Monthly Archives: Jan 2022

မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးကား မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ အထက်မင်းလှ PDF တပ်ဖွဲ့ဆီက သိရပါတယ်။

မင်းလှမြို့နယ် လယ်လှရွာနဲ့ ဒီးဒုတ်ကန်ရွာကြားမှာ မနေ့ညနေ ၆ နာရီလောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကားကို အထက်မင်းလှ PDF တပ်ဖွဲ့က ရှော့ရိုက်မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ အထက်မင်းလှ PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ကား အရှေ့မှန်ပျက်စီးသွားပြီးတော့ လူကတော့ ထိခိုက်မှုမရှိဘူးလို့ စုံစမ်းသိရတယ်လို့ ဆိုပါတယ်။

မင်းလှမြို့နယ်ထဲက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ပြည်သူလူထုကို မတရားဖိနှိပ်ပြီးတော့ စစ်ကောင်စီကို သတင်းပေးတာတွေမပြုလုပ်ကြဖို့နဲ့ ရာထူးမက်မောတာတွေ ဖြေလျှော့ကြဖို့ သတိပေးချင်တယ်လို့ ပြောပါတယ်။

အထက်မင်းလှ PDF တပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ အာဏာသိမ်းစစ်ကောင်စီအမြစ်ပြတ်တဲ့ အထိတိုက်ပွဲဝင်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေကို မသွားရောက်ကြဖို့လည်း သတိပေးထားပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ မင်းလှမြို့နယ် ထွေအုပ်ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်လက်ခံဖြေကြားခြင်းမရှိပါဘူး။ DVB

ရုပ်နှင့်စိတ် မထိခိုက်စေရန် အခွန်တိုးကောက်ခြင်းဟု စစ်ကောင်စီ အကြောင်းပြ

မိုဘိုင်းဆင်းမ်ကတ်နှင့် အင်တာနက်ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်မည့် စစ်ကောင်စီ၏ ယမန်နေ့ (ဇန်နဝါရီ ၆) ထုတ်ပြန်ချက်တွင် ကျောင်းသူကျောင်းသူများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လျှော့ချရန်ဟု အကြောင်းပြချက်ထည့်သွင်းထားသည်။​

ဆင်းကတ်တစ်ခုလျှင် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀,၀၀၀ နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ၏ ရငွေအပေါ် ၁၅ ရာခိုင်နှုန်း အခွန်တိုးကောက်ရန် စစ်ကောင်စီက ၂၀၂၂ အခွန်အကောက်ဥပဒေကို ပြင်ဆင်ကြောင်း ကြေညာခဲ့သည်။ 

အခွန်တိုးကောက်ရန် အာဏာသိမ်းစစ်ကောင်စီ၏ အကြောင်းပြချက်မှာ ဆင်ခြင်ဉာဏ်နည်းသော လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း ကျောက်ဆည်တက္ကသိုလ်ကျောင်သားများသမဂ္ဂ အလုပ်အမှုဆောင်တစ်ဦးက ဝေဖန်သည်။

“ဘတ်ဂျက်မရှိတော့ မရှိရှိတာ ရှာကြံပြီးတော့ လျှောက်လုပ်ပြီး အရူးချေးပန်းလျှောက်ပြောတာ။ ဒီပိုက်ဆံတွေ တိုးကောက်ပစ်လိုက်တာ။ တကယ်တမ်း ကျွန်တော်တို့(ကျောင်းသားထု) အပေါ် (စစ်ကောင်စီက) စေတနာ တစ်စက်မှ မရှိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လုပ်ရပ်တိုင်းမှာ အာဏာရှင်၏ သရုပ်သကန်ဖြစ်ပြီး ၎င်းတို့ ဆက်လက်အာဏာတည်မြဲသရွေ့ အင်တာနက်ကို အခွန်တိုးကောက်သလို အခြားနယ်ပယ်များတွင် တစ်ခုပြီးတစ်ခု ဆုတ်ယုတ်လာမည်ဟုလည်း ၎င်းက ဝေဖန်သည်။ 

ယခင်စစ်အစိုးရ ဦးသန်းရွှေလက်ထက်က ဆင်းကတ်တစ်ခုကို ၁၅ သိန်းအထိ ပေးခဲ့ရသလို ဦးသိန်းစိန်အစိုးရ ကနဦးနှစ်များတွင် နှစ်သိန်းခွဲအထိ ရှိခဲ့ပြီး အင်တာနက်အသုံးပြုခွင့်ရရန် ကျပ်တစ်သောင်းဖြင့် လျှောက်ခဲ့ရသဖြင့် ထိုခေတ်ကိုပြန်ရောက်သွားခြင်းဖြစ်ကြောင်းလည်း ထိုကျောင်းသားလူငယ်က ဆိုသည်။​

စစ်အာဏာသိမ်းပြီးနောက်ပိုင်းအခြေအနေများကြောင့် ပညာသင်ကြားခြင်းနှင့် ဈေးရောင်းခြင်း အပါအဝင် လုပ်ငန်းမျိုးစုံအတွက် အင်တာနက်ကို အမှီသဟဲပြုနေရချိန်တွင် စစ်ကောင်စီက အင်တာနက်ဝန်ဆောင်မှုများအပေါ် ကုန်သွယ်လုပ်ငန်းခွန်အမည်ခံကာ အခွန်တိုးကောက်တော့မည်ဖြစ်သည်။

ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ သွယ်ဝိုက်ကောက်ခံသည့် အခွန်အမျိုးအစားဖြစ်ရာ ဝယ်ယူသုံးစွဲသူများက ထပ်ဆင့်ပေးဆောင်ရမည်ဖြစ်သည်။ အဏာမသိမ်းမီက မိုဘိုင်းဆင်းကတ်တစ်ခုလျှင် ကျပ် ၁၀၀၀ သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၂၀,၀၀၀ အထိ ပေးရတော့မည်ဖြစ်သည်။​

အခြားဝန်ဆောင်မှုလုပ်ငန်းများကို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်သော်လည်း အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း Facebook ကဲ့သို့သော နာမည်ကျော်လူမှုကွန်ရက်များတွင် သတင်းထုတ်လွှင့်ခွင့်၊ ကြော်ငြာခွင့် ကန့်သတ်ပိတ်ပင်ခံထားရသည့် စစ်ကောင်စီက ၎င်းကို ဆန့်ကျင်သော သတင်းစီးဆင်းမှုများကို ထိန်းချုပ်လိုခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ လူငယ်တစ်ဦးက ဆိုသည်။

အာဏာသိမ်းစတွင် စစ်ကောင်စီက အင်တာနက်အသုံးပြုမှုကို ကန့်သတ်ပိတ်ပင်ခဲ့သည့်ပြင် ၎င်းတို့ကို ဆန့်ကျင်ရေးသားမှုများ ဖြန့်ဖြူးရာ အင်တာနက်စာမျက်နှာများကိုလည်း ပိတ်ဆို့ထားသည်။ 

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို ကြည့်ရှုလိုပါက အွန်လိုင်းလှုပ်ရှားမှုကို ခြေရာဖျောက်ရာတွင် အသုံးတည့်သည့် VPN ခေါ် သီးသန့်ကွန်ရက်ကို ထည့်သွင်းအသုံးပြုကြရသည်။

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး အကြီးအကျယ်ကျဆင်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာမှုဒဏ်ကို ပြည်သူများ ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက လူအများ မဖြစ်မနေသုံးနေသည့် ဖုန်းပြောဆိုခနှင့် အင်တာနက်အသုံးပြုခနှုန်းထားများကို တိုးမြှင့်ခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကြောင့် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက ဖုန်းပြောခနှင့် အင်တာနက်ဈေးနှုန်းကို ဒီဇင်ဘာ ၇ မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ရာ အင်တာနက်ဈေး နှစ်ဆနီးပါး မြင့်တက်သွားသည်။ 

“အရင်ကဆိုရင် ဖုန်းဘေ တစ်ထောင်ဖြည့်ပြီးတောင် သုံးနိုင်ကြတာ။ အခုဆိုရင် ဈေးမြှင့်လိုက်တော့ သုံးစွဲတဲ့လူ လျော့ကျတယ်။ အရင်လောက် ပေါပေါလောလော မသုံးနိုင်ကြတော့ဘူး။ အချိန်ပေးပြီး မသုံးနိုင်ကြတော့ဘူး” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်မှ အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ဆိုသည်။ myanmar now

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က နေအိမ်နှင့်စပါးတိုက်ကို မီးရှို့ ဖျက်ဆီး၊ ၄ နှစ် ကလေးငယ် အပါအဝင် ဒေသခံ အယောက် ၂၀ ကျော်ကို ပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကံကြီးအရှေ့ရွာတွင် စစ်ကောင်စီတပ်က နေအိမ်နှင့် စပါးတိုက်အပါအ၀င် ဈေးဆိုင်ခန်း လေးလုံးကို မီးရှို့ဖျက်ဆီးသည့်အပြင် လေးနှစ် ကလေးငယ် အပါအ၀င် ဒေသခံ အယောက် ၂၀ ကျော်ကို ယနေ့ဇန်နဝါရီလ ၇ ရက် နံနက် ၆ နာရီ မိနစ် ၄၀ အချိန်က ပစ်ခတ် ဖမ်းဆီးသွားကြောင်း ဒေသခံထံမှ သိရသည်။

” လာလာခြင်း သေနတ်ဖောက်တယ် ။ တော်လှန်‌ရေးလုပ်တယ်ဆိုပြီး လင်မ ယားနှစ်ယောက်ကို စွပ်စွဲပြီးသူတို့အိမ်ကို မီးရှို့တယ်။ စပါးတိုက်ဆို အကုန်သလောင်ပဲ ဈေးဆိုင်လည်းပါတယ်။ ၀က်တွေဆိုအကုန်သေတာ ။ မီးရှို့ခံရတဲ့အိမ်က ယောက်ကျားဖြစ်သူကိုဆို ဝိုင်းရိုက်နေတာ သူ သေလား ရှင်လားတော့မသိဘူးနောက်ပြီး တခြား မြင်သမျှသူတွေကိုလည်း ပြေးနေတဲ့သူဆို ပစ်ခတ်ဖမ်းတာ ကလေးကအစဖမ်းသွားတာ” ဟု ယင်းဒေသခံက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ‌နေအိမ်အချို့၏ အိမ်ထောင်စုဇယား၊ ရွှေထည်ပစ္စည်းနှင့် ငွေသားများပါ ယူဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင် စီတပ်မှာ ကန့်ဘလူမြို့နယ်၊ တိုက်နယ်ရွာတစ်ခုဖြစ်သည့် ချပ်သင်းရွာတွင် တပ်စွဲထားသည့် စစ်သား၊ ရဲများဖြစ်ပြီး ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်များ ၀တ်ဆင်ကာ အဖွဲ့ သုံးဖွဲ့ခွဲ၍ အင်အား ၅၀ ကျော်ဖြင့် ၀င်‌ရောက်စီးနင်းခြင်း ဖြစ်ကြောင်း၊ မီးလာရှို့သည့် အကြောင်းရင်းနှင့် ဖမ်း ဆီးသည့် အကြောင်းရင်းမှာ တော်လှန်ရေးလုပ်သည့် PDF များဟု စွပ်စွဲခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် ကံကြီးရွာ အရှေ့ဘက် အိမ်‌ခြေ ၂၀၀ ၀န်းကျင်ရှိသည့် ရွာမှ ဒေသခံအများစုမှာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ အ ဆိုပါ ကံကြီးရွာ အနောက်ဘက်တွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က သားအဖနှစ်ဦး၏ နေအိမ်ကိုမီးရှို့ခဲ့သည့်အပြင် ပစ်ခတ်သတ် ဖြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ mizzima

စစ်တပ် နတ်တောင်စခန်းကို ကရင်နီတပ်မ တော်က ဝင်သိမ်းစဉ် စစ်ကူလာသော ရဟတ် ယာဉ်များက ၎င်းတို့တပ်အပေါ် ဗုံးကျဲချ၍ အ ထိနာ၊ ထိုင်းစစ်တပ်က နယ်မြေကျော် ကျည်ကျမှု မရှိရန်နှင့်စစ်ဘေးရှောင်ကူညီရန် အသင့်ပြင်

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ နန်းပန်ချောင်းအနီးရှိ စစ်ကောင်စီ၏ နတ်တောင် တပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် ကရင်နီတပ်မတော် KA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကူလာသော ရဟတ်ယာဉ်က ၎င်း၏ တပ်များအပေါ် ဗုံးကျဲတိုက်ခိုက်ကြောင်း ကရင်နီတပ်မတော် KA က ပြောသည်။

“စခန်းသိမ်းနိုင်တယ်ပေါ့နော်၊ အရှင်မိတာတွေလည်း ရှိတယ်၊ စစ်သားသေဆုံးစာရင်း အတိအကျကတော့ ကျနော်တို့ဆီ မရောက်သေးဘူး” ဟု KA/KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီစခန်းသည် ကရင်နီတပ်မတော် KA/KNPP ထိန်းချုပ်နယ်မြေဖြစ်သည့် တလဲဒဆို (ခေါ်) ညာမိုစခန်း အနီးတွင် တည်ရှိကြောင်းနှင့် ယနေ့နံနက် ၈ နာရီခန့်တွင် တိုက် ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။”ကျနော်တို့ စခန်းသိမ်းပြီးတာနဲ့ စစ်ကောင် စီဘက်က လေယာဉ်တွေနဲ့ လာပစ်တယ်ပေါ့၊ ကျနော်တို့ ညာမိုစခန်းဘက်ကိုလည်း ဗုံးလာကြဲတယ်၊ အဲဒါ ကျနော်တို့ စခန်းကို မကျဘဲ ညာမိုစခန်းနဲ့ ကပ်နေတဲ့ စစ်ကောင်စီရဲ့ ကာကင်းကုန်းတွေပေါ် ပြန်ကျတယ်၊ နှစ်ခါနာ ဖြစ်တာပေါ့” ဟု ဦးအောင်ဆန်းမြင့်က ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ထိုင်းနယ်ခြားစောင့်တပ်နှင့်ထိုင်းတော်ဝင်တပ်မတော်က ထိုင်းနိုင်ငံဘက်သို့ မြန်မာနိုင်ငံဘက်မှ ကျည်များ မကျရောက်စေရန် အ သင့်ပြင်ထားပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် စစ်ဘေးရှောင်များ ကူညီပေးရေး အသင့် ပြင်ထားကြောင်း ယနေ့ သတင်းစာရှင်း လင်း ပွဲတွင် ထိုင်းတာဝန်ရှိသူများက ပြောဆိုကြောင်း မဲဆောက်သတင်းမီဒီယာက သတင်းဖော်ပြသည်။ khit thit

မော်လမြိုင်တက္ကသိုလ်တွင် ကျောင်းတက် ရောက်သူ မရှိသေး

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းဖွင့်ပြီး ၂ ရက်ကြာတဲ့အထိ ကျောင်းတက်ရောက်သူ မရှိသေးဘူးလို့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ဒီဗွီဘီ ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး တက္ကသိုလ်တွေမှာ ဥပဒေပညာနဲ့ ပညာရေး စတုတ္ထနှစ်၊ မဟာဘွဲ့သင်တန်း ပထမနှစ်နဲ့ ဒုတိယနှစ်၊ မဟာအရည်အချင်း စစ်သင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေတာပါ။

ဒါပေမယ့် ဒီနေ့အချိန်ထိ ကျောင်းတက်ရောက်သူ မရှိသေးကြောင်းနဲ့ ကျောင်းတက်ဖို့ ကျောင်းသူ၊ ကျောင်းသားတွေ အခြေအနေ စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်လို့ တက္ကသိုလ် ဆရာမတစ်ဦးက ပြောပါတယ်။

မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တွေကို ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ကျောင်းမတက်ဘဲ သပိတ်မှောက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ဒါအပြင် စစ်ကောင်စီက ဖွင့်လှစ်တဲ့ တက္ကသိုလ်တက်ရောက်ပြီး စာမေးပွဲ အောင်မြင်သွားရင်လည်း အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ပြီးခဲ့တဲ့ မေလတုန်းက တက္ကသိုလ်တွေကို မရမက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှာတော့ ကျောင်းသူ၊ ကျောင်းသား ၄၀၀ ကျော်သာ တက်ရောက်ခဲ့တာပါ။

စစ်ကောင်စီဟာ ကျောင်းတက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေကို မအောင်မနေရ စနစ်နဲ့ စာမေးပွဲအောင်ပေးခဲ့ပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ အဝေးသင်ကျောင်းသားနဲ့ Day ကျောင်းသား ၅၀၀၀၀ ကျော် ရှိနေတာပါ။ DVB

ဟွန်ဆင်နှင့်မင်းအောင်လှိုင် တွေ့ဆုံမှု လူသတ်ကောင်အချင်းချင်း တွေ့ဆုံမှုအဖြစ် ဩစတြေး လျရောက် မြန်မာနှင့်ကမ္ဘောဒီးယားများ စု ပေါင်း ဆန္ဒပြ

khit thit

ကရင်တွင် BGF အမှတ် (၁၀၁၃) တပ်ရင်း ပစ် ခတ်သော လက်နက်ကြီးကျည် ဘလယ်ပယ်ရွာကို ကျရောက်ပြီး ဦးစောထွန်းတင် ထိမှန်သေဆုံး

ကရင်ပြည်နယ် ထီးသလူထာကျေးရွာအုပ်စု ဘလယ်ပယ်ရွာကို BGF အမှတ် (၁၀၁၃) တပ်ရင်း ပစ်ခတ်သော လက်နက်ကြီးကျည် ဇန်နဝါရီလ ၆ရက်နေ့ ည ၆နာရီ ၂ဝ မိနစ်ခန့်တွင် ကျရောက်ခဲ့ပြီး တောင်ယာလုပ်ကိုင်ရာမှ ပြန်လာသည့် အသက် ၅၄နှစ်အရွယ် ဦးစောထွန်းတင် ဝမ်းဗိုက်ကို ထိမှန်ခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ BGF အမှတ် (၁၀၁၃) တပ်ရင်းသည် ဇန်နဝါရီလ ၆ရက်နေ့ ညနေပိုင်းက စတင်ကာ ထီးသလူထာကျေးရွာအုပ်စု ဘလယ်ပယ်ရွာ အနီးတစ်ဝိုက်ကို လက်နက်ကြီးကျည် အမြောက်အများ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ဇန်နဝါရီလ ၇ရက်နေ့ နံနက် ၁နာရီ ၁၀မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ ကင်းထောက် လေယာဉ် တစ်စီးသည် မဲဝိုင်ဒေသပေါ်သို့ ဝဲပျံကာ ထောက်လှမ်းမှုများပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိဝိရိယဖြင့် နေထိုငိကျရန် ကျေးရွာအုပ်စု ခေါင်းဆောင်များက အသိပေးထားကြောင်း သိရသည်။ khit thit

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရနိုင်ဖွယ် အ ရိပ်အယောင် မတွေ့ရ

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိနေသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် သည် စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းမှုခံထားရသော အ ရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရနိုင်ဖွယ် အရိပ်အယောင် မတွေ့ရကြောင်း နေပြည်တော် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ကြားမှုဖြင့် လာရောက်သည့် အာဏာရှင်ဆန်သော ဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်ကို ဖျက်သိမ်းရန် မြန်မာပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများက တခဲနက် တိုက်တွန်းနေသည့်ကြားက ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အာဆီယံ အသင်း၏ ၂၀၂၂ ခုနှစ်အတွက်အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရမည့်သူ တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ယနေ့‌နေပြည်တော်သို့ ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။သို့သော် စစ်တပ်အာဏာသိမ်း ပြီးနောက် ကြီးလေးသော အမှု ၁၂ ခုဖြင့် ဖမ်းဆီး ထိန်းသိမ်းခံနေရသော အရပ်သား အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရနိုင်မည့် အလားအလာ မတွေ့ရကြောင်း နေပြည်တော် အသိုင်းအဝန်း နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

မြန်မာပြည်သူများ အပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာ တည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ကမ္ဘောဒီးယား ဝန်ကြီး ချုပ် အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီ ကြိုးပမ်းအားထုတ်မှုကို လေးစားလိုက်နာရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေပြီး လူ့အခွင့်အရေး ချိုးဖောက်နေသည့် စစ်ခေါင်းဆောင်များအား လူ့အသိုက် အဝန်းမှ ဖယ်ကျဉ်ထားရမည်ဖြစ်ကာ ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်ကြောင်းလည်း CRPH က ဆိုထားသည်။စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် မှတ်တမ်းတင်နေသော ပြည်တွင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၆ ရက်နေ့အထိ မှတ်တမ်းများအရ စစ်အာဏာသိမ်းပြီးနောက် အရပ် သား ၁၄၄၃ ဦး သတ်ဖြတ်ခံထားရပြီး ဖမ်းဆီးခံခဲ့ရသူ ၁၁၃၆၉ ဦး ရှိနေသည်။ mizzima

သရက်ချောင်းတွင် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးကို စစ်တပ်က ဦးခေါင်းကို‌ သေနတ်ဖြင့်တေ့၍ ပစ်သတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့၊ ကင်းရှေ့ကျေးရွာတွင် အသက်မပြည့်သေးသော ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စစ် တပ်က ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ် သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က PDF ဟုစွပ်စွဲကာ မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် အသက် ၁၇ နှစ် ၊မောင်အောင်သက်ဖြိုးအသက် ၁၉ နှစ် တို့ကို ဦးခေါင်းတေ့၍ ပစ်သတ်သွားခြင်းဖြစ် ကြောင်း သိရှိရသည်။

ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့ ကင်းရှေ့ကျေးရွာတွင် စစ်ကူလာသည့် စစ်ကောင်စီစစ် ကြောင်း သည် တိုက်ပွဲဖြစ်နေသည့် နေရာသို့ သွားရောက်ရန် ရွာကို ဖြတ်သန်းစဉ် လမ်းတွင် တွေ့သမျှ ယောင်္ကျားလေးမှန်သမျှကို လိုက်လံပစ် ခတ်သတ်ဖြတ်ကြောင်း သိရှိရသည်။ “ရွာ သားတွေကလည်းကြောက်လန့်တစ်ကြား နဲ့ထွက်ပြေးကြတာပါ ကလေးတွေရောလူကြီးတွေရောပေါ့ ။

အဲဒီအချိန်မှာ ပန်းရံလုပ်နေတဲ့ မောင်ခန့်ဇင်ထွေး အသက်၁၄ နှစ်၊ မောင်အောင်သက်ဖြိုး ၁၇ နှစ်၊ မောင်ရဲဇော်ထိုက် ၁၇ နှစ်၊ မောင်အောင်သက်ဖြိုး အသက်၁၉နှစ် တို့ကို PDFလို့ စွပ်စွဲပီး ဦးခေါင်းတေ့ပီးပစ်သတ်သွားတာပါ ကျနော့် တူအရင်းအနှစ်ပါပါတယ်ဗျာ။ ဘာမှမသိတဲ့က လေးတွေပါ။ ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မှာဖြစ်တာပါ” ဟု မိဘဆွေမျိုးတစ်ဦးက ပြောသည်။khit thit

« Older Entries Recent Entries »