပေါ်အိမ်တစ်လုံးလက်နက်ကြီးထိမှန်၍ မိသားစုဝင်ငါးယောက် ဒဏ်ရာရကာ တစ်ဦးသေဆုံးသွားကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အား တိုးချခြင်းနှင့် လှည့်ပတ်ကြည့်ရှုခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“မိုင်းလုံး ပန်ကန် ရွာတန်းရှည် အကုန် ထွက်ပြေးရတယ်။ တိုက်ပွဲတွေထဲမှာ ပြည်သူတွေက ရသလို ထွက်ပြေးနေရတာ” ဟု ပြည်သူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ ပန်ကန်း၊မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ်ပစ်ခတ်နေပြီး ရှောင်ပြေးသွားကြရသော စစ်ဘေးရှောင်ပြည်သူ အရေအတွက် သိန်းဂဏန်းထိ တိုးလာနိုင်သလို၊ ပိတ်မိနေကြသောပြည်သူများလည်းရှိနေကြောင်း၊ ပြည်သူများ၏ အိုးအိမ်များ ပျက်စီးမှုတိုးလာကာ၊ လူသေဆုံးထိခိုက်မှုများလည်း တိုးလာနေကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ ဒေသပြည်သူ့ကာကွယ်ရေးတပ် ၃ ဦးလည်း ဒဏ်ရာများရရှိထားကြောင်း စစ်ရေးသတင်းရပ်ကွက်များက ဆိုသည်။ khit thit